နှစ်ဟောင်းအိပ်မက် နောက်ဆုံးရက်
ဒီနေ့တစ်နေ့လုံး
ကျနော့်စိတ်ထဲမှာ လေးလံထိုင်းမှိုင်းနေသည်။
ဘာကိုမျှဆုပ်ဆုပ်ကိုင်ကိုင်ရယ်လို့ မရှိ။ အာရုံတွေ ယိမ်းနွဲ့လှုပ်ရှား။
အတွေးတွေ လေမှာမျောလွင့်ဝေ့၀ဲ ခေါင်းထဲမှာချာချာလည်။ နာရီလက်တံက ညဉ့်တစ်ခု၏
နောက်ဆုံးသတ်မှတ်ချိန်ဆီ တရွေ့ရွေ့ ဦးတည်ရွေ့လျားနေဆဲ။
အမှန်က ဒီရက်ပိုင်းအတွင်း ကျနော့်မှာ လုပ်စရာအလုပ်တွေ ရှိပါသည်။ မရေမရာ မသေမချာနှင့် နေ့တဓူဝ ဖြတ်သန်းကျင်လည်နေရသော အချိန်နာရီတွေကို တစ်စုံတစ်ရာ အကျိုးများနိုင်ပါစေတော့ရယ် လို့ စာရေးစာဖတ်ခြင်းဖြင့် ကုန်လွန်စေရန် ရည်ရွယ်ချက်တူ မိတ်ဆွေတစ်စု အကြံပြုဆွေးနွေးမိကြရာက ကိုယ်စီကိုယ်စီ ပခုံးပေါ်မ,တင်လိုက်သော တာဝန်များပါပေ။
အဲဒါက အပတ်စဉ် တစ်ဦးကိုစာတစ်ပုဒ်စီ မဖြစ်မနေ ရေးသားကြဖို့။ ကဗျာ၊ ဆောင်းပါး၊ အက်ဆေး၊ ၀တ္ထုတို၊ ရသ မိမိအားသန်ရာကို ရေးခွင့်ရှိပါသည်။ ရေးဖြစ်သမျှ စာမူအားလုံးကိုလည်း အဖြတ်အတောက်ဆင်ဆာ(လုံးဝ)မရှိဘဲ ဖော်ပြပေးခြင်းခံရသည်သာ။ ကျနော်တို့အတွက် အကောင်းဆုံး အယ်ဒီတာက စာဖတ်ပရိသတ်၏ အဆုံးအဖြတ်ပင်။
စနေ၊ တနင်္ဂနွေရက်တွေမှာ စာမူတင်ဖြစ်တာများသည်။ အဲဒီရက်တွေဆို ကျနော်တို့ကိုယ်ပိုင် Facebook စာမျက်နှာတွေပေါ်မှာ ကိုယ်တိုင်ရေး Post အသစ်လေးတွေ ရောက်ရောက်နေတတ်သည်။ တနင်္လာနေ့ ရောက်လျှင်တော့ တစ်ပတ်စာ ရေးသားချက်လေးတွေ စုပေါင်းပြီး “တစ်ပတ်စာအတွေးများ” စာစဉ်လေး တစ်စောင် ပရိသတ်ရှေ့မှောက် အရောက်ပို့နိုင်အောင် ကြိုးစားကြရပြန်သည်။ အဲဒီအချိန် “ဆုံစည်းရာ”မှာ စာရေးသူမိတ်ဆွေအားလုံး မချိန်းဘဲ ပုံမှန်ဆုံဖြစ်ကြသည်။ စာစောင်မှာ ကိုယ့်ကလောင်နာမည် ပါမလာဘူးဆိုလျှင် ကိုယ့်ဘာသာကိုယ် သဘောပေါက်ပေတော့။ အနည်းဆုံး ကျဆိမ့် ငါးခွက်ဖိုးလောက် အိတ်ကပ်ထဲပါလာပါမှ လေထန်ကုန်းမှာ မျက်နှာပန်းလှပေမည်။ ဒါက စာမရေးနိုင်သည့်အတွက် ဒဏ်ကြေး သဘောသတ်မှတ်ထားခြင်း မျှသာ။ စာစောင်ထုတ်သည့် ကုန်ကျစရိတ်မှာလည်း ကိုယ်စီတစ်စောင်ကျ တာဝန် ယူရပါသည်။ ကျနော်တို့ စေတနာက စာဖတ်သူကို အလေးထားသည့်အနေဖြင့် အခမဲ့ဝန်ဆောင်မှုဖြစ်အောင် စီစဉ်ပေးခြင်း။
