နှုတ်ဆက်ခြင်းမဲ့ လမ်းခွဲခဲ့သူ
(၁)
“ဦးဇော်ရဲ မနေ့က အသုဘချတယ်တဲ့ ဦးဗိုလ်ရေ၊ ကျမတောင်တော်တော်စိတ်မကောင်းဖြစ်သွားတယ်။
ဦးဗိုလ်ဆက်သွယ်ခိုင်းတဲ့အချိန်မှာ အချိန်မီမဆက်သွယ်နိုင်ခဲ့လို့ပေါ့၊
ဒီ့ထက်စောခဲ့ရင် မှီဦးမှာ … ၊
အသည်းရောဂါနဲ့တဲ့ ….”
“ဟုတ်ရဲ့လား ညီမရေ၊ သေချာရဲ့လား ….”
“သေချာပါတယ် ဦးဗိုလ်။ ကျမ မနေ့က မနုအိမ်ကိုရောက်တယ်။ သူ့အမေတောင်
မိုးကုတ်ကိုလိုက်သွားပြီတဲ့။
သူ့မှာ မိန်းမနဲ့ ကလေး ၂ ယောက်ကျန်ခဲ့တယ်လေ …. ။”
ကျနော်နဲ့ ဇော်ရဲကိုဆက်သွယ်ပေးနေတဲ့ အင်တာနက်ညီမငယ်လေးစီက စကား။
မနုဆိုတာက ဇော်ရဲရဲ့ညီမ။
သူနဲ့ စကားပြောနေရပေမယ့် ကျနော့်အတွေးမှာ ဇော်ရဲရဲ့မျက်နှာက
အထင်းသားပေါ်နေပါပြီ။ နှုတ်ခမ်မွှေး ထူးထူးထားတာကို အင်မတန်နှစ်သက်တတ်တဲ့ ဟိုး ၁၅ နှစ်ကျော်ကျော်က
ဇော်ရဲရဲ့ပုံရိပ်တွေ ….
(၂)
ရှစ်လေးလုံးကာလအလွန်လို့ပြောရမယ့် ကျောင်းသားလူငယ်တွေ တောခိုကြတဲ့အချိန်မှာပေါ့။
မသက်နဲ့ ဇော်ရဲတို့ ပအိုဝ်းတော်လှန်ရေးနယ်မြေကို တောခိုသွားကြတယ်။ ကျနော့်ကိုခေါ်ပေမယ့်
ကျနော်ငြင်းလိုက် တယ်။ ရှစ်လေးလုံးးအရေအခင်ကာလမှာ မြင်တွေ့ဖြတ်သန်းရတဲ့ အဖြစ်အပျက်တွေအပေါ်
ကျနော်စိတ် မကြည်မလင်ဖြစ်နေဆဲလေ။ နိုင်ငံရေးဆိုတာကို ကျနော်ကောင်းကောင်းနားမလည်ပေမယ့်
အုပ်စုဖွဲ့ အားပြိုင် အနိုင်ကျင့်တတ်တဲ့အလေ့ကို ကျနော်မကြိုက်ဘူး။ ဒီလို အတွေ့အကြုံ
အခြေအနေတွေကို ထပ်မကြုံချင်တော့ လို့လေ။ ဒါကြောင့်ပဲ ပြတ်ပြတ်သားသားကိုငြင်းလိုက်မိတာ။
သူတို့နည်းတူကျနော့်မှာလည်း တိုင်းပြည်ကိုချစ် တတ်တဲ့စိတ်ကတော့ ရှိတာပါပဲ။ တိုင်းပြည်ကိုတိုးတက်စေချင်
တာပါပဲ။ ကိုယ့်မျှော်မှန်းချက်တွေ ဖြစ်လာဖို့ကို အားမစိုက်ကြပဲ အချင်းချင်း တိုက်ခိုက်နေရမယ့်အဖြစ်ကိုတော့
ကျနော် မလိုချင်တာ အမှန်။
ကျနော်တို့က ကလောဂျီတီအိုင်မှာထဲက အတူတူကျောင်းတက်ခဲ့ကြတယ်။ ကျောင်းပြီးလို့ အလုပ်လုပ်ကြတော့ လည်း တောင်ကြီးမှာပဲ တစုထဲ။ အလုပ်ဌာနချင်းသာကွဲနေပေမယ့် နေ့တိုင်းနီးပါး လက်ဖက်ရည်ဆိုင်မှာ မျက်နှာ ချင်းဆိုင် ဆုံနေကျလေ။ အဲ့ဒီအချိန်က တောင်ကြီးမြို့ရဲ့ ဆောက်လုပ်ရေးဌာန၊ ဆည်မြောင်းနဲ့ စည်ပင်သာယာ အင်္ဂျင်နီယာဌာနတွေက မျက်နှာချင်းဆိုင်နဲ့ ကပ်ရက်တွေပဲလေ။ လှမ်းအော်ခေါ်ရင်တောင် ကြားရလောက်တာ။ မသက်က ဆောက်လုပ်ရေးမှာ၊ ဇော်ရဲက ဆည်မြောင်းမှာ၊ ကျနော်ကတော့ စည်ပင်သာယာမှာပေါ့။
