မြန်မာ့ပညာရေး သုံးသပ်ချက် (ဘာသာပြန်ဆောင်းပါး)
by So Min Oo on Thursday, December 22, 2011 at 11:15am
မြန်မာ့ပညာရေး တိုးတက်ဖွံ့ဖြိုးစေရန်အတွက် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနနှင့် UNESCO၊ UNDP (ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်) စသည့် ကုလသမဂ္ဂအဖွဲ့အစည်းများ ပူးပေါင်း၍ မြန်မာ့ပညာရေးကဏ္ဍ လေ့လာရေး အစီအစဉ်ကို ၁၉၉၀ ပြည့်နှစ်တွင် စတင်ခဲ့သည်။ ၁၉၉၂ တွင် လေ့လာမှု အဆင့် (၁) ပြီးဆုံးခဲ့ပြီး ၁၉၉၃ တွင် လေ့လာမှု အဆင့် (၂) ပြီးဆုံးခဲ့ကာ “မြန်မာ့ ပညာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး အဆိုပြုချက်များ” (Proposals for Education Sector Development) ပထမတွဲနှင့် ဒုတိယတွဲတို့ကို ထုတ်ဝေ နိုင်ခဲ့သည်။ ထို လေ့လာမှုအစီအစဉ်မှ ပညာရေးကဏ္ဍအတွက် ပြင်ဆင်ရန်လိုအပ်သည့် အဓိက အချက် အလက် ၈ ချက်ကို သုံးသပ်တွေ့ရှိခဲ့ရပြီး ၎င်းတို့၏ အရေးပါမှု အလိုက် အောက်ပါအတိုင်း တွေ့ရသည်။
- မူလတန်းပညာရေးကဏ္ဍကို ပြန်လည်သုံးသပ်ရန်
- ပြောင်းလဲလာသော ခေတ်နှင့် ဆီလျော်သည့် သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ပြဌာန်းရန်
- ထိရောက်မျှတမှုရှိသည့် ရွေးချယ်မှုစနစ် ဖန်တီးရန်
- စဉ်ဆက်မပြတ် အကဲခတ်သင်ကြားခြင်းကို ဦးစားပေးရန်
- ပညာသင်ကြားပြီး၍ လုပ်ငန်းခွင်သို့ ၀င်သည့်အခါ သင်ကြားခဲ့မှုက အထောက်အကူ ပြုနိုင်ရန်
- သင်ကြားပုံ သင်ကြားနည်းနှင့် ဆရာ၊ ဆရာမများ၏ အရည်အသွေး ပိုမို ကောင်းမွန်မှုရှိရန်
- ထိရောက်သည့် သင်ကြားမှုအထောက်အကူ ပစ္စည်းနှင့် အခြေခံအဆောက်အအုံများ လုံလောက်မှု ရှိအောင် ဆောင်ရွက်ရန်
- ပညာရေးကဏ္ဍ၏ လက်ရှိ စီမံခန့်ခွဲအုပ်ချုပ်ပုံကို တိုးတက်အောင် ပြုလုပ်ရန်
ထိုသို့ ပြင်ဆင်ရန် လိုအပ်သည့် အဓိက အချက်အလက် များကို ပညာရေးကဏ္ဍ လေ့လာရေး အစီအစဉ်၏ ကြိုးပမ်းမှုဖြင့် သုံးသပ် တင်ပြခဲ့သော်လည်း အများစုမှာ အရာမထင် ဖြစ်နေဆဲပင် ဖြစ်သည်။ သင်ကြားနည်း စနစ်အသစ်များနှင့် ကျောင်းသုံးပြဌာန်းချက် အသစ်များကို မိတ်ဆက်ပေးခဲ့သော်လည်း ဆရာ၊ဆရာမများနှင့် ကျောင်းသားတို့မှာ အလွတ်ကျက်မှတ် ဖြေဆိုသည့် နည်းလမ်းကိုသာ နှစ်သက်နေကြဆဲ ဖြစ်သည်။ လက်ရှိ စာမေးပွဲ စစ်ဆေးခြင်း စနစ်မှာ ဝေဖန်သုံးသပ်နိုင်စွမ်း၊ တီထွင်စဉ်းစားနိုင်စွမ်းထက် အချက်အလက်များကို အလွတ် မရ အရ မှတ်သားခြင်းကိုသာ အားပေးလျက် ရှိသည်။ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းတို့တွင် ၁၁ နှစ်ကြာမျှ ပညာသင်ကြား ပြီးခဲ့သည့်နောက် တက္ကသိုလ်ဝင်စာမေးပွဲကို အစိုးရစစ် စာမေးပွဲအဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် စစ်ဆေးလေ့ ရှိသည်။ တာဝန်ရှိသူများ၏ လာဘ်ယူမှုများ၊ အကျင့်ပျက် ခြစားမှုများကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်ခဲ့ရာ တိုးတက်မှု ရှိခဲ့သော်လည်း အလွတ် ကျက်မှတ် ဖြေဆိုခြင်းမှာ အနည်းနှင့်အများ ရှိနေဆဲ ဖြစ်သည်။ စာမေးပွဲ မဖြေဆိုမီ မေးခွန်းလွှာများကို မသမာသည့် နည်းလမ်းဖြင့် အစုံလိုက် ၀ယ်ယူနိုင်နေသည့် အချက်မှာ မြန်မာ့ပညာရေးစနစ်၏ ခိုင်မာမှုအတွက် အန္တရာယ်တစ်ရပ်ပင် ဖြစ်သည်။
သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးဆွဲခြင်း သည်လည်း အလျင်အမြန် ဆောင်ရွက်ရန် လိုအပ် နေသည့် အခြင်းအရာ တစ်ရပ် ဖြစ်သည်။ လက်ရှိ သင်ရိုးညွှန်းတမ်းမှာ မှတ်သားစရာ အချက်အလက်များ အပေါ်တွင်သာ အခြေတည်သည့် ဗဟုသုတများဖြင့် ပြည့်နှက်နေသည့်အတွက် အလွတ် ကျက်မှတ်ဖြေဆိုခြင်း အတွက် အားပေးရာရောက်နေသည်။ စာသင်ခန်း အတွင်း သင်ကြားမှုမှာလည်း ဝေဖန်သုံးသပ်နိုင်စွမ်းနှင့် တီထွင် ဖန်တီးနိုင်စွမ်းကို အားမပေးသည့်အပြင် လွတ်လွတ်လပ်လပ် ဆွေးနွေး ပါဝင်နိုင်မှုနှင့် မိမိ၏ ထင်မြင်ရာကို ဖော်ပြနိုင်မှုတို့ကို ခွင့်မပြုချေ။
ပညာရေးကဏ္ဍ လေ့လာရေး အစီအစဉ်မှ လေ့လာတွေ့ရှိခဲ့သည့် အချက်အလက်များအား လက်ရှိ မြန်မာ့ပညာရေးတွင် ရင်ဆိုင်နေရဆဲ ဖြစ်ပြီး အစိုးရနှင့် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှု အများအပြားရမှသာလျှင် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးတည်နိုင်မည့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။
အလားအလာများနှင့် ရွေးချယ်စရာများ
မြန်မာ့ပညာရေးစနစ် နိမ့်ကျပုံနှင့် ပတ်သက်၍ ယခင်ကလည်း ပြောဆိုခဲ့ကြ ရေးသားခဲ့ကြပြီး ဖြစ်သည်။ အမှန်တကယ်လည်း ပညာရေးကဏ္ဍ အဆင့်ဆင့်တွင် ပြဿနာများစွာ ရှိနေသည်။ မူလတန်းကြို (မူကြို) အဆင့်တွင်ပင် လျစ်လျူရှုမှုများ ရှိနေသည်။ မူကြိုအဆင့် သင်ကြားပေးနိုင်သည့် ဆရာ ဆရာမများကို မွေးထုတ်လေ့ကျင့်ပေးနိုင်သည့် သင်တန်းများမှာ အကန့်အသတ်ဖြင့် ရှိနေသည်။ သုံး လေးနှစ်အရွယ် ကလေးငယ်များကို မူလတန်းသင်ခန်းစာများအား အလွတ် မရ ရအောင် ကျက်မှတ်စေသည့် အကြောင်းရင်းမှာ ထိုဆရာ ဆရာမများသည် သေချာစွာ စနစ်တကျ လေ့ကျင့်သင်ကြားထားသူများ မဟုတ်ကြသဖြင့် ဖြစ်ပေသည်။ ပျော်ရွှင်စွာ ကစားရင်း ပညာသင်ရမည့်အရွယ်တွင် အတန်းစာများကို အလွတ် မရ ရအောင် စတင် ကျက်မှတ် ကြရတော့သည်။ မူကြိုကျောင်း အများစုမှာ ကလေးများ အဆမတန် များပြားနေပြီး ကောင်းမွန်စွာ အုပ်ချုပ်နိုင်ခြင်း မရှိပေ။ လက်ခံနိုင်လောက်သည့် အဆင့်အတန်းမီ မူကြို ပညာရေး ဖြစ်လာစေရင် များစွာ ဆောင်ရွက်ရပေဦးမည်။
လက်ရှိ မြန်မာ့ပညာရေးစနစ်သည် (သူငယ်တန်း အပါအ၀င်) မူလတန်းတွင် ၅ နှစ်၊ အလယ်တန်းတွင် ၄ နှစ်နှင့် အထက်တန်းတွင် ၂ နှစ် စသဖြင့် တက္ကသိုလ်အဆင့်မြင့် ပညာရေး မတိုင်မီ စုစုပေါင်း ၁၁ နှစ် သင်ကြားရသည်။ သူငယ်တန်းမှာ မူလတန်းပညာရေး၏ ပထမဆုံး လှေကားထစ်အဖြစ် အလိုလို သတ်မှတ်ထားပြီး ဖြစ်နေသည်။ မြန်မာကလေးငယ် တစ်ဦးသည် ၅ နှစ် အရွယ်တွင် မူလတန်းပညာကို စတင်သင်ကြားပြီး အသက် ၁၆ နှစ်အရွယ်တွင် အထက်တန်း အောင်မြင်သည်။ အမှန်မှာ သူငယ်တန်းသည် မူကြိုသာ ဖြစ်သင့်ပြီး ပထမတန်းမှသည် အထက်တန်း အောင်မြင်သည်အထိ ပညာသင်နှစ် ၁၂ နှစ် ရှိသင့်သည်။
၂၀၀၇ ခုနှစ် စစ်တမ်းများအရ မြန်မာနိုင်ငံ လူဦးရေ၏ ၆၉ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ပြီး ၆၄.၁ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်လျက် ရှိသည်။ ကျောင်းသင်ရိုးညွှန်းတမ်းများ၊ ကျောင်းဖွင့်ချိန်ကာလများနှင့် ကျောင်းသင်ခန်းစာချိန်များကို ကျေးလက်ဒေသနေ ကျောင်းသူကျောင်းသားများအတွက် တင်းကြပ်မှု မရှိစေဘဲ နေရပ်ဒေသအလိုက် လိုက်လျောညီထွေ ဖြစ်အောင် ပြင်ဆင်ရန် ကြိုးစားသင့်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကျေးလက်ဒေသများတွင် မူလတန်းပညာရေး မပြီးဆုံးမီ ကျောင်းများမှ ကလေးများ အလုံးအရင်း နှုတ်ထွက်သွားခြင်းကို တားဆီးနိုင်ပေမည်။ ကျေးလက်နေမိသားစုများ၏ လူနေမှုဘ၀ အခြေအနေကို လျစ်လျူရှုထားပြီး ကျေးလက်မှ ကျောင်းများကို မြို့ပြမှ ကျောင်းများတွင် သင်ကြားသည့် ပုံစံအတိုင်း သင်ကြားမည်ဆိုပါက နဂိုကတည်းက အားနည်းနေပြီး ဖြစ်သော မြန်မာ့ပညာရေးစနစ်သည် ပိုမို ဆိုးရွားလာဖွယ် ရှိသည်။ ထိုသို့ဆိုပါလျှင် လူအများစုအတွက် ပညာရေး မဟုတ်တော့ဘဲ လူအနည်းစုအတွက် ပညာရေးသာ ဖြစ်လာပေမည်။ အခြေခံပညာရေး ဦးစီးဌာနမှ ဖန်တီးထားပြီး ဖြစ်သော ပညာရေး စီမံခန့်ခွဲမှု သတင်းနည်းပညာစနစ် ( Education Management Information System [EMIS]) သည် ကျေးလက်ဒေသနေသူများ၏ လိုအပ်ချက်များအတိုင်း ဆောင်ရွက်သင့်သည်။ မြို့ပြသင်ကြားမှု စနစ် ပုံစံသည် ကျေးလက်အတွက် သင့်လျော်ခြင်း မရှိသည့်အတွက် ကျေးလက်ဒေသအတွက် အမှန်တကယ်လိုအပ်သည့် ပညာရေး ပြုပြင်ပြောင်းလဲမှုများကို အဆောတလျင် ဦးစားပေး ဆောင်ရွက်ရန် လိုအပ်နေသည်။
