Monday, December 12, 2011

သီလဟူသည်...

by Khin Tin on Tuesday, December 13, 2011 at 12:06pm
  


                                                              ပမာတင်စား ပန်းကလေး အလား။                 
                                                                  ခင်သက်တင်(ပညာရေး)
                                 သီလဖြူစင်သူများ ၏ ဂုဏ်သတင်းမှာ ပန်းကလေးများသို့ ရနံ့မွှေးထုံ သင်းပျံ့ပါတယ်။ ထို့ပြင် သီလ ဖြူစင်သူများကို နတ်ဗြဟ္မာများကပင် တလေးတစား ရှိကြကြောင်း တရားတော်များတွင် နာကြားရပါတယ်။   ဥပုသ်သီလ ဆောက်တည်ခြင်းဖြင့်  ထူးခြားသော နတ်စည်းစိမ်များ ခံစားရသော နတ်သား နတ်သမီးများ ဖြစ်ကြသည်ဟု  တရားတော်များတွင် နာဘူးပါတယ်။   ဆောက်တည်  သော  သီလ အလိုက် ကုသိုလ် အနဲ အများ လည်း ကွာ ပါတယ်။ ပန်းချင်း မတူလျှင် မွှေးရနံ့ မတူ နိုင်သော ဥပမာ ကဲ့သို့ပင်  ဖြစ်ပါတယ်။ သီလအကြောင်းနှင့် ဆက်နွယ်ပြီး   ဆောင်းပါး ရေးချင်နေသည်မှာ အတော်ပင် ကြာခဲ့ပါပြီ ။ ကျမသည် ၁၃၁၇- ခု ဘွား ဆိုတော့ သက်တမ်းရေတွက်လျှင် တတိယအရွယ်သို့ရောက်ခဲ့ပြီ ။
မိတ်ဆွေ သူငယ်ချင်းများ နှင့် တွေ့ကြသော အခါ၌  အလ္လာပ သလ္လာပ စကား များထက် တရားစကား များ ပို၍ ပြောဖြစ်ကြပါတယ်။ တရားအမြင် ဖလှယ်ကြပါတယ်။  ကိုယ် သဘောကျရာ တရားများ၊ ဆရာတော့် အခွေများ ပေးကြ ယူကြ  မေတ္တာ    စေတနာ တွေထား ကြပါတယ်။  ကျေနပ်မှုများစွာ ခံစားရပါတယ်။  ရံဖန်ရံခါများတွင်မူ နှလုံးမမွေ့ စရာလေးများလည်း ကြုံခဲ့ရ ပါတယ်။ ကျမတို့ အရွယ်ပိုင်း ၀န်းကျင်များတွင် ရာနှုန်းတော်တော် များများမှာ  ၀ိပဿနာ တရားအားထုတ်မှု အပိုင်းတွင် စွမ်းဆောင်ဘူးသူ များကြပါတယ်။ သူတို့၏ အတွေ့အကြုံများကိုလည်း မြင်သာအောင် ပြောပြ တတ်ကြပါတယ်။  ကျမသည် ကိုယ်ထက်   တော်သူများကို အားကျတတ်သော ချီးမွမ်းတတ်သော အလေ့ ရှိသူဖြစ်ပါတယ်။ ထိုအခါ မျိုးတွင် ကျမသည် ချီးကျူးမဆုံး အားကျမဆုံး ဖြစ်ရပါတယ်။  စကားဝိုင်းအဆုံးပိုင်း တွင် ထိုးနှက်မှုလေးများ  ကြိမ်ဖန်များစွာ ကြားလာရသဖြင့် သတိထားလာမိပါတယ်။   သီလမှ မရှိပဲ တရားရတာ ဖြစ်နိုင်ပါသလား ဆိုသော ထိုးနှက်မှုလေးကြောင့် သီလဆိုသောအကျင့်မြတ်ကို နားလည်ချင်သော ဆန္ဒဖြစ်ခဲ့ပါတယ်။  ကျမ သည် ဆရာတော်များထံတွင် သီလ ခံယူအပြီး တပါးခန့် ကျိုးပေါက်သွားတာမျိုး