ကျနော်တို့က ကလောဂျီတီအိုင်မှာထဲက အတူတူကျောင်းတက်ခဲ့ကြတယ်။ ကျောင်းပြီးလို့ အလုပ်လုပ်ကြတော့ လည်း တောင်ကြီးမှာပဲ တစုထဲ။ အလုပ်ဌာနချင်းသာကွဲနေပေမယ့် နေ့တိုင်းနီးပါး လက်ဖက်ရည်ဆိုင်မှာ မျက်နှာ ချင်းဆိုင် ဆုံနေကျလေ။ အဲ့ဒီအချိန်က တောင်ကြီးမြို့ရဲ့ ဆောက်လုပ်ရေးဌာန၊ ဆည်မြောင်းနဲ့ စည်ပင်သာယာ အင်္ဂျင်နီယာဌာနတွေက မျက်နှာချင်းဆိုင်နဲ့ ကပ်ရက်တွေပဲလေ။ လှမ်းအော်ခေါ်ရင်တောင် ကြားရလောက်တာ။ မသက်က ဆောက်လုပ်ရေးမှာ၊ ဇော်ရဲက ဆည်မြောင်းမှာ၊ ကျနော်ကတော့ စည်ပင်သာယာမှာပေါ့။
မသက်နဲ့ ကျနော်တို့က တောင်ကြီးရောက်ပြီး ရှစ်လေးလုံးကာလ မတိုင်ခင်နဲ့
ရှစ်လေးလုံးကာလအတွင်းမှာသာ ပိုရင်းနှီးခဲ့ကြတာပါ။ တောင်ကြီးမှာ အရေးအခင်းစတော့ မသက်က
ကျနော်နဲ့ ဇော်ရဲကို လာခေါ်တာ။ မှတ်မှတ်ရရ မျက်နှာကိုမမှတ်မိအောင် ရုပ်ဖျက်ဖို့ အ၀တ်စတွေကအစ
ကျနော်တို့အတွက်ယူလာပေးတာလေ။ အရင် ကလောမှာနေခဲ့ကြတုန်းက သာမာန်ခေါ်ပြောဆက်ဆံရုံလောက်ထက်
မပိုခဲ့ပါဘူး။ ဇော်ရဲနဲ့ကျနော်က တော့ တဆောင်ထဲနေရုံမက မရှိအတူငတ်ဖေါ်ငတ်ဖက် အမြဲမခွဲတတွဲတွဲသူငယ်ချင်းတွေပေါ့။
ဝါသနာတူ စရိုက်တူတွေလို့ ပြောရင်လည်းရနိုင်ပါတယ်။ မောင်မယ်သစ်လွင်ကြိုဆိုပွဲရဲ့ စတိတ်ရှိုးတိုင်း၊
ကျောင်းနံရံကပ် စာစောင်လုပ်တိုင်းမှာ ကျနော်တို့ပါတယ်။ ဘယ်လောက်တူသလဲဆိုရင် ကျောင်းနောက်ဆုံနှစ်မှာ
ရန်ဖြစ်လို့ ကျောင်း ၁၀ ရက် အထုတ်ခံရတာကအစ အတူတူ။
(၃)
တောခိုဖြစ်ဖို့အကြောင်းဖန်လာတာလည်း ဇော်ရဲကြောင့်လို့ ပြောရင်မမှားပါဘူး။
သူတို့တွေ ရုတ္တရက် တောင်ကြီးကနေပျောက်သွားကြတော့ ကျနော်မနေတတ်တော့ဘူး။ ကျောင်းပြီးစ
စရိုက်မို့ အဖေါ်မက်တာက လည်းတကြောင်း။ နေ့တိုင်းဆုံနေကျမျက်နှာတွေကို မမြင်ရတာကလည်းတကြောင်း၊
အဆိုးဆုံးကတော့ တောင်ကြီးမှာ မြင်နေကျလူငယ်တော်တော်များများ ပျောက်သွားကြတဲ့အပြင် တနိုင်ငံလုံးမှာလည်း
ဒီလို ဖြစ်စဉ်တွေဖြစ်နေတော့ တောခိုတဲ့အလုပ်ကို မလုပ်ရင်တောင် ခေတ်မမှီတော့သလိုလို
ခံစားလာရလို့လေ။
ဒါကြောင့်ပဲ ကျနော်နဲ့ အတွဲများနေတဲ့ အာလူးနဲ့ ကျနော် တောခိုဖို့ကို
လမ်းစရှာဖို့ဖြစ်လာပါတော့တယ်။ အာလူးဆိုတာက သူ့အဖေက ကွန်မြူနစ်ဟောင်းနိုင်ငံရေးသမာကြီး၊
ဆုံးတာတော့ကြာပါပြီ။ ဒါပေမယ့် သူ့အဖေသွေးက သားမှာပါလာတော့ နိုင်ငံရေးပိုးက ထချင်ချင်။
နောက် သူက စာပေစိတ်ဝင်စားသူတယောက် ဖြစ်တာမို့ နိုင်ငံရေးစာအုပ်တွေဖတ်ဖူးထားတော့ ပိုဆိုးတာပေါ့။
သူ့မိခင်အိုကြီးကို လုပ်ကျွေးဖို့ တာဝန်ယူထားရ သူတယောက်ဖြစ်နေပေမယ့် တအားနဲ့ကိုတက်ကြွနေတာ။
တနေ့တနေ့ တောင်ကြီးကထွက်နိုင်မယ့် လမ်းကြောင်း ရှာရ၊ တောခိုမယ့်အဖွဲ့အစည်းနဲ့ ဆက်သွယ်ရေးလမ်းကြောင်းရှာရနဲ့ကို
မအားနိုင်ဘူး။ ပြသနာက ကျနော်တို့ ဒီလိုလှုပ်ရှားနေစဉ်မှာပဲ ကျနော်တို့ကို လမ်းညွန်ပေးနေတဲ့
ဦးနေမျိုးရဲ့စကားကြောင့် ကျနော်တို့မှာ လွယ်မယောင်နဲ့ခက်နေကြရတာပါ။ တကယ်တန်း ပအိုဝ်းအဖွဲ့အစည်းတွေကို
ဇော်ရဲတို့လို တောခိုမယ်ဆို အလွယ်လေး။ တောင်ကြီးပတ်ပတ်လည်မှာ ပအိုဝ်းရွာတွေချည်းလေ။
အချိန်မရွေး သွာလို့ရတယ်။
“ပအိုဝ်းအဖြူနဲ့ အနီဆိုတာ ဓါးပြသာသာအဖွဲ့တွေပါကွာ၊ တကယ်တန်းမင်းတို့
တောခိုမယ်ဆိုရင်တော့ ဗကပလို နိုင်ငံရေးကျောထောက်နောက်ခံရှိတဲ့ အဖွဲ့တွေဆီကိုပဲသွားသင့်တယ်။
ဒါမှ မင်းတို့လုပ်ချင်တာ ဖြစ်နိုင်မယ်” တဲ့
ဒီတော့ ဗကပအဖွဲ့အစည်းနဲ့ ဆက်သွယ်နိုင်မယ့်လမ်းကြောင်းကို ရှာရပြန်တာပေါ့။
ဒါကလည်း ဘယ်လိုအဆက် အစပ်မှမရှိခဲ့ဖူးတဲ့ ကျနော်တို့လိုကောင်တွေအတွက် အတော့ကိုခက်တာပါ။
တွေ့သမျှလူကို လျှောက်မေးလို့ရ တာမျိုးလည်း မဟုတ်ဘူးလေ။
(၄)
တကယ်တန်းတောခိုဖြစ်တော့လည်း ဘာမှတောင် အားမစိုက်လိုက်ရပါဘူးဗျာ။
ဇော်ရဲနဲ့ သူ့သူငယ်ချင်း နှစ် ယောက် ကျနော့်အိမ်ကိုရောက်လာကြတယ်။ မြို့ထဲမှာကျန်နေတဲ့လူတွေနဲ့
ပြန်ချိတ်ဖို့တဲ့။ ကျနော့်အိမ်မှာ တည်းကြပေမယ့် ကျနော်ကတော့ ခပ်ရှောင်ရှောင်ပါပဲ။ စကားတောင်ကောင်းကောင်းပြန်မပြောဖြစ်ပါဘူး။
အရင်က ပြောခဲ့ဖူးတဲ့ စကားရှိပြီးဖြစ်နေတာရယ်၊ ဦးနေမျိုးပြောဖူးတဲ့စကားက ကျနော့်မှာအခံဖြစ်နေတာရယ်
ကြောင့် သိပ်ကိုစိတ်မ၀င်စားတော့တာလေ။
ထူးတာက ဇော်ရဲနဲ့ပါလာတဲ့ကြောင်မဆိုသူနဲ့ အာလူးတို့ ပြောနေကြတဲ့စကားတွေက
ကျနော့်ကို တော်တော်ဆွဲ ဆောင်တာ။ ကြောင်မရဲ့စကားတွေက စိတ်ဝင်စားစရာ အကောင်းသား …
“ကျနော့်တသက်မှာ မိဘတွေက ကျနော်လုပ်သမျှ မှန်တယ်လို့ ပြောတာ၊
အားပေးတာကို မခံခဲ့ရဖူးပါဘူးဗျာ။ အခုလို တောခိုလိုက်တော့ ကျနော့်အဖေရောအမေရောက ကျနော့်ကို
လေးလေးစားစားနဲ့ကို အားပေးကြတာ”
ပြောပုံအရဆို ကြောင်မဆိုသူက တော်တော်ဆိုးတဲ့လူ။ တောင်ကြီးမှာ
လူမိုက်ထဲက အဆိုးဆုံးလူ ၅ ယောက် လောက်ကို ရွေးရင်တောင် သူပါနိုင်တယ်တဲ့။ ရန်အဖြစ်ဆုံး၊
မူးယစ်ဆေးဝါးအသုံးစွဲဆုံးထဲမှာကို ပါတာတဲ့။
“အခုဆိုကျနော်သေပျော်ပြီ။ ကျနော်ကို တခါမှ အကောင်းမပြောဖူး၊
မမြင်ဖူးတဲ့ ညီမလေးကတောင် ကျနော် တောထဲရောက်ပြီးမှ စာရေးတယ်။ အခုလိုမျိုး အကိုတယောက်ရှိတာကို
ညီမဂုဏ်ယူတယ်တဲ့။ အိမ်ကို ဘာမှ မပူပါနဲ့တဲ့။ ညီမတာဝန်ထားလိုက်ပါ၊ အကိုလုပ်စရာရှိတဲ့အလုပ်ကို
ဖြောင့်ဖြောင့်တန်းတန်း ဆက်လုပ်ပါတဲ့။ ဘယ်လောက် ကျေနပ်ဖို့ကောင်းလဲဗျာ” တဲ့ …
သိပ်မကြာလိုက်ပါဘူး သူတို့စကားပြောလို့ တနာရီကျော်ကျော်လောက်မှာပဲ
အာလူးဆုံးဖြတ်ချက်ကျသွားတယ်။ ဇော်ရဲတို့ပြန်ရင် လိုက်သွားတော့မယ်တဲ့။ ကျနော်အတော့ကို
အံ့သြသွားတယ်လေ။ အရင်က ကျနော်နဲ့အတူ ဗကပဖက်ကိုသွားဖို့ သဘောတူပြီးသား၊ အဆက်အသွယ်တချို့တောင်ရနေပြီးမှ
အခုလိုပြောင်းသွားတာ ဘာကြောင့်လဲ။ ကျနော်လည်းခပ်ရှောင်ရှောင်မနေတော့ပဲ သူတို့စကားတ၀ိုင်းကို
အာရုံစိုက်နားထောင်ကြည့် လိုက်မိတယ်။ ဇော်ရဲရှင်းပြတာက …
“အခုပအိုဝ်းအဖွဲ့အစည်းက ကျနော်တို့ကို သူတို့အဖွဲ့အောက်မှာ ထားမှာမဟုတ်ဘူး။
သီးခြားလွတ်လပ်တဲ့ အဖွဲ့ အစည်းထူထောင်ခွင့်ပေးမှာတဲ့။ နောက် နယ်စပ်မှာရောက်နေတဲ့ အခြားကျောင်းသားအဖွဲ့တွေနဲ့လည်း
ဆက်စပ် ပေးပါမယ်တဲ့။”
“ပိုကျယ်ပြန့်တဲ့၊ ပိုထိရောက်တဲ့အလုပ်တွေ လုပ်နိုင်ဖို့ နိုင်ငံတကာနဲ့
ဆက်သွယ်နိုင်အောင်လည်း ကူညီပေးဦးမှာ တဲ့ကွာ ဘယ်လောက်ကောင်းလဲ။ ကိုယ်ကြိုးစားရင် ကြိုးစားနိုင်သလောက်အောင်မြင်ဖို့
လမ်းကြောင်းတွေ ရှိနေ ပြီလေ …”
ကျနော်လည်းဇော်ရဲစကားကို ကြားလိုက်ရတော့ စိတ်ထဲပြောချင်တာတွေ
ဝင်လာတယ်။
“မင်းပြောတာတွေက အကောင်းဖက်ရှုထောင့်က တွေးတာတွေချည်းဖြစ်နေတယ်ကွာ။
မင်းလည်းသိပါတယ် အရေးအခင်းကာလက။ အဖွဲ့တွေ တဖွဲ့နဲ့တဖွဲ့ အားပြိုင်ကြတာ။ နောက် တာဝန်ယူထားတဲ့လူတွေ
ဖြစ်လာရင် အခွင့်အရေးယူတတ်ကြတာ၊ မောက်မာကြတာ၊ အနိုင်ကျင့်ကြတာတွေလေ။ ဒါက မြို့ပေါ်မှာ
လက်နက်မကိုင်ရ သေးဘူး။ ဒါးလောက် လှံလောက်ကိုင်ခွင့်ရရုံရှိသေးတာ။ တောထဲမှာက သေနတ်ကိုင်ကြမှာ၊
ဒီလိုစိတ်ဓါတ်မျိုး၊ အကျင့်မျိုးနဲ့ဆို အကုန်လုံးသေကုန်ကြဖို့ပဲရှိမှာ၊ ဘာမှဖြစ်လာမှာ
မဟုတ်ဘူး …”
ကျနော့်စကားဆုံးတာနဲ့ ဇော်ရဲမရှင်းပြသေးခင်မှာပဲ ကြောင်မဆိုသူက
ဖြတ်ပြီး …
“ဒါကတော့ အကိုရယ် အရင်က ကျနော်တို့မှာ ရန်သူမှ တိတိကျကျမရှိသေးတာ။
အကိုစဉ်းစားကြည့်ပါ။ လူတယောက်နဲ့ တယောက်။ ရပ်ကွက်တခုနဲ့ တခု မတည့်ကြတာတွေရှိနိုင်ပါတယ်။
ဒါပေမယ့် အဲ့ဒီအဆင့်ကို ကျော်ပြီး အခြားမြို့နယ်တခုခုနဲ့ ဘောလုံးပွဲ ဖြစ်ကြည့်ပါလား။
ဒီလူတွေ ဒီရပ်ကွက်တွေ အလိုလို လက်တွဲမိသွား တတ်ကြပါတယ် … ။
အခုလည်း ကျနော်တို့ကို သွေးမြေကျအောင်လုပ်ပြီး စိမ်ခေါ်နေတဲ့
ကျနော်တို့ရန်သူရှိနေပြီပဲ။ ကျနော်တို့တွေ ဘယ်လောက်ပဲ နေရာဒေသနဲ့ အမြင်တွေ ကွဲနေပါစေ
ကျနော်တို့အချင်းချင်း လက်တွဲလုပ်နိုင်ကြမှာပါ။ အကို ပြောသလို ဟိုအရင်က ဖြစ်ခဲ့ရင်တောင်မှ
ဒါကိုသင်ခန်းစာယူပြီး ပြင်ကြည့်ကြတာပေါ့။ ဒီအတိုင်း မလုပ်ပဲနေတာ ထက် လုပ်ကြည့်လိုက်တာက
ပိုသဘာဝကျနိုင်ပါတယ်။ အခုကျနော်တို့ ဟိုမှာရောက်နေကြတဲ့ ရဲဘော်တွေ လည်း ဒါမျိုးတွေမရှိကြပါဘူး။
အားလုံးညီအကို မောင်နှမတွေလိုပါပဲ။ အကိုလိုက်ကြည့်ပါဦး။”
ကျနော် အပြောရခက်သွားပါတယ်။ ခံစားချက်နဲ့ပြောလိုက်ရပေမယ့် သူ့ရှင်းပြချက်က
ယုတ္တိတန်နေတော့ လက်ခံရ မလိုလို။ အာလူးလိုက်သွားလို့ တောမခိုဖြစ်ရင်တောင် မြို့ပေါ်ပါတီတွေဖွဲ့ခွင့်ရရင်
