Friday, December 30, 2011

အိန္ဒိယနိုင်ငံတွင် ပေါ်ထွန်းခဲ့သော မဟာယာနဗုဒ္ဓဘာသာအကြောင်း (၃)

(စုဆောင်းတင်ပြသူ- လင်းထက်ဆွေ)

မဟာယာန ဗုဒ္ဓဘာသာ စတင်ဖြစ်ထွန်းမှုဆိုင်ရာအယူအဆမျာ

မဟာယာန ဗုဒ္ဓဘာသာ ဖြစ်ထွန်းမှုနှင့် ပတ်သက်ပြီး မိမိ တို့
မြန်မာစာပေလောကတွင် အလွန်မှားယွင်းဆိုးဝါးနေသော အမြင်များ
ပျံ့နှံ့လျှက်ရှိသည်ကို တွေ့ ရသည်။ အချုပ်အားဖြင့် ဆိုရလျှင် မဟာယာန
ဗုဒ္ဓဘာသာ ကို အောက်ပါအတိုင်း ရှုမြင်သုံးသပ်ရေးသားကြလေသည်။

(၁) မဟာယာန ဗုဒ္ဓဘာသာ သည် မူလဗုဒ္ဓဘာသာ ကို မိမိတို့ ကြိုက်နှစ်သက်သလို
ဖြည့်စွက်ပြင်ဆင်နုတ်ပယ် ရေးသားထား သော အတုအယောင်ဗုဒ္ဓဘာသာ ဖြစ်သည်။
(၂) မဟာယာန ဗုဒ္ဓဘာသာသည် ၀ိနည်း ကို အလေးမထားသော ပရိယတ္တိ-ပဋိပတ္တိ-ပဋိဝေဓ
သာသနာ (၃) ရပ် မရှိသော အတုအယောင်ဗုဒ္ဓဘာသာ ဖြစ်သည်။
(၃) မဟာယာန ဗုဒ္ဓဘာသာသည် အဆင့်မြင့် သမထ-၀ိပဿနာ ဘာဝနာကျင့်စဉ်များ
မရှိမူပဲ အောက်တန်းစား ဆန်သော အင်းအိုင်ခါးလှည့်လက်ဖွဲ့
အဆောင်ယုံကြည်မှုများ နတ်ဒေ၀တာ ကိုးကွယ်မှုများ ဖြင့်သာပြည့်နှက်နေသော
အတုအယောင်ဗုဒ္ဓဘာသာ ဖြစ်သည်။

ဤ အရေးအသား အယူအဆများသည် မဟာယာန ဗုဒ္ဓဘာသာ၏ ပကတိသဘာဝ အမှန် နှင့်
ဖြစ်ထွန်းတိုးတက်မှု သမိုင်း ကြောင်း ကို မျက်ကွယ်ပြုလျှက် ဂိုဏ်းဂဏစွဲ
များဖြင့် ၀ါဒဖြန့်ချိလိုသော အရေးအသားများသာ ဖြစ်လေသည်။