ဖြစ်ခဲ့ဘူးပါတယ်။  ငယ်စဉ်အခါတွင် ဆရာတော်ထံ ပြေး၍ သီလပြန်ယူ တာမျိုး လုပ်ခဲ့ပါတယ်။ ခုချိန် အရွယ်တွင်တော့ ကိုယ်နိုင်လျှင် သီလယူပြီး ၊ မနိုင်သော အခြေအနေမျိုးတွင် တထိုင်သီလ သာ ယူပါတော့တယ်။ "ကုသိုလ်အစ၊ သီလ စင်စေ၊" ဆိုသော ဆောင်ပုဒ်လေး အရ ကုသိုလ်ရေး လုပ်တော့မည်ဆိုလျှင် သီလစင်ကြယ်မှု ရှိရပါမယ်။ သို့သော် စောင့်ထိန်းရမည့် သီလ ၊ ကာလ မည်ရွေ့ မည်မျှ မည်သည့် အတိုင်းအတာ ရှိရမည်၊ ကျိုးပေါက်သွားသောသီလကိုလည်း ထာဝရ ပြန်လည်ဆောက်တည်၍ မရသလော စသဖြင့် စဉ်းစားစရာတွေ ရှိလာပါတယ်။  ရာသက်ပန် ရှစ်ပါးသီလ မြဲသူ ဟူရွေ့  အနာဂါမ်အဆင့်ရောက်သည့် ပုဂ္ဂိုလ် များမှာမှ  သမုစ္ဆေဒပဟာန် ဖြင့် ကာမဂုဏ်အာရုံမရှိ   ဒေါသမရှိ တော့ပဲ ရှစ်ပါးသီလ အပြီးတိုင် မြဲမြံ သည်ဟု ကြားနာရဘူးပါတယ်။ အနာဂါမ်မဖြစ်မီ ကာလ၌ တထိုင်သီလများဖြင့် တနိုင်တရားများ ရှာဖွေ ကြရမှာမို့ သိထားသင့်သော သီလ အကြောင်းများကို လေ့လာ တင်ပြသွားပါမယ်။
                                   သူ့အသက်သတ်ခြင်း၊ သူတစ်ပါးမပေးသော ဥစ္စာပစ္စည်းတို့အား ခိုးယူခြင်း ၊ လိမ်လည်ခြင်း အစရှိသည့် မကောင်းမှုတို့မှ ရှောင်ကြဉ်သော ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်သော သူတို့၏ စေတနာတရားကို သီလဟု အဓိပ္ပါယ် ဖွင့်ဆိုကြောင်း ဖတ်ဘူးပါတယ်။   စင်ကြယ်သောအကျင့် ကိုမူ၊ သီလ၀ိသုဒ္ဓိ ဟူ၍ ဆိုပါတယ်။ ပါဠိဘာသာ၌ စင်ကြယ်ခြင်းကို သုဒ္ဓိဟုဖွင့်ဆိုကြောင်း နှင့် အထက်မဂ်ဥာဏ်များရရန် သီလ၀ိသုဒ္ဓိ ဖြစ်ရမည် ဟု တရားတော်များတွင် နာကြားရပါတယ်။  သီလမစင်ကြယ်လျှင် သမာဓိ အဆင့် အနည်းငယ်သာ ရနိုင်မယ်။  ၀ိပဿနာ မဂ်ဥာဏ်ရရန်မလွယ်ကူပါ။  သီလစင်ကြယ်မှ စိတ်ထားစင်ကြယ်ပြီး သမာဓိ အားကောင်းလာကာ ၀ိပဿနာဥာဏ် အားသန်လာမှာဖြစ်ပါတယ်။ တရားဆိုတာ နဲ့ ပတ်သက်လို့ နဲနဲ ပြောချင်ပါတယ်။ တရား ဆိုသောဝေါဟာရ၏ မူလအဓိပ္ပါယ်မှာ အမှန်အကန် ဟူ၍ ဖြစ်ပါတယ်။  ကျေးဇူးတော်ရှင် မြတ်စွာဘုရားမှ သစ္စာလေးပါး သည်သာ အမှန်အကန် တရားတော်ဖြစ်တယ်။  ထိုသစ္စာလေးပါး အမှန်တရားကို ကျမတို့ ကိုယ်တွေ့အဖြစ် ရှာဖွေ နေကြခြင်း ဖြစ်ပါတယ်။ တွေ့နိုင်သောနေရာ မှာလည်း ခန္ဓာကိုယ်တွင်းမှာပင်  ဖြစ်ပါတယ်။  အရှိတရားဖြစ်သော ရုပ်၊ နာမ် ခန္ဓာနှစ်ပါးကို မိမိတို့ ခန္ဓာကိုယ်တွင်း သတိလေးကပ်ပြီး  ၀ိရီယစိုက်ထုတ်ကာ ပညာဖြင့်  