စာစောင်ထွက်လာပြီဆိုရင်ပဲ အားရစရာကောင်းလောက်အောင် အလုအယက် ၀ိုင်းအုံဖတ်ကြပါသည်။ စာရေးသူနဲ့ စာဖတ်သူက တူညီသောဘ၀ဆုံချက်တစ်ခုမှာ အတူဖြတ်သန်းနေရသူတွေ။ ရေးထားသည့် အကြောင်းအရာအများစုကလည်း အားလုံးရဲ့ ရင်ဘတ်ထဲမှာ ရှိပြီးသား ဘ၀အမောတွေ၊ တအုံနွေးနွေး ခံစားချက်တွေ၊ေ၀၀ါးဝါး မျှော်လင့်ချက်တွေ အရောင်ဟပ်နေသဖြင့် စာဖတ်သူရဲ့နှလုံးသားကို တမင်တူးဆွ လှုပ်နှိုးနေစရာပင် မလိုတော့။ စာစောင်လေးကို ဖတ်အပြီးမှာ တချို့သူတွေ ပင့်သက်ပြင်းပြင်း ရှိုက်သံ ကြားရသည်၊ တချို့ကျပြန်တော့ ညှိုးရော်ပြီးသား မျက်နှာလေးတွေ မှိုင်ကျသွားသည်။ တစ်ခါသားမှာ အုပ်ကြီးဖေရေးသော “ဘ၀ခါးခါး ရသများ” စာစုလေးကို နှစ်သက်လွန်းသဖြင့် ကျနော်တို့သောက်ထားသော လက်ဖက်ရည်ဝိုင်းကို တာဝန်ယူရှင်းပေးသွားတဲ့ စာဖတ်ပရိသတ်တစ်ဦးနှင့်လည်း ကြုံရဖူးပါသည်။ အဲဒီနေ့က ကျန်ာတို့အဖွဲ့ လက်ဖက်ရည်ဆိုင်မှာ နှစ်ခါဆုံဖြစ်ကြသည်။ ပရိသတ်အပေါ် ဒီလောက်ဆွဲဆောင်အား ကောင်းသည့်စာမျိုး တော်ရုံတန်ရုံနာမည်ရ မဂ္ဂဇင်းများ၌ပင် ပါရှိနိုင်လိမ့်မည်မထင် (ကိုယ့်ငါးချဉ် ကိုယ်ကြိုက်)။ အဲဒီ မြင်ကွင်းကို တွေ့ရတော့ “ရွာနားကမြက် ရွာနွားမစား” ဆိုသော စကားပုံကို ကျနော် ပြက်ရယ်ပြု စောတက တက်ချင်စိတ်ပေါက်လာမိသည်။
အပတ်စဉ် မှန်မှန်ကျေပွန်လာသော ဒီတာဝန်ကို ဒီတစ်ပတ်အတွက် လစ်ဟင်းပျက်ကွက်သွားမှာ ကျနော်မလိုလား။ အချိန်တန်၍ စာမူမအပ်နိုင်လျှင် လက်ဖက်ရည်ဖိုး ဒိုင်ခံရှင်းရမည်က ကိစ္စမဟုတ်။ မိမိကိုယ်တိုင် တာဝန်ခံထားသော ကတိတစ်ခုကျိုးပေါက်ရမှာကိုသာ အဖြစ်မခံလိုခြင်း ဖြစ်ပါသည်။ ဒီအတိုင်းဆို မိမိတို့၏ လုံ့လထုတ်ကြိုးပမ်းမှုကို တခုတ်တရ အားပေးနေသော စာဖတ်သူများ၏ စေတနာနှင့် လိုလားချက်ကို မျက်ကွယ်ပြုရာ ရောက်ပေတော့မည်။
ဘာရေးရရင်ကောင်းမလဲ ကျနော်စဉ်းစားသည်။ ရေးစရာ ကုန်ကြမ်းအစအနလေးတွေ လိုက်ရှာကြည့်မိ သည်။ သို့သော် ကကြီးရေ“က” နှင့်သာ အဆုံးသတ်သွားသည်။ အဖြစ်အပျက်တွေ အားလုံးက ကျနော်နှင့် ဘာမှမဆိုင်သလို ဖြစ်နေသည်။ ခါတိုင်းအချိန်တွေမှာ အကြောင်းအရာတစ်ခုကို အာရုံပြုလိုက်သည်နှင့် မဆုံးနိုင်သော