Tuesday, December 27, 2011

ကမ္ဘောဇ ဘဏ်ဒုဥက္ကဋ္ဌ (၂) ဦးသန်းလွင်နှင့် တွေ့ဆုံမေးမြန်းခြင်း

by Kyaw Aye on Monday, December 26, 2011 at 7:55pm


by Yangon Press International on Monday, December 26, 2011 at 7:00pm
ရန်ကုန်၊ ဒီဇင်ဘာ ၂၆။ (YPI)-

‘ဘဏ်လုပ်ငန်းမှာ အဓိက အရေးကြီးတာက ဥပဒေပြင်ဖို့လိုတယ်’

(ဈေးကွက်စီးပွားရေး သို့အသွင်ပြောင်းနေသည့်ကာလတွင် ဘဏ်လုပ်ငန်းသည် အဓိကအရေးပါသည့် ကဏ္ဍတခုဖြစ်နေသည်။ ကုန်ထုတ်လုပ်ငန်းနှင့် ၀န်ဆောင်မှုလုပ်ငန်းများ ပေါ်ထွန်းလာဖို့ရာတွင် အရင်းအနှီးသည် အရေးတကြီး လိုအပ်ပါသည်။ အရင်းအနှီးစုဆောင်းဖို့ရာတွင် ဘဏ်လုပ်ငန်းက အဓိကအရေးပါဆုံးလည်းဖြစ်သည်။
ယခုလပိုင်းတွင် မြန်မာနိုင်ငံတော် အစိုးရက ဘဏ်တိုးနှုန်း လျှော့ချခြင်း၊ နိုင်ငံခြားငွေ လဲလှယ်ခွင့်၊ လွှဲပြောင်းခွင့်များကို ကန့်သတ်ချက် အချို့ဖြင့် ခွင့်ပြုခဲ့သည်။
ထိုသို့သော လုပ်ဆောင်မှုများသည် မည်သို့ အဓိပ္ပါယ်ဆောင်သည်၊ မည်သည့် လိုအပ်ချက်တို့ ရှိနေသေးသည်၊ ငွေကြေးမူဝါဒက ဘယ်လို အစရှိသည့် ဘဏ္ဍာရေးနှင့် ပတ်သက်သော မေးခွန်းများကို တတ်နိုင်သရွေ့ နားလည်နိုင်ရန် ယခင်ဗဟိုဘဏ်တွင်လည်း တာဝန်ယူဖူးခဲ့သူ၊ လက်ရှိ ကမ္ဘောဇဘဏ်၏ ဒုဥက္ကဋ္ဌ (၂) လည်း ဖြစ်သူ ဦးသန်းလွင်ကို YPI က တွေ့ဆုံမေးမြန်းထားပါသည်။ )

ဝိုင်ပီအိုင်။      ။မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေးစနစ်မှာ ဘယ်အပိုင်းတွေမှာ အားနည်းချက်တွေရှိသလဲ။

ဖြေ    ။       ။ဒီနှစ်ထဲမှာ ငွေလဲကောင်တာဖွင့်တာ၊ နိုင်ငံခြားဘဏ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ခွင့် လိုင်စင်တွေ ချပေးတာတို့၊ ဘဏ်တိုးနှုန်းပြင်ဆင်တာတို့ဟာ ဒီနှစ်မှာ ထင်သာမြင်သာရှိတဲ့ တိုးတက်မှုတွေ ဖြစ်ခဲ့လို့ကောင်းပါတယ်။ ဒါပေမယ့် အရှိန်ကတော့ နည်းနေသေးတာပေါ့။ အားနည်းချက်တွေက တော့အများကြီးပါပဲ။ ဘဏ်လုပ်ငန်းမှာ အဓိကထောက်တိုင်နှစ်ခုရှိတယ်။ တစ်ခုက အများစုပါဝင်တဲ့ ငွေရေးကြေးရေးစနစ်ဖြစ်တဲ့ ဘဏ်လုပ်ငန်း၊ နောက်တစ်ခုက အရင်းအနှီးဈေးကွက်ပေါ့။ လောလောဆယ် မှာ ဘဏ်လုပ်ငန်းဆိုတဲ့ ထောက်တိုင်တစ်ခုပဲရှိတယ်။ အဲဒီတစ်ခုကလည်းချည့်နဲ့နေတယ်။ ခေတ်မမီသေးဘူး။ နိုင်ငံခြားဘဏ်တွေနဲ့လည်း အခုမှ စလုပ်ရတယ်ဆိုတော့ အရှိန်ကမရှိသေးဘူး။ နောက်တစ်ခုဖြစ်တဲ့ အရင်းအနှီးဈေးကွက် ကလည်းမရှိသေးတော့ အဲဒီထောက်တိုင်ကလည်းပြုတ်နေတယ်။ တိုင်းပြည်စီးပွားရေးက အဲဒီထောက်တိုင်နှစ်ခုမရှိလို့ကတော့ မတိုးတက်ဘူး။

