Wednesday, December 28, 2011
ကျန်းမာရေးနှင့် ၀ူရှူးပညာ
   ဒီပို့စ်လေးကိုရေးရတာလည်း   သူငယ်ချင်းများ ၀ူရှူးပညာနှင့်ကျန်းမာရေးကို ပျော်ရွှင်စွာ လေ့လာလိုက်စားပြီး အသက်ရှည်ကာ အနာကင်းစေဖို့ ရည်ရွယ်ချက်နဲ့ပါ။ ၀ူရှူးပညာဟာ လူပျင်းတို့ လေ့ကျင့်လို့မရတဲ့ပညာမျိုးပါ။ အင်အားသည် ကွန်ဖူး၏ရေသောက်မြစ် အင်အားမဲ့သော သိုင်းပညာသည် ဟန်ရေးပြပဲရှိပါမည်။ ၀ူရှူးလေ့ကျင်ခြင်းသည် အင်အားနှင့် လျှင်မြန်ကျွမ်းကျင်မှုကို တိုးမြင့်ပေးခြင်းဖြစ် သည်ဟု ကွန်ဖူးဘုရင် လီရှောင်လုံ (ဘရု(စ်)လီ)က ပြောခဲ့ပါသည်။
   တရုတ်ကွန်ဖူးကိုမှ ၀ူရှူးပညာလို့ ပြောတာမဟုပ်ပါဘူး အားလုံးသော ကိုယ်ခံပညာရပ်များကိုပြော တာပါ။ ကိုယ်ခံပညာဆိုတာလည်း ကိုယ်ခံရတာသက်သက်တော့ မဟုပ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ ခံတပ်ဖြစ်တဲ့ပညာရပ်ပါ။
ပါ။   ထိုက်ကျိချွမ်၊ ရှင်းယီ၊ ပါးကွတို့ကတော့ အပျော့သိုင်းမျိုးများပါ။ အပျော့နဲ့အမာဟာ အဖိုအမဓါတ်ဖြစ်ပြီး တွဲနေမှလည်း သဘာဝ   ကျပါတယ်။ ကွဲနေရင်   မပြီးပြည့်စုံပါဘူး။ အမာသိုင်းသက်သက် လေ့ကျင့်ပြီး အပျော့ဓါတ်နည်းနည်းမှ မပါရင်ကြာလာတဲ့အခါ ကိုယ်လက်နာကျင်ပြီး ဒါဏ်ပြန်ထတာမျိုး ခံစားရ တတ်ပါတယ်။ ဥပမာ ကျနော်တို့
မြင်တွေ့နေရတဲ့ မြန်မာလက်ဝှေ့ သမားဟောင်းကြီးများ အိုလာတဲ့အခါ ကိုယ်တွေလက် တွေနာတယ်လို့ မကြာခဏပြောတာကြားရသလိုပါ။ တစ်ချို့ တရားထိုင်ပြီး အပျော့ဓါတ် ရရှိသူတွေတော့ ကျန်းမာကြပါတယ်။ ပထမဦးစွာ ချိ(အတွင်းအား) လေ့ကျင့်နည်းကို ကျနော်သိသလောက်ပြန်တင်ပြ ပါ့မယ်။
အဆင့်(၁) ခန္ဓာကိုယ်ပြန်လည်ကျန်းမာခြင်းလေ့ကျင့်စဉ်
       ဒီလေ့ကျင့်ခန်းကို တရုတ်လို ခမ်းဖုကုန်းလို့ခေါ်ပါတယ်။ ငယ်စဉ်ကရှိခဲ့တဲ့ ချိ(အသက်စောင့်ဓါတ်)ဟာ အသက်အရွယ် ကြီးလာတဲ့အခါ တဖြေးဖြေးချင်း လျှော့နည်းလာပြီး ကျင်းလုလို့ခေါ်တဲ့ ချိဓါတ်သွားရာ လမ်းကြောင်း ပျောက်ကွယ်လာတတ်ပါတယ်။ ဒီလေ့ကျင့်စဉ်က  ချိဓါတ်သွားရာလမ်းကြောင်းပြန်ဖွင့် ပေးတဲ့ လေ့ကျင့်ခန်းပါ။ မတ်တပ်ရပ်လျက်ဖြစ်စေ ထိုင်ခုံပေါ်မှာထိုင်ပြီး ဖြစ်စေ လေ့ကျင့်နိုင်ပါတယ်။
                   ရှေးဦးစွာ မျက်လုံးမှိတ်ပြီး အသက်ကို ဖြေးဖြေး မှန်မှန်ရှူပါ။ စိတ်ထဲမှ မိမိခန္ဓာကိုယ်    တစ်ခုလုံးရှိပိုက်ကွန်ယက်ပုံ အတွင်းအားသွားရာ လမ်းကြောင်းကိုပုံဖေါ်ပါ။ အသက်ရှူသွင်းချိန်မှာ ခြေဖ၀ါးအလယ်ရှိ ယုံချွမ်သွေးပေါက်မှ ငယ်ထိပ်ရှိ ပိုင်ဝှေး သွေးပေါက်သို့  လမ်းကြောင်း အတိုင်းရွှေဝါရောင် အတွင်းအားအဖြစ် စီးဆင်းပေးပါ။ ရှူထုပ်ချိန်မှာတော့ ငယ်ထိပ်ကနေ ခြေဖ၀ါးကို ပြန်စီးဆင်းပေးပါ။ တစ်ခေါက်လျှင် (၁၀)ကြိမ်မှ (၁၀၀)ကြိမ်အတွင်း တစ်နေ့(၃)ခေါက် မှန်မှန်လေ့ကျင့်ပါက (၁)လခွဲမှ (၃)လအတွင်း ကျန်းမာရေး သိသိသာသာ ကောင်းမွန်
