Friday, December 30, 2011

သေကြောင်းကြံချင်သလား၊ နားနဲ့မနာ ဖဝါးနဲ့နာပါ

by Ramanya Ravika on Wednesday, November 23, 2011 at 5:41am

နိုင်ငံရေးအကြောင်းချည်းပဲ ရေးရေးနေတော့ လူမှုရေးဘက်ကို မေ့သလောက် ဖြစ်နေတယ်။ ဒီနေ့ ရင်ငြိမ်းပွင့်ဆိုတဲ့ ရွှေမန်းသူတစ်ယောက်က လူငယ်ပြဿနာကြောင့် သေကြောင်းကြံခဲ့ကြောင်း facebook မှာ ဖတ်ရတယ်။ စိတ်မကောင်း ဖြစ်ရတယ်။ စိတ်အာရုံက နိုင်ငံရေးကနေ သေကြောင်းကြံတဲ့အကြောင်း ကို ရောက်သွားတယ်။

မုဒုံက ကျောင်းသားတစ်ယောက်

စာရေးသူ ကြားဖူးတာတစ်ခု ရှိတယ်။ မှန်မမှန်တော့ မသိပါ။ မုဒုံက ကျောင်းသားတစ်ယောက်က တက္ကသိုလ်တက်ရင်းနဲ့ အညာသူတစ်ယောက်နဲ့ ရည်စားဖြစ်တယ်။
အညာသူက သူ့ကို သူဌေးသားလို့ ထင်ခဲ့တယ်။ မုဒုံအထိ အလည်ရောက်လာတယ်။ ဒီရောက်တော့ အိမ်က ခြေတန်းရှည်အိမ်။ ဆင်းရဲသားမှန်း သိသွားတယ်။ ကျောင်းပြန်ဖွင့်တော့ အညာသူက အဆက်ဖြတ်သွားရော။
နောက်ဆုံးတော့ သူက ကိုယ့်ကိုယ်ကို ဝါယာကြိုးနဲ့ပတ်ပြီး shock လုပ် သေကြောင်းကြံသွားခဲ့တယ်လို့ ဆိုပါတယ်။
သူ့မိဘ၊ သူ့မောင်နှမ၊ သူ့သူငယ်ချင်းတွေက သူ့အတွက် ယူကြုံးမရ ဖြစ်ကြရတယ်။

ရွာက တပည့်တစ်ယောက်

စာရေးသူမှာ ရွာက တပည့်တစ်ယောက် ရှိတယ်။ သူက ရည်စားကို ခိုးပြေးတယ်။ သူ့ကို ဟိုဘက်က တရားစွဲဖို့ လုပ်တယ်။ သူတို့သမီးကို အတင်းပြန်ခေါ်သွားပြီး သူ့ကို တွေ့ခွင့်မပေးတော့ဘူး။ တပည့်က လူငယ်ဘာဝ သောင်းကျန်းရောပဲ။ အရက်သောက်တာလည်း အလွန်အကျွံပဲ။ သူ့မိဘတွေ မထိန်းနိုင်လို့ စာရေးသူဆီ ပို့တယ်။ သူက ကျောင်းမှာ ညအိပ်တယ်။ တစ်ညလုံး ရင်ဖွင့်သံက မဆုံး။
မနက်မိုးလင်းခါနီးမှာ စာရေးသူက သူနဲ့ စကားပြောတယ်။ မင်း သူ့ကို တကယ်ချစ်သလားလို့ တပည့်ကျော်ကို မေးတယ်။ တကယ်ချစ်တာပေါ့၊ မေးစရာလိုလားတဲ့။ သူက စိတ်တိုနေတယ်။ မင့်ကောင်မလေးလည်း မင်းကို ချစ်တာ သေချာလား မေးပြန်တော့ သူက ကမူးရှူးထိုးနဲ့ သောင်းကျန်းတယ်။ သူ့ကို စော်ကားတယ်ပေါ့။

မင်းတို့အချင်းချင်း တကယ်ချစ်ကြယင် အဲဒီအချစ်ကို လောလောဆယ် အကောင်အထည်ဖော်လို့ မရသေးဘူး၊ အဲဒီအချစ်ကိုလည်း စမ်းသပ်ရာရောက်အောင်၊ နှစ်ဖက်သောမိဘများကိုလည်း အချိန်ပေးရာရောက်အောင်၊ မင်းလည်း ယောကျာင်္းတို့မာနကို ပြသရာရောက်အောင်၊ မင်းတို့လည်း အသက်(၂၀)လောက် ရအောင် (၃)နှစ်လောက် စောင့်နိုင်မလား မေးတော့ သူက စောင့်နိုင်တယ်လို့ ပြောတယ်။