ဝိုင်ပီအိုင်။      ။ငွေရေးကြေးရေးစနစ်ရဲ့အားနည်းချက်တွေကို ဘယ်လိုများပြုပြင်ဆောင်ရွက်သင့်ပါသလဲ။

ဖြေ    ။       ။အခုလည်း ဘဏ်လုပ်ငန်းမှာ ပြုပြင်ဆောင်ရွက်တာတွေ ရှိနေပြီဆိုပေမယ့် အဓိက အရေးကြီးတာက ဥပဒေပြင်ဖို့လိုတယ်။
ဗဟိုဘဏ်ကိုလည်း သီးခြားလုပ်ပိုင်ခွင့်တွေပေးရမယ်။ နောက်ပြီး အခုမြန်မာပြည်မှာ အင်အားကောင်းနေတဲ့ တရားမ၀င်ငွေလွှဲဈေးကွက် (ဟွန်ဒီဈေးကွက်) တွေကို တရားဝင်ဖြစ်လာအောင် ဆောင်ရွက်ရမယ်။ ငွေလဲလှယ်နှုန်းတွေပြင်ရမယ်။ ငွေလဲနှုန်းပြင်ရုံတင်မဟုတ်ဘူး အခွန်ကလည်းပြင်ရမှာပဲ။ အဲလိုကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာ အရေးကြီးတာက ကျွမ်းကျင်တဲ့ ၀န်ထမ်းတွေ ထားရမယ်။ တချိန်က လုပ်ခဲ့တဲ့ ငါယုံကြည်တဲ့သူပဲထားမယ်ဆိုတာကနေ အခုလူမှန်နေရာမှန် ကျွမ်းကျင်တဲ့ ၀န်ထမ်းတွေပြန်ခန့်ရမယ်။ တချိန်က ကိုယ့်နိုင်ငံကနေ တခြားနိုင်ငံတွေဆီထွက်သွားတဲ့ ကျွမ်းကျင်တဲ့ ပညာရှင်တွေကိုပြန်ခေါ်ရမယ်။

ဒါမှမဟုတ်ရင် ပြည်ပကကျွမ်းကျင်တဲ့ပညာရှင်တွေကိုခေါ်ပြီး ပြန်လည် ထူထောင်ရမယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ မှာဖြစ်ခဲ့တဲ့ ဟာကွက်တွေကို အစကနေ ပြန်ထူထောင် ရမယ်။ ဒါပေမယ့် အဲဒီလိုပြန်လည် ထူထောင်တဲ့နေရာမှာ အရေးကြီးတာက ဘယ်ကဏ္ဍမဆို ကျွမ်းကျင်တဲ့ သူတွေရှိဖို့လိုတယ်။

