Friday, December 16, 2011

၂၀၁၁ အတွက် ခရစ်စမတ်လက်ဆောင် (သို့) ဖွတ်တို့ဝါဒ

by ဖိုး သိကြား on Friday, December 16, 2011 at 2:43pm
 


အားလုံးပဲ.. မင်္ဂလာပါခင်ဗျာ.. မကြာမီမှာ ကျရောက်မယ့် ခရစ်စမတ်အတွက် ခရစ်စမတ် လက်ဆောင်လေး
တခု ပေးချင်ပါတယ်..။ ခရစ်စမတ်က မရောက်သေးပေမယ့် အဲဒီအချိန်ကျရင် ဖိုးသိကြား ပေးနိုင်တောာ့မယ်
မထင်လို့ ခုကတည်းက ကြိုတင် ပေးလိုက်တာပါ..။


ဖိုးသိကြားလက်ဆောင်ကတော့ ကဗျာလေးပါ.။ တန်ဖိုးကြီးကြီး ပစ္စည်းတွေကို မပေးနိုင်တော့ ပေးနိုင်တာလေးပဲပေးလိုက်ရပါတယ်..။ မနှစ်တုန်းကလည်း ဖိုးသိကြားချစ်တဲ့ အကို၊ အမ၊ ညီ၊ညီမတွေကို ခရစ်စမတ် လက်ဆောင်ပေးခဲ့ပါတယ်..။ မနှစ်ကတော့ English Word လေးတွေနဲ့ ကဗျာလေးပါ..။ ဒီနှစ်တော့ မြန်မာဆန်ဆန် ကဗျာလေးပဲ လက်ဆောင် ပေးလိုက်ပါတယ်နော်..။ ဒီကဗျာလေးဟာ ဒီနှစ်အတွက် ခရစ်စမတ်လက်ဆောင် ဖြစ်သလို ဖိုးသိကြားရဲ့ ခေတ္တနောက်ဆုံး ကဗျာလေးလည်း ဖြစ်ပါတယ်..။ ကဗျာလေး အမည်က "ဖွတ်တို့ဝါဒ ကျင့်ကြ အစဉ်လာပေ.." တဲ့

(၁) လူမိုက်ဆိုလျှင် တပည့်မွေးလို့
ဝါးရင်းတုတ်ပေး ရိုက်ပါစေ
ပညာရှိကို အချုပ်ထဲပို့
ဖမ်းနှိပ်စက်လို့ ထောင်ချစေ
သုံးပါးရတနာ အဓိကမထားနဲ့
ပြည်သူများကို အပီဆော်မလေ
ချမ်းသာဖို့တွေး ဆိုးယုတ်ရေး
မျှော်တွေး သုံးသပ်ပေ..
အဲဒါမှ ဖွတ်တို့ဝါဒ ကျင့်ကြ အစဉ်လာပေ....

(၂) ကုသိုလ်မပါ အနိုင်ရဖို့
မသင့်တာလည်း လုပ်မယ်မသွေ
ရှေးကတင်ကြို ခိုးခဲ့ဖူးသည့်
ကြိုတင်မဲနဲ့ အနိုင်ယူလေ
မိမိကိုယ်တိုင် ခိုးဖို့မသင့်က
တပည့်များအား ခိုးခိုင်းမလေ
ကလိမ်ကကျစ် ညဏ်ကိုဖွင့်
မျှော်တွေး သုံးသပ်ပေ..
အဲဒါမှ ဖွတ်တို့ဝါဒ ကျင့်ကြ အစဉ်လာပေ....

(၃) ပြည်သူ့ဘဏ္ဍာ ဟူသမျှကို
'ဘုန်း' ကြပါစို့ တို့တတွေ
အိုးအိမ်ထူထောင် ၀မ်းစာရေးတွက်
လျှံနေပါလည်း ထပ်ယူလေ
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို
ခေါင်းမှာဖယ်ထား လှုပ်ရှားမလေ
မှန်ကန်ဖို့ရေး တို့မတွေး
ယူတတ်ကြပါစေ..
အဲဒါမှ ဖွတ်တို့ဝါဒ ကျင့်ကြအစဉ်လာပေ

(၄) မြစ်ဆုံကိုတောင် တရုတ်ရောင်းလို့
ဒေါ်လာများဖို့ ဖန်ကြမလေ
မြေးလေးလည်းပါ သားနဲ့မယားအား
မြှောက်စားချီးမြှင့် ၀တ်ကုန်စေ
တရုတ်ဆိုလျှင် တိုင်းပြည်တွင်းသို့
ခေါ်ကာသွင်းလို့ နေခိုင်းစေ
နှမကိုပေး အမျိုးတော်ရေး
မျှော်တွေးသုံးသပ်ပေ..
အဲဒါမှ ဖွတ်တို့ဝါဒ ကျင့်ကြအစဉ်လာပေ