မဟာယာန ဗုဒ္ဓဘာသာ ဖြစ်ထွန်းမှု သည် အိန္ဒိယနိုင်ငံ၏
ဘာသာရေးသမိုင်းတစ်ခုလုံးနှင့် ဆက်စပ်နေလေသည်။ မဟာယာန ဗုဒ္ဓဘာသာ သည်
အိန္ဒိယနိုင်ငံ၏ ဘာသာရေးသမိုင်း တွင် ဗုဒ္ဓဘာသာ နှင့် အခြားသော
ဘာသာရေးဂိုဏ်းများ (အထူးသဖြင့် ဟိန္ဒူ ဝေဒန္တဂိုဏ်း နှင့် ညာယ ၀ိသေသိက
ဂိုဏ်း) တို့ အကြား ရုန်းကန်မှုများ၏ ရလာဒ် ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏
ဘာသာရေးသမိုင်း တွင် လိုက်ပါစီးမျောခဲ့ ရသော မဟာယာန ဗုဒ္ဓဘာသာ အနေဖြင့်
မူလဗုဒ္ဓဘာသာ၏ အသွင်အပြင် နှင့် ခြားနားပြောင်းလဲလာခဲ့ သည်မှာ
ဓမ္မတာပင်ဖြစ်သည်။ တနည်းအားဖြင့် မူလဗုဒ္ဓဘာသာ တွင် မပါဝင်ခဲ့ သော
အယူအဆသစ်များ  မဟာယာန ဗုဒ္ဓဘာသာ နယ်ပယ် တွင် ပေါ်ပေါက်လာခဲ့ သည်မှာ
အမှန်ပင်ဖြစ်သော်လည်း ယင်း အယူအဆသစ်များမှာ မူလဗုဒ္ဓဘာသာမှ
သွေဖည်ရန်မဟုတ်ပဲ ဆန့်ကျင်ဖက် ဘာသာခြား ဘာသာရေး ဂိုဏ်းများအကြား
ဆက်လက်ရှင်သန်နိုင်ရန် ရုန်းကန်ခဲ့ရမှု ၏ ခြေရာများသာဖြစ်သည်ကို ယနေ့ခေတ်
ပညာရှင် သုတေသီများ သိလာရပြီဖြစ်ပါသည်။

ဘာသာရေးဂိုဏ်းများအကြား ထိတွေ့ကူးလူးဆက်ဆံမှုများကြောင့် ဟိန္ဒူ
ဝေဒန္တဂိုဏ်း နှင့် ညာယ ၀ိသေသိက ဂိုဏ်း ဆန်သော အယူအဆများ မဟာယာန ဗုဒ္ဓဘာသာ
အတွင်းသို့ စိမ့်ဝင်ရောက်ရှိခဲ့ သည်မှာ အမှန်ပင်ဖြစ်၏။ အိန္ဒိယနိုင်ငံ၏
ဘာသာရေးသမိုင်းအရ အလယ်ခေတ်တွင် ပေါ်ပေါက်လာခဲ့သော တန္တရယောဂ ကျင့်စဉ်
အယူအဆများ လောကီသိဒ္ဓိဆိုင်ရာ အယူအဆများ သည်ပင် မဟာယာန ဗုဒ္ဓဘာသာ
အတွင်းသို့ ၀င်ရောက်လာခဲ့လေသည်။ ထို့ပြင် မဟာယာန
ဗုဒ္ဓဘာသာတက္ကသိုလ်ကြီးများ ပေါ်ပေါက်လာခဲ့ခြင်းကလဲ ဤဖြစ်စဉ် ကို
အားပေးခဲ့သည်။ မဟာယာန ဗုဒ္ဓဘာသာသည် တရုပ်ပြည် ဂျပန်ပြည် တိဗက်ပြည်
တို့သို့ ပျံ့ပွားခဲ့သော အခါတွင်လည်း အဆိုပါတိုင်းနိုင်ငံများတွင်
အားကောင်းစွာ ရှိနေနှင့်သော ရိုးရာအတွေးအခေါ်များ
ယုံကြည်မှုထုံးဓလေ့များနှင့် ရောယှက်ပေါင်းစပ်ရပြန်ရာ ပိုပြီး
ပြောင်းလဲသော အသွင်ကို ဆောင်ယူလာခဲ့ သည်မှာ အမှန်ပင်ဖြစ်လေသည်။
ဤဖြစ်စဉ်များ ကို ဆက်လက် ၍
အသေးစိတ်ရေးသားဖေါ်ပြသွားပါမည်။ ယခု ဆက်လက်၍ မဟာယာန ဗုဒ္ဓဘာသာ စတင်
ဖြစ်ထွန်းမှုနှင့် ပတ်သက်ပြီး ပညာရှင် တို့၏ အယူအဆများ က
လေ့လာကြည့်ကြပါစို့။