စူးစူးစိုက်စိုက် မှတ်ရှုနေခြင်းကို တရားအားထုတ်သည်ဟု ဆိုပါတယ်။  သတိလေးဖြင့် အကြားအလပ်မရှိ ဆက်တိုက်ရှုမှတ်နေခြင်းကို သတိပဋ္ဌါန် ရှုမှတ်သည်ဟုလည်း ဆိုပါတယ်။   ကာယာနုပဿနာ၊  ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ ဟူသော သတိပဋ္ဌါန်တရားလေးပါးကို သတိမပြတ် စူးစူးစိုက်စိုက် ဖြင့် ရုပ်၊ နာမ် တို့၏ ဖြစ်မှု ပျက်မှုကို စောင့်ကြည့်   နေရပါတယ်။   ဆက်စပ်မိရာ အဆင်း၊ မျက်စိအကြည်၊ ကြည့်လိုသောစိတ်၊ အလင်း  စသောအကြောင်းတို့ ကြောင့် အကျိုး မြင်မှုဖြစ်ပေါ်တယ်။  ထို့နည်းတူစွာ  ကြားမှု၊ အနံ့ရမှု၊ အရသာရှိမှု၊  ထိတွေ့မှု ဟူသော ရုပ်ခန္ဓာများကလည်း ကြောင်းကျိုး တရားများကြောင့် ဖြစ်လာကာ သိစိတ်ဖြစ်စဉ်တွင် ပျက်သွားကြတယ်။   မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ် ၊ အရသာသိစိတ်၊ ထိသိစိတ် အစရှိသည့် နာမ်ခန္ဓာ များကလည်း ဖြစ်ပြီး ပျက်လျက်  ရုပ် နာမ်ခန္ဓာ တရားများ တည်မြဲမှုမရှိပဲ ဖြစ်လိုက် ပျက်လိုက်နှင့် မမြဲသော အနိစ္စသဘော ကိုတရားအားထုတ် နေသူမှာ သိမြင်လာမယ်။ ရုပ်နာမ် ခန္ဓာများ ဖြစ်လိုက် ပျက်လိုက်ဖြင့် ဒရစပ်နှိပ်စက်နေသော ဒုက္ခသဘောကိုလည်း တရားရှုမှတ်နေသူသည် သိမြင်လာမယ်။ ဤဒုက္ခတွေ မဖြစ်ပါစေနဲ့ ဟု တားဆီး၍ မရသော  အစိုးမရသော အနတ္တ သဘောကိုလည်း တရားရှုမှတ်နေသူမှာ  တွေ့ရှိလာမယ်။  ရုပ်နာမ်ခန္ဓာတွေရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတရားတွေ ကို မြင်လာသော တရားရှုမှတ်သူသည် ရုပ်နာမ်ခန္ဓာအပေါ်မုန်းလာပြီး ဆက်လက်အားထုတ်လျှင် လွတ်မြောက်ရာ နိဗ္ဗာန်သို့ တဒင်္ဂဆိုက်ရောက် ပါတယ်။  ဤသို့ အားထုတ်နေစဉ် ရှုစရာ ခန္ဓာနှင့် မှတ်သိစိတ် ကိုက်နေခြင်းကို မဂ်ကိုက်နေသည် ဟုဆိုပါတယ်။ အရှုခံ ခန္ဓာနှင့် မှတ်သိစိတ်တို့ စည်းချက်ကိုက်နေသူမှာ  လောဘ ဒေါသ အစရှိသော ကိလေသာတွေ ဖြစ်ခွင့်မရ သဖြင့် ကုသိုလ်တရား များသာဖြစ်နေပါတယ်။  အကြိမ်ကြိမ် မဂ်ကိုက်အောင် ကြိုးစားရပါတယ်။  မဂ်ဥာဏ်သည် စိတ္တက္ခဏအတွင်း တကြိမ်သာဖြစ်ပွားပါတယ်။  မဂ်ဥာဏ်ဆိုက်ရောက် ပြီးလျှင် ဖိုလ်ဥာဏ်က အလိုအလျောက် ဆိုက်ရောက်ပါတယ်။  ဖိုလ်ဥာဏ်ကား အကြိမ်ကြိမ်ဖြစ်နိုင်ပြီး ဖလသမာပတ် ကို အလိုရှိတိုင်း ၀င်စားနိုင်ပါတယ်။  မဂ်တွင်လည်း လောကီမဂ်နှင့် လောကုတ္တရာမဂ် ဟူ၍ နှစ်မျိုးရှိပါတယ်။  လောကီမဂ် သည် သမ္မာသနဥာဏ်၊ ဥဒယဗ္ဗယဥာဏ်၊ ဘင်္ဂဥာဏ်၊ ဘယဥာဏ်၊ အာဒီန၀ဥာဏ်၊ နိဗ္ဗိဒါဥာဏ်၊ မုစ္စိတုကမျတာဥာဏ်၊ ပဋိသင်္ခါဥာဏ်၊ သင်္ခါရုပေက္ခာဥာဏ်၊ အနုလောမဥာဏ် ဟူသော ၀ိအဿနာမဂ်ဥာဏ် ဆယ်ပါးဖြစ်ပါတယ်။  လောကုတ္တရာမဂ်မှာ သောတာပတ္တိမဂ်၊ သဂဒါဂါမိမဂ်၊ အနာဂါမိမဂ်၊   အရဟတ္တမဂ် ဟု လေးမျိုး ရှိပါတယ်။ တရားနှင့်ပတ်သက်သော သီအိုရီများကိုတင်ပြခြင်း ဖြစ်ပါတယ်။                                          တရားသိနိုင်သော နည်းလမ်းမှာလည်း   ပရိညာအားဖြင့်(၁)။  စာဖတ်ခြင်းနှင့် တရားနာခြင်းဖြင့် သိသော သုတမယဥာဏ်၊ (၂) ။ သိရှိပြိး တဆင့်တက်ကာ ကိုယ်တိုင်တွေးတောဆင်ခြင်၍ သိသော စိန္တာမယဥာဏ်၊ (၃)။ ရုပ် နာမ်တို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတရားများကို တရားပွားများ အားထုတ်ရာမှ ခန္ဓာဥာဏ်ရောက် တရားသိခြင်းကို ဘာဝနာမယဥာဏ် ဟုသုံးမျိုးသုံးစား ရှိပါတယ်။ တရားရသူမှာလည်း အဆင့်ဆင့် ရှိပါတယ်။  အကြောင်းကြောင့် အကျိုးဖြစ်သည် ၊ ဖန်ဆင်းသူရှိသည်၊ အတ္တကောင်၊ ၀ိညဉ်ကောင် ရှိသည်ဟု အယူလွဲမှားမှု ဒိဋ္ဌိနှင့် ကံနှင့် ကံ၏ အကျိုးအပေါ် သံသယရှိမှု ၀ီစိကိစ္ဆာ  နှင့် ခွေးလို နွားလို ကျင့်ခြင်း အကျင့်မှားမှု သီလဗ္ဗတပရမာသ အကျင့်များ ကင်းသောသူ ကို သောတာပန်ပုဂ္ဂိုလ် ဟုဆိုပါတယ်။ သောတာပန် အဆင့်ရောက် သူသည်   ဣသာနှင့် မ စ္ဆရိယ ကင်းစင်သည့်အပြင် ဘု၇ား၊ တရား၊ သံဃာအပေါ် အကြွင်းမဲ့ယုံကြည်ပြီး အသက်ပင်အသေခံမည် ကံငါးပါး ကိုဘယ်တော့မှ မချိုးဖေါက်ပေ။ သောတာပန် ပုဂ္ဂိုလ်သည် လူ့ပြည် နှင့် နတ်ပြည်သို့ ခုနှစ်ကြိမ် ပဋိသန္ဓေနေပြီးလျင် နိဗ္ဗာန်ရောက်မည့်သူ ဖြစ်ပါတယ်။   သောတာပန်ပုဂ္ဂိုလ် အဆင့်တွင် ပယ်သတ်ပြီးသော တ၇ားများအပြင်  လောဘ၊   ဒေါသ၊ မောဟ တို့ကို နဲပါးအောင် ကျင့်ကြံပြီး ကာမဘုံ သို့ တကြိမ်သာ ပြန်လာပြီး နိဗ္ဗာန် ရောက်မည့်သူကို သကဒါဂါမ်ပုဂ္ဂိုလ် ဟုခေါ်ပါတယ်။   သကဒါဂါမ်ပုဂ္ဂိုလ် အဆင့်တွင် နဲပါးအောင်ပြုထားပြီးသော ကာမရာဂ နှင့် ဒေါသ တို့ကို အပြီးပယ်သတ်ကာ၊ ကာမဘုံသို့ ပဋိသန္ဓေမနေတော့မည့်သူကို အနာဂါမ်ပုဂ္ဂိုလ် ဟု ဆိုပါတယ်။ ထိုအနာဂါမ်ပုဂ္ဂိုလ်သည် ကာမဘုံ သို့ ဘုရားဖူး တရားနာ ရန်အလို့ငှာလာပါသေးတယ်။       နောက်ဆုံးအဆင့် ရဟန္တာပုဂ္ဂိုလ်သည် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ီစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ  ဟူသော