သူက ထိုင်းကို သွားတယ်။ မသွားခင် မှာထားတယ်။ သူ့ရည်စားကို လက်ဆောင်ပစ္စည်း ပုံမှန်ပို့ပါ၊ ဖုန်းလည်း ပုံမှန်ဆက်ပါ၊ လူသွားလူလာရှိယင် စာရေးပါပေါ့လေ။ သူတို့က လူငယ်တွေဆိုတော့ အဲဒီလို လုပ်နိုင်တာ (၁)နှစ်တောင် မပြည့်ဘူး။ တပည့်ကျော်ကလည်း စာမရေးတော့ဘူး။ လက်ဆောင်လည်း မပို့တော့ဘူး။ ဖုန်းလည်း မခေါ်တော့ဘူး။ ကောင်မလေးကလည်း အခြားတစ်ယောက်နဲ့ ညားလေတော့တယ်။ လူငယ်တွေ…လူငယ်တွေ….။

(၂)နှစ်နဲ့ (၂)ရက်

နောက်တပည့်တစ်ယောက်က ကောင်မလေးတစ်ယောက်နဲ့ ရည်စားဖြစ်နေတာ (၂)နှစ်တောင် ရှိခဲ့ပြီ။ သူ့လောက်လည်း ရုပ်မဖြောင့်၊ သူ့လောက်လည်း မချမ်းသာ၊ သူ့လောက်လည်း ပညာမတတ်တဲ့ အခြားကောင်လေးတစ်ယောက်က (၂)ရက်လောက်ပဲ လူပျိုလှည့်ပြီး ညားသွားတော့ တပည့်ကျော်က အဖျော်ယမကာ မှီဝဲပြီး ဘဝဖျက်ပါတော့တယ်။
သူ့ကိုလည်း သူ့မိဘတွေ အကူအညီတောင်းလို့ တရားချရတယ်။ မင်းကို ဟိုကောင်မလေး မယူတာ ဘာကြောင့်လဲသိလားလို့ မေးတယ်။ သူက ပြောစရာစကား သိပ်မရှိဘူး။ မင်းက လက်ကျောတင်းအောင် အလုပ်မလုပ်လို့၊ အားမကိုးရလို့၊ အဖော်မဖြစ်လို့ ဖြစ်တယ်လို့ ပြောလိုက်တယ်။ အခု မင်းက အရက်ပါ သောက်တော့ ဟိုကောင်မလေးက မင်းကို မယူမိတာ မှန်တယ်လို့ တွေးနေလောက်ပြီ။ သူ ရွေးချယ်တဲ့ ဟိုလူထက် မင်းက သာတယ်လို့ သက်သေမပြနိုင်မချင်း မင်းက အရှုံးသမားပဲလို့ ပြောလိုက်တယ်။

သူက ဒါဆို ဘာလုပ်ရမလဲလို့ မေးတယ်။ မင်း ကျောင်းပြန်တက်ပါ၊ ကျောင်းပြီးယင် စာအုပ်လျှောက်ပြီး ပြည်ပတစ်နိုင်ငံမှာ အလုပ်သွားလုပ်ပါ၊ အတန်အသင့်အဆင်ပြေယင် မြန်မာပြည်ကို ပြန်ပါ၊ အိမ်ထောင်ပြုပါလို့ အကြံပြုလိုက်တယ်။ ပြောတဲ့အတိုင်း သူက လိုက်နာတော့ အောင်မြင်တဲ့လူငယ်တစ်ယောက် ဖြစ်ခဲ့ပြီ။ သူက နောက်ပိုင်းမှာ အရင်တုန်းကသာ ဆုံးဖြတ်ချက်မှားခဲ့ယင် သူဘဝတော့ သွားပါပြီလို့ ပြန်ပြောခဲ့တယ်။

လူငယ်တွေကို အနီးကပ်နေပြီး အကြံပြုနိုင်ဖို့ အရေးကြီးပုံကို ပြောချင်တာပါ။ လူငယ်တွေရဲ့ အချစ်က ဆူလွယ်တယ်၊ ငြိမ်းလွယ်တယ်။ နောက်ပြီး အချိန်နည်းနည်းလေး ဆွဲလိုက်ရုံနဲ့ အဲဒီအချစ်က လျှော့သွားတာ တွေ့ရတယ်။ အချစ်စစ်လို့ သူတို့ပြောနေမယ့် အချစ်တုကြီး ဖြစ်နေတာ များတယ်။

