Saturday, December 31, 2011

ဒုတိယ မိဘ



 လူဗိုလ်

(က)
“ဆရာရေ   ဆရာနေရမယ့်အိမ်ကတော့ ဒီအိမ်ပဲ။ ဒီရွာမှာ အကောင်းဆုံးနဲ့ အချမ်းသာဆုံးအိမ်ပဲ …”  တဲ့။
အိမ်က ရွာထဲဝင်ဝင်ချင်း တွေ့လိုက်ရသည့် သွပ်မိုးပျဉ်ထောင်နှင့် သပ်သပ်ခပ်ခပ် အိမ်။ အိမ်အောက်ကိုက လူတယောက် ကောင်းကောင်လွတ်တာမို့ အကယ်၍ကာရံထားမည်ဆိုလျှင် ၂ ထပ်အိမ်ဟုပင်ပြောရမည်။ ရေနံဝထား၍ တအိမ်လုံးက မဲမှောင်နေ၏။ အိမ်ပေါ်ရောက်ပြီး မိတ်ဆက်ပေးမှ သိလိုက်ရသည်က အိမ်ရှင်က လူငယ်။ နာမည်က စောဒူဒူး။ ကလေး ၂ ယောက်နှင့် အိမ်ထောင်သည်။ ကျနော့်ကို လာပို့သူ မှာ KNU တပ်မ ဟာ (၂) သံတောင်မြို့နယ်မှ တပ်ခွဲမှူး ဗိုလ်ခရေဖို ဆိုသူဖြစ်နေ၍ ကျနော့်ကို အရေးတ ယူ ဆက်ဆံ၏။

“ကျနော်တို့ မိသားစုက အိမ်မှာ သိပ်နေကြတာမဟုတ်ဘူး။ လယ်ထဲမှာ အနေများတယ်။ နောက်ပိုင်းဆို ဆရာ တယောက်ထဲနေရမှာ။ ဘာမှအားနာစရာမရှိဘူး။ ကိုယ့်အိမ်လိုသာ သဘောထားပြီးနေပါ … ”  တဲ့။
ကျောင်းနှင့်ပတ်သက်သောအလုပ်များကို တာဝန်အစစယူဖို့၊  ရွာမှတာဝန်ရှိသူများနှင့် ညှိနှိုင်းတိုင်ပင်ပြီးလုပ်ဖို့၊ လိုအပ်ချက်များရှိလာလျှင် မြို့နယ်ရုံးသို့ ဆက်သွယ်အကူအညီတောင်းဖို့ အပါအ၀င် သိသင့်သည့် အချက်အ လက်များကို မိတ်ဆက်ပေးပြီး ကျနော့်ကို လယ်ခိုဒိုးသာရွာမှာ ကျောင်းဆရာအဖြစ် ပညတ်၍ ထားခဲ့လေပြီ။


(ခ)
လယ်ခိုဒိုးသာရွာမှာ တောင်ကုန်း၂ ခုပေါ်တွင် တည်ထားပြီး ၂ ရွာဟုပင် ပြောစရာ။ ကျနော်နေသည့် ကုန်းနှင့် ကျောင်းရှိသည့်ကုန်းက မတူ။ ရွာတောင်ကုန်း ၂ ကုန်းကို ဂငယ်ပုံ တောင်ကြောတခုနှင့်ဆက်သွယ်ထားပြီး ရွာအလယ်တည့်တည့်လောက်တွင် သချိုင်းကုန်းကြီးကရှိနေ၏။ သို့အတွက် ကျနော်နေသည့်တောင်ကုန်းမှ ကျောင်းသားများ ကျောင်းသွား ကျောင်းပြန်ကိစ္စကလည်း စာသင်ခြင်း၏ နောက်ဆက်တွဲ ကျနော့်အလုပ်တခု။
ကျောင်းက မူလတန်းကျောင်းလေး … ။ ရွာရှိ ဘုရားကျောင်းကိုပဲ ကျောင်းအဖြစ်အသုံးပြုလိုက်ခြင်းဖြစ်၏။
ကျနော်နှင့်အတူ ကျောင်းဆရာများအဖြစ်ကား ရွာခံ ဓမ္မဆရာတဦးနှင့် သံတောင်မြို့မှ ဆယ်တန်းစာမေးပွဲကျ၍ ကျောင်းနားထားသော ဆရာမတဦး။
လယ်ခိုဒိုးသာရွာမှာ ကျောင်းမရှိတာ ၄-၅ နှစ်ရှိပြီဟုသိရသည်။ ဒီရွာဖြစ်တည်စဉ်တလျှောက်လုံးမှာ အစိုးရမှ တရားဝင်ဖွင့်ပေးသည့်ကျောင်းဟူ၍ တခါမျှ မရှိခဲ့။ ရွာမှ ကိုယ်ထူကိုယ်ထဖွင့်သော ကျောင်းမျိုးနှင့် KNU မှ တာဝန်ယူဖွင့်သော ကျောင်းမျိုးသာ ကျိုးကြားကျိုးကြားရှိဖူးသော်လည်း ၃-၄ နှစ်ဆိုလျှင် အကြောင်းတစုံတရာ ကြောင့် ပျက်ပျက်သွားခဲ့ရကြောင်းကိုလည်း သိရသည်။ ခုကျောင်းမှာလည်း KNU နှင့် ရွာသားများပူးပေါင်း ၍ စီစဉ်သည့် ကျောင်းဖြစ်၍  ၂ ဖက်လုံး၏ ဆန္ဒများကို အကောင်အထည်ဖေါ်ထားသည့် ရလဒ်တခုမျှသာ။ ရွာခံ ကျောင်းသားများသာမက ပတ်ဝန်းကျင်ရွာများမှ ကျောင်းသားအချို့လည်းလာတက်ကြ၏။ ကျောင်းဖွင့်ပြီး တပတ်အတွင်းမှာပင် ကျောင်းသား ၅၀ ကျော်သွားသည်။



