Tuesday, December 27, 2011

ဘုရားပေးတဲ့ဆေးသောက် စိတ်ရောဂါပျောက် (၁) မှ (၅) ထိ

by Moenge Aung on Monday, December 26, 2011 at 9:15pm
ရေသားသူ-တအာင်း+ပလောင် ဆရာတော် ဦးဇေယျသုတ (သာသနဓဇဓမ္မာစရိယ၊ B.A-အိနြ္ဒိယ၊ M.A-သီရိလင်္ကာ၊ A.G.S-အမေရိကာ)
လောကကြီးမှာ ပုထုဇဉ်လူသားမှန်သမျှ စိတ်ရောဂါလို့ဆိုတဲ့ အရူးစိတ်ရှိကြတဲ့ သူတွေချည်းပါပဲ၊ အနည်းနဲ့အများ၊ အလေးနဲ့အပေါ့သာ ကွာခြားတာပါ။
စာလာပေလာအရ ပြောရရင် အရူးအမျိုးအစားပေါင်း ရှစ်မျိုးအထိရှိပါတယ်။ ဘာတွေလဲဆိုတော့
(၁) ကုသိုလ်ပါရမီတွေကို ဖြည့်ဆည်းဖို့အတွက်တော့ အမေ့ကြီးမေ့ပြီး အဆင်း အသံ အနံ့ အရသာ အတွေ့အထိလို့ဆိုတဲ့ ငါးပါးအာရုံ ကာမဂုဏ်
ကာမ၀တ္ထုတွေအပေါ်မှာ အလွန်အကျူး ခုံမင်တပ်မက်ကာ ပျော်ပါးယစ်မူးပြီးနေခြင်းလို့ဆိုတဲ့ အရူးကတမျိုး။

(၂) ထစ်ခနဲဆို စိတ်တို စိတ်ကောက် အမျက်ဒေါသ အာဃာတတရားအားကြီးခြင်း လို့ဆိုတဲ့ အရူးကတမျိုး။
(၃) အတွေး အမြင် မှားယွင်း ဖောက်ပြန် မမှန်ကန်တဲ့ အယူရှိခြင်းလို့ဆိုတဲ့ အရူးကတမျိုး။
(၄) အမှန်ကို အမှား အမှားကိုအမှန် တွေးကြံယူဆ ဥာဏ်ပညာမရှိ မသိတတ်ခြင်းလို့ဆိုတဲ့ အရူးကတမျိုး။
(၅) အစိမ်းသရဲ သင်းကွဲပြိတ္တာ တစ္ဆေမြေဘုတ် ဘီလူး ရက္ခိုသ်တို့ရဲ့ ပယောဂပြုစားခံရလို့ ရူးတာကတမျိုး။
(၆) အကြောင်းမျိုးစုံ ရောဂါအဟုန်ကြောင့် ခန္ဓာကိုယ်တွင်းရှိ ဓာတ်ကြီး လေးပါးတို့ မမျှမတ ကမောက်ကမဖြစ် ပုံမှန်အလုပ်မလုပ် ဖောက်ပြန်ပျက်စီးမှုရှိလာတဲ့အတွက်
သည်းခြေပျက်ပြီး ရူးသွပ်သူကတမျိုး။
(၇) သေရည်သေရက် မူးယစ်ဆေးဝါး အလွန်အကျွံ သောက်စားသုံးစွဲ သတိတရား ချွတ်ယွင်း ပျက်စီးပြီး ရူးကြောင်ကြောင် ဖြစ်သွားသူက တမျိုး။
(၈) မိဘ သားသမီး ဆွေမျိုးဥာတိ သေကြေပျက်စီးလို့ ဒါမှမဟုတ် စီးပွားဥစ္စာတွေ အကြီး အကျယ် ပျက်စီးသွားလို့ နှလုံးသားပူလောင် စိုးရိမ်သောက ဗျာပါဒတွေ
နှိပ်စက်ခံရလို့ ရူးရတဲ့သူကတမျိုး။