နောက်ပြီး အချစ်စစ်ကို ရယူဖို့ထက် တဏှာချစ်ဖြစ်တဲ့ ခန္ဓာကိုယ်ကိုပဲ ရယူချင်ကြတာ များတယ်။ ယခုလည်း မရင်ငြိမ်းပွင့်က ရင်မငြိမ်းနိုင်ဘဲ သောကပွားရာကနေ ဗျာပါဒအထိ ရောက်သွားရတာကလည်း တဏှာချစ်ဖြစ်လို့ပါပဲ။ သူက သူ မျှော်လင့်ထားတဲ့လူတစ်ယောက်ကို ဆုံးရှုံးရလို့ ဘဝမှာ ဘာမှ မကျန်တော့ဘူးလို့ ထင်သွားပုံရတယ်။
သူ့မိဘတွေ၊ သူ့ညီအကိုမောင်နှမတွေ၊ သူ့အမျိုးတွေ၊ သူ့သူငယ်ချင်းတွေ ရှိသေးတယ်လို့ သူက မမြင်တော့ဘူး။ သူ သေသွားယင် သူက အချစ်သူရဲကောင်းဖြစ်မယ်၊ အနည်းဆုံး သူ့ရည်စားဆီက ကြည်နာသနားမှုကလေး ပြန်ရနိုင်တယ်၊ ဒါမှမဟုတ် သူ့ရည်စားက နောင်တရပြီး စိတ်ဆင်းရဲနေမယ်လို့ အမျိုးမျိုးတွေးနေမှာပေါ့။

အမှန်မတော့ မိန်းမနဲ့ယောကျာင်္း  မညားနိုင်တဲ့အကြောင်းတွေမှာ ကိုယ်ကျင့်သိက္ခာအဆင့်ချင်းမတူတာလည်း ပါမယ်၊ ဘုန်းကံချင်းမတူတာလည်း ပါမယ်။ သူက ကိုယ့်ကို မချစ်ဘဲနဲ့ ထွက်သွားယင် သူက ကိုယ့်ကို မယူနိုင်လို့ ထွက်သွားတယ်လို့ အမြဲတွေးနေဖို့ မလိုဘူး။ ကိုယ်က သူနဲ့မတန်လို့ပဲဆိုပြီး အမြဲတွေးနေဖို့ မလိုဘူး။ သူက ကိုယ်နဲ့မတန်လို့ ကိုယ့်ဘုန်းကံကို မခံနိုင်လို့ ထွက်သွားရတယ်လို့လည်း တွေးသင့်တာပဲ မဟုတ်လား။

ဗုဒ္ဓဘာသာကလည်း တဏှာပေမအချစ်ကို မေတ္တာနဲ့ မရောထားပါဘူး။ အခြားဘာသာများမှာရှိသလို မေတ္တာနဲ့တဏှာ တတန်းထဲမထားဘူး။ မရင်ငြိမ်းပွင့်က မေတ္တာအတွက် သေရတာမဟုတ်ဘူး။ တဏှာအတွက် သေရတာဖြစ်တယ်။ တဘဝလုံး သူကြိုးစားခဲ့သမျှ၊ သူ့မှာ သူ့မိဘတွေနဲ့ နိုင်ငံတော်က ရင်းနှီးမြှုပ်နှံခဲ့သမျှ၊ သူ့ညီအကိုမောင်နှမတွေ သူငယ်ချင်းတွေ ရင်းနှီးမြှုပ်နှံခဲ့သမျှ ရည်စားဆိုတဲ့လူတစ်ယောက်အတွက် သူက ဖြုန်းတီးသွားခဲ့တယ်။ သူ့အတွက် သူ့ရည်စားက ဝမ်းနည်းမနည်းတော့ မပြောနိုင်ဘူး၊ သူ့မိဘတွေကတော့ ပဋာမြေလူးပဲဖြစ်မှာပါ။ ကိုယ့်သမီးက စင်ကာပူမှာဆိုတော့ ဝမ်းမြောက်ဝမ်းသာနဲ့ မျှော်နေမယ့်မိဘတွေကို သူက သတိမရနိုင်ခဲ့ဘူး။

