Thursday, December 29, 2011

ဒိုင်စားတဲ့ပွဲ

Ashin NyarniKa –

by အား မာန် on Thursday, December 29, 2011 at 10:48pm
ဘောလုံးကစားပွဲတစ်ခုမှာ ဒိုင်ရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် (ကံကြမ္မာမှတစ်ပါး) အစစ အရာရာသာလွန်တဲ့အသင်းက ရှုံးနိမ့်သွား တယ်။ ဒါကိုကြည့်ပြီး ဘောလုံးပွဲသုံးသပ်သူတစ်ဦးက ဟိုအလျင် သီတင်းပတ်ထဲတုံးက ဒီအသင်းက ဒိုင်ရဲ့ဆုံးဖြတ်ချက်အမှားကြောင့် အခွင့်အရေးအချို့ရခဲ့တယ်။ ဒီတစ်ပတ်မှတော့ ဒီဒိုင်ရဲ့ဆုံးဖြတ်ချက်အမှားကြောင့် အခွင့်အရေးအချို့ဆုံးရှုံးရတယ်။ သာတဲ့အခါ သာ၊ နာ တဲ့အခါ နာတတ်တာ။ ဖြစ်လေ့ဖြစ်ထပါ။ ဒါဟာ ဘောလုံးပွဲမှသာ မဟုတ်ပါဘူး။ ဘဝမှာလည်း ဒီလိုပါပဲ။ ဒါကိုက ဘဝပါပဲလို့ ပြောခဲ့တာကို ဖတ်ရတယ်။
သူ့ပြောစကားဖတ်လိုက်ရတော့ စိတ်က ဘောလုံးပွဲသတင်းကနေ အပြင်ကို ဖြန့်ထွက်သွားတယ်။
ဘဝဆိုတာရယ်၊ အနိုင်အရှုံး၊ ဒိုင်၊ ကံကြ မ္မာ၊ သာခြင်းနာခြင်းစတဲ့အရာတွေက ခေါင်းထဲကို တိုးဝင်လာတယ်။ ဒီအကြောင်းအရာတွေက စဉ်းစားဖို့ ဖြစ်လာတယ်။
ဘဝဆိုတာ ဘာလဲဆိုပြီး ကိုယ့်နည်းနဲ့ကိုယ် အဓိပ္ပါယ်ဖွင့်ကြတာတွေ အများကြီးရှိတယ်။ တန်ဖိုးရှိတဲ့ ဘဝဆိုတာ ဘာလဲရယ်လို့ သတ်မှတ်ပုံ တွေလည်း အမျိုးမျိုးရှိတယ်။ဘာသာရေးအမြင်၊ လူမှုရေးအမြင်။ နိုင်ငံရေးအမြင်။ ရပ်တည်ပုံအခြေခံကွဲပြားမှုကြောင့် သုံးသပ်ပုံခြင်းလည်း ကွဲပြားကြတယ်။ လူတစ်ဦးချင်းစီရဲ့ ဘဝအဓိပ္ပါယ်ဖွင့်ဆိုပုံ၊ ဘဝအပေါ် ခံယူသုံးသပ်ပုံတွေဟာ အများလက်ခံထားတဲ့ ဘဝအဓိပ္ပါယ်နဲ့ ကွဲပြား ကောင်းလည်း ကွဲပြားပေလိမ့်မယ်။
ဘဝဆိုတာ မွေးဖွားခြင်းနဲ့ သေခြင်းအကြား ကာလတစ်ခုကိုပဲ ဆိုလိုတာလား။ ဒါမှမဟုတ်၊ လူသေသွားပေမယ့် တစ်ဦးတစ်ယောက် ရှင် သန်နေစဉ်မှာ ပြုလုပ်သွားခဲ့တဲ့အပြုအမူတွေကြောင့် သူသေလွန်သွားသည့်တိုင် သူ့ရဲ့အမည် ဆက်လက်ရှင်သန်နေခဲ့တာမို့ ဘဝဆိုတာ မွေးခြင်းနဲ့သေခြင်းရဲ့ကြား ကာလလေးမျှသာမက ဒီထက်ပိုမိုပါတယ်လို့ ပြောနိုင်မလား။ ဘဝနဲ့စပ်ကာ ဆက်စပ်တွေးတောစရာတွေက အလွန် များပါတယ်။ ဒီမှာတော့ ဘဝအဓိပ္ပါယ်နဲ့ ဘဝတန်ဖိုးကို ပြောလိုခြင်းမဟုတ်လို့ ဒီအတွက် အကျယ်မပြောလိုပါဘူး။