(ဂ)
ကျနော့်ကို ကျောင်းအုပ်တာဝန်ပေးပြီး ကျနော့်ဆန္ဒမျုားကိုလည်းပြောဖို့ တာဝန်ရှိသူများ ဖိတ်ခေါ်စဉ်က ၂ ခု တောင်းဆိုခဲ့၏။ ကျောင်းမှာစာကြည့်တိုက်လေးနှင့် ဆေးခန်းလေးဖွင့်လို၍ စာအုပ်စာတမ်းနှင့် ဆေးဝါးတို့ကို တတ်နိုင်သလောက်စီစဉ်ပေးဖို့ဖြစ်သည်။ မြို့နယ်မှ မတည်ငွေလောက်သာ စီစဉ်ပေးခဲ့ပြီး၊ သူကြီးနှင့်ထပ်မံ ညှိနှိုင်းကာ ဆက်လက်ဆောင်ရွက်ဖို့ မှာသွားခဲ့၏။ ကျနော်ဒီဖက်ဒေသကို ရောက်ကတည်းက သတိထားမိ သည့်မှာ ရွာအများစုတွင် ခရစ္စယာန်ကျမ်းစာအုပ်မှလွဲ၍ ဖတ်စရာစာအုပ်မရှိခြင်းနှင့် ရွာများ၏ သက်တမ်းမှာ အနှစ် ၅၀ ကျော်များသာ ဖြစ်နေကြသော်လည်း လူဦးရေနှင့် ရွာအကျယ်အ၀န်းမှာ တိုးပွားလာသည်ဟူ၍မရှိ။ ဆိုလိုသည်မှာ မွေးဖွားနှုန်းနှင့်သေဆုံးနှုန်းမှာ ညီမျှခြင်းချ၍ရနိုင်သည့် အနေအထားမျိုး။
ကျနော်နေသည့် ကုန်းမှ ကျောင်းတက်ဖို့ ပြောထားသူများထဲမှပင် နေမကောင်း၍ ကျောင်းမတက်နိုင်သူ ရှိနေ သေး၏။ ကျောင်းပိတ်ရက်ရောက်မှ ကျောင်းတက်ဖို့၊ ကျောင်းသွားလျှင်စောင့်ခေါ်ပေးဖို့ မှာထားသော ဖျားနေ သည့် ကျောင်းသားရှိရာအိမ်သို့ ကျနော်ရောက်သွားဖြစ်၏။ အိမ်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် မြင်ရသည့် မြင်ကွင်းက စိတ်မကောင်းစရာ။ အဖြူရောင်သင်တိုင်းအင်္ကျီလေးနှင့် ဖြူဖြူသွယ်သွယ်ကျောင်းသားလေး။
ပက်လက်အနေအထားနှင့် အမောဖေါက်နေ၏။ တကိုယ်လုံး ပူကျွတ်နေ၏။ ဖျားနေသည်မှာလည်း ၂ ပတ် ကျော် နေပြီဟုသိရသည်။ စုံစမ်းကြည့်သလောက် ရောဂါလက္ခဏာမှာ ငှက်ဖျားဖြစ်ဖို့ များသည်။ သူမိဘများမှ လည်း တတ်နိုင်သလောက် ကြည့်ရှုပေးဖို့ ကျနော့်ကိုအပ်ပါသည်။