အတွေးပုံရိပ်တွေ ကိုယ့်ရှေ့ရောက်လာတတ်မြဲ။ ခုတော့ အရာရာ သူစိမ်းဆန်သလို ခံစားနေ ရသည်။ ကျနော်ကိုယ်တိုင်ကလည်း မည်သူ့ကိုမှ စကားကောင်းကောင်းမပြောချင်။ ရင်ထဲမှာ မွန်းကျပ်သလိုလို၊ ပေါက်ကွဲချင်သလိုလို ဖြစ်နေမိသည်။ ခုလောက်ဆို စာမူရေးပြီးသော သူငယ်ချင်းတချို့ “ဆုံစည်းရာ”မှာ ရောက်နေနှင့်လောက်ပြီ။ ဒီည နှစ်သစ်ကြိုမယ့် နှစ်ဟောင်းနောက်ဆုံး ညလေ။ လက်ဖက်ရည်ကျဆိမ့် ခါးခါးလေးသောက်ရင်း နှစ်သစ်ကိုကြိုဆိုဖို့ တိုင်ပင်ထားကြသည်။ လက်ဖက်ရည်ဆိုင်ရှင်ကလည်း ညလုံးပေါက် ဆိုင်ဖွင့်ပေးရန် သဘောတူပြီးသား။ သူတို့ ကျနော့်ကို စောင့်နေကြပေရော့မည်။
“ကဲ.. ဒီတစ်ပတ်အတွက် ရှိစေတော့” လို့ စိတ်ကိုဒုံးဒုံးချကာ လက်ဖက်ရည်ဆိုင်သွားရန် ဆုံးဖြတ် လိုက်သည်။ ဖြစ်ချင်ရာဖြစ် နှစ်သစ်ကို မိတ်ဆွေများနှင့်အတူကြိုဆိုရင်း နောက်တစ်ပတ်အတွက် ခွန်အားသစ် မွေးဖွားလိုက်မည် ဆိုသည့်သဘော။ ပြောလို့သာ ပြောလိုက်ရ စိတ်ထဲမှာချီတုံချတုံ ဖြစ်နေဆဲ။ ဟိုရောက်ရင် ဘာတွေပြောမှာလဲ.. စိတ်ထဲမှာရော ပျော်လာမှာလား။ ကျနော်က လူတစ်မျိုး။ စိတ်ထဲမှာ အတွေးတွေ မွန်းကျပ် လာပြီဆိုလျှင် လူလည်းဂဏှာမငြိမ်တော့။ စာဖတ်လို့မရ၊ စာရေးလည်း အတွေးဗလာ၊ အိမ်မှာငြိမ်ကုပ်မနေတတ် လို့ မိတ်ဆွေများထံ သွားပြန်တော့လည်း ဟုတ်တိပတ်တိ စကားမပြောဖြစ်။ အထီးကျန်တစ်ကိုယ်တည်း ဦးတည်ရာမဲ့ တွေးတောငေးမောနေတတ်သူ။ အခု ကျနော်ကိုယ်တိုင် မဝေခွဲတတ်သော စိတ်ခံစားမှုတစ်မျိုးက ကျနော့်ကိုဖမ်းစား နှောက်ယှက်နေပေပြီ။
ကောင်းကင်ယံကို ကျနော်မော့ကြည့်မိပြန်သည်။ တိမ်သလ္လာကင်းစင်နေသော မိုးကောင်းကင်ထက်မှာ မညီမညာလင်းလက်နေသည့် ကြယ်တာရာများနှင့်အတူ ဆန်းသစ်စ သော်တာလမင်း ကွေးကွေးကလည်း ကမ္ဘာကြီး၏ အသစ်စက်စက် မနက်ဖြန် ပြက္ခဒိန်ရက်ကို မျှော်လင့်စောင့်ကြိုနေသည့်ပမာ။ ညဥ့်နက်လာတာနဲ့ အမျှ အအေးပိုလာတာမို့ အနွေးထည်ထပ်ဝတ်လိုက်ရသည်။ လက်မှာပတ်ထားသော နာရီကို အလင်းပေး ကြည့်လိုက်သောအခါ ည ၁၁း၄၅ စွန်းစွန်း ဖြစ်နေပြီ။ နှစ်သစ်ကူးပြောင်းဖို့ အချိန်နီးကပ်လာလေပြီ။
“ဒေါက်..ဒေါက်......ဒေါက်..ဒေါက်..............”
