Friday, December 23, 2011

ဗဟုအိမ်

by Wai Maw on Saturday, December 24, 2011 at 9:26am
 
အိမ်ပေါက်ဝ လှေကားထစ်ကိုနင်းတက်ပြီး အိမ်ထဲသို့ ကျနော်ကဲကြည့်လိုက်ချိန်မှာ ထမင်းဝိုင်းက အဆင်သင့် ဖြစ်နေပြီ။ ထမင်းဝိုင်းမှာတော့ သမီးလေးနဲ့သူ့အမေ နှစ်ယောက်တည်း။
“ဟော..ပတ်လည်ကြီး ပြန်ရောက်လာပြီ...ထမင်းစားချိန်နဲ့ကွက်တိပဲ”
အိမ်အ၀င် ပုံမှန်ဆီးကြိုနေကျ တေးသံကိုနာခံလိုက်ရသည်။ အကင်းပါးလှသော သမီးငယ်က  မျက်ခုံးလေး ပင့်ကာ ကျနော့်ကိုကြည့်နေရင်းမှ သူ့အမေဘက်သို့မျက်လုံးထောင့်ကပ်ပြသည်။ ပြီးမှ..
“အဖေ တစ်ခါတည်းဝင်စားမယ်မို့လား သမီးထမင်းသွားထည့်လိုက်မယ်လေ”
“စားပါသမီးရယ် အဖေသိပ်မဆာသေးလို့.. ဒါနဲ့ သမီးအစ်ကိုတွေရော”