ဝိုင်ပီအိုင်။      ။ငွေလဲနှုန်းတွေ ပြင်ဆင်ရမယ်ဆိုတော့ ဘယ်လိုပြင်ဆင်ရမှာပါလဲ။

ဖြေ    ။       ။အဓိကတော့ လဲလှယ်နှုန်းတစ်မျိုးတည်းလုပ်ဖို့ပဲ။  အခုက အမျိုးမျိုးဖြစ်နေတယ်။ အခုတော့ သက်ဆိုင်ရာကနှုန်း တစ်မျိုးတည်းဖြစ်အောင်တော့ စိုင်းပြင်းနေကြတယ်။ နှုန်းရှင်အဖြစ်သတ်မှတ်တဲ့နေရာမှာ နည်းအမျိုးမျိုးရှိတယ်။
ကိုယ်နဲ့ကုန်သွယ်ဖက်နိုင်ငံတွေရဲ့ လဲလှယ်နှုန်းနဲ့ချိန်ထိုးပြီးလုပ်တာ။ နောက်တစ်မျိုးက ကမ္ဘာ့ငွေကြေးဖြစ်တဲ့ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းငွေကြေးအပေါ် ကိုယ်ကသွားချိတ်တာ။ ဥပမာ တရုတ်နိုင်ငံလိုပေါ့။ အခုလဲလှယ်နှုန်းက FEC ဆိုရင်တောင်နှစ်မျိုးဖြစ်နေတယ်။ အမေရိကန်ဒေါ်လာ ရောင်းဝယ်နှုန်းကလည်း အမျိုးမျိုး၊ ဒီကြားထဲ တရားမ၀င်ငွေလွှဲဈေးကွက် ဟွန်ဒီကလည်းတစ်မျိုး နဲ့ဆိုတော့ လဲလှယ်နှုန်းအမျိုးမျိုးဖြစ်နေတယ်။ ပြီးတော့ FEC စနစ်ဆိုတာလည်း ရှိဖို့မကောင်းတော့ဘူး။ တကယ်လို့ FEC မရှိတော့ရင် ဒေါ်လာနဲ့ ကျပ်ငွေပဲကျန်တော့မှာ။ ဒါကို ဈေးကွက်ကထိန်းကျောင်းသွားလိမ့်မယ်။

အဲဒီအခါ ဈေးကွက်ပရမ်းပတာမဖြစ်အောင် ဗဟိုဘဏ်က ထိန်းကျောင်းသွားလိမ့်မယ်။ ဒါပေမယ့် လောလောဆယ်မှာ ဗဟိုဘဏ်ကလည်း ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဋ္ဌာနလက်အောက်မှာဆိုတော့ ဗဟိုဘဏ်အနေနဲ့ လုပ်ပိုင်ခွင့် မရှိပြန်ဘူး။ ဒီတော့ ဗဟိုဘဏ်ကို သီးခြားရပ်တည်ခွင့် ပေးကိုပေးသင့်တယ်။ ငွေလဲနှုန်းဟာ ကဏ္ဍအားလုံးကို အကျိုးသက်ရောက်မှုရှိစေတယ်။



ဝိုင်ပီအိုင်။      ။ ဗဟိုဘဏ်အနေနဲ့ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနရဲ့လက်အောက်ကနေခွဲထုတ်ပြီး သီးခြားရပ်တည်သွားဖို့ သမ္မတဆီကော ၊လွှတ်တော်ကိုကော တင်ပြထားတယ်ကြားတယ်။ တကယ်လို့ ဗဟိုဘဏ်အနေနဲ့ သီးခြားရပ်တည်သွားမယ်ဆိုရင် ဘယ်လို ပြင်ဆင်ထားဖို့လိုအပ်ပါသလဲ။