လုံခြုံရေးကင်းတဲက ညဥ့် ၁၂ နာရီ အချက်ပေးသံကြားရပါပြီ။
“Happy New Year 2012”
ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာသော နှစ်သစ်ကြိုဆိုသံတွေကြောင့် တိတ်ဆိတ်ငြိမ်သက်နေသော တောင်ကြားရပ်ဝန်းတစ်ခုလုံး လန့်နိုးသွားရသည်။ ကြိုဆိုနှုတ်ဆက်သံတွေက အရွယ်သုံးပါးစုံသည်။ တုန်တုန် ရီရီ သက်ကြီးရွယ်အိုသံတွေ၊ တည်တည်ငြိမ်ငြိမ် လူလတ်ပိုင်းအသံတွေ၊ စူးစူးရှရှ လူငယ်တို့အသံတွေ၊ မပီကလာ ကလေးငယ်သံတွေ။
မီးပုံဘေးနား ၀ိုင်းထိုင်နေသော လူအုပ်စုထဲမှ ၄ နှစ်အရွယ်ကလေးငယ်တစ်ဦး ကျနော်ရှိရာသို့ ပြေးလာသည်။ သူက ဒီဒေသသားစစ်စစ်လေး။ ကျနော်တို့ ဒီကိုရောက်ပြီးနောက်ပိုင်းမှ သူ့ကို မွေးတာဖြစ်သည်။ ကျနော့်နားရောက်တော့ ကျနော့်လက်ကိုဆုပ်ကိုင်ပြီး အတင်းဆွဲခေါ်နေရင်းမှ-
“ဦးဦး လာလေ...ဟက်ပီးနူးရီးယား အော်ရအောင်” တဲ့။
“သားသားရော အော်ပြီးပြီလား”
“သားသား အကျယ်ကြီးအော်လိုက်တယ်လေ မကြားလိုက်ဘူးလား၊ ဦးဦးက ဘာလို့မအော်တာလဲ၊ ဦးဦး မပျော်ဘူးလား ဟင်”
“ပျော်ပါတယ် သားရယ်”
“ဒါဆို ဟက်ပီးနူးရီးယား အကျယ်ကြီးအော်ပြ...အော်လေ”
“ကဲ ကဲ.... Happy New Year 2012”
စိတ်ပေါက်ပေါက်နဲ့ကျနော်အော်လိုက်တဲ့အသံ ဘယ်လောက်ကျယ်လောင်သွားလဲမသိ။ ခပ်လှမ်းလှမ်း ကျောက်တောင်ဆီမှ ပဲ့တင်ထပ်သံ ထွက်ပေါ်လာသည်။
“Happy New Year 2007”
ဘယ့်နှယ်..ဘယ့်နှယ် ကျနော်အော်လိုက်တာက 2012 ၊ ပြန်ကြားနေရတာက 2007။ ဇဝေဇ၀ါ အတွေး စိတ်တွေ ၀င်္ကပါလှည့်နေသည်။ ၃ စက္ကန့်လောက်ကြာတော့ ပဲ့တင်သံ နောက်တစ်ခု ထပ်ပေါ်လာပြန်သည်။
“Happy New Year 2008”
နောက်တော့ ဆက်ခါ ဆက်ခါ ဆိုသလို-
“Happy New Year 2009”
“Happy New Year 2010”
“Happy New Year 2011”
“Happy New Year 2012”
သြော်...ခုမှပဲ စိတ်ထဲမှာရှင်းသွားတော့သည်။ ဒီနေရာလေးမှာ နှစ်သစ်ကို ကျနော်ကြိုဆိုခဲ့တာ ၆ ကြိမ် တိတိရှိပြီပဲ။ တစ်နှစ်တာ မျှော်လင့်ချက်အိပ်မက်တွေနဲ့ ရှင်သန်လာခဲ့တာ ၆ နှစ်ရှိပြီပဲ။ ဒီနေ့က ၂၀၁၁ အတွက် မျှော်လင့်ချက်အိပ်မက် နိဂုံးချုပ်တဲ့နေ့။ ကျနော်တို့ ဒီနေရာမှာ ဆက်မနေလိုတော့...တစ်နေရာရာသို့ ပြောင်းရွှေ့ ခွင့် ရလိုပါ၏။
ပြန်လည်ဆုပ်ကိုင်ဟစ်ကြွေးခွင့်မရတော့သော နှစ်ဟောင်းကို မေ့လျော့ကျောခိုင်းလျက် နှစ်သစ်မှာ မျှော်လင့်ချက်အိပ်မက်သစ်တစ်ခု ထပ်မံအစပြုနိုင်ဖို့ရာ ကျန်ရှိနေသေးသော ညအမှောင်ကာလလေးကို အိပ်စက်အနားယူရင်း အားမွေးရပါဦးမည်။
၂၀၁၂ နှစ်သစ်ကိုကြိုဆိုလျက်.....
ဝေမော်
၃၁ ဒီဇင်ဘာ ၂၀၁၁

0 comments:
Post a Comment