စုစုပေါင်း ရှစ်မျိုးထိ ရှိနိုင်ကြောင်းကို ကျမ်းအစောင်စောင်မှ ရှာဖွေတွေ့ရှိနိုင်ပါတယ်၊ မိမိအနေနဲ့ အရူးရောဂါလို့ ပြောဆိုမယ့်အစား စိတ်ရောဂါ ကိလေသာရောဂါလို့ပဲ
ပြောဆိုသုံးနှုန်းလိုက်ပါရစေ။
ဘုရားပေးတဲ့ဆေးသောက် စိတ်ရောဂါပျောက် (၂)
ကာမဘုံသားစရိုက် ကာမဂုဏ်ကြိုက်
အထက်ပါ ရောဂါရှစ်မျိုးအနက် ကိုယ်နဲ့ပတ်သက်တဲ့ရောဂါ စိတ်နဲ့ ပတ်သက်တဲ့ ရောဂါဆိုပြီး နှစ်မျိုးနှစ်စား ခွဲခြား ယူလို့ရနိုင်ပါတယ်၊ ကိုယ်နဲ့ပတ်သက်တဲ့
 ရောဂါကြောင့် အပါယ်မကျနိုင်ပေမယ့် စိတ်နဲ့ ပတ်သက်တဲ့ ရောဂါ ကိလေသာရောဂါကြောင့် အပါယ်ကျနိုင်တယ်ဆိုတာကတော့ သေချာ လှပါတယ်၊ ကိုယ်နဲ့
ပတ်သက်တဲ့ရောဂါကို ဆရာဝန် ဆေးဝါး အကူအညီနဲ့ သက်သာ ပျောက် ကင်းစေနိုင်ပေမယ့် စိတ်ရောဂါ ကိလေသာရောဂါကိုတော့ဖြင့် ဘုရားရှင် ချီးမြှင့်
ပေးသနား တော်မူတဲ့ ဓမ္မသြသဓ တရားဆေးတော်နဲ့မှ သက်သာ ကင်းပျောက်နိုင်ခွင့် ရှိပါတယ်။
ကာမဘုံသားတွေအဖို့ တဏှာ လောဘ ရာဂတွေ ဖြစ်နေကြတယ်ဆိုတာကတော့ မဆန်းပါဘူး၊ ကာမဘုံသားတွေမို့ ရရာအာရုံ ကာမဂုဏ်တရားတွေကို
နှစ်သက်သာယာ တွယ်တာ ပြီးနေကြတာဟာ ဘ၀ပေါင်းများစွာက ထုံလာ စွဲကပ်လာ အကျင့်ပါလာတာ ဖြစ်လို့ပါပဲ၊ ဘုရားပေးတဲ့ ဆေးကို မသောက်လို့ကတော
့ အရူးရောဂါ ကိလေသာရောဂါတွေ တိုးဖို့သာ ရှိပါတော့တယ်။
စိတ်ရောဂါရရှိနေတဲ့ သားသမီး တဦးတယောက်ကို မိဘများက သိပ်ပြီး ဂရုစိုက်ရှာ မေတ္တာပိုရှာသလို ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလဲ စိတ်ရောဂါ ကိလေသာ
ရောဂါ ရှိနေရှာကြတဲ့ သတ္တ၀ါတွေကို ရင်သွေးပမာ မေတ္တာ ကရုဏာ ပိုရှာတာကတော့ အမှန် ပဲ၊ မီးပုံထဲ အပါယ်ဘုံထဲကို ခုန်ဆင်းဖို့ ဟန်ပြင်နေကြတာကို
 မြင်တော်မူလို့ပါပဲ။
ဘုရားပေးတဲ့ဆေးသောက် စိတ်ရောဂါပျောက် (၃)
အရူးထက်တစ်မူးသာ သိနိုင်ပါ
အဲဒီတဏှာ ကာမ ရာဂစတာတွေနဲ့ ပတ်သက်ပြီး စိတ်ရောဂါဖြစ်ပုံအခြင်းအရာကို ဘယ်လောက်အတိုင်းအထိ ဖြစ်နေပါတယ်ဆိုတာ မိမိကိုယ်မိမိ လေ့လာ
 စမ်းစစ်နိုင်ပါတယ်၊ မိမိတို့ စဉ်းစားသမျှ စိတ်ထဲက တွေးကြံ ပြောဆိုသမျှတွေကို ခေတ်သစ်နည်းပညာ စက်တ ခုခုနဲ့သာ ဖမ်းယူမှတ်သာပြီး ပြန်လည်ဖွင့်ပြ