ကျနော်လည်းချက်ချင်း ရေပတ်တိုက်ပေးလိုက်ပြီး ကျနော့်ဆေးအိတ်ကိုပြန်ယူကာ ဆေးပါတိုက်ထားလိုက်၏။ ခနအကြာမှာ အပူကျလာ၍ ကျနော့်တွင်အသင့်ပါလာသော ကော်ဖီမစ်လေးကို ဖျော်တိုက်လိုက်သောအခါ ကျောင်းသားလေးမှာ ခုမှ သွေးရောင်လွှမ်းလာသလိုရှိ၏။ စောစောကမူ အပူလည်းမကျ။ အစာမ၀င်သည်မှာ လည်း ကြာနေ၍ဖြစ်မည် ကျောင်းသားလေးမှာ သတိလွတ်မတတ်။
ကျနော်လုပ်သမျှကို တချိန်လုံး စောင့်ကြည့်နေသော ကျောင်းသားလေးအဖေမှာ ကျနော်ပြန်ဖို့ နှုတ်ဆက်တော့ မှ ကျွတ်ကျွတ်အိတ်ဖြင့်ထုတ်ထားသည့် အထုပ်တထုပ် ကျနော့်ကိုလာပေး၏။ ဖြေကြည့်လိုက်မှ 20 CC ၊ 5 CC စရင်း ၂ ချောင်းနှင့် နိုဘယ်ဂျင်အပါအ၀င် ထိုးဆေးများ။ PLF (ပြည်သူ့လွတ်မြောက်ရေးတပ်ဦး) အဖွဲ့ ဒီဒေသ၌ လှုပ်ရှားစဉ်က ဆရာဝင်းနိုင်ဦးဆိုသူ ပေးသွားခဲ့တာတဲ့ ဆရာလိုရင်သုံးဖို့ ပေးတာပါတဲ့။ သူ့သားကို ကျနော့်လက် အပ်ပါတယ်တဲ့။ သူတို့မှာ သားသမီး ၃ ဦးပင် ဆုံးရှုံးဖူးခဲ့ကြောင်း၊ အခု သူ့သားလေးကိုလည်း တခုခုမဖြစ်အောင် ကူညီပေးပါတဲ့ … ။
ကျောင်းသားလေးအမေမှာ တောင်ကြီးတွင် ၈ တန်းလောက်အထိ ကျောင်းသွားတတ်ဖူး၍ ဗမာရည်အတော် လည်သော်လည်း အဖေဆိုသူကတော့ ဗမာလို တတ်သည်ဆိုရုံမျှ။ ကျောင်းသားလေးနာမည်က “တိုးနိုးနို”။
၅ ရက်လွန်မြောက်သောနေ့တွင် တိုးနိုးနိုသည်လည်း ကျနော်နှင့်အတူကျောင်းသွားသည့် ကျောင်းသားအဖွဲ့၌ တယောက် အပါအ၀င်ဖြစ်လာတော့၏။

(ဃ)
အိမ်ရှင်များ လယ်ထဲဆင်းကြ၍ အိမ်ကြီးတလုံးလုံးမှာ ကျနော်တယောက်ထဲ။ ရောက်စက အိမ်ရှင်ချက်ပေးသမျှ စားပြီး ကျောင်းစာသင်ခြင်းအလုပ်တခုထဲကိုသာ အာရုံစိုက်ထားနိုင်သော်လည်း တယောက်ထဲဖြစ်လာမှ ချက် ပြုပ်ခြင်းအမှုက သိသာလာသည်။ တောထဲမှာ ဟင်းချက်စရာလိုက်ရှာလောက်အောင်လည်း နယ်မြေဒေသကို သိပ်မကျွမ်းသေးသဖြင့် ညမနက်စာ ထမင်းတအိုးသာတည်ပြီး ဟင်းကိုတော့ ရှိတာနှင့်ဖြစ်သလို စားလိုက်သည် က များ၏။ တခါတရံ လက်ဖက်ရည်အိုးထဲမှ လက်ဖက်ခြောက်များကို ထောင်း၍ဆီဆမ်းကာ စားလို်က်သည်။ စားကောင်း၍ ကြိုက်၍လည်းဖြစ်၏။
တရက်မှာတော့ ကျနော် လက်ဖက်ထောင်းလေးနှင့်စားနေစဉ် တိုးနိုးနိုအဖေရောက်လာ၏။ ကျနော်စားနေပုံကို တွေ့ပြီး အတော်စိတ်မကောင်းဖြစ်သွားပုံရ၏။ နောက်ပိုင်းရက်များ၌ တောထဲမှ သူရှာလို့ရသမျှ အသားငါးများ၊ ဟင်းသီးဟင်းရွက်များကို ပုံမှန်နီးပါး လာလာပို့ပေး၏။ အခြားရွာသားများလည်း စားစရာလေးများ ဒီလိုပို့တတ် ကြပေမယ့် ပုံမှန်ပို့သူမှာ ရှားရှားပါးပါး။