တိုးတက်လာပြီး သာမန်ထက် ပိုမိုလန်းဆန်းလာမှာပါ။ (မှတ်ချက်...ဆေးလိပ်ရှောင်နိုင်လျှင် ပိုကောင်းပါသည်)။
အဆင့်(၂) ချိ(အတွင်းအား) စုစည်းခြင်းကျင့်စဉ်
          ဒီလေ့ကျင့်ခန်းကိုတော့ တရုတ်လို ချိကုန်းလို့ခေါ်ပါတယ် စင်္ကြာဝဠာနဲ့ ပထ၀ီရဲ့ အားကို စိတ်နဲ့ညှို့ယူတဲ့လေ့ကျင့်စဉ်ပါ။ စိတ်ငြိမ်ပြီး လေ့ကျင့်မှုအားကောင်းရင် (၁)နှစ်ကျော် ကာလအတွင်း သိသာလာပါလိမ့်မယ်။ သက်တောင့်သက်သာ ထိုင်ပြီး လေ့ကျင့်နိုင်ပါတယ်။  မျက်လုံးမှိတ်ပြီး စိတ်ငြိမ်ရင်ပိုကောင်းပါတယ်။ လေ့ကျင့်စဉ်အချိန်မှာ ပူပင်မှု
တွေကို အားလုံး မေ့ပျောက်နေစေရပါမယ်။ အသက်ရှူသွင်းနေစဉ် စင်္ကြာဝဠာမှအတွင်းအားနှင့် ကမ္ဘာမြေမှ ပထ၀ီအတွင်းအားတို့သည် လေနှင့်အတူ ခန္ဓာကိုယ်အတွင်း စီးဝင်လာပြီး ချက်အောက်လက်(၂)လုံးခန့်အကွာအဝေးရှိ ထျန်းကျင်သွေးပေါက်မှာ စုစည်းပေးပါ။ ပြန်ပြီးရှူထုတ်စဉ် ခန္ဓာကိုယ်အတွင်းရှိ မကောင်းသော အညစ်အကြေးများ လေနှင့်အတူ ပါသွားစေရပါသည်။ စိတ်တန်ခိုးသုံးလေ့ကျင့်စဉ် ဖြစ်သဖြင့် စိတ်ငြိမ်ပြီး လေ့ကျင့်အား ကောင်းရင်ကောင်းသလို
အကျိုးရှိပါသည်။ လေ့ကျင့်ရင် ချက်အောက်နေရာမှပုလာမှန်းသိပါက မိမိမှာရှိသောချိဓါတ်သည် သေချာပြီဖြစ်ကြောင်းသိလာရပါမည်။
အဆင့်(၃) ခန္ဓာကိုယ်အနှံ့ အတွင်းအားဖြန့်လွတ်ခြင်း လေ့ကျင့်စဉ်
       ချက်အောက်မှအတွင်းအား ရှိလာပါက ဆီးခုံနှင့်မူလနေရာ ဖြေးဖြေးချင်း အသွားအပြန်ပို့လွတ်ပေးပါ။
ရက်အနည်းငယ်ကြာလို့ အောင်မြင်လာပါက မြီးညှောင့်ရိုးအထက်ရှိ ဝေလွီသွေးပေါက် သို့ရောက်အောင်ထပ်ပြီး
ကျင့်ရပါမည်။ တစ်နေရာကို သေသေချာချာရောက်မှ အဆင့်တက်ရပါမည်။ ရပါက ဆက်ပြီး အခြားသွေးပေါက်များ
ဖြစ်သည့် ကျော၊ လည်ကုတ်၊ နောက်စေ့အောက်၊ ငယ်ထိပ်၊ မျက်ခုံးကြား၊ မေးစေ့၊ လည်ပင်း၊ ရင်ဘတ်အထက်၊
ရင်ဘတ်အလယ်၊ အရှိုက် တို့အထိ ပို့ဆောင်ပေးရပါမည်။ နောက်ဆုံး မူလနေရာအထိ ရောက်ပါက လေ့ကျင့်မှုပထမအဆင့်အောင်မြင်ပါပြီ။ ဒီအတိုင်း အသွားအပြန်ရအောင် လနဲ့ချီကျင့်နေရပါမည်။ မည်သည့်အချိန်မဆို အတွင်းအား ထုတ်ပြီး ရွှေ့ရှားနိုင်မှ လေ့ကျင့်ခန်းနောက်တစ်ခုကို ဆက်ရပါမည်။ ပုခုံးရှိ(ကျင်ကျန်)သွေးပေါက်၊ လက်မောင်း(ချွီးချီ)၊ လက်ဖျံ(လေ့ကွမ်း) နှင့် လက်ဖ၀ါးရှိ(လောက်ကုန်း)သွေးပေါက်တို့အထိပို့ဆောင်ပေးရပါမည်။ လက်