ကြည့်ရူးနားထောင်နိုင်မယ်ဆိုရင် ရိုးရိုးအယူထက် တစ်မူးသာနေတာကို သိနိုင်ပါလိမ့်မယ်၊ ရိုးရိုးစိတ်ရောဂါဖြစ်နေကြတဲ့ သူတွေဟာ စိတ်ထဲက ရှိတဲ့အတိုင်း
 မချန်မလှပ် မထိမ်မ၀ှက်ဘဲ ပါးစပ်ကနေ ပြောချလိုက်လို့ ဒီလူရူးတာပဲလို့ အများ က သမုတ်ကြတာပါ၊ စိတ်ထဲက ရှိတဲ့အတိုင်း ကြံစည် တွေးတောနေသမျှတွေကို
အတွင်းမှာပဲ ကွယ်ဝှက် ထိမ်ချန်ထားပြီး နှုတ်ကနေတဆင့် ထွက်မလာခဲ့လို့သာ ရူးမှန် စိတ်ရောဂါရှိမှန်း မသိကြတာပါ၊ ဟန်ဆောင်ကောင်းလို့ပဲလို့ ဆိုရပါ့မယ်၊
အမှန်ကတော့ ယဉ်ယဉ်လေးနဲ့အတွင်း ကြိတ် စိတ်ရောဂါရှိတဲ့သူတွေပါပဲ၊ ဒါကြောင့် အန္ဓပုထုဇဉ် အကဏ်းပုထုဇဉ်တွေ ဗာလပုထုဇဉ် ငမိုက်သားပုထုဇဉ်တွေလို့
ဘုရားရှင်က မိန့်တော်မူတာပေါ့။
ပုထုဇ္ဇနော ဥမ္မတ္တကောတဲ့ ပုထုဇဉ်ဆိုတာ အရူးပဲတဲ့၊ ပုထုဇဉ်ဆိုတာ ကိလေ သာ ထူပြောတဲ့ ပုဂ္ဂိုလ်၊ ဥမ္မတ္တကောဆိုတာ ရူးတာ၊ စိတ်ရောဂါရှိတဲ့ ပုဂ္ဂိုလ်ဟာ
လူကောင်းနဲ့ အတူနေလို့ သိပ်အဆင်မပြေလှလို့ စိတ္တဇဆေးရုံကို ပို့လိုက်ရတာချည်းပါပဲ၊ အဲဒီမှာကျတော့ စိတ္တဇရောဂါသည်ပေါင်း ရာထောင်ချီပြီး အတူနေ
ထိုင်ကြရပေမယ့် ပြဿနာ အကြီး အကျယ် ဖြစ်တယ်ရယ်လို့ ရှိပုံ မပေါ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ စိတ္တဇရောဂါသည် အချင်း ချင်းမို့ အဆင်ပြေပြေ
နေနိုင်ကြတာ ဖြစ်ပါလိမ့်မယ်၊ စားချိန်ကျစား၊ ကစားချိန်ကျကစား၊ အလုပ်လုပ် ချိန်ကျ အလုပ်လုပ်၊ အိပ်ချိန်ကျ အိပ်လို့ ဓာတ်သဘာဝချင်းတူညီလို့
အတူနေနိုင်ကြတာ၊ ထို နည်းတူ လူ့လောကမှာလဲ တဏှာလောဘ ရာဂသားအချင်းချင်းမို့ ကိုယ်ဟာနဲ့ ကိုယ် ဟုတ်နေ ကြတော့တာပေါ့။
ဘုရားပေးတဲ့ဆေးသောက် စိတ်ရောဂါပျောက် (၄)
ရူးပုံ အဖုံဖုံ
လူသားတွေရဲ့စိတ်ရောဂါဖြစ်ပုံ ရူးပုံအဖုံဖုံ သာဓက ထုတ်ပြစရာတွေကတော့ တပုံ တပင်ကြီးပါပဲ၊ မိမိရဲ့အတွေ့အကြုံအရ တင်ပြရရင် ကမ္ဘာ့လောင်းကစား
 မြို့တော်ဖြစ်တဲ့ လတ်စ်ဗေးဂတ်(စ်)မြို့မှာ နေထိုင်ကြတဲ့ လောင်းကစားသမား တချို့ကဆိုရင် ပိုက်ဆံလက်ထဲ ရှိနေလို့ကတော့ အိမ်မှာလုံးဝ မနေနိုင်တော့ဘဲ