အသေချာဆုံးအရာကတော့ ဘဝဆိုတာကို လက်ခံလိုက်ရတာနဲ့ ဘဝနဲ့အတူ တွဲပါလာတဲ့အရာများကို လည်း လက်ခံကြရခြင်းပဲဖြစ်တယ်။ အဲဒီအထဲမှာ ကြည်နူးမှုတွေ၊ ဝမ်းနည်းမှုတွေ၊ အောင်မြင်ခြင်းတွေ၊ ကျရှုံးခြင်းတွေ၊ ပေါင်းဖော်ခြင်းတွေ၊ ကွဲကွာခြင်းတွေစတဲ့ အကောင်းအဆိုးတွေ အမြောက်အများ ပါဝင် တယ်။
ဘဝတစ်ခုဆိုတာ သတ်မှတ်နိုင်ဖို့ အချိန်ကာလ အခိုက်အတန့်တစ်ခုတော့ လိုပေလိမ့်မယ်။ ဒီအခိုက် အတန့်လေးထဲမှာပဲ ထိုက်သင့်တဲ့နေရာ လေးတစ်နေရာမှာ ခန့်ခန့်လေး ရပ်တည်နေနိုင်စေဖို့ ရုန်းကန်လှုပ်ရှားရတာတွေကလည်း ဒုနဲ့ဒေးပါ။ ရုန်းကန်တဲ့အခါမှာလည်း ကိုယ်တစ်ဦး တည်း သက်သက်ရုန်းကန်ရတာထက် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတစ်ဦးဦးနဲ့ တစ်နည်းနည်းနဲ့ ယှဉ်ပြိုင်လှုပ်ရှားရတာက များတတ်ပါ တယ်။
အသိပညာရှာတဲ့နေရာ၊ စီးပွားဥစ္စာရှာဖွေရာ၊ အားကစားတွေမှာ၊ ကုန်ကုန်ပြောရလျင်ဖြင့် တရားအသိ ရှာဖွေရာမှာပင် အားကျအတုယူစရာ ပုဂ္ဂိုလ်တစ်ဦးဦးရဲ့ ဂုဏ်ကိုမှီနိုင်စေဖို့ ယှဉ်ပြိုင်မှုတစ်ခုခုကို ပြုလုပ် ကြရတတ်ပါတယ်။ အနည်းဆုံးတော့ မနက်ဖန်ကိုယ်ဟာ ဒီနေ့ကိုယ် ထက်သာလွန်ဖို့ တစ်ဦးထဲဖြစ်စေဦးတော့ ယှဉ်ပြိုင်နေကြရတာ၊ လောကဓမ္မတာပါပဲ။
တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့ကို အမှီလိုက်နိုင်စေဖို့၊ တန်းတူဖြစ်စေဖို့၊ သူတို့ထက် သာလွန်စေဖို့ စတဲ့ အကြောင်းအမျိုးမျိုးနဲ့လည်း ယှဉ်ပြိုင်နေရတတ်တာ။ ပြီးဆုံးနိုင်တယ်ဆိုတာ ရှိတာမှမဟုတ်တာ။ မပြီးဆုံးနိုင်တဲ့ ပြိုင်ပွဲတွေမှာ ကောင်းစိတ်ကောင်းတွေးနဲ့ ကောင်းသော ယှဉ်ပြိုင်ခြင်း ဖြစ်စေဖို့တော့ အမှန်လိုအပ်ပါတယ်။
ယှဉ်ပြိုင်မှုတွေမှာ တခါခါ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုဆိုတာ ပါတတ်ပါတယ်။ စွမ်းရည်တွေ ဘယ်လောက်ပဲ မြင့်မားမြင့်မား၊ ကြိုးစားအား ထုတ်မှု ဘယ်လိုပဲရှိရှိ၊ ကံကြမ္မာက အခွင့်မပေးရင် ပြိုင်ပွဲမှာ အရှုံးနဲ့ ရင်ဆိုင်ရတတ်တာမျိုးလည်း ရှိတတ်ပါတယ်။ တစ်ကြိမ်နဲ့ မနိုင်နိုင်လို့ အကြိမ်ကြိမ်အခါခါ ယှဉ်ပြိုင်ကြရတာမျိုး၊ အကြိမ်ကြိမ်ကြိုးစားသည့်တိုင် ထပ်ကာပဲ အရှုံးနဲ့ချည်းသာ ရင်ဆိုင်ရတာမျိုးလည်း ရှိပါတယ်။