ကိလေသာဆယ်ပါး ၊ ကာမရာဂ၊ ဘ၀ရာဂ၊ ဣသာ၊ ပဋိဃ၊ မာန၊ ဒိဋ္ဌိ၊ သီလဗ္ဗတပရာမာသ၊ ၀ီစိကိစ္ဆာ၊ မစ္ဆရိယ၊ အ၀ိဇ္ဇာ ဟူသော သံယောဇဉ်ဆယ်ပါး နှင့် ကာမာသ၀၊ ဘ၀ါသ၀၊ ဒိဋ္ဌာသ၀ ၊ အ၀ိဇ္ဇာသ၀ ဟူသော အာသဝေါတရား လေးပါးတို့ကို ပယ်သတ်ပြီး ဖြစ်ပါတယ်။  ရဟန္တာပုဂ္ဂိုလ်သည် ကိလေသာအားလုံးကို အကြွင်းမဲ့ပယ်ပြီး ဖြစ်သဖြင့် လှူဒါန်းပူဇော်မှုတို့ ၌ အကျိုးများစွာ ရစေနိုင်သောကြောင့် အလှူခံပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးအလှူခံပုဂ္ဂိုလ် ဖြစ်တော်မူပါတယ်။  ရဟ န္တာ ပုဂ္ဂိုလ်သည် ဘ၀တဖန် ပြန်မဖြစ်တော့ပဲ   နိဗ္ဗာန်သို့ပင် မျက်မှောက်ပြုပါတယ်။

                                   လောဘ၊ ဒေါသ၊ မောဟ၊ အစရှိသော  ကိလေသာတရားများကို  ပယ်သတ်ရန်မှာ  မလွယ်ကူလှပေ။  ကံ၊ ဥာဏ်၊ ၀ိရီယ ဖြင့် ဘုရား၊တရား၊သံဃာ ရတနာသုံးပါးအပေါ်တွင် ယုံကြည်ခြင်း သဒ္ဓါ၊ စွမ်းနိုင်သမျှ ပေးကမ်းခြင်း စာဂ၊ အကြားအမြင် ဗဟုသုတရှိခြင်း သုတ တို့ အခြေခံပြီး သမ္မာဒိဋ္ဌိ၊ သမာသင်္ကပ္ပ၊ သမာဝါစာ၊  သမ္မာကမ္မန္တ၊ သမာအာဇီဝ၊ သမ္မာဝါယမ၊ သမာသတိ၊ သမ္မာသမာဓိ  ဟူသောမဂ္ဂင်ရှစ်ပါး တရားများကို ကျင့်ကြံပွားများ အားထုတ်   နေရပေမည်။  ကုသိုလ် ကောင်းမှုများ၏ အခြေခံမှာ သီလ ဖြစ်ပါတယ်။  သီလဆိုသည်မှာ ကာယကံ၊ ၀စီကံ၊ မနောကံ အမှုတို့၌ ရုန့်ရင်း၊ ကြမ်းတမ်း၊ မှားယွင်းသော အဖြစ်မှ ရှောင်ကြဉ်ခြင်း။ ကာယကံ၊ ၀စီကံ၊ မနောကံ အမှုတို့၌ နူးညံ့၊ သိမ်မွေ့၊ မှန်ကန်အောင် အားထုတ်နေခြင်း ကုသိုလ်တရားများ ပွားများ တိုးပွားအောင် လုပ်ဆောင်နေသော အကျင့်ကို ခေါ်ပါတယ်။   ဟိရီ  သြတ္တပ္ပ တရားနှစ်ပါး သည်လည်း စောင့်ထိန်းအပ်သော သီလတရားပင် ဖြစ်ပါတယ်။    ဟိရီ ၏သဘောမှာ  မိမိကိုယ်ကို မိမိ ကာယဒုစရိုက်၊ ၀စီဒုစရိုက်၊ မနောဒုစရိုက် အမှုတို့ကို ပြုလုပ်ရမည်ကို ရှက်ခြင်းဖြစ်ပါတယ်။   သြတ္တပ္ပ ဆိုသည်မှာ ကာယဒုစရိုက် ၊ ၀စီ ဒုစရိုက် ၊ မနောဒုစရိုက် တို့ကို ပြုလုပ်ရန် ကြောက်ရွံ့ခြင်း ဖြစ်ပါတယ်။  မိမိ မကောင်းသောအမှု ပြုလုပ်နေသည်ကို အများကဲ့ရဲ့ ပြစ်တင်မှာ စိုးကြောက်ခြင်း၊ မိမိ ဂုဏ် သိက္ခာ ကျဆင်းမှာ စိုးကြောက်ခြင်း၊ မိမိ၏ အဆွေ အမျိုးများ၏ ဂုဏ်ရည် ထိခိုက်မည် စိုးကြောက်ခြင်း အစရှိသဖြင့် မကောင်းမှု အကုသိုလ်အလုပ်များကို လုပ်ရမှာ ကြောက်ရွံ့ခြင်း ဖြစ်ပါတယ်။  ဟိရီ အကျင့်သည် သြတ္တပ္ပအကျင့်ထက် ပို မြင့်သည်ဟု ဆိုရမယ်။ လူသားတိုင်း ဟိရီ နှင့် သြတ္တပ္ပ အကျင့်နှစ်ပါး ထိန်းသိမ်းစောင့်ရှောက် ကြမည်ဆိုပါက ဒုစရိုက်အမှုများ ရှိနိုင်တော့မည် မဟုတ်ပေ။  ဟိရီ  သြတ္တပ္ပတရားနှစ်ပါး သည် လောကကို   စောင့်ရှောက်သောကြောင့် လောကပါလတရားဟုခေါ်ပါတယ်။  ကမ္ဘာစောင့် တရားဟုလည်းခေါ်ပါတယ်။ 