ဒါကြောင့် မိန်းမယောကျာင်္းလူငယ်များအတွက် ဘယ်တော့မှ သေကြောင်းမကြံကြနဲ့။ ပြုပြင်ဖို့အတွက်ဆိုယင်၊ ဘဝသစ်အတွက်ဆိုယင် သေကြောင်းကြံဖို့မလို။ ဘုရားက ဟောခဲ့တာပဲ။ လူတိုင်းလူတိုင်းဟာ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ အခါထောင်သောင်းမက သေလိုက်မွေးလိုက်ဖြစ်နေတာပဲတဲ့။ အဟောင်းဟောင်းသော ရုပ်နာမ်များက သေသေသွားကြပြီး အသစ်သစ်သော ရုပ်နာမ်များက ဖြစ်ဖြစ်လာရတယ်မဟုတ်လား။

လူငယ်တွေအပါအဝင် ဘယ်သူကမှ သေကြောင်းမကြံကြနဲ့။ ဘာကြောင့်လဲဆိုတော့ ဒီလောကမှာ တစ်ခုခုကို ဆုံးရှုံးရလို့ သေကြောင်းကြံရလောက်အောင် တန်တာ ဘာတစ်ခုမှ မရှိဘူး။ ရည်စားကြောင့်လား။ ရည်စားဆိုတာ ဘဝတကွေ့မှာ ခဏတွေ့ရတဲ့လူပါ။ လျှောက်လှမ်းရမယ့် ဘဝခရီးမှာ အတူလက်တွဲလို့ဖြစ်မဖြစ် လေ့လာဖို့ ရည်စားထားကြတာမဟုတ်လား။ သူက ရည်စားပဲ ရှိသေးတယ်။ လင်ယောကျာင်္းလည်း မဟုတ်သေးဘူး။ အိမ်သူသက်ထားဇနီးမယားလည်း မဟုတ်သေးဘူး။ ဓမ္မအရ ကြည့်ယင်လည်း အတည် မဖြစ်သေးဘူး။ လောကအရ ကြည့်ယင်လည်း တရားဥပဒေလမ်းကြောင်းနဲ့ လင်မယားအရာမမြောက်သေးဘူး။
မသေချာတဲ့အလုပ်တစ်ခုကို မသေချာသေးတဲ့အချိန်မှာ လုပ်မိလို့ နောင်တရယင် ပြင်ပါ။ အဲဒီမှန်တဲ့အလုပ်၊ မှားတဲ့အလုပ်တွေဟာ အသက်လောက် တန်ဖိုးမရှိဘူး။ အသက်ရှင်နေသေးယင် အဲဒီအမှန်ကို ပိုများအောင် ထပ်လုပ်လို့ရတယ်။ မှားခဲ့ယင်လည်း အဲဒီအမှားကို ပယ်ဖျက်လို့ ရသေးတယ်။ ဝိပဿနာတရားနဲ့ မပယ်မဖျက်နိုင်တဲ့အမှားဆိုတာ မရှိဘူး။

သေကြောင်းကြံတဲ့ ပြည့်တန်ဆာ

ရန်ကုန်မှာ သီတင်းသုံးနေတုန်း မိန်းကလေးတစ်ယောက်ကို သိရတယ်။ ပါမီတွန်အားကိုးနဲ့ သေကြောင်းကြံရာ သေကံမရောက် သက်မပျောက်လို့ အသက်ရှင်ခွင့်ရခဲ့တယ်။ အဲဒီသေကြောင်းကြံမှုနောက်ပိုင်း သူက အပြင်သိပ်မထွက်ဘဲ အိမ်တွင်းပုန်းဘဝပဲ နေခဲ့တယ်။ ဝတ်အသင်းတစ်ခုနဲ့ ပတ်သက်ရာကနေ စာရေးသူနဲ့ ခင်မင်ခဲ့သူပါ။

သူ့မျက်နှာက အေးချမ်းသလိုနဲ့ သေသေချာချာ အကဲခတ်ယင် သောကတွေ ဗွေနေမှန်း သိရတယ်။ မျက်လုံးက မလိမ်တတ်ပါ။ သူ့သောကတွေ သူ့ဗျာပါဒတွေကို သူ့မျက်ဝန်းဆိုတဲ့ ပြတင်းပေါက်ကနေ အထင်သား မြင်နေရတယ်။
သူ့ကို မေးတော့ မဖြေဘူး။ စိတ်ညစ်စရာတွေ ရှိသလား၊ ရင်ဖွင့်လို့ရတယ် ပြောလည်း မရှိဘူးလို့ပဲ ပြောတတ်သူပါ။ တကယ့်မောင်နှမလို နှစ်နှစ်ကျော်ခင်လာကြမှ သူ့အကြောင်းကို ပြောပြရှာပါတယ်။