မဟာယာန ဗုဒ္ဓဘာသာ လှုပ်ရှားမှု (Mahayana Buddhist Movement) ကို
စေတီပုထိုးများ ကိုးကွယ်မှု နှင့် ဆက်စပ်ကာ ပေါ်ပေါက်လာသည်ဟု အချို့
ပညာရှင်များက မှန်းဆကြသည်။ ဘီစီ (၃) ရာစု မှ အေဒီ (၃) ရာစု အတွင်းကာလ သည်
အိန္ဒိယနိုင်ငံ တွင် စီးပွားရေး တိုးတက်ဖွံ့ဖြိုးသောကာလဖြစ်သလို ဗုဒ္ဓဘာသာ
လည်း ပျံ့ပွား နေသောကာလဖြစ်သည့် အားလျော်စွာ ဗုဒ္ဓဘာသာဝင်များ အကြား
စေတီပုထိုးများ ကိုးကွယ်မှု လည်း ခေတ်စားနေခဲ့သော ကာလဖြစ်လေသည်။

ရှင်တော်ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုတော်မူပြီး နောက်ပိုင်းတွင် ရှင်တော်ဗုဒ္ဓ ကို
မဟာပုရိသ အနေနှင့် ကိုးကွယ်မှုများ ရှိလာခဲ့ပြီး ရှင်တော်ဗုဒ္ဓ ကို
ရည်မှန်းလျှက် ဓါတ်တော် မွေတော်များ ကို စေတီပုထိုးများ တည်ထား
ကိုးကွယ်မှုများလည်း ထွန်းကားခဲ့သည့် အချိန်လဲ ဖြစ်ပါသည်။ အဆိုပါ
စေတီပုထိုးများ၏ ပရ၀ုဏ် အတွင်းဝယ် ရဟန်းတော်များ သီတင်းသုံးရာ
ကျောင်းတိုက်များရှိခဲ့ပြီး ယင်း ရဟန်းတော်များသည် စေတီပုထိုးများကို
စောင့်ရှောက်ထိန်းသိမ်းခြင်း စေတီပုထိုးများကို ၀တ်ပြုပူဇော်ခြင်း
တို့ကို ဦးစီးရွက်ဆောင်ရသူများဖြစ်လေသည်။ အဆိုပါ ရဟန်းတော်များမှ မဟာယာန
ဗုဒ္ဓဘာသာ လှုပ်ရှားမှု စတင်ခဲ့လေသလော ဟု လည်း
ပညာရှင်များတွေးတောကြည့်ကြသည်။

နောက်အယူအဆတစ်ခုမှာ မဟာယာန ဗုဒ္ဓဘာသာ လှုပ်ရှားမှု အိန္ဒိယနိုင်ငံ
တွင်ပေါ်ပေါက်လာချိန်မှာ ရှေးဦးဗုဒ္ဓဘာသာ တွင် ဂိုဏ်းများ
အစိတ်စိတ်အမွှာမွှာ ကွဲထွက်နေသောကာလ ဖြစ်တန်ရာသည်။ ဥရောပ မှ
ခရစ်ယာန်ပြုပြင် ပြောင်းလဲ ရေးလှုပ်ရှားမှု ကဲ့သို့
မဟာယာနဗုဒ္ဓဘာသာလှုပ်ရှားမှု သည် တွင် ဂိုဏ်းများအားလုံး
ပေါင်းစည်းညီညွတ်ရေး နှင့် ဗုဒ္ဓဘာသာ ၏ ယုံကြည်မှု အနှစ်သာရ ကို
ပြန်လည်ဖေါ်ဆောင်ရန်  အားထုတ်ကြိုးပမ်းမှု တစ်အနေနှင့် မြင်နိုင်ပါသည်။
ခေတ်ပြိုင် ဟိန္ဒူဗြဟ္မဏ ဘာသာ နှင့် ဟိန္ဒူဗြဟ္မဏ ဘာသာ ကို အားပေးသော
ဘုရင်များ၏ ထိုးနှက်မှု များကို ကြံ့ ကြံ့ခံနိုင်သော
ဝါဒသဘောတရားရေးရာတစ်ရပ် အနေနှင့် ပေါ်ပေါက်ခဲ့ဟန်တူပါသည်။