အိမ်မှာမရှိတာ ကိုယ်တစ်ယောက်တည်းမဟုတ်ကြောင်း သက်သေထူလို၍ တမင်စပ်စုလိုက်ခြင်း..
“ကိုကြီးကတော့ ဟိုဘက်အိမ်မှာ ဒရမ်တီးလေ့ကျင့်နေတယ်။ ကိုလေးက အင်တာနက်ဆိုင်မှာ”
“သြော်.. ဒီကောင်တွေကလည်း ထမင်းစားချိန်တောင် ပြန်မရောက်သေးဘူး”
ကျနော့်ဘက်ချိန်ရွယ်ထားသော မျှားဦးကို သားနှစ်ယောက်ဆီသို့ လမ်းကြောင်းပြောင်းရန် ကြိုးစားကြည့်သည်။ သို့သော် သက်ရောက်မှုက အချည်းနှီးသာ..
“ကဲ..ဆာတယ်မဆာဘူး လုပ်မနေနဲ့ တော်ကြာလေခံပြီး အစားပျက်နေအုံးမယ်၊ ခုတောင်ဗိုက်ထဲမှာ လေတွေ ဖောင်းနေရောပေါ့.. တကယ်ဘဲ ရောက်တဲ့အရပ်မှာ စကားကောင်းနေရရင် ထမင်းမေ့ ဟင်းမေ့၊  သားတွေကို စောင့်မနေနဲ့ သူတို့ဘာသာ ပြန်ရောက်မှ စားလိမ့်မယ်၊ သမီး နင့်အဖေကို ထမင်းသွားခူးပေးလိုက်”
“အေး အေး.. ဒါဆိုလည်းပြီးရော... စားလိုက်တော့မယ်”
ထမင်းဝိုင်းဘေးမှာ နေရာယူလိုက်သည်။
“ကြည့်နေတယ် အိမ်မှာ မနက်မိုးလင်း အဆာပြေစားပြီးတာနဲ့ အားလုံး ကြက်ပျောက်ငှက်ပျောက်ပဲ၊ ဟော... စားချိန်ကျရင် တစ်ယောက်ပြီးတစ်ယောက် အလျှိုအလျှို ပြန်ရောက်လာတယ်”
“မင်းကလည်းကွာ ဒီမှာ လုပ်စရာအလုပ်ထွေထွေထူးထူးမှ မရှိတာ၊ ပညာရေးသင်တန်းတွေ တက်နေကြတာပဲ။ ကျန်တဲ့အချိန်မှာ ၀ါသနာပါရာလေးတွေတော့ လုပ်ကြမှာပေါ့”
“ကိုယ်ဝါသနာပါရာ လုပ်တာကိုတော့ အပြစ်မပြောလိုပါဘူး၊ ဒါပေမဲ့ အိမ်အလုပ်တွေကို ကျမတစ်ယောက်တည်း ဒိုင်ခံလုပ်နေရတာ သေတော့မယ် ရှင့်..”
“ဟာ.. ဒီပုံလေးက သမီးဆွဲထားတာလား တော်တယ်ဟေ့ ကြိုးစား ကြိုးစား”
ပုံဆွဲစာအုပ်လေးကို ကမန်းကတန်းကောက်ကိုင်ကာ စိတ်ဝင်တစားကြည့်နေတဲ့ဟန်ပြုလိုက်သည်။ ..မရပါ။
“ခုမှ စကားလမ်းကြောင်းတွေလွှဲမနေနဲ့ ကိုယ့်ကိုယ်ကို ဘာလဲဆိုတာ စဉ်းစား၊ ပြီးတော့ သားတွေကိုလည်း နားလည်အောင် ပြောထားအုံး”
ခက်တော့..ခက်ပြီ။ ဘယ်ဘက်လှည့်ကြည့်ကြည့် ပြေးပေါက်မရှိအောင် တရစပ်တိုက်စစ်ဆင်တာ ခံနေရပြီမို့ ခုလောလောဆယ် ယာယီငြိမ်းချမ်းရေးရဖို့ လက်နက်ချ အညံ့ခံလိုက်ခြင်းသည်သာ အသင့်လျော်ဆုံး ဖြစ်ပေ ရော့မည်။
“အေးပါကွာ... ”
ထမင်းပန်ကန်ရောက်လာသည်နှင့် တသက်လုံးကျင့်သားရလာသောလက်က ဟင်းခွက်၊ ထမင်းနှင့် ပါးစပ် သုံးပွင့်ဆိုင်စပ်ကြား အမှားအယွင်းမရှိအောင် အလိုက်သင့် လှုပ်ရှားလည်ပတ်နေတာကြောင့် အတွေးအာရုံကို (အဝေး) တနေရာဆီသို့ ဆန့်ထုတ်လိုက်သည်။
တစ်အိမ်တည်းနေ မိသားစုအကြောင်း၊ အားလုံးပေါင်းမှ ငါးယောက်ရှိပေမဲ့ တစ်ဦးချင်းမှာ ကာရိုက်တာထူးခြားမှု ကိုယ်စီ၊ ၀ါသနာချင်း ထပ်တူမကျတကျ။

သားကြီးက ဂီတအနုပညာကိုဝင်စားသည်။ ဂစ်တာလေးမတောက်တခေါက် တီးတတ်လာပြီးနောက် ဒရမ်အတီး သင်ချင်တယ်ဆိုလာတော့ မိဘအနေနဲ့ သားသမီးဝါသနာကို မတားရက်မဆီးရက် လိုက်လျောပေးရသည်။ ဒီလိုနဲ့ ဒရမ်ကောင်းကောင်း တီးတတ်သော ဆရာတစ်ဦးထံမှာ တပည့်ခံသင်ကြားနေသည်။  အိမ်မှာတော့
သူ့စိတ်ကူးနှင့်သူ သုံးထပ်သားအပြားတွေကို အ၀ိုင်းပုံလေးတွေဖြတ်ကာ ဒရမ်တီးဝိုင်းပုံစံ ဖန်တီးထားသည်။  သူအင်တာနက်မှ Download ကူးချလာသော ဒရမ်လေ့ကျင့်ခန်းတွေကိုဖွင့်ပြသဖြင့် ကျနော်တို့ကြည့်ရသည်။  သူ့ကိုအားကျ၍လား မသိ။ အိမ်နားက ကလေးတွေပါ ဘူးတွေ၊ခွက်တွေ ခေါက်တတ်လာသည်။ အားလပ်ချိန် တွင်တော့ သူ၏သေးညှက်ပိန်လှီသော ခန္ဓာကိုယ် ဖွံ့ထွားမှုအတွက် ကာယလေ့ကျင့်ခန်းလုပ်သည်။ ဒီအရွယ်မှာ အချည်းနှီးမဖြစ်သော ၀ါသနာတစ်ခုခုမှာ နှစ်မြှုပ်နေတော့လည်း  သူ့အတွက်တစ်မျိုး  စိတ်အေးရတာပေါ့လေ။ သူက အနေအေးဆေးသည်။ စကားပြောချိုသာပြီး အပေါင်းအသင်းဝင်ဆံ့သူ။