အကြောင်းကြောင်းကြောင့် ယှဉ်ပြိုင်ရတတ်တဲ့ ပြိုင်ပွဲများမှာ အမှားနည်းစေဖို့၊ တရားသဖြင့်ယှဉ်ပြိုင် ခြင်းဖြစ်စေဖို့ ဒိုင်ဆိုတာ ထားတတ်ကြ တယ်။ ကျားပွဲတစ်ပွဲလို၊ စစ်တုရင်တစ်ပွဲလို ဒိုင်မလိုတဲ့ ကစားပွဲ မျိုးရှိသလို ဘောလုံးပွဲလို လက်ဝှေ့ပွဲလို ဒိုင်လိုတဲ့ ပွဲမျိုးလည်း ရှိတတ်ပါတယ်။ ဒိုင်ဆိုတာ စည်းကမ်းထိန်းသိမ်းပေးဖို့၊ မျှမျှတတ ဖြစ်စေဖို့စတဲ့အကြောင်းများကြောင့် ထားပေးခြင်းဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် အချို့ကစားပွဲ များမှာတော့ ဒိုင်ကြောင့်ပဲ အမှားဖြစ်ရတာမျိုး၊ ရှုံးသင့်သူက နိုင်၊ နိုင်သင့်သူက ရှုံးရတာမျိုးလည်း ရှိနိုင်ပြန်ပါတယ်။
သာမန်လူသားတစ်ဦးပင်ဖြစ်တဲ့ ဒိုင်တွေမှာလည်း သာမန်သူတွေမှာရှိတဲ့ ချစ်ခြင်းအစွဲ၊ မုန်းခြင်းအစွဲ၊ မကျွမ်းကျင်ခြင်းအစွဲတွေကြောင့် ဘက်လိုက်တဲ့ လွဲမှားတဲ့ ဆုံးဖြတ်ချက်ချခြင်းမျိုးလည်း ဖြစ်တတ်ပါတယ်။ အများနဲ့ကစားကြတဲ့ အားကစားပွဲမျိုးမှာ သာမန်အများ တကာမြင် နိုင်တဲ့ အမှားမျိုးကို ဒိုင်ကမမြင်တတ်တာမျိုးကိုလည်း တွေ့ဖူးကြမှာပါ။
သာမန်အားကစားပွဲမဟုတ်တဲ့ ဘဝထဲက ပြိုင်ပွဲအမျိုးမျိုးမှာ လိုချင်လို့ပဲဖြစ်ဖြစ်၊ လိုအပ်လို့ပဲဖြစ်ဖြစ်၊ သိသိနဲ့ပဲဖြစ်ဖြစ်၊ မသိလျက်ပဲဖြစ်ဖြစ်၊ တာဝန်ပေးလို့ပဲဖြစ်ဖြစ်၊ မပေးပဲနဲ့ပဲဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင် ဒိုင်နေရာကနေ ပါဝင်လိုက်ရတာမျိုးတွေလည်း အများကြီးရှိတတ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေ အကြား၊ သားသမီးတွေကြား၊ တပည့်တွေကြား၊ စသဖြင့် အကြားပေါင်းများစွာမှာ အလုပ်အားဖြင့်၊ အပြောအားဖြင့်၊ စိတ်ဓာတ်အားဖြင့်၊ မျှမျှတတဖြစ်စေရေး ကြားဝင်ပေးလိုက်ရတဲ့အခါမျိုးမှာ ကိုယ်ဟာ ဒိုင်တစ်ဦး အလိုအလျောက် ဖြစ်သွားတတ်ပါတယ်။
ကိုယ်ကိုယ်တိုင် ဒိုင်နေရာက ပါဝင်လိုက်ရတဲ့အခါမျိုးမှာ ကိုယ့်ရဲ့ အချစ်စွဲ အမုန်းစွဲ မသိစွဲတစ်ခုခုအခြခံ တဲ့ ဆုံးဖြတ်ချက်အမှားကြောင့် တစ်ဦးတစ်ယောက်ဘဝမှာ နာကျင်ထိခိုက်သွားတာမျိုးလည်း ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။ နှုတ်ကထုတ်မပြော၊ ကိုယ်နဲ့ကိုယ်တိုင် မလုပ်ခဲ့ လေသည့်တိုင် ကိုယ့်စိတ်ထဲမှာ စွဲမှတ်ထားလိုက်တဲ့ ဘက်လိုက်တဲ့အမှားမျိုးကိုလည်း ကျူးလွန်မိတတ်ပါတယ်။ ချစ်ခင်သူပြောတဲ့ စကားကို ယုံစားလိုက်လို့ ကိုယ်တစ်ခါမှ မတွေ့မကြုံဖူးတဲ့သူကို နာမည်ကြားယုံမျှနဲ့ပဲ ဒီလူက ဘယ်လိုလူပဲ၊ ဒီ အမျိုးသမီးကတော့ ဘာပဲစ သဖြင့် တင်ကြိုသတ်မှတ် ဆုံးဖြတ်မိလိုက်တာမျိုးလည်း ရှိတတ်ပါတယ်။