ပါတီတခုခုထဲဝင်ပြီး နိုင်ငံရေးဆက်လုပ်မယ်လို့ တွေးထားတဲ့ကျနော် ကြောင်မစကားကြောင့်
လည်တယ်တယ်ဖြစ်သွားရပါတယ်။
ဒီတော့မှ ဇော်ရဲကဆက်ပြီး …
“မင်းစဉ်းစားစမ်းပါဦးကွာ အာလူးဆို မိဘကိုတာဝန်ယူလုပ်ကျွေးနေရတာ။
မင်းက ဘာတာဝန်မှရှိတာလည်း မဟုတ်ဘူး။ သူ့အမေနဲ့ သူ့ညီက သူ့ကြောင့် တိုက်ခန်းမှာနေခွင့်ရနေတာလေ။
သူမရှိတော့ရင် ဘယ်လိုဆက် နေကြမလဲ။ ဒါကိုတောင်မစဉ်းစားပဲ အခု အာလူးက တောခိုဖို့ဆုံးဖြတ်လိုက်ပြီ။
မင်းက ဘာသွေးကြောင်နေ တာလဲ” တဲ့။ ဒီစကားက ကျနော့်မာနကို တော်တော်လေးထိခိုက်သွားပါတယ်။
ဒါကြောင့်ပဲ ကျနော် တောခိုဖြစ် ခဲ့တယ် ဆိုပါစို့ဗျာ။
(၅)
ဇော်ရဲက တောထဲကြိုရောက်နှင့်နေပြီးသားဖြစ်နေတာရယ် သူ့ရဲ့ ရဲရဲရင့်ရင့်
လုပ်တတ်ကိုင်တတ်၊ ဆုံးဖြတ်တတ် တာတွေရယ်ကြောင့်လို့ ပြောရမှာပါပဲ။ တောခိုတဲ့လမ်းကြောင်းတလျှောက်လုံး
ကျနော်တို့အဖွဲ့မှာ သူက ခေါင်း ဆောင်။ ကားပေါ်ကို ဘယ်သူနဲ့ ဘယ်သူနဲ့တွဲပြီး တဖွဲ့စီတက်ဖို့။
လမ်းမှာ ကိုယ့်အဖွဲ့ချင်းပဲ စကားပြောကြဖို့။ ကားပေါ်ကဆင်းလို့ ဆိုင်တွေမှာထိုင်ကြပြီဆိုလည်း
အဖွဲ့တွေခွဲပြီးထိုင်ကြဖို့တွေကို သူက ကြိုပြင် ကြိုစီစဉ်ပြီး ကြိုညွှန်ကြားထားပြီးသား။
ပအိုဝ်းရွာတွေကို တလလောက်ကြိုရောက်ထားတော့ ပအိုဝ်းစကားကို တော်တော် တတ်နေပြီ။ ရွာရောက်တာနဲ့
ပအိုဝ်းလိုမေးမြန်းဆက်သွယ်တတ်နေပြီ။ စားဖို့သောက်ဖို့ စီစဉ်တတ်နေပြီ။
ကျနော်တို့ တပ်ရင်းက ABSDF ဗဟိုမှာ ဆေးနဲ့ ဆက်သွယ်ရေးသင်တန်းသွားတက်ရမယ်ဆိုတော့
ကျနော်ရော သူရော အရွေးခံရတယ်။ ဒီတော့လည်း သူက
“မင်းနဲ့ငါ သင်တန်းတွေခွဲတက်ကြမယ်ကွာ။ ဒါမှ မင်းနဲ့ငါ ဒီပညာတွေ
ပြန်ရှယ်လို့ရမှာ။ ဒါဆို တို့က နှစ်မျိုးလုံး တတ်မှာ” တဲ့ …။ ဒါကြောင့်ပဲ ကျနော်က
ဆက်သွယ်ရေးသင်တန်း။ သူက ဆေးသင်တန်းတွေတက်ဖြစ်ခဲ့ကြပါ တယ်။ အကျိုးအမြတ်ကတော့ ကျနော်တို့
သင်တန်းလည်းဆင်းရော သူနဲ့ကျနော်သင်ခဲ့ကြတဲ့ပညာတွေကို ရှယ် ဖြစ်ကြတယ်။ သူလည်းဆက်သွယ်ရေးပညာလေ့လာခွင့်ရ၊
ကျနော်လည်းဆေးပညာ လေ့လာခွင့်ရပေါ့။ ကျနော်တို့
နှစ်ယောက်အတွက် နှစ်ယောက်စာ ဆိုဒ်ဖာတွေလုပ်ဖြစ်သလို၊ တပ်ရင်းအတွက် ဆိုဒ်ဖာတွေလည်း
တော်တော်လုပ်ဖြစ်သွားပါတယ်။ ကျနော်တို့ တပ်ရင်းပတ်ဝန်းကျင်က ရှမ်းရွာ ပအိုဝ်းရွာတွေ၊
ထိုင်း သစ်တော စခန်းရှိ မြန်မာပြည်သားတွေကို ကျနော်တို့နှစ်ယောက်အတူ ဆေးလိုက်ကုခွင့်တွေရခဲ့ဖူးပါတယ်။
ဇော်ရဲမှာ ထူးခြားတာက
မိုက်မိုက်ကန်းကန်းနဲ့ လက်ရဲဇက်ရဲ ရန်ဖြစ်တတ်ပေမယ့် ဆေးပညာသင်ပြီးတဲ့နောက် ဆေးကုသရာမှာတော့
အတော့်ကို နူးညံ့ သိမ်မွေ့သွားတာပါပဲ။ လူနာနဲ့ဆက်ဆံတဲ့အခါမျိုးမှာ နူးညံ့မှုတွေကို အထင်းသား