သူက အသက်(၁၇)ကတည်းက အထာညက်တဲ့လူကြီးတစ်ယောက်ရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ရည်စားရတော့လည်း ရည်စားက တန်ဖိုးမထားပစ်ပြေးပြန်တော့ စိတ်ဓာတ်ကျခဲ့ရပုံကို ပြောတယ်။ အဲဒီနောက်မှာ အိမ်က စီးပွားရေးကလည်း မကောင်းလို့၊ မောင်နှမတွေရဲ့ ကျောင်းဖိုးလေးလည်း လိုနေလို့ ခန္ဓာကိုယ်ကို ရောင်းစားရတဲ့ဘဝ ရောက်ခဲ့ရရှာတယ်လို့ မျက်ရည်ပေါက်ပေါက်ကျလို့ ပြောပြရှာတယ်။

သူ ပြောပြမှပဲ ရန်ကုန်မြို့ပြည့်တန်ဆာလောကကို နည်းနည်းလေး တီးမိခေါက်မိရှိတော့တယ်။ လောကကြီး ပျက်စီးနေပုံကို ပြည့်တန်ဆာတစ်ယောက်ထက် ဘယ်သူကမှ ပြည့်စုံအောင် သရုပ်မဖော်နိုင်ဘူးလို့ ပြောချင်ပါတယ်။ အပျော်အပါးလိုက်စားသူတွေထဲမှာ ဗိုလ်ချုပ်တွေလည်း ပါဝင်သလို ဆိုက္ကားဆရာတွေလည်း ပါတာပဲလို့ သူက ပြောတယ်။ (စစ်အစိုးရကို ပုတ်ခတ်ချင်လို့ ဗိုလ်ချုပ်တွေကိုတမင်တကာထည့်ရေးတယ်လို့ မထင်ကြပါရန်)

တစ်ညဆို ကျပ်ငွေတစ်သိန်းလောက် ဝင်ငွေ ရနိုင်ပုံကိုလည်း ရှင်းပြတယ်။ maximum အရ (၅)ယောက်အထက် လက်မခံသလို တစ်ယောက်ဆို အနည်းဆုံး ကျပ်ငွေ(၂)သောင်းလောက် ပေးရတယ်လို့ ဆိုပါတယ်။ ဟုတ်မဟုတ်တော့ မသေချာပါဘူး။
ဒီအလုပ်ကို လုပ်တော့ မိသားစုတွေ အဆင်ပြေသလို သူလည်း ငွေလေး စုမိတယ်လို့ ပြောတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ စိတ်ဓာတ်ကျရောဂါ ဝင်လာတယ်လို့ ပြောတယ်။ အဲဒီစိတ်ဓာတ်ကျရောဂါကြောင့်ပဲ သူက သေကြောင်းကြံခဲ့ပုံ ရတယ်။

ပြည့်တန်ဆာတွေမှာ လူတွေ ထင်ထားတာထက် စိတ်ဖိအား ပိုရှိပါတယ်။ ထိတ်လန့်တုန်လှုပ်ရတယ်။ လူမှုရေးအရလည်း ဝိုင်းပယ်ခံရတော့ ပိုဆိုးပါတယ်။ လူရာမသွင်းလေ သူတို့ဘဝက အခြေအနေဆိုးလေပါပဲ။ အထီးကျန်ဘဝကို ရင်ဝယ်ပိုက်ပြီး မသေချာမရေရာတဲ့ အနာဂတ်အတွက် စိတ်လေးရသူတွေပါပဲ။

ဒီတော့ စာရေးသူက သူ့ကို မေးပါတယ်။

“အခုထိ သေကြောင်းကြံချင်တုန်းပဲလား”

“အခုထိပဲဘုရား၊ ဝတ်အသင်းဝင်ပြီး စိတ်များငြိမ်းမလားပဲ။ ထင်သလို မဟုတ်ဘူး။”

“ဝတ်အသင်းမှာ အဆင်မပြေတာလား”

“အဆင်ပြေပါတယ်၊ ဒါပေမယ့် ကောင်းတဲ့လူတွေနဲ့ ရောလေ မသန့်တဲ့ မိမိကိုယ်ကို ရွံ့လေ ဖြစ်နေလို့ပါဘုရား၊ ပိုဆိုးတာက ဘုရားမျက်နှာတော်ကို ဖူးမြော်တိုင်း အော် ငါအမိုက်မက ဘုရားမကြိုက်တဲ့အလုပ်ကို လုပ်မိပြီ၊ နောင်တရလိုက်တာ၊ ဖြစ်နိုင်ရင် ဒီဘဝကနေ မြန်မြန်သေပြီး နောက်ဘဝမှာ သန့်ရှင်းတဲ့လူသားတစ်ယောက် ပြန်ဖြစ်ချင်တယ်လို့ တွေးတွေးနေမိတယ်ဘုရား”