(၅) သုံးတန်စေတနာ ဖြူစင်လန်းလို့
ပေးကမ်းဝေမျှ အလှူငွေတွေ
မုန်တိုင်းသင့်ရာ ဒေသများသို့
မရောက်ရှိဖို့ ဟန့်တားနေ
ဒုက္ခရောက်သူ ပြည်သူအပေါင်းရဲ့
မျက်ရည်စက်များ ဂရုမထားပေ
သန့်စင်ပြစ်မျိုး လူထုအကျိုး
မသယ်ပိုး မရွက်ဆောင်ပေ..
အဲဒါမှ ဖွတ်တို့ဝါဒ ကျင့်ကြအစဉ်လာပေ..

(၆) မာဆတ်ဖွင့်ကာ ကေတီဗွီများကို
အမျိုးများပဲ လုပ်ကိုင်စေ
ပါမစ်တွေကို လက်ဝါးကြီးအုပ်
တို့တတွေပဲ ချုပ်ကိုင်မလေ
ကျွန်းသစ် ရေနံ ကျောက်မျက်များလည်း
ငါတို့တွေပဲ ပိုင်ရမသွေ
လုပ်ငန်းမှန်သမျှ တို့လက်မှ
ထွက်ပြေးမလွတ်နိုင်စေ
အဲဒါမှ ဖွတ်တို့ဝါဒ ကျင့်ကြအစဉ်လာပေ...

(ရ) တိုင်းရင်းသားပေါ် စစ်ဆင်နွဲလို့
လူသတ်ပွဲတို့ ကျင်းပနေ
အမျိုးသမီးတွေကို ဖမ်းနှိပ်စက်လို့
မတရားရက်စက် အနိုင်ကျင့်မလေ
ဘင်္ဂလီကုလားကို တိုင်းရင်းသားသို့
သွတ်သွင်းပြုဖို့ ဆောင်ရွက်နေ
ရိုဟင်ဂျာအရေး နေခွင့်ပေး
မျှော်တွေး သုံးသပ်ပေ..
အဲဒါမှ ဖွတ်တို့ဝါဒ ကျင့်ကြအစဉ်လာပေ...

(၈) နိုင်ငံရေးကို ရှေ့တန်းပြုလို့
အကျဉ်းကျသူများ များပါစေ
မလွှတ်ပေးပေါင် ဘယ်သူပြောပြော
နောက်ဆုံးချိန်ထိ ဖမ်းထားမလေ
မီဒီယာရှေ့မှာ မရှိဘူးလို့
အရှက်မထား ပြောကြားလေ
အာဆီယံရာထူး ဥက္ကဌရူး
ရရေး အဓိကပေ..
အဲဒါမှ ဖွတ်တို့ဝါဒ ကျင့်ကြအစဉ်လာပေ...

(၉) လောကီအာရုံ ဇိမ်ရစ်မူးလို့
အပျော်ကြူးစို့ တို့တတွေ
မေတ္တာဗြဟ္မစိုရ် အလေးမထားနဲ့
ကိုယ့်အကျိုးများပဲ ဆောင်ရွက်မလေ
နောက်ဘ၀ဆိုတာ ဂရုမထားနဲ့
ဒုစရိုက်များကို ဆောင်ရွက်လေ
သံသရာရေး မမျှော်တွေး
ပျော်ရေး သုံးသပ်လေ..
အဲဒါမှ ဖွတ်တို့ဝါဒ ကျင့်ကြအစဉ်လာပေ...

(၁၀) ဘုန်းကြီးတွေကို အနှောက်ယှက်ပေး
သာသနာရေးတို့ မှေးမှိန်စေ
တရားပွဲတွေကို ပိတ်ပင်ကြလို့
အမှန်မမြင်ဖို့ တားဆီးမလေ
အမှန်ဟောရင် အမှန်မြင်လို့
ငါတို့ ဒုက္ခဖြစ်ရမသွေ
ပြည်သူ့အသိများ သတိထား
ပိတ်ဆို့တတ်ပါစေ..
အဲဒါမှ ဖွတ်တို့ဝါဒ ကျင့်ကြအစဉ်လာပေ...

(၁၁) ဖွတ်တို့ထုံးကို ကျင့်ကြံသုံးတဲ့
ဖွတ်မင်းနဲ့တကွ ဖွတ်သားတွေ
ဖွတ်ကြားစိတ်တွေ ခိုကာအောင်းလို့
ကြိုကာသိထား ကံတရားတွေ
သေသောအခါ နတ်ပြည်ထက်သို့
သင်တို့အားလုံး မတက်နိုင်ပေ
သေရင်ဇောက်ထိုး ငရဲအိုး
ဒိုးရ အသေအချာပေ..
အဲဒါက ဖွတ်တို့ ထာဝရ နေဖို့ နေရာပေ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...