ထိုခေတ်ကာလ က ဟီနယာနဂိုဏ်းများသည် ဘ၀လွတ်မြောက်ရေးကိုပဲဦးတည်ချက်ထားကာ
ကျင့်ကြံအားထုတ် နေကြသောကြောင့် နိုင်ငံရေး နှင့် ကင်းလွတ်နေလေသည်။
ရဟန်းတော်များသည် ကျောင်းတိုက်ကြီးများမှာ နေထိုင်ကာ တရားအားထုတ်ရင်း
ပရိယတ္တိစာပေလေ့လာမှုများလုပ် နေခဲ့ကြသောကြောင့် လူအများနဲ့
ကင်းကွာလာခဲ့ကြလေသည်။
မဟာယာန ဗုဒ္ဓဘာသာ လှုပ်ရှားမှုကို စတင်ခဲ့ကြသော လူပုဂ္ဂိုလ်များ
ရဟန်းတော်များကမူ ခေတ်ပြိုင် ဟိန္ဒူဗြဟ္မဏ အဖွဲ့အစည်းနှင့်
ဆန့်ကျင်ရပ်တည်--ရဟန်းတော်များနည်းတူ ဥပသကာ တွေ၏ အခန်းကဏ္ဍကိလည်ုး
ရှေ့တန်းတင်ခဲ့ ကြလေ၏ (၀ိမလကိတ္တိနိဒ္ဒေသသုတ်)…သို့သော် ပညာတတ် မဟာယာန
ဗုဒ္ဓဘာသာ ရဟန်းတော်များကသာ မဟာယာန ဗုဒ္ဓဘာသာ လှုပ်ရှားမှုကို ဦးဆောင်မည်မှာ
အသေအချာပင်ဖြစ်လေသည်။

ရက်ဂျီနယ်ရေး (Reginald Ray) ၏ အလိုအရမဟာယာနဗုဒ္ဓဘာသာလှုပ်ရှားမှုသည်
အရည၀ါသီတောရ ဆောက်တည် သော ရဟန်းများမှ စတင်ခဲ့ဟန်ရှိကြောင်း တင်ပြခဲ့၏
ရှေးဟောင်းမဟာယာနသုတ္တန်မျာကို တရုပ်ဘာသာသို့ ပြန်ဆိုခဲ့သော လောကခေမ၏
ဘာသာပြန်ဆိုချက်များတွင် တပအကျင့် ယောဂအကျင့် ကမ္မဋ္ဌာန်းအကျင့်များ ကို
အသားပေးဖေါ်ပြခဲ့သည်ကိုတွေ့ ရသည်။  တပအကျင့် ယောဂအကျင့်
ကမ္မဋ္ဌာန်းအကျင့်များ အားဖြင့်
သာမန်ထက်ထူးကဲသောတန်ခိုးရခြင်းတိမ်မြုပ်ပျောက်ကွယ်
နေသောကျမ်းစာများဖေါ်ထုတ်ခြင်း ဒေ၀လောက ပရလောကနှင့် အဆက်အသွယ်ပြုလျှက်
အဆင့်မြင့်တရား ဓမ္မဒေသနာများကို အသိရောက်ပေါက်မြောက်နိုင်ခြင်း တို့
အားဖြင့် မဟာယာန ဗုဒ္ဓဘာသာ လှုပ်ရှားမှု ကို တွင်ကျယ်စေခဲ့ လူအများ
လက်ခံယုံကြည်မှုကိုတည်ဆောက်နိုင်ခဲ့ သည်ဟု ဆိုပါသည်။ မဟာယာန ဗုဒ္ဓဘာသာ
လှုပ်ရှားမှု သည် ဂါမ၀ါသီ ဂိုဏ်းများနှင့် ပြိုင်ဆိုင်ခဲ့ရဟန်တူသောကြောင့်
ရှေးဟောင်းမဟာယာနသုတ္တန်များတွင် ပါဝင်နေသော
အံ့ဖွယ်သရဲတန်ခိုးသတ္တိထူးများမှာ စာပေအလင်္ကာသဘောအရ
အလှတန်ဆာဆင်ရုံသက်သက်မဟုတ်ပဲ ဂိုဏ်ချင်း ဘာသာတရားချင်း အပြိုင်အဆိုင်
စည်းရုံးရဟန်ဖြစ်သော ရုန်းကန်မှု များကိုညွန်ပြနေခဲ့ပုံရလေသည်။