လတ်တလော အခြေအနေတွင် စိုက်ပျိုးရေးကဏ္ဍထက် သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာနှင့် သတ္တုတွင်းထွက်ပစ္စည်း ရှာဖွေရေးလုပ်ငန်းများက နိုင်ငံတော်၏ အာရုံစိုက်မှုကို ပိုမို ရရှိနေသည်။ သို့ရာတွင် စိတ်မကောင်းဖွယ်ရာ အဖြစ်မှာ အဆိုပါ သယံဇာတများအား အကန့်အသတ်ဖြင့်သာ ထုတ်ယူနိုင်ခြင်း ဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍမှ ထွက်ကုန်များမှာမူ အဆိုပါ သယံဇာတများကဲ့သို့ မဟုတ်ဘဲ ကုန်ဆုံးသွားသည်ဟူ၍ မရှိနိုင်ပေ။ စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်လျက်ရှိသူများ၏ သားသမီးများ ပညာရေးအတွက် ယခုထက် ပို၍ လုပ်ဆောင် ပေးသင့်သည်။ လယ်သမားများအားလည်း စာရေးတတ် ဖတ်တတ်အောင် အခွင့်အလမ်းများ ဖန်တီးပေးမှသာလျှင် ၎င်းတို့ အနေဖြင့် စိုက်ပျိုးရေးကဏ္ဍ တိုးချဲ့ရေး ဆောင်ရွက်ရာတွင် ပါဝင်နိုင်ကြပေမည်။
စာမတတ်သူ ပပျောက်ရေး အစီအစဉ်များမှာ မြန်မာနိုင်ငံအတွက် အသစ်အဆန်း မဟုတ်ချေ။ ၁၉၆၀ ပြည့်နှောင်းပိုင်း ကာလတွင် စာမတတ်သူများအား အရေး၊ အဖတ်၊ အတွက် (အ သုံးလုံး) ကြေညက်အောင် တက္ကသိုလ် ကျောင်းသားကျောင်းသူများသာမက အလွှာပေါင်းစုံမှ အခြား ပညာတတ်ပုဂ္ဂိုလ်များ ပါဝင်ပြီး အမျိုးသားစီမံကိန်း တစ်ရပ်အနေဖြင့် သင်ကြားပေးခဲ့ကြသည်။ ၁၉၇၁ နှင့် ၁၉၈၃ ခုနှစ်တို့တွင် ထို အ သုံးလုံး အစီအစဉ်များအတွက် UNESCO မှ ဆုချီးမြှင့်ခြင်းကို ခံခဲ့ရသည်။ ထို စာမတတ်သူ ပပျောက်ရေး အစီအစဉ်များကို ဆန်းသစ်မှုများ ပြုလုပ်ကာ တဖန် ပြန်လည် ဖန်တီးနိုင်ပေသည်။ ထို အစီအစဉ်များတွင် တက်ရောက်သည့် စာမတတ်သူများအား အကျိုးခံစားခွင့်များ ပေးနိုင်သည်။ ဥပမာဆိုရလျှင် အဆိုပါ အစီအစဉ်တွင် တက်ရောက်ကာ စာတတ်မြောက်သွားသည့် လယ်သမား တစ်ဦးအား ဆုချီးမြှင့်သင့်သည်။ ဆုဟု ဆိုရာတွင် အောင်လက်မှတ်သာမကဘဲ ထို လယ်သမား၏ သားသမီးများ ပညာရေးအတွက် အကျိုးခံစားခွင့်များ ပေးနိုင်မည်ဆိုပါက မိဘများအနေဖြင့် ၎င်းတို့၏ စာပေတတ်မြောက်မှုအတွက် ဂုဏ်ယူနိုင်မည်သာမက ၎င်းတို့၏ သားသမီးများ ပညာရေးအတွက် တဘက်တလမ်းမှ ကူညီနိုင်သကဲ့သို့ ဖြစ်ပေမည်။ ထိုမှ တဆင့် မူလတန်း ပညာရေး မပြီးဆုံးဘဲ ကျောင်းသူကျောင်းသားများ ကျောင်းမှ နှုတ်ထွက်သွားသည့် ပြဿနာလည်း လျော့ပါးသွားသည်အထိ တိုးတက်မှု ရလာနိုင်မည်။