အဖြူက ဘာဖြစ်တယ်။ အမဲတွေက ဘယ်လိုပဲ။ တရုတ်ကတော့ ဘယ့်နှယ်။ ကုလားကတော့ ဘယ်လိုရယ်လို့ လူမျိုးစွဲ စွဲမှတ်လိုက် တဲ့အမှားတွေ။ အသက်ကြီးသူတွေက ဘယ်လို ဂဂျီဂကြောင်များတယ်။ ငယ်သူတွေကတော့ ဗရုတ်သုက္ခ စည်းကမ်းမရှိဘူးစသဖြင့် အရွယ်နဲ့စပ်လို့ စွဲမှတ်ထားတဲ့ ဆုံးဖြစ်ချက် အမှားများလည်း ရှိတတ်ပါတယ်။
သူ့ဘာသာ၊ ကိုယ့်ဘာသာ၊ သူ့ပါတီ ကိုယ့်ပါတီ၊ သူ့နိုင်ငံ ကိုယ့်နိုင်ငံ၊ သူ့ဒေသ ကိုယ့်ဒေသစတာတွေကို အခြေခံပြီး စိတ်ထဲမှာ စွဲမှတ်ထားတဲ့ အစွဲအမှတ်တွေကလည်း အများသားပါ။ ဒီစွဲမှတ်ထားတာတွေ အရင်းခံကာ သူ့ဘာသာဝင်ဆိုရင် ဘယ်လိုပဲ၊ သူ့ပါတီဝင်ဆိုရင်ဖြင့် ဒီနည်း ပဲဖြစ်မှာပေါ့ရယ်လို့ ကိုယ့်အစွဲနဲ့ကိုယ် ကြိုတင်စွဲမှတ်ထားတဲ့ ပုံသေခြင်း အလွဲအမှားတွေလည်း အမြောက်အများရှိတတ်ပါတယ်။
ဘယ်လိုအစွဲနဲ့ လွဲမှားတဲ့ သတ်မှတ်ချက်ပင် ဖြစ်ပစေ။ ဘက်လိုက်မှုတစ်ခုခုကိုတော့ ဖြစ်စေတတ်တာ အမှန်ပါပဲ။ ဘက်လိုက်တယ်ဆိုကတဲ ကိုက ဘယ်မှာ မျှတခြင်းဆိုတာ ဖြစ်လေပါတော့မလဲ။ ဒါကြောင့် ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဆုံးဖြတ်သတ်မှတ်ချက်အမှားကြောင့် ဒိုင်အမှားမဖြစ်ရလေအောင် သတိပြုဖို့လိုပါတယ်။ ဒိုင်မစားဖို့ကိုတောဖြင့် ပိုလို့ပင် အထူးပဲလိုအပ်ပါတယ်။
အထူးသဖြင့်တော့ အများကြားမှာ ဆုံးဖြတ်ရတဲ့ ဒိုင်နေရာမှာထက် ကိုယ့်တစ်ဦးတည်းယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲမျိုးမှာ ကိုယ်ကိုယ်တိုင် ဒိုင်လုပ်ရ တာမျိုးလည်း ရှိပါတယ်။ အဲဒီအခါမျိုးမှာ ဘက်လိုက်ပြီး မဆုံးဖြတ်မိစေဖို့၊ အမှားမလုပ်မိစေဖို့ အထူးပဲအရေးကြီးပါတယ်။
နှစ်သက်ခြင်း၊ မနှစ်သက်ခြင်း၊ ခက်ခဲခြင်း၊ လွယ်ကူခြင်း၊ ကောင်းကျိုးဖြစ်စေခြင်း၊ ဆိုးကျိုးဖြစ်စေခြင်း စသဖြင့် ဆန့်ကျင်ဖက်အရာမျိုးက လောကထဲမှာ နေထိုင်နေကြရသူတွေအဖို့ အမြဲတမ်း ကြုံတွေ့နေရ တာမျိုးပါ။ ဒီလိုကြုံလာတဲ့အခါ တစ်ခုခုကို မဖြစ်မနေ ရွေးချယ်ရတာမျိုး ရှိတတ်ပါတယ်။ ကိုယ့်စိတ်က ဘယ်ဖက်ကိုလိုက်မလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးရတာမျိုး၊ ဆုံးဖြတ်ပေးရတာမျိုး ကြုံတွေ့ရတတ်ပါ တယ်။ ဒီအခါမျိုးမှာ ကိုယ့်အနိုင်ပေးလိုတဲ့ဖက်ကို ကိုယ့်ဆုံးဖြတ်ချက်က အလေးသာအောင် အကြောင်း အမျိုးမျိုး၊ ဆင်ခြေအမျိုးမျိုးပြလို့လည်း နေမိတတ်ပါတယ်။