စာရေးသူနဲ့သူ အပြန်အလှန်ပြောတဲ့စကားတွေပါ။ ဒီတော့ ရှင်းနေပြီ။ သေပြီးယင် ဒီဘဝအတွက် အေးပြီလို့ သူက ယူဆတယ်။ နောက်ဘဝမှာ လူပဲ ပြန်ဖြစ်မှာဖြစ်ပြီး သန့်ရှင်းတဲ့ခန္ဓာသစ်ကို ရရှိမှာဖြစ်တယ်လို့ ယုံကြည်နေတယ်။ ဝတ်အသင်းဝင်ဖြစ်နေပေမယ့် ဘာသာရေးအသိနည်းနေတယ်။

ဒီတော့ သူ့ကို မေးခွန်းအနည်းငယ် ဆက်မေးရတယ်။

“ဒကာမလေးက လူကြီးတစ်ယောက်ရဲ့စော်ကားခြင်းကို ပထမဆုံး ခံခဲ့ရတယ်။ ဒါက ဒကာမလေးရဲ့အပြစ်လား၊ ဟိုလူကြီးရဲ့အပြစ်လား”

သူက တွေသွားတယ်။ သူ့အပြစ်မဟုတ်ဘူးလို့ ပြောတယ်။

“ရည်စားနဲ့လည်း အဲဒီလိုပဲ၊ ဒကာမလေးမှာ အပြစ်မရှိဘူး၊ အိမ်ထောင်မကျသေးတဲ့ မိန်းကလေးတစ်ယောက်မှာ သူ့ကာမ သူပိုင်တယ်။ ဒါကြောင့် လာဖျက်ဆီးတဲ့ ဟိုငနဲပဲ ငရဲလားရမယ်”

သူက ပြုံးပြီး ဟုတ်ပါ့မလားဘုရားတဲ့။ ငါက စာအုပ်အထူကြီးနဲ့ ကိုင်ပေါက်ရမလား၊ ဗမာလို ပြောနေတာပဲ မယုံဘူးလား၊ ပါဠိလို ရွတ်ပြမှ ယုံမှာလား နောက်ပြောတော့ ယုံပါပြီလို့ ပြောတယ်။

“သမီးအလုပ်ကို ဘုရားမကြိုက်ဘူးလို့ ဘယ်သူပြောလဲ၊ ဘုရားလက်ထက်က သီရိမာဆိုတာ ပြည့်တန်ဆာတစ်ဦးပဲ။ သောတာပန်တောင် ဖြစ်သေးတယ်။ ဘုရားက လူတွေရဲ့သက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို မဝေဖန်ဘူး၊ ပြည့်တန်ဆာလည်း ပြည့်တန်ဆာကျင့်ဝတ်ရှိတယ်၊ အဲဒီကျင့်ဝတ်ကို မဖောက်ဖျက်ဖို့ပဲ၊ ငါတို့ဘုရားက အဆင့်မခွဲဘူး၊ အဆင့်ခွဲနေရင်လည်း ဘုရားမဟုတ်ဘူး”

“ဟုတ်ပါ့မလားဘုရား”

“မယုံရင် ဓမ္မပဒမှာ သွားဖတ်ကြည့်လေ။ ဘုရားက သီရိမာကို ပယ်ရင် သူ့အိမ်မှာ ဆွမ်းစားဘယ်ကြွပါ့မလဲ။ ရဟန်းတွေလည်း သီရိမာအိမ်မှာ ဆွမ်းဘယ်ခံကြမလဲ”

ဆိုတော့ သူက စိတ်အားထက်သန်လာတယ်။ သူ့မျက်လုံးကလေးတွေ လင်းလက်လာတယ်။

“ဒါပေမယ့်ဘုရား…ဘုရားကတော့ ခွင့်လွှတ်ပါရဲ့၊ ဒါပေမယ့် လူတွေအတွက်တော့ လက်ခံဖို့ မလွယ်ဘူး၊ တစ်နေ့ကျယင် ဒီအကြောင်းက ပေါ်လာမှာပဲ၊ ပေါ်လာယင် အထင်သေးခံရမှာပဲ၊ တည်ငြိမ်တဲ့ဘဝတစ်ခု ဘယ်နည်းနဲ့မှ မတည်ဆောက်နိုင်ဘူးဘုရား”