                              ကိုယ်ကျင့်တရားကောင်းမွန်အောင် စောင့်ထိန်းနေထိုင်ခြင်းအမှုကို ၀ါရိတ္တ သီလဟုခေါ်ဆိုပြီး၊ မကောင်းမှုတို့ကို မပြုလုပ်မိအောင် ထိန်းသိမ်းစောင့်ရှောက် နေမှုကို စာရိတ္တသီလ ဟုခေါ်ပါတယ်။ သူတပါး ဒုက္ခမရောက်အောင် စောင့်ရှောက်သော အလုပ်သည် သီလအလုပ်ဖြစ်ပါတယ်။ သူတစ်ပါးအသက်မသတ်ပဲ ရှောင်ကြဉ်သူသည် သူတစ်ပါး ဒုက္ခမရောက်စေလိုသော   စေတနာဖြစ် ပါတယ်။  သီလသည် ကုသိုလ်ကောင်းမှု အားလုံး၏ မူလအခြေခံဖြစ်ပါတယ်။ သီလရှိသောသူ၏ ဆောင်ရွက်သော   ကောင်းမှုမှာ သီလမရှိသူ၏ ဆောင်ရွက်သောကောင်းမှုထက် အကျိုးပေးသာပါတယ်။  ကုသိုလ်ကောင်းမှုသုံးရပ်ဖြစ်သော ဒါန၊ သီလ၊ ဘာဝနာတွင် သီလအခြေခံပြီး ကုသိုလ်ကောင်းမှုအစုစုကို  ဆောင်ရွက်လျှင် အကောင်းဆုံး အကျိုးထူးများ ရရှိမည်မလွဲဧကန် ဖြစ်ပါတယ်။  အရိယာ သူတော်ကောင်းတို့၏ အကျင့်မြတ်ကို လေးစားအတုယူကာ  မှီငြမ်းဆောက်တည်သော သီလသည် အမြတ်ဆုံး သီလ ပဏိတသီလ ဖြစ်ပါတယ်။  သူတစ်ပါး ချီးကျူးထောပနာ ပြုတာ ခံလို့၍  ဆောက်တည်  သော သီလသည် အညံ့စားသီလ ဟီနသီလ ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှု အကျိုးကို လိုလား၍ ဆောက်တည်သောသီလသည် အလယ်အလတ် မဇ္ဈိမသီလ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်များဆောက်တည် သော ငါးပါးသီလကို နိစ္စသီလ ဟုခေါ်ပါတယ်။  ဥပုသ်သီလများဖြစ်သော ရှစ်ပါးသီလ၊ ကိုးပါးသီလများကို ဂဟဋ္ဌသီလဟုခေါ်ပါတယ်။  ရဟန်းတော်များကျင့်သောသီလကို ဘိက္ခုသီလဟုခေါ်ပါတယ်။  ရဟန်းမများကျင့်သော သီလကို ဘိက္ခုနီသီလဟုခေါ်ပါတယ်။ သာမဏေ ယောက်ျား၊ သာမဏေ မိန်းမများ ဆောက်တည်သော သီလကို အနုပသမ္ပန္နသီလ ဟုခေါ်ပါတယ်။ သီလအမျိုးမျိုးရှိသော်လည်း အကျိုးက စောင့်ထိန်းနိုင်သူအပေါ် စောင့်ထိန်းသလောက် အကျိုးပေးပါတယ်။  ပန်းကလေးတွေ အမွှေးရနံ့ ကြိုင်လှိုင်ပုံမတူကြသလို သီလရနံ့လည်း ကွာခြားပါတယ်။ ပန်းရနံ့က လေဆန်အရပ်ကို မရောက်သော်လည်း    သီလရနံ့မှာမူ အရပ်ရှစ်မျက်နှာသို့တိုင်ပျံ့နှံ့နိုင်ပါတယ်။ ကြုံလာရင် ဆောက်တည်သောသီလမှာ သမ္ပတ္တ၀ိရတီသီလ ဖြစ်ပါတယ်။ သတ်ခွင့်ကြုံလာလျှင်မသတ်ပဲ ရှောင်ကြဉ်ခြင်း၊ ခိုးခွင့်ကြုံလာလျှင်လည်း မခိုးမ၀ှက်ပဲ စောင့်ထိန်း လိုက်သောသီလမျိုးဖြစ်ပါတယ်။  နောက်တမျိုးမှာ ဘုန်းတော်ကြီးများထံမှ တပည့်တော်တို့ ယနေ့ယခု အချိန်တွင် ငါးပါး၊ ရှစ်ပါး စသဖြင့် သီလတို့ ကို   ဆောက်တည်ပါမည်ဟု သီလခံယူပြီး မကျိုးမပေါက် အောင် ကြိုးစားဆောက်တည်သောသီလကို သမာဒါန၀ိရတီသီလဟုခေါ်ပါတယ်။ သမာဒါန၀ိရတီသီလ က စေတနာကံပါသောကြောင့် အကျိုးပေး ပိုများပါတယ်။  အမြင့်ဆုံးအဆင့် သီလမှာ သမုစ္ဆေဒ၀ိရတီသီလ ဖြစ်ပါတယ်။  သောတာပန်နှင့် အထက် ပုဂ္ဂိုလ်များဆောက်ထိန်းသောသီလဖြစ်ပါတယ်။
 သောတာပတ္တိမဂ် ဆိုက်ရောက်ပြီးသော   သောတာပန်များသည် မိမိအသက်နှင့် ပင် လဲကာငါးပါးသီလကို မကျိုးမပေါက်အောင်   စောင့်ထိန်းကြပါတယ်။
                              ၁။ ပါတိမောက္ခသံဝရသီလ ဆိုသည်မှာ နှစ်ရာ့နှစ်ဆယ်ခုနှစ်သွယ်သော သိက္ခာပုဒ်များကို မကျိုးမပေါက် မပျောက်ပျက်အောင် သဒ္ဓါတရား ရှိပြီး သာသနာထဲ ၀င်ရောက်လာသော ရဟန်းများ ထိန်းသိမ်းသော သီလဖြစ်ပါတယ်။ ၂။ ဣန္ဒြိယသံဝရသီလ ဆိုသည်မှာ စက္ခု၊ သောတ ၊ ဃာန၊ ဇီဝှာ၊ ကာယ ၊မနော အစရှိသော ဣနြေ္ဒခြောက်ပါး ဖရိုဖရဲ မဖြစ်အောင်   ကောင်းစွာထားခြင်း၊ စက္ခု၏လျှပ်ပေါ်ခြင်း၊ သောတ၏လျှပ်ပေါ်ခြင်း အစရှိသော ဣနြေ္ဒခြောက်ပါးတို့ကို တောတွင်းမှ   မျောက်ပမာ ဣနြေ္ဒ မငြိမ်သက်ခြင်း တို့မှ ကင်းဝေးအောင်စောင့်ထိန်းခြင်းသီလ ဖြစ်ပါတယ်။  ၃။ အာဇီဝပါရိသုဒ္ဓိသီလ ဆိုသည်မှာ အသက်မွေးဝမ်းကျောင်း  ဖြူစင် ဖြောင့်မတ်အောင်   စောင့်ရှောက်ထိန်းသိမ်းခြင်း သီလဖြစ်တယ်။ ၄။ ပစ္စယသန္နိဿိတသီလ၊ ဆိုသည်မှာ ရဟန်းတော်များ အလှူခံ ပစ္စည်းနှင့်ပတ်သက်ပြီး ကျောင်း၊  သင်္ကန်း၊ ဆွမ်း၊ ဆေး  ပစ္စည်းလေးပါးအပေါ်တွင် သာယာ ခင်မင်ခြင်းမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်သောသီလဖြစ်ပြီး  လူများအနေနှင့် အလှူများတွင် မဆင်မခြင် သုံးဆောင်ခြင်းမပြုလုပ်မိရန်   ထိန်းသိမ်းခြင်းသီလ ဖြစ်ပါတယ် ။ သူတစ်ပါးပစ္စည်းမတရားသုံးဆောင်လျှင် နောင်ဘ၀များ၌ ကိုယ်ဖြင့်လည်းကောင်း ပုခုံးဖြင့် လည်းကောင်း ပြန်ဆပ်ရမည်ဟု မိုးကုပ်ဆရာတော်ဘုရားကြီးမှ သတိပေးဆုံးမပါတယ်။  ကိုယ်ဖြင့်ဆပ်ရမည် ဆိုသည်မှာ ထိုသူ၏ အိမ်တွင် အစောင့်ခွေး ၊ ပုခုံးဖြင့်ဆပ်ရမည်ဆိုသည်မှာ နွားအဖြင့် ထွန်ရုန်း အလုပ်အကျွေး ပြုရခြင်ြး ဖစ်ပါတယ်။  ကြောက်စရာကောင်းသည်မို့ သူတစ်ပါးကျွေးမွေးသည်များကို   မေတ္တာပွား၍ သုံးဆောင်ကြစေလိုပါတယ်။ ကြားဘူး နာဘူး ဖတ်ဘူးသောတရားများမှ သီလကို ဖွင့်ဆိုကြသည်များကို တင်ပြခြင်းဖြစ်ပါတယ်။  အထူးသိစရာ ကျန်နေသေးသည်မှာ ကျမတို့လို  လူများအနေနှင့် အမိ ၊ အဘ ၊ ရဟန္တာ ကိုသတ်သောကံ၊ ၊ ဘုရားရှင်ကို သွေးစိမ်းထွက်အောင်လုပ်သောကံ၊ ရဟန်းတော် များကို အစုအသင်း ကွဲအောင်လုပ်သောကံ အစရှိသည့် ပဉ္စာနန္တရိယကံကြီးကျူးလွန်ထားသောသူများမှအပ ကျန်လူသားများသည် ယနေ့ယခုမှစပြီး သီလကို ယုံယုံကြည်ကြည် ဆောက်တည် လျှင် သီလရှိသောသူ အဖြစ်ရောက်ရှိပြီး ထိုမှတဖန် သတိပဋ္ဌါန်တရားများ ကြိုးစား ပွားများလျှင်  တရားထူးများရနိုင်သည်ဟု ရှင်တော်မြတ်ဘုရားမှ ဟောကြားထားပါတယ်။   လက်ညှိုးပေါင်း ကိုးရာ ကိုးဆယ် ကိုးပြည့်အောင် လူပေါင်းများစွာကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး လည်တွင်စွဲသည့် အရှင်အဂုင်္လိမာလအလောင်းအလျာ ဟိံသက ကဲ့သို့ ကြီးမားသော ဒုစရိုက်မှုကျူးလွန်ထားသူပင်လျှ င် ဘုရားရှင်   နှင့်တွေ့သောအခါ၌ မဂ်ကုသိုလ်နှင့်  ဆေးကြော၍      အကျွတ်တရား  ရပြီး ရဟန္တာ အရှင်သူမြတ်ဖြစ်သွားခဲ့ပါတယ် ။  ထို့ကြောင့်  သီလမရှိ ၍ တရားမရနိုင်ဆိုသော စကားများသည် အခြေမဲ့ဖြစ်ကာ  မဆိုအပ်တော့ပါ။  ကျမတို့သည်  မှားမိသောအပြစ်များကို နောက်တဖန် မမှားရန် ဆင်ခြင်နေကြပြီး  နေ့စဉ် နေ့တိုင်း နိစ္စသီလဖြစ်သော ငါးပါး သီလကို ကာယကံ ၊ ၀စီကံ ၊ မနောကံ တည်းဟူသော ကံသုံးပါးတို့ဖြင့် လုံခြုံအောင် ထိန်းသိမ်း စောင့်ရှောက်   နေကြရမည် ဖြစ်ပါတယ်
                           ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါး အပေါ်သက်ဝင် ယုံကြည်ပြီး ကာယကံဒုစရိုက် ၊ ၀စီကံဒုစရိုက် ၊ မနောကံဒုစရိုက် တို့မှ ကင်းဝေးအောင်  သမ္မပ္ပဓါန် လုံ့လဖြင့် အားစိုက်ပြီး သီလဆောက်တည်ကြမည်ဆိုလျှင် ပန်းကလေးများလို ရနံ့မွှေးသော တရားအရှင်များ ၊ သီလ၀န္တပုဂ္ဂိုလ်များ ဖြစ်လာမည်မှာ ဧကန်မလွဲဖြစ်ပါတယ် ၊ ထို့ကြောင့် အခြေခံအကျင့်သီလကို ပန်းကလေးလို   မွှေးသော အကျင့်ဟု ကျမ တင်စားယင်းဤဆောင်းပါးကို နိဂုံးချုပ်အပ်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...