သေချာပါတယ်။ ဒီအခါမျိုးမှာ ဆုံးဖြတ်မယ့် ကိုယ့်ဆုံးဖြတ်ချက်ဟာ ကိုယ့်စိတ်ရဲ့လိုအပ်ချက်ကို ပြန် လည်ဖြည့်ဆည်းပေးနိုင်မယ့် ဖက်ကိုသာ အနိုင်ပေးပါလိမ့်မယ်။ ကိုယ့်စိတ်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့်အရာဆိုတာကလည်း ကောင်းမှု မကောင်းမှုနှစ်ခုပြုလုပ်ဖို့ ရွေးချယ်ရ ရင် စိတ်က မကောင်းမှုကိုသာ ရွေးချယ်တာများပေလိမ့်မယ်။ စိတ်ကိုသာ သူ့အလိုကျလွှတ်ပေးထားလိုက်ရင် မကောင်းတဲ့ဖက်ကိုပဲ အသာပေးသွားလိုက်မယ်။ ပါပသ္မိံရမတိ မနော = စိတ်က မကောင်းမှုမှာသာ ပျော်တယ်ပါတယ်တဲ့။ ဒီစကား ဘယ်လောက်မှန်ကန် ကြောင်းကို ကိုယ့်စိတ်ကိုယ် သေသေချာချာ ပြန်ဆင်ခြင်ကြည့်လျင်ဖြင့် ကောင်းကောင်းသိမှာပါ။
အခြားသူတွေပါဝင်တဲ့ ယှဉ်ပြိုင်ပွဲတစ်ခုမှာ ဒိုင်ရဲ့ဆုံးဖြတ်ချက်အမှားက ဖြစ်သင့်တဲ့ရလဒ်အမှန်ကို ပြောင်းပြန်အမှား ဖြစ်သွားစေနိုင်သလို နိုင်သင့်သူကိုလည်း ရှုံးသူဖြစ်စေတတ်ပါတယ်။သို့ပေမယ့် အရှုံးအနိုင်ရဲ့ရလဒ်ကို ဒိုင်ကိုယ်တိုင်ခံစားရကောင်းမှ ခံစားရမယ်။ လောင်းကစား နည်းတစ်ခုမှာ ဒိုင်စားသွားတယ်ဆိုလျင်လည်း ပါဝင်ကစားသူတွေ၊ ထိုးသားတွေသာ နစ်နာဆုံးရှုံးသွားတယ်။ စားတဲ့ဒိုင်က နစ်နာသွားတယ် ဆိုတာ မရှိဘူး။ အခြားသူတွေမပါဘဲ ကိုယ်တစ်ယောက်ထဲ ယှဉ်ပြိုင်ရတဲ့ ကောင်းမှုနဲ့မကောင်းမှု နှစ်ခုယှဉ်ပြိုင်ပွဲမှာတော့ ကိုယ့်စိတ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အမှား၊ ဘက်လိုက်အမှားကြောင့် မကောင်းမှုဖက်က အနိုင်ရသွားမယ်ဆိုလျင် အမှားဒဏ်ကို ခံရမယ့်သူဟာ ဒိုင်ကိုယ်တိုင်သာပဲ ဖြစ် တယ်။ စိတ်အလိုလိုက်ကာ သာတယ်အထင်နဲ့ စားလိုက်ပေမယ့် အစားခံရမည့်သူကလည်း ကိုယ်သာပဲဖြစ်တယ်။
လုံးဝ ဒိုင်မမှားသင့်တဲ့ပွဲ၊ ဒိုင်မစားသင့်တဲ့ပွဲတစ်ခုကို ပြပါဆိုလျင်ဖြင့် အခြားသူတွေမပါဘဲ ကိုယ်တစ်ဦးတည်းသာ ယှဉ်ပြိုင်ရတဲ့ပွဲဖြစ်တယ်လို့ ကိုယ်ကတော့ ဖြေပါမယ်။ ။
Ashin NyarniKa
ဒီဇင်ဘာ ၂၉၊ ၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...