ဖြေ    ။       ။ ဗဟိုဘဏ်သီးခြားရပ်တည်သွားဖို့ကို သက်ဆိုင်တဲ့သူတွေလုပ်နေပြီလို့ပြောတယ်။ အခုက ဗဟိုဘဏ်ကလည်း တော်တော်လေးခါးပြတ်နေပြီဆိုတော့ ပြည်ပပညာရှင်တွေလိုတယ်။ ၀န်ထမ်းပိုင်းကအစ အောက်ခြေကပြန်စရမှာပဲ။ အရင်တုန်းက ကိုယ့်နိုင်ငံမှာ ကျွမ်းကျင်တဲ့ဘဏ်ဝန်ထမ်းတွေ အများကြီး ပြည်ပထွက်သွားတာမျိုးတွေလည်း ရှိခဲ့တယ်။ အဓိကတော့ ကိုယ့်လောက်မကျွမ်းကျင်တဲ့သူတွေက ဦးဆောင်နေပြီး၊ အကြံဥာဏ်ပေးတာလည်းလက်မခံဘူး စနစ်တွေလည်း ပြောင်းကုန်တယ် စတာတွေ ကြောင့်လည်း ပါတာပေါ့။ ဒီတော့အစကနေပြန်လည်ထူထောင်မယ်ဆိုရင်တော့ ပြည်ပပညာရှင်တွေ မတတ်နိုင်ရင်တောင် ကိုယ့်နိုင်ငံကထွက်သွားတဲ့ ပညာရှင်တွေကို ပြန်ခေါ်ယူသင့်ပါတယ်။  ဦးစံလင်းလက်ထက် ကဆိုရင် ငွေကြေးစနစ်ကို ထိန်းကျောင်းတဲ့နေရာမှာ ဗဟိုဘဏ်ကို သီးခြားလုပ်ပိုင်ခွင့်လေးတွေ ပေးခဲ့တယ်။ အဲဒါကဘာလဲဆိုတော့ ပြည်သူကြားမှာလှည့်လည် သုံးစွဲနေတဲ့ ငွေကြေးဟာ ကိုယ့်ဆီမှာ ပိုင်ဆိုင်တဲ့ နိုင်ငံခြားငွေနဲ့ ရွှေနှစ်ရပ်ပေါင်းရဲ့ လေးဆထက် မကျော်ရဘူး ဆိုပြီး ထိန်းချုပ်ထားတယ်။

တိုင်းပြည်အသုံးစရိတ်တွေ အရမ်းများပြီး လေးဆထက်ကျော်ရင် အစိုးရကို ဗဟိုဘဏ်က ငွေမချေးတော့ဘူး။ အဲဒီလိုမချေးတော့ဘူးဆိုရင် အစိုးရအနေနဲ့ အခွန်တိုးကောက်မလား၊ အသုံးစရိတ်လျှော့ချမလား၊ ပြည်ပကအကူအညီယူမလား စသဖြင့်အဖြေရှာရတယ်။

ဒါကြောင့်ဗဟိုဘဏ် အနေနဲ့ ဘယ်နည်းလမ်းကို သုံးမလဲဆိုတာ ကျွမ်းကျင်ဖို့လိုတယ်။ ဟိုတုန်းကတော့ တရားဝင်ငွေလဲလှယ်နှုန်းနဲ့ ပြင်ပပေါက်ဈေးနဲ့ ကသိပ်မထူးဘူး။ အဲဒီအချိန်က နိုင်ငံခြားဘဏ်က ၁၄ခု ၊ တိုင်းရင်းသားဘဏ်က ၁၀ ခုနဲ့ အစိုးရဘဏ်၁ခု စုစုပေါင်း ၂၅ဘဏ်ရှိခဲ့တာ။ ပြီးတော့ အဲဒီဘဏ်တွေအားလုံး မှာ နိုင်ငံခြားငွေ သုံးစွဲခွင့်ရှိခဲ့တယ်။ ပို့ကုန်ကော သွင်းကုန်ကော နှစ်မျိုးစလုံးလုပ်နိုင်တယ်ဆိုတော့ စနစ်က  သိပ်ကောင်းခဲ့တာ ပေါ့။ ဒါကြောင့် ဟိုးအရင်ခေတ်က အရှေ့တောင်အာရှမှာ မြန်မာဟာ ရှေ့ဆုံးကပြေးနေခဲ့တာပေါ့။ ဘဏ်တွေကို ပြည်သူပိုင် သိမ်းခဲ့တာကတော့ အင်မတန်ကြီးမားတဲ့အမှားပါပဲ။ အဲဒီကိစ္စကြောင့် ငွေရေးကြေးရေးစနစ်တစ်ခုလုံး ပျက်ပြားသွားခဲ့တယ်လိုလည်းပြောလို့တယ်။