ဖဲဝိုင်းရှိရာ ကက်ဆီးနိုးဆီကို တန်းသွားတော့ တာပဲ၊ စလော့(တ်)မရှင်းကို ဆွဲရင်း သို့မဟုတ် ဖဲကစားရင်း စောစောပိုင်းမှာတော့ နိုင်တလှည့် ရှုံးတလှည့်ပါပဲ။
 ဒေါ်လာငါးဆယ်၊ တစ်ရာခန့်ရင်းပြီး ကစားရင်း ကစားရင်းနဲ့ ရာချီထောင်ချီပြီး နိုင်တဲ့အခါလဲ နိုင်လို့ပါပဲ၊ ထောင်ချီနိုင်ပြီးရင် သောင်းချီးထိ နိုင်လိုပြန်တော့
 ဆက်ကစားရင်းနဲ့ နောက်ဆုံးမှာတော့ အိတ်သွန်ဖာမှောက် တစ်ပြားမှ မကျန်တော့ပါဘူး၊ အဲဒီတော့မှ အိမ်ကို ပြန်တော့တာ၊ ဒီလိုဖြစ်တာဟာ တခါ တလေ
မဟုတ်ဘဲ အမြဲတမ်းလိုလိုဆိုတော့ မသိမသာ စိတ်ရောဂါဖြစ်နေတာလား ဒါမှမဟုတ် သိသိသာသာကြီး စိတ်ရောဂါဖြစ်နေပြီလားဆိုတာ စာဖတ်သူပဲ စဉ်းစား
ဆုံးဖြတ်ကြည့်ပါတော့၊ ဒီလိုနဲ့ပဲနှစ်ပေါင်းကမနည်းတော့ပါဘူး၊ ပိုက်ဆံရပြီး ရောဆိုပြီး ရရာအလုပ်လုပ် ပင်ပင်ပန်းပန်းအောက်ကျနောက်ကျ အခိုင်အစေးအလုပ်မျိုး
နေပူ မိုးရွာ မရှောင်လုပ်လို့ ပိုက်ဆံရလာပြန်ပြီဆိုမှဖြင့် လက်ယား ခြေယား အသည်းယားဆိုသလို ပြေးပြန်ပြီ ကက်ဆီးနိုးဆီကို၊ နိုင်တဲ့အခါမှာ ဘယ်တော့မှ
အိမ်ပြန်ရိုးမရှိ၊ ဗလာနတ္ထိဖြစ်တော့မှ အိမ်ကို ပြန်ဖြစ်တယ်၊ ဒီလိုဆိုတော့ ယဉ်ယဉ်လေးနဲ့ စိတ်ရောဂါ ဖြစ်နေပြီဆိုတာ ငြင်းစရာ မရှိတော့ပါဘူး။
တချိုးသောပုဂ္ဂိုလ်တွေများကျတော့ အချစ်ရေး ကံမကောင်းလို့ ဆယ်ကြိမ်မက ရင်ကျိုးခံရလို့ မိမိကိုယ်ကို သေကြောင်းကြံမိတဲ့အတွက် ဆေးရုံကြီးဆီကို
အဖန်ဖန် ရောက် ခဲ့တာကို တွေ့ခဲ့ရပါတယ်၊ ဒါပေမယ့် သံဝေဂတရားက မရ၊ ဒီတစ်ယောက်မကောင်းလဲ နောက် တစ်ယောက်တော့ ကောင်းလောက်ပါရဲ့ဆိုပြီး
ပြောင်းလိုက်ပြန်ပြီ၊ ဆယ်ယောက်မက ကြင် ဖော် မျက်နှာတွေ ပြောင်းခဲ့ပေမယ့် အခြေအနေကတော့ ဒုန်ရင်းဒုန်ရင်း ထူမခြားနားပါပဲ၊ တော်ပြီဆိုတာမရှိ၊ ကောင်း
လိမ့်နိုးနိုးနဲ့ တယောက်ပြီးတယောက် မျက်နှာတွေ ပြောင်းရင်း အချစ်ဒဏ်ကို မချိမဆန့် ခံခဲ့ရရှာတာကလဲ နံပါတ်တစ် စိတ်ရောဂါသည် စာရင်းဝင်ပါပဲ။ တချို့