သားငယ်လည်း Music မှာမွေ့လျော်ပါသည်။ သို့သော် သားကြီးနှင့်တစ်လိုင်းတည်းမဟုတ်။ သူနှစ်သက်သော သီချင်းတွေ၊အကတွေကို စွဲစွဲမက်မက် ကြည့်ရှုနားထောင်ရာမှ Blog တစ်ခုဖြင့် စုစည်းတင်ပြရန် ကြိုးပမ်းအား ထုတ်သည်။ သူ့ကျတော့ အနေတည်သည်။ အပေါင်းအသင်းသိပ်များများမထား၊ စကားပြောလျှင် နည်းနည်း
ဘုဆတ်ဆတ်နိုင်သူ။ သူ့အရွယ်နဲ့သူ့မိတ်တော့ အဟုတ်သား။ မြန်မာပြည်ရဲ့ တက်သစ်စ Hip Hop အဆိုတော် တွေနှင့် Online ပေါ်မှာတွေ့ပြီး အလွန်းသင့်နေသည်။ သူတို့တစ်တွေ စုပေါင်းထူထောင်ထားသော Myanmar Underground Songs ဆိုက်မှာ သူနှင့် မတိမ်းမယိမ်း ဆယ်ကျော်သက်တွေဆုံစည်း ခိုနားရာ။ သူတို့ချင်း ဗျူးထားတာကို ဖတ်ရတော့ ကျနော်ဖျားသွားသည်။ ဘာတဲ့ ....“အကို UG လောကထဲကိုရောက်လာတာ ဘယ်လောက်ကြာပြီလဲ?  အဲဒီလောကထဲကို ရောက်ပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ ခံစားချက်လေးကို ပြောပြ ပါအုံး”...။
ကျနော်တို့ငယ်ငယ်က သဲထိတ်ရင်ဖို စွန့်စားခန်းတစ်ရပ်အနေဖြင့်  မှတ်ယူခဲ့ရသော UG အသုံးအနှုန်းမှာ သူတို့လက်ထက်ရောက်မှ ဖျော်ဖြေရေး ဝေါဟာရ အသွင်ကူးပြောင်း သွားရသည်။ ဆရာမြတ်ဆွေရေးသားဖူး သော ချေဂွေဗားရား အကြောင်းစာစုလေးကို အမှတ်ရလိုက်မိသည်။ တော်လှန်ရေးကို အရည်ဖျော်ပစ်လိုက် သော မျိုးဆက်တွေများဖြစ်တော့ လေမလား?....

သူတို့ညီအစ်ကိုနှစ်ယောက်လုံး Photoshop ၀ါသနာပါသည်။ စိတ်တိုင်းကျပုံလေးတွေ ဖန်တီးပြီး Facebook နှင့် Blog မှာတင်ကြသည်။ သူတို့ လုပ်ထားတဲ့ Photoshop  ပုံတွေကြည့်ရတာ  စိတ်ကူးယဉ်ဆန်ဆန် အနုပညာ ဆန်သလိုလို။