သူ့စကား။ ဒါတော့ စာရေးသူက ရိပ်မိတယ်။ သူ့ကို ဘယ်အမျိုးကောင်းသားမှ မယူနိုင်ဘူး။ မသိယင် ယူမယ်။ တနေ့ သိယင် ပစ်ပြေးမှာပဲ။ သူက ဒါကို ပြောတာ။ စာရေးသူကလည်း စကားကို ဆက်ရတယ်။

“ဒါဖြင့်ယင်  ဒကာမကို ကျုပ် မေးမယ်နော်၊ တမျိုးတော့ မထင်နဲ့ပေါ့”

“မေးပါဘုရား”

သူက ခွင့်ပေးတယ်။

“ဒကာမနဲ့ အလွှာပေါင်းစုံ ယောကျာင်္းတွေ လာရောက်ပျော်ပါးကြတယ်မလား၊ အချို့က ဗိုလ်ချုပ်တွေတောင် ဖြစ်သေးတယ်၊ အဲဒီဗိုလ်ချုပ်တွေနဲ့ နောက်ပိုင်းမှာ ဒကာမနဲ့ ပျော်ပါးတဲ့ ဆိုက္ကားဆရာတို့ကို ရွေးရယင် ဒကာမက ဘယ်သူကို ပိုအထင်ကြီးလဲ”

“အာ…အရှင်ဘုရားကလဲ ပေါက်ကရတွေ မေးနေတယ်၊ အဲဒီစိတ် ဖြစ်ယင် ယောကျာင်္းအားလုံးက အတူတူပဲ”

“ဦးဇင်း မေးလိုရင်းက သူတို့ကို ဒကာမ ဘယ်လိုထင်လဲ၊ အထင်ကြီးတာလား၊ အထင်သေးတာလား”

သူက ခဏတွေးတယ်။ ပြီးမှ ပြောတယ်။

“ပြောရယင်ဘုရား…သူတို့ကို တစက်ကလေးမှ အထင်မကြီးဘူး၊ အချို့ ကိုယ့်အဖေအရွယ် ရှိတယ်၊ တပည့်တော်မက သူ့သမီးအရွယ်လောက်ပဲ ရှိမှာ။ အချို့ကျတော့ အရက်သမားတွေ အဆီပြန်နေတဲ့မျက်နှာကို ပြုံးပြရတဲ့အလုပ်လောက် ဘယ်အလုပ်မှ မခက်ဘူး၊ ဒီလူတွေက မိသားစုကို သစ္စာဖောက်သူတွေပါလို့ တွေးတွေးပြီး မုန်းမိသေးတယ်၊ ရွံ့တောင် ရွံသေးတယ်”

ကဲ..အဲဒါ သူ့စကားပဲ။

“ကြည့်…လူတွေက အထင်သေးတော့ ဒကာမက စိတ်ဓာတ်ကျတယ်၊ ဒကာမကလည်း ဟိုလူတွေကို အထင်သေးတာပဲလေ။ သူတို့တောင်မှ အသက်ရှင်ဝံ့သေးတာပဲ၊ ဒကာမက ဘာကြောင့် အဲဒီသတ္တိ မရှိရမှာလဲ”

ဆိုတော့ သူက တကယ့်ကို အားတက်လာပါတယ်။ သတ္တိတွေ ဝင်လာသလိုပါပဲ။

“ဒကာမက အခုန ပြောတယ်၊ ဒကာမခန္ဓာကိုယ်က မသန့်ရှင်းတော့ဘူးလို့ ပြောတယ်။ ခန္ဓာကိုယ်ဆိုတာ ရေချိုးလိုက်ယင် သန့်ရှင်းသွားမှာပါ။ ဒါပေမယ့် အစွဲကြီးနေတဲ့ ဒကာမစိတ်ကို ရေချိုးပေးရမယ်။ အဲဒီစိတ်က ညစ်ပတ်နေမှပဲ ဘဝဆိုတာ ညစ်ထေးရတယ်။ စိတ်က ဖြူစင်သန့်ရှင်းနေယင် ဘဝလည်း ဖြူစင်သန့်ရှင်းနေမှာပဲ။ အခု အဲဒီအလုပ်ကနေ နားလိုက်တာ ကြာပြီမဟုတ်လား”

“တင်ပါ”