ဖ၀ါးအထိပို့နိုင်ပြီဆိုပါက အပေါ်ပိုင်းခန္ဓာကိုယ်အတွက် အောင်မြင်ပါပြီ။ ၀ဋ်နာကံနာမှလွဲ၍ တော်ရုံတန်ရုံရောဂါသည်များအား အတွင်းအားပြောင်းအားလွဲ နည်းဖြင့် ကုသပေးနီုင်ပါလိမ့်မည်။
        ကုသပေးနည်းမှာ လည်း လက်ဖ၀ါးမှ အတွင်းအားကို ဝေနာရှင်အား ၀မ်းဗိုက်မှပို့လွတ်ရပါသည်။မိမိစိတ်နှင့်လည်း ခန္ဓာကိုယ်အနှံ့ ပို့လွတ်ပေးပါ။ သို့ပေမယ့် အသားခြင်းမထိပါစေနှင့်။            ထိမိက ဝေဒနာရှင်မှ သာမန်လူ
ဖြစ်၍ အတွင်းအားကို တစ်နေရာတည်းမှာ ချက်ချင်း အလုံးအရင်းလိုက် လက်ခံရသောအခါ ရောဂါမပျောက်ပဲဆရာဝန်တို့(၆)နှစ်လောက် ကုလို့မပျောက်တဲ့ အတွင်းဒါဏ်ရာရတတ်ပါသည်။ ဒါကတော့ ကျနော်ကြားဖူးတာပါ။
                  ကျနော်အားတဲ့အခါ တိုက်ခိုက်ရေးသုံး အတွင်းအား လေ့ကျင့်နည်းကိုလည်း မျှဝေဖို့ဆန္ဒရှိပါသည်။
စာရိုက်မကျွမ်းသောကြောင့် ဒီဘလော့ကိုတောင် (၂)ရက်ရေးခဲ့ရပါသည်။ စာအုပ်ကြည့်ခိုးချခြင်း မဟုပ်သည့်အတွက်
စာလုံးပေါင်းသတ်ပုံနှင့် စာစီမကျခြင်းများကိုတော့ နားလည်ပေးပါ။ မှားနေတဲ့နေရာရှိပါကလည်း အားမနာစတမ်းထောက်ပြခဲ့ကြဖို့ တောင်းဆိုပါတယ်။ ကျနော်တို့မှာ အမေဘက်ကပါတဲ့ မျိုးရိုးလိုက် ဆရာဝန်ကုလို့မပျောက်တဲ့ရောဂါ ရှိပါတယ်။ ကျနော်ခံရမခံရဆိုတာတော့ မသေချာပါဘူး။
အဲဒီရောဂါဖြစ်လာခဲ့ရင်တောင် သာမန်လူတစ်ယောက်လောက် ရပ်တည်နိုင်အောင် ဒီပညာကိုကျနော်
ငယ်ငယ်တည်းက အသည်းစွဲခဲ့တာပါ။
ဒါပေမယ့် ခက်ခက်ခဲခဲ ဆရာရှာခဲ့ရပါတယ်။ ကျနော့်လို ၀ါသနာပါသူများ ကျနော့်လို ဆရာရှာမခက်ကြဖို့မျှော်လင့်
ပါတယ်။ မိမိပညာ ကြောင်လက်သည်ဖွက် လျှို့ဝှက်တစ်ကိုယ်ကောင်းဆန်ပြီး ပညာကို သေရွာယူမသွားချင်လို့က တစ်ကြောင်း၊  ပြီးတော့ ဆရာတော်ဦးသုမင်္ဂ လရဲ့ဆုံးမစကားလို ပညာကို ရောင်းစားတဲ့ ပညာသည် မဖြစ်စေပဲ မိမိပညာကို ရှင်သန်နေစေတဲ့ ပညာရှင်တစ်ယောက် ဖြစ်ဖို့ကြိုးစားနေခြင်း ကတစ်ကြောင်းတို့ကြောင့် စာရိုက် 
မကျွမ်းသည့်ကြားက လက်ညောင်းခံ အချိန်ကုန်ခံ မျှဝေပေးတဲ့ ကျနော့်စေတနာကို ၀ါသနာရှင်များ နားလည်လက်ခံရင် ကျနော်ရေးရကျိုးနပ်ပါပြီ။
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1342963&xgs=1&xg_source=msg_share_post
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...