ကျောင်းသားများကျန်းမာရေးကို တာဝန်ယူခဲ့ခြင်းကလည်း ကျနော့်ကို နောက်ထပ်အလုပ်များနှင့် မိတ်ဆက် ပေးသလို လမ်းပွင့်စေခဲ့သည်။ ကျောင်းသားများအတွက် သောက်ဆေးသက်သက်ကိုသာသုံး၍ ကုနေရာက ရွာသားများတောင်းဆိုချက်အရ ထိုးဆေးကိုပါတိုးချဲ့၍ တရွာလုံးကိုပင် တာဝန်ယူစေခဲ့၏။ ဆေးဝါးလိုအပ်မှုကိုမူ ရွာသားများမှပင် တာဝန်ယူ၏။ ထိုမှတဆင့် ပတ်ဝန်းကျင်ရွာများသို့ သတင်းရောက်သွားကာ လူနာရှိပြီဆိုလျှင် လာခေါ် တတ်လာကြသည်။ တခါမှာ ရှိုခိုရွာမှ ရွာသားတဦး အသည်းအသန်ဖြစ်၍လာခေါ်ရာ ကျနော်လိုက်သွား ရ၏။ ၃ ရက်ကြာမှ လူနာအခြေအနေကောင်း၍ပြန်အလာ ရွာရောက်ရောက်ချင်း သတင်းဆိုးတခုက ဆီးကြို နေပြီ။ ကျနော်သွားနေစဉ် မုဆိုးမတဦး၏သမီး သူငယ်တန်းအပျိုမဟု ကျနော်ခေါ်ခေါ်နေသော အသက် ၁၁ နှစ် ကျော်ကျော် ကျောင်းသူလေး ဖျားသည်တဲ့။ ဖျားပြီးအပူတက်ကာ ရွာထဲလျှောက်ပြေးသည်တဲ့။ ဒုတိယမြောက် နေ့မှာ ချမ်းလွန်သည်ဆို၍ မီးဖိုနံဘေးမှာ စောင်ခြုံပြီးထားရာက ခဏအကြာ စောင်ကိုဖွင့်အကြည့်မှာ သက်မရှိ တော့တဲ့။ ကျနော်မရှိတဲ့ ၃ ရက်မှာ ကျောင်းသူတဦးဆုံးရှုံးခဲ့မှုက ကျနော့်အတွက် သင်ခန်းစာ။ နောက်ပိုင်း ကျနော့်အဓိကတာဝန်မှာ စာသင်ခြင်း အလုပ်ဖြစ်နေ၍ ကျောင်းကိုအပျက် မခံတော့။ ကျောင်းပိတ်ရက်များနှင့် လူနာအရေးကြီးလွန်းမှသာ သူကြီးကို အသိပေးပြီး လိုက်သွားသည်။ တနင်္ဂနွေ ဘုရားကျောင်းတက်ချိန် ကျနော့် ကိုစကားပြောခွင့်ပေးလျှင် ရွာထဲမှ တဦးဦးဖျားနာလျှင် အချိန်မရွေးသတင်းပေးဖို့၊ လာခေါ်ဖို့နှင့် ဆေးပညာကို ၀ါသနာပါသူလူငယ်များ ညဖက် ကျနော့်အိမ်မှာလာ၍ လေ့လာနိုင်ကြောင်းတို့ကို ပုံမှန်လို သတိပေးဖြစ်သည်။ ဤသို့ဖြင့် ညဖက် အခြေခံ ဆေးသင်တန်းပေးခြင်းနှင့် ကျောင်းပိတ်ရက်များတွင် ဆေးကုရခြင်းမှာ ကျနော့်ပုံမှန် အလုပ်များဖြစ်လာပြန်၏။