“ဒီတော့ ပြီးပြီလေ။ ဘဝအသစ်ကို ရနေပြီပဲ။ သေကြောင်းကြံပြီးယင် လူ့ဘဝပြန်ရဖို့က မသေချာဘူး။ တရားသဘောအရ လူတွေက စက္ကန့်တိုင်းစက္ကန့်တိုင် အဖန်တရာမက မွေးဖွားနေတာပဲ။ ရုပ်လည်း မွေးလိုက်သေလိုက်၊ နာမ်တရားလည်း မွေးလိုက်သေလိုက်နဲ့ စက္ကန့်တိုင်းမှာ လူသစ်စိတ်သစ်ပဲ ဒကာမလေး”

သူက ငြိမ်ပြီး နားထောင်နေတယ်။ စိတ်ဝင်စားပုံတော့ ရတယ်။

“ဒကာမလေးက ဝိပဿနာတရား နည်းနည်းလေး ရှုကြည့်ပါ၊ ထွက်သက်ဝင်သက်ကို မှတ်ကြည့်ပါ၊ အဲဒီကနေ ဘဝသစ်တွေ ဖြစ်လိုက်ပျက်လိုက် ဖြစ်နေပုံကို တွေ့ရမှာပဲ၊ ဒီတော့ ကောင်းကောင်းနေပါ၊ ဘယ်သူကမှ ဒကာမလေးကို မယူတော့ဘူးလို့ မထင်နဲ့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ပဲ လိုတယ်။ ”

ဒီလိုနဲ့ပဲ သူက ကောင်းအောင် နေပါတယ်။ ရိပ်သာသွားပြီး တရားလည်း ရှုမှတ်တယ်။ နဂိုကတည်းက ရုပ်ရည်ရှိသူဖြစ်ပြီး အေးချမ်းတဲ့မျက်နှာပိုင်ရှင်ဖြစ်လို့ မကြာခင်မှာပဲ (...............)တစ်ယောက်နဲ့ တွေ့တယ်။ အနေအထိုင်ယဉ်ကျေးသူ ဖြစ်လို့၊ မိဘဝတ္တရားကျေပွန်သူဖြစ်လို့၊ လိမ္မာပါးနပ်သူ ဖြစ်လို့ ကောင်လေးရဲ့မိဘတွေလည်း သဘောတူကြတယ်။ မကြာခင်မှာပဲ သူတို့က လက်ထပ်ကြတယ်။

အိမ်ထောင်ကျတော့ ငိုပြနေသေးတယ်။ ကျေးဇူးတင်တယ်ပေါ့။ သူ့ကို ကယ်ခဲ့တယ်ပေါ့။ ဒါပေမယ့် သူ့စကားက ထွက်လာသေးတယ်။

“ဒါပေမယ့် အရှင်ဘုရား၊ (မောင်)က ဒကာမအပေါ် ကောင်းတာ မြင်တော့ ကိုယ့်လိပ်ပြာကိုယ်မလုံဘူး၊ သူက အရမ်းရိုးသားတယ်၊ ဒကာမကိုလည်း ရိုးတယ်လို့ ထင်နေတယ်၊ သူ့ကြည့်ပြီး စိတ်မကောင်းလိုက်တာ၊ သူ့ကို ဖြစ်ကြောင်းကုန်စင် ပြောပြယင် ကောင်းမလား စဉ်းစားနေတယ်၊ သူက ကွာမယ်ဆို ကွာပေးမယ်”

သူ့စကား ကြားတော့ စာရေးသူက ကမန်းကတန်းပဲ…

“ဟေ့ ဟေ့ ဒကာမလေး…အဲဒီမျိုး မလုပ်နဲ့၊ ဒကာမလည်း ကိုယ့်အကြောင်းမဖော်နဲ့၊ ကိုယ့်ယောကျာင်္းအကြောင်းလည်း မပြောနဲ့၊ မညားခင်တုန်းက သူ့မှာလည်း သူ့အကြောင်းနဲ့သူ ရှိချင်ရှိနေမယ်၊ ရှုပ်ကုန်မယ်၊ ညားပြီးတဲ့နေ့ကစပြီး သူ့အပေါ် မယားဝတ္တရားပြည့်စုံစေဗျား၊ သစ္စာရှိစေဗျား” လို့ အမိန့်တော်မြတ် ချမှတ်လိုက်တယ်။

သူတို့က အခုချိန်အထိ အဆင်ပြေနေပါတယ်။ သေကြောင်းကြံတယ်လို့တော့ မကြားရသလို တရားထိုင်ဖို့လည်း အချိန်ပေးနိုင်မှာမဟုတ်တော့ပါဘူး။

(မုဒုံက ကျောင်းသားတစ်ယောက်က လွဲပြီး သက်ဆိုင်ရာ ခွင့်ပြုချက်ရပြီး ရေးခြင်းဖြစ်ပါတယ်။)


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...