များကျတော့ မိမိရဲ့ကြင်ဖော်နဲ့ မတင်းတိမ်နိုင်၊ ဘောင်ကျော်ပြီး မတရားသဖြင့် ကျူး လွန်ဖောက်ပြားလို့ ပိုက်ဆံကုန် နာမည်ပျက် တရားရုံနဲ့ ရဲစခန်းကို အကြိမ်ကြိမ်
ရောက်နေ ရတာကလဲ မနည်းပါဘူး၊ ဒါလဲ စိတ်ရောဂါ ကာမရူး တမျိုးပါပဲ၊ ပစ္စုပ္ပန်ဘ၀မှာရော သံသရာ မှာပါ ခံစားလိုက်ရမဲ့ ဆိုးကျိုးတွေက အနန္တရှိနေအုံးမှာ အမှန်ပါ။
ဘုရားပေးတဲ့ဆေးသောက် စိတ်ရောဂါပျောက် (၅)
ကာမဂုဏ်အတွက် အသက်စွန့်မခက်
ကိုယ်စိတ်နှစ်ဝ ဒုက္ခမျိုးစုံ ခံစားနေရခြင်းဟာ သမုဒယလို့ဆိုတဲ့ ရချင် လိုချင် ဖြစ်ချင်ခြင်းလို့ဆိုတဲ့ ဒီချင်ကိုက်လို့ ဖြစ်ရတာပဲ၊ ဟိုခြင်ကိုက်တာက အလွန်ဆုံး ငှက်ဖျား
 ရောဂါသာ ဖြစ်ကောင်းဖြစ်မယ်၊ ဒီချင်ကိုက်လို့ကတော့ ပစ္စုပ္ပန်မှာရော သံသရာမှာပါ ဒုက္ခ ပေါင်းကုဋေ ကုဋာတွေ့ကြုံ ခံစားရမှာ သေချာပါတယ်၊ တချို့သောသူတွေမှာ
သိပ်ပြီးသနားဖို့ အလွန်ကောင်းပါတယ်၊ ကာမဂုဏ်နဲ့ပတ်သက်လာရင် ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ၊အသက် ကိုပင် စွန့်ရစွန်ရ ပဓာနမထားပါဘူး၊ နိဗ္ဗာန်ရဖို့
အရေးမှာကျတော့ စိတ်ပျော့လိုက်တဲ့ဖြစ်ခြင်း၊ တရားတထိုင်အတွင်း ပေါ်လာတတ်တဲ့ဒုက္ခဝေဒနာ ယောဂီပုဂ္ဂိုလ်တွေကို နိဗ္ဗာန်မဂ်ဖိုလ်ရတဲ့ အထိ ပို့ပေးမဲ့ယားယံ
နာကျင်မှု ဒုက္ခဝေဒနာ သေးသေးကွေးကွေးလေးတွေကိုကျတော့ မခံ နိုင်ကြဘူး၊ မခံချင်ကြဘူး၊ ဒါနဲ့ပဲ တရားထိုင်ရမှာကို ကြောက့်ရွံပြီး ရှောင်နေတတ်ကြပါတယ်၊
တရားထိုင် ရမှာကို ကြောက်ကြတယ်ဆိုတာ နိဗ္ဗာန်မဂ်ဖိုလ်ကို ရသွားမှာကို ကြောက်ရွံ့သလို ဖြစ်နေတော့တာပေါ့၊ သြကာသဘုရားရှိခိုးတဲ့အခါမှာတော့ မဂ်တရား
ဖိုလ်တရား နိဗ္ဗာန်ချမ်း သား တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရားလို့ဆိုပြီး အပြောနဲ့ အလုပ်က အမြီးအမှောက် မတည့်ဘဲ တခြားစီ ဖြစ်နေတော့တာပေါ့။
Ashin Uttara ရေးသားပါသည်

  1 comment:

  1. စာဖတ်လို့ မရဘူး ဆရာ

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...