ရက်တရက်တွင် ရွာသူကြီးမှ ပြောစရာရှိ၍ဟုခေါ်သဖြင့် လိုက်သွားရာ အိမ်ရောက်သည်နှင့် သူကြီးက …
“ဘယ်လိုမှ သဘောမထားပါနဲ့ ဆရာရယ်၊ ဆရာ့အတွက်နေစရာအိမ်က အများကြီးပါ။ ကျနော်တို့ စီစဉ်နေပါပြီ၊ ဆရာ့သဘောထားသိပြီးရင် ကျနော်တို့ ဆက်လုပ်လိုက်ပါမယ်” တဲ့။ သူကြီးပြောတာတွေကို ကျနော်တလုံးမှ နားမလည်။ “ ဘာဖြစ်နေလို့လဲသူကြီးရဲ့ ကျနော့်ကိုလည်း အရင် ရှင်းပြပါဦး” လို့ ပြန်မေးတော့မှ …
“ ဒီလိုဆရာရေ၊ ဆရာနေတဲ့အိမ်က ဆရာ့ကို သူ့အိမ်မှာ မနေစေချင်တော့ဘူး။ ဒီလူတွေက နွားလိုမျိုး ဘို့တခု ထဲရှိတဲ့လူတွေလေ။ ဆရာ့ကို ကျောင်းအားရက်တွေမှာ သူ့လယ်အတွက်အကူအညီများရမလားလို့ သူ့အိမ်မှာ လက်ခံလိုက်တာ။ နောက်ဆုံး အိမ်မှာရေခပ်၊ ထင်းခွဲအလုပ်ကအစ ခိုင်းချင်နေတာ။ ဆရာက ကျောင်းကတဖက် ဆေးလိုက်ကုပေးရတာတဖက်နဲ့ဆိုတော့ သူတို့အလုပ်တွေကို မကူနိုင်ဘူးဆိုတာ လူတိုင်းနားလည်ပေမယ့် သူတို့က နားမလည်နိုင်ဘူးဖြစ်နေတာ။ အဲ့ဒါကိုကျနော်တို့နဲ့တွေ့ရင် ပြောပြောနေတော့ ကျနော်တို့လည်း စိတ် မကောင်းဖြစ်လွန်းလို့ ဆရာ့ကို တခြားအိမ်ကို ပြောင်းစေချင်တာပါ။ ပြဿနာ အကျယ်အကျယ်မဖြစ်ခင် ကြိုစီစဉ်လိုက်တဲ့ သဘောပါဆရာရယ်။ သူ့အိမ်ကလွဲလို့ ဆရာနေချင်တဲ့ အိမ်ရှိရင် ပြော၊ ကျနော်တို့ရအောင် စီစဉ်ပေးပါမယ်” တဲ့။
ကျနော်လည်း ကြားကြားချင်း အိမ်ရှင်ကို စိတ်နဲနဲတော့ ကွက်မိသွားသေး၏။ နောက်အသေအချာပြန်စဉ်းစားမှ  ပြဿနာမဖြစ်ခင် ဒီလူအကြောင်းကို သိလိုက်ရပြီး၊ ဒီလိုလူမျိုးနှင့် စောစောလမ်းခွဲခွင့်ရခြင်းကို ကိုယ့်အတွက် ကောင်းခြင်းတခုအဖြစ် စိတ်ဖြေမိလိုက်၏။ “ သူကြီးတို့ ကောင်းမယ်ထင်သလိုသာ စီစဉ်ပေးကြပါဗျာ။  ကျနော် ဘယ်အိမ်မှာမဆို နေနိုင်ပါတယ်။ တခုရှိတာက နောက် ဒီလို ထပ်ဖြစ်ရမယ့်အိမ်မျိုးကို ကျနော့်ကို မပို့ပါနဲ့တော့။ အိမ်ကောင်းတာ မကောင်းတာ၊ ဆင်းရဲတာ မဆင်းရဲတာတွေကိုထည့်မတွက်ပဲ စိတ်ကောင်းရှိတဲ့အိမ်မျိုးကိုသာ ကျနော်အတွက် ရွေးပေးပါ …” ဟုပြောကာ ပြန်ခဲ့သည်။

(င)
ကျနော် တိုးနိုးနိုပါ အိမ်ကိုပြောင်းခဲ့ပါပြီ။ ကျနော့်သတင်းကိုကြားပြီးပြီးချင်း ကျနော့်ကို သူ့အိမ်မှာထားချင် ကြောင်းနှင့် ကျနော် အနေရမခက်စေဖို့ သူ့အိမ်နှင့်ကပ်ပြီး အခန်းတခန်းစာအသစ်ကို ရွာမှအစီအစဉ်ဖြင့်
လာဆောက်ပေးသွားသည်။ ကျနော်အတွက်လည်း အင်မတန်မှ လွတ်လပ်သွားသလို၊ အရင်လို အိမ်ထဲမှာ တယောက်ထဲ ပျင်းနေစရာ မရှိတော့။ တိုးနိုးနိုကို ညဖက်စာပြပေးရင်း နောက်ပိုင်း ကျနော်နှင့်ပင် လာအိပ် တော့သည်။ နေရထိုင်ရသည်မှာလည်း တစိမ်းမဆန်တော့ပဲ မောင်နှမအရင်းတွေလို ပြောဆိုဆက်ဆံမိသည်။
တိုးနိုးနိုပါတို့မိသားစုမှာ လယ်မရှိ၊ တောင်ယာနှစ်စဉ်ခုတ်၍ စားဝတ်နေရေကို ဖြေရှင်းနေရသည်။ တိုးနိုးနိုပါတွင် ထူးခြားသည်က တောကျွမ်းခြင်းနှင့် တောလည်ဝါသနာပါခြင်းပင်။ သူတို့အိမ်ရောက်မှ မစားဖူးသော တော ကောင်၊ မစားဖူးသော တောထွက် ဟင်းသီးဟင်းရွက်များကို မျိုးစုံအောင်စားခဲ့ရသည်။ တောင်ယာတွင် သူတို့ သွားနေရချိန်တွင် အိမ်၌ ကျနော်နှင့် တိုးနိုးနို သာ ကျန်ခဲ့မြဲ။ သို့သော် ဟင်းစားကားမပြတ်ခဲ့။ လူကြုံနှင့်ဖြစ်စေ၊ ကိုယ်တိုင်လာ၍ဖြစ်စေ ကျနော်တို့နှစ်ယောက်အတွက် ပို့မြဲ။ တောကောင်ကြီးကြီးရပြီဆိုရင် တောင်ယာတဲကို ကျနော်တို့ကို လှမ်းခေါ်သည်။ ရောက်သည်နှင့် အသင့်ချက်ပြီး ကလီစာများကို တဝကျွေးသည်။ ပြန်သည်နှင့်  ကျနော်တို့ ၂ ယောက်စာ အသားကောင်းကောင်းများက အသင့်ထုတ်ပြီးသား။