အခုစနစ်တွေ ပြောင်းပြီး လူမှန်နေရာမှန် သုံးရင်တော့ အရင်က အခွင့်အလမ်းတွေ ပြန်ရလာနိုင် ပါတယ်။ဗဟိုဘဏ်ကို သီးခြားအဖွဲ့အစည်းအဖြစ် ပြုပြင်ပြောင်းလဲတာတွေ ဆောင်ရွက် လိုက်မယ်ဆိုရင် ဘဏ္ဍာရေးမူဝါဒနဲ့ ငွေရေးကြေးရေး မူဝါဒတို့ဟာ တစ်ခုကိုတစ်ခု ထိန်းကျောင်းနိုင်ပြီး နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အများကြီး အထောက်အကူပြုနိုင်တဲ့အပြင် ဆင်းရဲနွမ်းပါးသူတွေကိုပါ အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။

ဝိုင်ပီအိုင်။      ။နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငွေကြေးမူဝါဒဟာ ဘယ်လောက်အတိုင်းအတာအထိ အရေးပါသလဲဆိုတာသိပါရစေ။

ဖြေ    ။       ။တောင့်တင်းခိုင်မာပြီး ထိရောက်တဲ့ ၀န်ဆောင်မှုပေးနိုင်တဲ့ ငွေရေးကြေးရေးစနစ်ဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံးဖြစ်တယ်။ တနည်းအားဖြင့်ပြောရင် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်မွန်ခိုင်မာတဲ့ ငွေရေးကြေးရေး စနစ်တစ်ရပ်လိုအပ်ပါတယ်။ ယေဘူယျ အားဖြင့် ပြောမယ်ဆိုရင် ငွေရေးကြေးရေးကဏ္ဍမှာ ယုံကြည်ကိုးစားမှုမြင့်မားလေ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် အထူးသဖြင့် ကုန်ထုတ်လုပ်မှု ကဏ္ဍအတွက် လိုအပ်တဲ့ ငွေကြေးစုစည်းမှု ပိုမိုရရှိနိုင်လေ ဖြစ်တယ်။ အနှစ်မရှိတဲ့ ငွေရေးကြေးရေးမူဝါဒဟာ စီးပွားရေးတိုးတက်မှုကို အဟန့်အတား ဖြစ်စေပြီး အလုပ်လက်မဲ့ ဦးရေတိုးပွားမှုနဲ့ ၀င်ငွေခွဲဝေတဲ့အခါ မညီမျှတာတွေဖြစ်ပေါ်စေတယ်။

ဝိုင်ပီအိုင်။      ။ပြည်တွင်းမှာ နိုင်ငံခြားငွေတရားဝင်ကိုင်ဆောင်နိုင်ခွင့်ရဖို့ အလားအလာကောရှိနိုင်ပါသလား။ တရားဝင်ကိုင်ဆောင်ခွင့် ရရင်ဘယ်လို အကျိုးဖြစ်ထွန်းစေမှာပါလဲ။

ဖြေ    ။       ။ နိုင်ငံခြားတိုင်းပြည်တွေမှာလိုပဲ ပြည်တွင်းမှာ နိုင်ငံခြားငွေကိုင်ဆောင်ခွင့်ဟာ ဥပဒေအရတော့ လွတ်လွတ်လပ်လပ်ဖြစ်ရမှာပဲ။ ကိုင်ဆောင်နိုင်တယ်။ သုံးလို့တော့မရဘူး စသဖြင့်ပေါ့။ တကယ်တော့ အဲဒီဥပဒေကရှိပြီးသားပါ။ ဆွဲထားတာ နှစ် ၂၀ကျော်ပြီဆိုတော့ ခေတ်နဲ့လျော်ညီအောင် ပြန်ပြင်ဆင်နေကြပြီလို့ဆိုတာပဲ။ တကယ်လို့သာ နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင်ခွင့်ရရင် ငွေလဲလှယ်သူတွေ မှိုလိုပေါက်လာပြီး အလုပ်အကိုင် ကောင်းလာမယ်။ ပြည်သူတွေအနေနဲ့လည်း ခရီးသွားလုပ်ငန်းကနေ နိုင်ငံခြားငွေရမယ်။ စီးပွားရေးလုပ်ငန်းရှင်တွေလည်း နိုင်ငံခြားကငွေလွှဲတာတို့ကို လွယ်ကူလျင်မြန်စွာ လုပ်နိုင်တော့ လုပ်ငန်းလည်ပတ်မှုအားကောင်းလာမယ် စသဖြင့်ပေါ့။