ဂရီဂိုရီ ရှိုပင် Gregory Schopen ၏အမြင် ရှေးဟောင်းမဟာယာနသုတ္တန်များတွင်
တူရူနှစ်ခုရှိနေကြောင်းဖေါ်ပြသည်
မဟာယာန သည် ရှေးဦးဗုဒ္ဓဘာသာဂိုဏ်းများနှင့် အစေးမကပ်ခဲ့ သောကြောင့်
ကျောင်းတိုက်ကြီးများ အတွင်း နေထိုင်သော
မဟာယာန၀ါဒီရဟန်းတော်များ-အများနှင့်မတူ အပယ်ခံ အနှိမ်ခံဖြစ်နေရခြင်း
တောရဆောက်တည် ကျင့်ကြံနေသော အရည၀ါသီ မဟာယာန၀ါဒီရဟန်းတော်များ-ဂါမ၀ါသီ
ဂိုဏ်းများမှ လက်မခံခြင်း တို့ ကို တွေ့ရသည်။ မဟာယာန၀ါဒနှင့်ပတ်သက်သော
ကျောက်စာ အထောက်အထားများ ရာစုနှစ်များစွာ မရှိခဲ့ခြင်း က ဤ အချက်ကို
သက်သေထူနေ သည်ဟု ဂရီဂိုရီ ရှိုပင် က သုံးသပ်ထားပါသည်။

မဟာယာနလှုပ်ရှားမှုကိုလူဥပသကာတို့ကစတင်ခဲ့ကြောင်းအယူအဆ
မဟာယာနလှုပ်ရှားမှုကိုလူဥပသကာတို့ကစတင်ခဲ့ကြောင်းအယူအဆကို ပြင်သစ်လူမျိုး
ဗုဒ္ဓဘာသာသမိုင်းပညာရှင် အေတျန်းလာမုတ်(Étienne Lamotte) က တင်ပြခဲ့၏။
လာမုတ်၏ အနုမာန အရ ရဟန်းတော်တို့၏ အတိမာန နှင့် ထောင်လွှားမှုကို
လူဥပသကာတို့က တုန်ပြန်ခြင်းအားဖြင့် ပေါ်ပေါက်ခဲ့ သည်ဟုဆိုပါသည်။
ဘုရားရှင်လွန်ပြီးနောက်
နှစ်ပေါင်း ၅၀၀ အတွင်း ဗုဒ္ဓဘာသာသည် တိုးတက်ခဲ့သော်လည်း အတွင်း အပ
အခက်အခဲတွေ ကို  ရင်ဆိုင်ခဲ့ရလေသည်။

ပိဋကတ်ကျမ်းစာများအပေါ် အမြင်မတူညီမှု ကျမ်းစာသစ်များ ထပ်တိုးလိုစေခြင်း
ဝိနည်းကို လျှော့စေခြင်း စသော ကွဲပြားမှုများဖြင့် ရုန်းကန်ခဲ့ရာဝယ်
လူဥပသကာတို့က ရဟန်းတော်များ၏ တရားသေ အနက်ဖွင့်ဆိုချက်များကို
ဝေဖန်ဆန်းစစ်ရာမှ မဟာယာနလှုပ်ရှားမှုစတင်ကြောင်း  အေတျန်းလာမုတ် (Etiene
Lamotte) က တွေးဆခဲ့သည်။