တိုးနိုးနိုပါတို့အိမ်ရောက်ပြီး ကျနော့် မိခင်အဖွဲ့အစည်း (ABSDF) မှ ရဲဘော်များရောက်လာတိုင်း ကျနော်မျက်နှာ ကောင်းရ၏။ ကျနော့်ဧည့်သည်ရောက်ပြီဆိုသည်နှင့် တိုးနိုးနိုပါ အလုပ်များသည်။ ဧည့်သည်နှင့် ခဏလောက် စကားပြောပြီး တိုးနိုးနိုပါ ပျောက်သွား၏။ သိပ်မကြာခင် စားစရာတောကောင်များ ပါလာတတ်မြဲ။ အနည်းဆုံး ဖါး၊ ငါးနှင့် ပုဇွန်တော့ သေချာသည်။
ဖါလာထွက်ချိန်ဆိုလျှင် ဘွဲကရင်ဒေသတခုလုံး အလုပ်များကြသည်။ ၀င်ငွေကောင်းသည့်ကာလဖြစ်သဖြင့် အိမ်တိုင်းနီးပါး သုံးနိုင်ဖြုန်းနိုင်ကြသည်။ အ၀တ်အစား အသုံးအဆောင်များဝယ်ကြသည်။ သည်အချိန်မျိုးတွင် ဖါလာသွားရောင်းပြီးအပြန် တိုးနိုးနိုအတွက် တခုခုဝယ်လာလျှင် ကျနော့်အတွက်လည်း တခုခု ပါလာတတ်စမြဲ။

(စ)
၁၉၉၇ ခုနှစ်တွင် လယ်ခိုဒိုးသာရွာ မီးရှို့ခံရပြီး ရွာသားများတောတောင်ထဲ ပုန်းနေရချိန်တလျှောက်လုံးမှာ ကျနော် တိုးနိုးနိုပါတို့ မိသားစုနှင့်အတူ။ နေစရာတဲဆောက်သည်နှင့် ကျနော့်အတွက်ပါ နေရာပြင်ပြီးသား။ တကယ်တန်း ကျနော်က ကျောင်းဆရာ မဟုတ်တော့သော်လည်း ကျနော့်အပေါ်ထားသည့်စေတနာက လျှော့ မသွား။ တောတောင်ထဲနေထိုင်ရင်း စစ်ကြောင်းသတင်းထူးပါကလည်း ကျနော့်အတွက် လုံခြုံမည့်နေရာတခုခု သို့ ပို့ထား၍ စားစရာသောက်စရာများကို ပို့ပေးမြဲ။ သူ့မိသားစုကို ပူရသည့်အပြင် ကျနော့်ကိုပါ တာဝန်ယူနေရ သည့်အတွက် ကျနော်အားနာနေမိသည်။ သူတို့ မခိုင်းသော်လည်း ကျနော်မနေသာတော့ပဲ နိုင်သည့်ဝန်များကို ကူထမ်းပေးချင်လာသည်။ သို့ကြောင့်ပင် ကျနော် နှီးမျိုးစုံထိုးတတ်၊ ပလိုင်း၊ တောင်း၊ ဖျာများရက်တတ်လာ သည်။ ဖါလာခူးခြင်း၊ စပါးရိတ်ခြင်း တတ်လာခဲ့သည်။ သာမန် ဖါးရှာ၊ ငါးရှာနှင့် တောထွက်သီးနှံ ရှာဖွေစား သောက်ခြင်းအတတ်များကို တတ်မြောက်လာခဲ့ပါသည်။
အစိုးရစစ်တပ်မှ စုစည်းမှာလာနေကြဖို့ခေါ်၍ ရွာသားအများစု တောထဲမှထွက်သွားကြသည်။ တောတောင်ထဲ ပုန်းအောင်း နေထိုင်ရသည်မှာလည်း မိသားစုအတွက် ရေရှည်မှာခက်ခဲနိုင်သည်ကိုး။ ရိက္ခာရှားပါးလာသည့် အပြင် ကျန်းမာရေးပါ ချို့တဲ့လာနိုင်သည်ကိုး။ သို့ဖြစ်၍ တိုးနိုးနိုပါတို့မိသားစုလည်း ကျနော့်ကို မဖြစ်မနေ ချန်ထားခဲ့ကြရတော့သည်။
“ဆရာ ဘာမှအားမငယ်နဲ့ ကျနော့်စပါးကျည်ထဲကစပါး မကုန်မချင်းဆရာ ဒီမှာ အေးအေးဆေးဆေးနေလို့ရ တယ်၊ ကျနော်လည်းမကြာမကြာရောက်လာမှာပါ။ ဆရာလိုတာရှိရင် လူကြုံရှိရင် လှမ်းမှာလိုက်ပေါ့” တဲ့။
တိုးနိုးနိုပါတို့ စုစည်းမှာသွားနေပြီး ကျနော်တယောက်ထဲ သူတို့တောင်ယာမှာ ၃ လကျော် နေခဲ့သေးသည်။ လူသံတွေကြားလာသလိုလို၊ လူရိပ်တွေ မြင်နေရသလိုလိုနှင့် လူနှင့်နေချင်သည့်ဒဏ်ကို ဆက်မခံနိုင်တော့ သဖြင့် ကျနော် ကရင်နီနယ်စပ်သို့ ပြောင်းခဲ့၍ တိုးနိုးနိုပါတို့နှင့် အဆက်အသွယ်ခန ပြတ်သွားခဲ့သည်။