တွေ့နိုင်တယ်။
ဇော်ရဲက နူးညံ့ပြီဆိုရင်လည်း သူများထက်နူးညံ့တတ်သလို ရဲရင့်ပြီဆိုရင်လည်း
သူများထက် ပိုတတ်တယ်။ တိုက်ပွဲရှိတယ်ဆို ဆေးမှူးမိုလို့ သူ့ကို ချန်ထားမှာကို သူမကြိုက်။
သူပါရမှ။ တိုက်ပွဲတိုင်းကို တောင်းဆိုပြီးကို လိုက်တတ်တာ။ တခါက ကျနော်တို့တပ်ရင်းမှာ
ကလေးတွေလို့သတ်မှတ်ထားတဲ့ထဲက သန့်ဇင်ဆိုတဲ့ ၈ တန်းနဲ့ တောခိုလာတဲ့ ကျောင်းသားလေးကို ကိုစိုင်းဆိုတဲ့ရဲဘော်က မူးပြီး သူသောက်နေကျ ဆေးလိပ်သောက်တဲ့
ဝါးပြောင်းနဲ့ ရိုက်လိုက်တာ လက်ကျိုးသွားပါရော။ လောလောလတ်လတ် အမှုကို မဖြေရှင်းသေးပဲ
ဇော်ရဲတို့ နေတဲ့ ဆေးခန်းကို အရင်ပို့လိုက်ရတာပေါ့။ ဇော်ရဲတို့ကလည်း လက်ကျိုးလာတဲ့
သန့်ဇင်ကို လိုတာလေးတွေ ချက်ချင်းလုပ်ပေးကြပါတယ်။ သိပ်မကြာပါဘူး အမှုစီရင်ဖို့လုပ်နေတုန်း
ဇော်ရဲရောက်လာပြီး ကိုစိုင်းကို ၀င်ထိုးပါ လေရော။ မနည်းဆွဲလိုက်ရတာပေါ့။ နောက် သူက
ပြောလိုက်သေးတယ်။
“ ဒီလိုကောင်မျိုကို ဒီနည်းနဲ့ပဲ ဖြေရှင်းမှတန်တယ်။ ဟေ့ကောင်
ကိုစိုင်း မင်းသိတ်သတ္တိရှိနေရင် လူကြီးတွေကို လုပ်ပါလားကွ” တဲ့။
(၆)
ကျနော်တို့ ထိုင်းနယ်စပ်ကနေ ပအိုဝ်းမြေကို ပြန်ကြတဲ့ လမ်းတလျှောက်လုံးမှာ
ကျနော်က လူနာတယောက် အဖြစ်နဲ့ စစ်ကြောင်းကို အနှောက်အယှက်ဖြစ်စေခဲ့ဖူးပါတယ်။ ၀မ်းကိုက်နဲ့ငှက်ဖျား
ရောဖြစ်လိုက်တာ လူစင်စစ် က လေးဖက်ထောက်သွားရတဲ့ ဘ၀အထိကိုရောက်ခဲ့ရတာပါ။ စစ်ကြောင်းအရှိန်မပျက်
ဆက်လက်ထွက်ခွာနိုင် ဖို့ ဇော်ရဲကပဲအကြံပေးပြီး၊ ကိုမင်းဝေဟင်နဲ့အတူ လမ်းကြောင်းပေါ်က
ကရင်နီစခန်းတခုမှာ ကျနော့်ကို ကုသ ပေးဖို့ တာဝန်ယူပြီး နေခဲ့ကြပါတယ်။ ဒရစ်တလုံးသွင်းပြီး
နေ့ဝက်လောက်နားလိုက်တော့ ကျနော်အားပြန်ဖြစ် လာပါတယ်လေ။ ဒီတော့မှ ကျနော် ဇော်ရဲကို ဂျီကျတော့တာပဲ။
စစ်ကြောင်းကို ပြန်လိုက်ဖို့လေ။ ပြသနာက သူက
ကျနော့်ကျန်းမာရေးအတွက် တာဝန်ယူပြီးနေခဲ့တာ။ အခြေအနေပြန်ကောင်းရင် နယ်စပ်ကစခန်းကို
ပြန်ဖို့
စစ်ကြောင်းတာဝန်ခံ ကိုတိုက်မောင်းက ညွှန်ကြားထားတာ။ ဒီတော့ ကျနော့်
ဆန္ဒကိုလိုက်လျောဖို့ သူမှာ ခက်နေရှာတယ်ထင်ပါတယ်။ ကျနော်ကို အမျိုးမျိုးနားချပါတယ်။
ကျနော်က နောက်ဆုံး မင်းမလိုက်လည်းနေခဲ့၊ ငါတော့ တယောက်ထဲဆက်သွားမယ်ဆိုပြီး အကြပ်ကိုင်တော့
မှ သူပါလိုက်ပါမယ်ဆိုပြီး ဖြစ်သွားရတာ။ ကျနော်နဲ့ မခွဲနိုင်သလို သူကိုယ်တိုင်က ပအိုဝ်းပြည်ကို
ပြန်ချင်နေတာပဲလေ။ ဒီတော့ဖြစ်ချင်ရာဖြစ်၊ ပြန်မယ်။ လမ်းမှာ ရန်သူစစ်ကြောင်းနဲ့ ဆုံရင်
ကျနော့်တို့မှာ လက်ပစ်ဗုံး ၃ လုံးပါတယ်။ ၂ လုံးကုန်တဲ့အထိ ပြန်ခုခံပြီး ကျန်တဲ့တလုံးကတော့