စေတီ ထူပါ ကိုးကွယ်မှု ကို အခြေခံပြီး မဟာယာနလှုပ်ရှားမှုကို လူဥပသကာ
တို့ကစတင်ခဲ့ကြောင်းအယူအဆကို ဂျပန်လူမျိုး ဗုဒ္ဓဘာသာသမိုင်းပညာရှင် အကိရ
ဟိရကာဝ (Akira Hirakawa) (1963; cf. Hirakawa 1990: 256–74).က တင်ပြခဲ့
ပါသည်။ ဘုရားရှင်လွန်ပြီးနောက် ကျန်ရစ်သော ဓါတ်တော်မွေတော်များကို စေတီ
ထူပါ များတည်ဆောက် ဋ္ဌာပနာပြီး ကိုးကွယ်ခဲ့ကြသည်။ စေတီ ထူပါ တို့ ကို
လူဥပသကာ ဗုဒ္ဓဘာသာဝင်တို့က စောင့်ရှောက်ခဲ့ကြပြီး စေတီ ထူပါ ကိုးကွယ်မှု
ကို အခြေခံ၍ မဟာယာနဆိုင်ရာ အယူအဆများ တိုးတက်ထွန်းကားလာခဲ့ကြောင်း အကိရ
ဟိရကာဝ က ကောက်ချက်ဆွဲလိုဟန်တူပါသည်။ ထို့အပြင်
နာမည်ကျော်ဝိမလကိတ္တိနိဒ္ဒေသသုတ္တန် မှာ လူဥပသကာဝိမလကိတ္တိ က
အဆင့်မြင့်မားသော မဟာယာနဆိုင်ရာ တရားအသိဥာဏ် ကို ဖေါ်ကျူးခဲ့ပုံကို
ထောက်ရှုပြီး မဟာယာနလှုပ်ရှားမှုကို လူဥပသကာ တို့က ဦးဆောင်မှု ပြုခဲ့ကြောင်း
မှန်းဆကြသည်။

ဘဒ္ဒကာရဗျာကရဏသုတ္တန် မှာ လူဗောဓိသတ္တက မဟာယာနတရားမကျင့်သုံးသော ရဟန်းထက်
ပိုမြင့်မြတ်ကြောင်း ရေးသားထားချက်ကို တွေ့ရလေသည်။ ထူးခြားသော အဖြစ်အပျက်
တစ်ရပ်ကို မှတ်တမ်းပြုထားပုံမှာအသောကဒတ္တာ ဗျာကရဏသုတ္တန်တွင် အသောကဒတ္တာ
အမည်ရှိ (၁၂) နှစ်အရွယ် ဘုရင့် သမီးတော်လေး က နန်းတောထဲဝင်လာသော
ရဟန်းတော်များကို ရှိခိုးဦးချရန် ငြင်းဆန်ခဲ့ပုံ  ခြင်္သေ့ က တောခွေး များ
ကို အရိုအသေပြုရန်မလိုအပ်သလို မဟာယာနလမ်းစဉ်ကို လိုက်နာသူက ဟီနယာန
ရဟန်းများကိုအရိုအသေပြုရန် မလိုအပ်ပါကြောင်း  ဖခင် ဘုရင်ကြီးကို
လျှောက်ထားပုံများ ပါဝင်နေသည်ကို ထောက်ချင့်၍ မဟာယာနလှုပ်ရှားမှုကို
လူဥပသကာ တို့က ရဟန်းတော် တို့ကို ဆန့်ကျင်ခဲ့ဟန် ကို တွေ့ရပေသည်။

သို့ရာတွင် ခေတ်ပညာရှင်များက စေတီ ထူပါ ကိုးကွယ်မှု ကို အခြေခံပြီး
မဟာယာနလှုပ်ရှားမှုကို လူဥပသကာ တို့ကစတင်ခဲ့ကြောင်းအယူအဆကို
လက်သင့်မခံလိုကြတော့ချေ။ဂရီဂိုရီ ရှိုပင် (Gregory Schopen) ၏
ဝေဖန်ချက်မှာ ရှေးဟောင်းမဟာယာနသုတ္တန်များတွင် စေတီ ထူပါ ကိုးကွယ်မှု ကို
ပြင်းထန်စွာ ဆန့်ကျင်ထားချက်များကို တွေ့ရသောကြောင့်ဖြစ် လေသည်။ စေတီ
ထူပါ ကိုးကွယ်မှု ထက် မဟာယာနလမ်းစဉ် ကို ဖော်ကျူးထားသောကျမ်းစာများ
ကိုးကွယ်မှု ကို အခြေခံပြီး မဟာယာနလှုပ်ရှားမှုကို စတင်ခဲ့ကြောင်း Gregory
Schopen က ဆိုခဲ့ပါသည်။

(ဆက်လက်ဖေါ်ပြပါမည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...