ကရင်နီနယ်စပ်မှာနေပြီး တိုးနိုးနိုပါနှင့် ၃ ကြိမ်ပြန်ဆုံဖြစ်ခဲ့ပါသေးသည်။ တခေါက်က လယ်ခိုဒိုးသာရွာသားတချို့ လာပြန်နေသည်ကြားရ၍ ကျနော်ပြန်လည်စဉ်က။ ဒီတခေါက်မှာလည်း သူ့ယောက်ဖ ကိုမိုရှေး တောကြက်သွား ထောင်ရင်း မိုင်းနင်းမိ၍ မြို့ကို ချက်ချင်းပြန်ပို့ကြရသဖြင့် တညသာ တွေ့လိုက်ရ၏။
နောက်တခေါက်က ၂၀၀၀ ပြည့်နှစ်မှာ ကျနော်အိမ်ထောင်ပြုမည်ဆိုသည့်အကြောင်း လှမ်းအကြောင်းကြား၍၊ ကျနော့်ကိုလာတွေ့သည့်အခါ တိုးနိုးနိုလည်း ပါလာ၏။ ထုံးစံအတိုင်း သူရှာထားသည့် တောကောင်အချောက် လှမ်းပြီးသားများ ယူလာသေးသည်။ သူတို့မိသားစု စုစည်းမှာ သိပ်အဆင်မပြေကြောင်း၊ ရွာသားများကို အခု တောင်ယာခုတ်ခွင့် ပေးထားတာကြောင့် ပြန်လာနေကြောင်းသိရသည်။ ကျနော်လည်း ကိုမူဒိုရွာမှာ ကျောင်း ဖွင့်ထားကြောင်း ပြောပြကာ တိုးနိုးနိုကို ကျောင်းပြန်တက်ဖို့ ခေါ်ထားလိုက်၏။
နောက်ဆုံးတခေါက်မှာ ကျောင်းပိတ်ချိန် တိုးနိုးနိုပြန်ချင်သည်ဆို၍ လိုက်ပို့ကြစဉ်။ သူတို့တဲကိုရောက်ချိန်မှာ တိုးနိုးနိုပါ မရှိ။ တောလည်နေပြီဆိုသည်မှာ အသေအချာ။ မိုးချုပ်ခါနီးမှ ပြန်ရောက်လာ၏။ သူ့ပလိုင်းထဲမှာ တောကောင်များ အပြည့်။ ငှက်မျိုးစုံပါသည်။ မှတ်မှတ်ရရ ဖါးအကောင်ကြီးကြီးများလည်းပါသည်။ ကျနော်တို့ အပြန်မှာ ကင်ပြီးသား ဖါးများကို ထည့်ပေးလိုက်သေးသည်။ ကျနော့်ဇနီးက ခုထိ ဖါးတွေမြင်တိုင်း တိုးနိုးနိုပါကို အမှတ်ရကြောင်း ပြောနေဆဲ။