ဆရာ၊ ဆရာမများအား လေ့ကျင့်သင်ကြားပေးခြင်း၏ အရေးပါပုံအား အကြိမ်ကြိမ် ဖော်ပြခဲ့ကြပြီး ဖြစ်သည်။ သို့သော် လေ့ကျင့်သင်ကြားပေးခြင်း တစ်ခုထဲက ပညာရေး ပြဿနာ၏ အဖြေတစ်ခု မဟုတ်ပေ။ ကျောင်းစာသင်ခန်း၏ ပြင်ပတွင် ဆရာ၊ဆရာမများ ကျူရှင်ဖွင့်၍ ပြင်ပ၀င်ငွေ ရှာနေကြခြင်း ပပျောက်အောင် လောက်ငှသည့် လစာများ၊ အကျိုးခံစားခွင့်များ ပေးအပ်ရန် လိုသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆရာ၊ ဆရာမများအား လေ့ကျင့် ပေးရန်နှင့် လေ့ကျင့်ပြီး ဆရာ၊ ဆရာမများအား ထိန်းသိမ်းထားနိုင်ရန်အတွက် များစွာ ရင်းနှီးမြုပ်နှံရန် လိုအပ်သည်။ ဆရာ၊ ဆရာမများ အပေါ် တချိန်က ထားရှိခဲ့ဖူးသည့် ယုံကြည်ကိုးစားမှုများသည် လူတန်းစား မရွေး ခံစားနေရသည့် စီးပွားရေး ဖိအား အခြေအနေများကြောင့် လျော့ပါးလာသည်မှာ အလေးထား ရမည့် ကိစ္စတစ်ရပ် ဖြစ်သည်။ ဆရာ၊ ဆရာမများ၏ လစာနှင့် အကျိုးခံစားခွင့်များအား ပြန်လည် သုံးသပ်စဉ်းစား ပေးရန် လိုအပ်သလို ကျောင်းဆရာအလုပ်ကို ဆွဲဆောင်မှု ရှိအောင် ဖန်တီးနိုင်မှသာလျှင် ဆရာ၊ ဆရာမများကို ယခုထက် ပိုမို၍ မွေးထုတ်နိုင်ပေမည်။ ဆရာ၊ ဆရာမများအား ၎င်းတို့ လိုအပ်နေသည်များကို ကူညီနိုင်မှသာလျှင် ရတနာ ငါးပါးတွင် တစ်ပါးအပါအ၀င် ဖြစ်သည့် ဆရာ၊ ဆရာမများ အပေါ် လေးစားမှုများ ပြန်လည် ရရှိအောင် ဆောင်ရွက်နိုင်ပေမည်။
နိဂုံး
အချုပ်ဆိုရလျှင် မြန်မာ့ပညာရေးသည် မြန်မာလူငယ်များ၏ ပညာရေးနှင့် လေ့ကျင့်ရေး တိုးတက်လာမှ သာလျှင် တိုးတက် လာမည် ဖြစ်သည့်အတွက် ၎င်းတို့၏ ပညာရေးအတွက် သေချာစွာ စီမံသင့်သည်။ မျိုးဆက်သစ်များ အတွက် ပညာရေး အပြောင်းအလဲ လုပ်နိုင်မှသာ နိုင်ငံတော် တိုးတက်ပြောင်းလဲလာမည် ဖြစ်ပြီး နိုင်ထက်စီးနင်းလုပ်တတ်သည့် လူ့အဖွဲ့အစည်း စနစ်မှသည် ပိုမို လွတ်လပ်ပြီး နားလည်မှုရှိသည့် လူ့အဖွဲ့အစည်းသို့ ကူးပြောင်းနိုင်ပေလိမ့်မည်။
ညီညီ(သံလွင်)
[Dictatorship, disorder and decline in Myanmar စာအုပ် အခန်း (၇) မှ ပါမောက္ခချုပ်ဟောင်း ဦးဟန်တင် (ပညာရေးတက္ကသိုလ်တွင် ၁၉၉၂ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ) ရေးသားသော ဆောင်းပါးကို ထုတ်နုတ်၍ ဆီလျော်အောင် ပြန်ဆိုပါသည်။]
0 comments:
Post a Comment