ငါတို့အတွက်ပဲ၊ သူတို့လက်ထဲတော့ အရောက်မခံနိုင်ဘူးဆိုပြီး ကျနော်တို့ ခရီးဆက်ခဲ့ ကြပါတယ်။
တလမ်းလုံး ကျနော့်ကို အရိပ်တကြည့်ကြည့်နဲ့ ဆေးတိုက်လိုက် နားခိုင်းလိုက်နဲ့
ကျနော့်ဂရုစိုက်ခဲ့တာပါ။ ဒါပေမယ့် သရီးဒါးဆိုတဲ့ရွာမရောက်ခင် ချောင်းတွေကိုအဖြတ်မှာတော့
ကျနော်ကို မညှာတော့ပါဘူး။
ချောင်းတွေကို ဖြတ်ရတာကလည်း အကြိမ် (၆၀) လောက်ရှိမယ်ထင်တယ်။
ရေထဲဖြတ်လိုက် ပြန်တက်လိုက်၊ လမ်းလျှောက်လိုက်၊ ဖြတ်လိုက်နဲ့ နောက်ဆုံးခြေထောက်တွေက
မြေကြီးကို နင်းရမှာကိုကြောက်လာပါတယ်။ ခြေဖ၀ါးတွေက နူးလာပြီး ဖိနပ်နဲ့ ခြေဖ၀ါးကြားဝင်နေတဲ့
သဲတွေကြောင့်ပါ။ ကျနော်ကလည်း ထုံးစံအတိုင်း လျှောက်မနိုင်တော့တာနဲ့ ဘေးကခြုံထဲ လှဲချပြီး
ငါကိုထားခဲ့တော့၊ ငါမလိုက်နိုင်တော့ဘူးလို့ ပြောလိုက်ပါတယ်။
ဒီတော့ဇော်ရဲက ကျနော့်အကြောင်းကို သိနေတော့
“ ငါလည်းဒီလိုပါပဲကွာ မလျှောက်နိုင်တော့ပါဘူး။ တို့ နားလိုက်ရင်စစ်ကြောင်းကို
ပြန်မှီဖို့ မလွယ်တော့လို့ပါ။ နောက်ထပ်တနာရီလောက်ဆက်လျှောက်လိုက်ကွာ ပြီးမှနားကြတာပေါ့”
တဲ့။ တနာရီကလည်းပြည့်ခဲလိုက်တာ ဗျာ။ ညဖက်ကလည်းဖြစ်
ကျနော်မှာကလည်းနာရီမရှိတော့ “မင်းတနာရီဘယ်တော့
ပြည့်မှာလဲကွ၊ နောက်ထပ် ဘယ်လောက်လိုသေးလဲ” လို့ ခနခနမေးရပါတယ်။ မေးတိုင်း နဲနဲပဲလိုပါတော့တယ်ကွာ
ဘာညာနဲ့ ကျနော့်ကို ညာခေါ်သွားတာ။ တောင်ကြော အပြန့်လေးတနေရာရောက်မှ အိပ်ခွင့်ရတယ်။ ပင်ပန်းလွန်းလို့ ချက်ချင်းပဲ အိပ်ပျော်သွားကြတာပေါ့။
ထကြတော့ ထကြတော့လို့ ဇော်ရဲနှိုးတော့မှ ကျနော်တို့ ပြန်နိုးကြတယ်။ မနက် ၅ နာရီ ထိုးနေပြီတဲ့၊
ကျနော်တို့စစ်ကြောင်းတွေက မနက် ၆ နာရီလောက်ဆို ခရီးစထွက်တတ်တော့ သရီးဒါးဆိုတဲ့ ရှေ့က
ရွာမှာ မှီများမှီမလားဆိုတဲ့ဇောနဲ့ ဆက်လျှောက်ကြပြန်တာပေါ့။ အလင်းရောင်ကလည်း တော်တော်နဲ့
မမြင်ရပါဘူး။ ၅ နာရီကသာစလျှောက်တယ်ဆို တနာရီလောက်ဆို အလင်းရောင်ကိုမြင်ရလောက်ပါပြီပေါ့။
ဘယ်ဟုတ်မလဲ နောက်မှ သိရတာ ဒီကောင်ဇော်ရဲ ညာတာဗျ။ ကျနော်တို့ ၃ နာရီလောက်ဆက်လျှောက်မှ
အာရုံဦးအလင်းရောင်ကို မြင်ရတယ်လေ။ ဘယ်အချိန်ကထခိုင်းလဲ၊ ဘယ်နှနာရီလောက်အိပ်လိုက်ရလဲ
မသိပါ ဘူး။ သူ့ကိုလည်းစိတ်မဆိုးအားတော့ပါဘူး။ ဘာလို့လဲဆိုတော့ လင်းလင်းချင်းပဲ သရီးဒါးရွာကိုရောက်ပြီး
နောက်ကျထွက်တဲ့ ကျနော်တို့စစ်ကြောင်းကို ပြန်မှီလိုက်လို့လေ။ ပျော်လိုက်တာဗျာ။ ရဲဘော်တွေအားလုံးလည်း
ကျနော်တို့ရောက်လာပြီကြားတော့ ချက်ချင်းရောက်လာကြပြီး ၀မ်းသာအားရ နှုတ်ဆက်ကြတယ်လေ။
နောက် ကိုတိုက်မောင်းကလည်း ကျနော်တို့ ကျန်ခဲ့တာကို စိတ်ပူ၊ စိတ်မချဖြစ်ပြီး လမ်းမှာနားတာနဲ့