(ဆ)
“ကိုလူဗိုလ် ရေ အမေရိကားက ဖုန်းလာတယ်။ နောက် ၅ မိနစ်ဆို ပြန်ခေါ်မယ်တဲ့” ဦးမွန်ကြီး ဖုန်းဆိုင်မှ လာခေါ်တာဖြစ်သည်။ အမေရိကားရောက်နေသော ယောက်ဖ ၂ ယောက်ခေါ်တာဖြစ်မည်။ ဆိုင်ကို ရောက်ပြီး ခနအကြာမှာ ဖုန်းမြည်လာ၏။ ကောက်ကိုင်လိုက်သည့်အခါ …
“ နေကောင်းလား ရှလာ (ဆရာ) …  ကျနော် ကိုမန်ဒိုအကိုပါ၊ ကျနော့်ကို မှတ်မိလား” ကျနော်ချက်ချင်း စဉ်းစားမရ၊ စကားသံ အရဆိုလျှင် ဘွဲခွင်ကဖြစ်မည်။
“ ရှလာ လယ်ခိုဒိုးသာမှာ စာသင်တုန်းက ကျနော့် ညီနဲ့ညီမ ကျောင်းတက်တယ်လေ။ သူကြီးသား အကြီး ကောင်လေ”
လယ်ခိုဒိုးသာဟူ၍ ပါလာမှ ဆက်စပ် စဉ်းစားမိသွားသည်။ သူ့အဖေဆုံးသွားပြီဖြစ်ကြောင်း၊ မယ်ရာမွန်ဒုက္ခသည် စခန်းမှာလာနေရင်း အခု အမေရိကားကိုရောက်သည်မှာ  ၃ လ လောက်ရှိပြီဖြစ်ကြောင်းတို့ကို ရှင်းပြနေသဖြင့် နားထောင်နေရသည်။ သူပြောပြီးသည်နှင့် ချက်ချင်းပင် တိုးနိုးနိုပါအကြောင်း ကျနော် မေးလိုက်မိ၏။
“ တိုးနိုးနိုပါ ခြေထောက်ပြတ်သွားပြီလေ”
မဖြစ်နိုင်၊ ဒီကောင် ကိုမိုရှေးနဲ့များ မှားနေမလားထင်၍ သေချာအောင်ထပ်မေးလိုက်သည်။
“ သေချာပါတယ် ရှလာ၊ အခု သူတို့ သံတောင်မှာပဲနေတယ်၊ ကျနော် သံတောင်နဲ့ ဖုန်းအဆက်အသွယ် ရှိတယ်၊ တောကြက်ထောင်ရင်း မိုင်းနင်းမိတာတဲ့ ၊ သူ့ယောက်ဖ မိုရှေးလိုပဲလေ”
ဖုန်းပြောပြီးသည်နှင့် ကျနော်စိတ်တွေ ဂယောက်ဂယက်ထကုန်၏။ တိုးနိုးနိုပါ ခြေထောက်ပြတ်သွားသည်ကို သိရ၍ စိတ်မကောင်းခြင်းနှင့်အတူ … တိုးနိုးနိုပါ ခြေထောက်ပြတ်သွား၍ သူတို့မိသားစု ဘယ်လိုရပ်တည် ရှာဖွေ စားသောက်နေကြလဲဆိုသည့် အတွေးက ကျနော့်ရင်ကို နာကျင်စေ၏။ ကျနော့်အပေါ်တာဝန်ကျေခဲ့မှုတွေကို တွေးမိလေတိုင်း ပြန်လည်မတုန့်ပြန်နိုင်မှုများအတွက် တနင့်နင့် ခံစားရ၏။ ကျနော့်လက်ရှိအခြေအနေမှာ တိုးနိုးနိုပါတို့မိသာစုကို ကူညီဖို့မဆိုထားနှင့် ကျနော့်မိသားစုဘ၀၏ ကံကြမ္မာကိုပင် UNHCR (ကမ္ဘာ့ကုလသမဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) ၏ လက်ထဲတွင် ဝကွက် အပ်ထားရသည့်အနေအထား။

သြော် … မိဘများအပေါ် တာဝန်မကျေမှု။ ကိုယ့်မိသားစုအပေါ် တာဝန်မကျေမှုနှင့် ကိုယ့်ကျေးဇူးရှင်များအပေါ် တာဝန် မကျေမှုများမှ လွတ်မြောက်ခွင့်ကို ဘယ်တော့များမှ ရပါ့မလဲ။ လွတ်မြောက်လိုမှုများထဲတွင် ဒီအရေးပါ သောလွတ်မြောက်မှုတခုကိုလည်း သတိထား မြင်လာမိ၏။ ဆန္ဒနှင့်ဘ၀ အလှမ်းကွာမှုများကြား ဖြစ်တည်နေရ သည့်ဘ၀က လွတ်မြောက်ချင်စမ်းပါဘိ။
လက်ရှိနိုင်ငံရေးအသံများမှာ ငြိမ်းချမ်းရေးကို ရှေးရှုနေသယောင်။ တိုင်းပြည်၏ ၀ဋ်နာကံနာလိုဖြစ်နေသည့် ငြိမ်းချမ်းရေးပြဿနာကို အမှန်တကယ်ဖြေရှင်းနိုင်ခဲ့ပါမူ ကျနော်တို့အားလုံးအတွက် သားရွေအိုးထမ်းလာမည့် ဖြစ်စဉ်တခုအဖြစ် မျှော်လင့်မိ၏။ မိဖများကို ဆပ်ခွင့်မကြုံခဲ့ရသော အကြွေးကျန် ကျေးဇူးများကိုပင် အတိုးချ၍ တိုးနိုးနိုပါတို့ မိသားစုအား ပေးဆပ်ခွင့်ရနိုင်မည် မဟုတ်ပါလား …. ။


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...