ဝိုင်ပီအိုင်။      ။နိုင်ငံခြားဘဏ်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ခွင့်လိုင်စင်တွေချပေးနေပြီဆိုတော့ အဲဒီအခြေအနေလေးသိပါရစေ။

ဖြေ    ။       ။ အခု နိုင်ငံခြားဘဏ်တွေနဲ့ ချိတ်ဆက်လုပ်ပိုင်ခွင့်လိုင်စင်ချပေးနေပြီဆိုတော့ ကျွမ်းကျင်တဲ့ပညာရှင်တွေ ပြန်လည်ခေါ်ဖို့ တချို့ဘဏ်တွေလုပ်နေကြပြီ။ လက်ရှိမှာတော့ နိုင်ငံခြား ဘဏ်တွေနဲ့ ချိတ်ဆက်မှုတော့မရှိသေးဘူး။  ဒီလိုပဲမိတ်ဖက်သဘောမျိုးပဲ လေ့လာနေကြတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ဥပဒေအကြောင်းအရ ချိတ်ဆက်လို့မရသေးတာလည်းပါတယ်။ တရားမ၀င်နည်းနဲ့ကတော့ ဘဏ်အသီးသီးက မိတ်ဆက်ဖို့သွားလာနေကြတာပါပဲ။ အခုက money changer အဆင့်ပဲရှိသေးတယ်။ သိပ်မလည်ပတ်သေးဘူး။ နောက်ပိုင်းတော့ ချိတ်ဆက်လို့ရရင် နိုင်ငံခြားမှာ ငွေအကောင့်သွားဖွင့်ပြီး သွားထားတာတို့၊ သူတို့လည်း ကိုယ့်ဆီက ဘဏ်တွေမှာ  လာထားတာတို့ ၊ပို့ကုန်သွင်းကုန်ကိစ္စတွေအတွက် ငွေလွှဲတာတို့ စတာတွေကို လုပ်ဆောင်သွားမှာပါ။ အခုက နိုင်ငံခြားဘဏ်လုပ်ငန်းလိုင်စင်တွေပေးပြီဆိုတော့ အဲဒါတွေက လုပ်ကိုလုပ်ရမှာပဲ။

ဝိုင်ပီအိုင်။      ။ ဒေါ်လာနဲ့ကျပ်ငွေလဲလှယ်နှုန်းတွေ ကျနေတဲ့အပေါ်ကော ဘယ်လိုသုံးသပ်မိပါသလဲ။


ဖြေ    ။       ။အကြောင်းအရင်းကတော့ တစ်ခုတည်းကြောင့်တော့မဟုတ်ဘူး။ အကြောင်းအမျိုးမျိုး ကြောင့်ပါပဲ။ နယ်စပ်ကနေ ဒေါ်လာတွေ တရားမ၀င်စိမ့်ဝင်လာတာလည်းရှိတယ်။ တချို့ကလည်း ကျောက်မျက်ရောင်းတဲ့အခါ ဒေါ်လာပိုပြီးကိုင်လာနိုင်တယ်။ အဓိကက ဒေါ်လာများလာလို့လား ကျပ် ကနည်းသွားတာလားဆိုတာလည်း စဉ်းစားစရာပဲ။ တစ်ခါတစ်လေ ဖြစ်တတ်တာက ကျပ်ငွေတွေ ပြည်တွင်းကနေ ပြည်ပရောက်သွားပြီး ပုံနေလို့ ကျပ်တာလည်းဖြစ်နိုင်တယ်။     ။   

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...