ကျန်နေတဲ့ ကျနော် တို့အတွက် ကဗျာလေး တပုဒ်တောင်စပ်ထားတာကို ပေးဖတ်တယ်လေ။ တကယ့်ပီတိပါပဲဗျာ။
ဒါတွေအားလုံး က ဇော်ရဲကောင်းမှုပေါ့။
(၇)
ပအိုဝ်းမြေကိုရောက်ပြီး သိပ်မကြာပါဘူး ဇော်ရဲတို့ခရီးထွက်သွားကြတယ်။
ဘယ်ကိုဆိုတာ ကျနော်မသိလိုက်ရ။
ကျနော်နဲ့သူ တနေရာစီရောက်နေချိန်မို့လေ။ ကျနော်ကကျန်းမာရေးမကောင်းတော့
အထိုင်၊ သူက လှုပ်ရှားဖြစ် နေတာကြောင့်ပါ။ နောက်မှ သူနဲ့အတူ ခရီးထွက်သွားတဲ့ ကိုခင်ဇော်ဆီက
သတင်းကြားရတယ်။ ဇော်ရဲ သူ့အိမ် မှာ ထမင်းစားနေတုန်း အဖမ်းခံလိုက်ရတယ်တဲ့။
“ပထမရက်သွားထဲက ကျနော်သတိပေးတယ်၊ ဘာမှမဖြစ်ပါဘူးဆိုပြီး နောက်တခေါက်ထပ်သွားတာ။
သူ့အမေ ကလည်းထမင်းချက်ထားမယ်ဆိုပြီးမှာလိုက်တာကိုး။ ကျနော်နဲ့သူ ကွဲသွားပြီး သူ့အိမ်ကိုချိန်းထားတာထက်
နဲနဲ နောက်ကျပြီးရောက်သွားလို့ ကျနော်ကံကောင်းသွားတယ်ဗျာ။ ကျနော်ရောက်ရောက်ချင်းပဲ
သူ့အဖေက ကျနော့်ကိုအိမ်ကအတင်းခေါ်ထုတ်ပြီး လမ်းရောက်မှ ပြောပြတာ။ သူ့သားထမင်းစားနေတုန်း
ရပ်ကွက်လူကြီး တွေနဲ့ အရပ်ဝတ် ထောက်လှမ်းရေးတွေလာဖမ်းသွားတာတဲ့” ကိုခင်ဇော်ဆီက သိရတဲ့
သူနဲ့ပတ်သက်တဲ့ သတင်းကို နောက်ဆုံးအဖြစ်ကြားလိုက်ရတဲ့ စကားသံတွေပါ။
ကျနော်တို့ ပအိုဝ်မြေကထွက်လာချိန်အထိ ဇော်ရဲသတင်းကို မရတော့ပါ။
ထိုင်းနယ်စပ်ကိုပြန်ရောက်တော့ ပိုဆိုးသွားတာပေါ့။ အဖွဲ့အစည်းကထွက် ဒုက္ခသည်ဘ၀ခံယူလိုက်ပြီး၊
အင်တာနက်ဆိုတာကို သုံးဖြစ်ကာမှ တောင်ကြီးသား အင်တာနက်မိတ်ဆွေတွေနဲ့ ဆက်စပ်မိပြီး သူ့ကိုစုံစမ်းမိတာ။
တောင်ကြီးနဲ့ပတ်သက် လာရင် သိချင်တာက သူ့အကြောင်းပဲလေ။ အကယ်၍ အင်တာနက်အဆက်အသွယ်လေးများ
ရခဲ့ရင် သိချင်၊ ပြောချင် နေတာလေတွေက ရင်ထဲမှာအပြည့်။ ဘာဖြစ်လို့ အိမ်ကို ပြန်သွားရတာလဲ၊
တကယ်ပဲ အဖမ်းခံခဲ့ရ တာလား၊ ထောင်များကျခဲ့သေးလား၊ အခုဘာတွေမျာလုပ်ကိုင်နေလဲ။ သားသမီးတွေဘယ်နှယောက်ရလို့
ဘယ်အရွယ် တွေ ရောက်နေကြပြီလဲ စသဖြင့်တွေပေါ့။
ပြန်ပြောချင်တာလေးတွေကတော့ ငါလည်းခုထိ ကျန်းမာရေးက ချူခြာနေတုန်းပဲဆိုတာနဲ့
မိသားစုနဲ့ဖြစ်နေပြီး ဘယ်လိုမှ မမျှော်လင့်ထားတဲ့ ဒုက္ခသည်ဘ၀ ရောက်နေပြီဆိုတာတွေပေါ့။ နောက် တို့မျှော်မှန်းခဲ့တဲ့လမ်းကို
ပြီးဆုံးအောင် မလျှောက်နိုင်ခဲ့တဲ့အဖြစ်တွေကို ပွင့်ပွင့်လင်းလင်း အားရပါးရ သုံးသပ်ပြချင်သေးတယ်။
မင်းဝမ်းသာစရာတခုကတော့ ငါလေ မင်းပေးခဲ့တဲ့ ဆေးပညာလေးနဲ့ ဘွဲကရင်ရွာတွေက တောတောင်တွေ
ကြားမှာ ဒုက္ခရောက်နေကြတဲ့ လူတော်တော်များများရဲ့ အသက်တွေကို ကယ်တင်နိုင်ခဲ့တယ်ဆိုတာပါပဲ
ဇော်ရဲရေ ….
ဒီနေ့ ဖတ်ဖြစ်ပြန်ပါတယ်။
ReplyDelete