သမီးငယ်လေးကျတော့ ငြိမ်းချမ်းရေးကို မြတ်နိုးသည်။ ကျနော်တို့လင်မယား ကတောက်ကဆဖြစ်တဲ့အခါ၊ အကြီးကောင်နှစ်ယောက်ကို ဆူပူကြိမ်းမောင်းသည့်အခါ သူကြားဝင်၍ မရမကဖျန်ဖြေပေးတတ်မြဲ။ တင်းမာမှုကို ပြေလျော့အောင် လုပ်နိုင်တဲ့နည်းလမ်းကိုလည်း သူသိထားပုံရပါသည်။ တခါတရံ ဒေါသဖြစ်သူပြုံးချင်စိတ် ပေါက်လာအောင် ရယ်ရွှန်းပတ်ရွှန်း လုပ်ပြလိုက်၊ အဲဒီနည်းနှင့်မရလျှင်တော့ မျက်ရည်ဖြင့် အနိုင်ယူတတ်သူ။  ကျောင်းပိတ်ရက်အားလပ်ချိန်မှာ ၀ါသနာအရ ပန်းချီဆွဲလျှင်ဆွဲ ဒါမှမဟုတ် အရုပ်လေးတွေ၊သူငယ်ချင်းတွေနှင့် ပျော်ပျော်ရွှင်ရွှင် ကစားနေတတ်သူ။ အခါကြီးရက်ကြီး ရပ်ကွက်တွင်း ပျော်ပွဲရွှင်ပွဲတွေမှာ သူပါဝင်သီဆိုကပြ လိုက်ရမှ ကျေနပ်သူ။

ကျနော်ကိုယ်တိုင်က ပရိသတ်ရှေ့မှာ လူတောမတိုးသူတစ်ဦးဆိုတော့ ကလေးတွေကျနော့်လိုမဖြစ်စေချင်။ ဒါကြောင့်မို့ သူတို့ဝါသနာအလျောက် လုပ်ချင်ကိုင်ချင်စိတ်လေးတွေကို အားပေးအားမြှောက် ပြုပေးနေမိခြင်း။ သူတို့လေးတွေ လူမှုဆက်ဆံရေး နယ်ပယ်မှာ ရဲရဲရင့်ရင့် ရှိစေချင်ပါသည်။ သူတို့ရဲ့ အရောင်မှိန်နေဆဲ ဘ၀ လေးတွေ လင်းလက်တောက်ပ စေချင်သည်။ စိတ်ကူးယဉ် အိပ်မက်လေးတွေ လက်တွေ့ရှင်သန် စေချင်သည်။ ရောင်စုံကမ္ဘာကြီးထဲမှာ ထိုက်သင့်သော အရည်အသွေးကိုယ်စီဖြင့် ဘ၀ကိုလျှောက်လှမ်း ရပ်တည်သွားစေချင် ပါသည်။

ကျနော့်ကိုတော့ အိမ်သူဇနီးက “လေလွင့်သူ” အဖြစ်သဘောထားပုံရသည်။ ကျနော့်အမေရှိစဉ်က အလုပ်အား လပ်ချိန်တွင် ဆွေမျိုးအိမ်များသို့ လည်ပတ်လေ့ရှိသဖြင့် အဖေက အမေ့ကို “ပတ်လည်ကြီး” လို့ ခေါ်တာကို ကျနော့်ဇနီး သိထားပါသည်။ အခု အမေမရှိတော့ချိန်မှာ သူ့ကိုရည်ညွှန်းသော “ပတ်လည်ကြီး” အမည်နာမ လေး ကျနော့်အတွက် အမွေထားရစ်ခဲ့သည်။ ရှိစေတော့.....။

အတွေးထဲနစ်မျောနေလိုက်တာ ထမင်းနှစ်ပန်းကန်လောက် ဘယ်လိုကုန်သွားမှန်းမသိလိုက်။ ထမင်းပွဲသိမ်းပြီး နောက် စာဖတ်ရင်းအတွေးနယ်ချဲ့ရန် ၀ါးကုလားထိုင်လေးပေါ် စွေ့ခနဲ နေရာယူလိုက်သည့်အခိုက်...
“ကျမ ဘာဝနာသုခ၀တီကျောင်းမှာ အဘိဓမ္မာသင်တန်းသွားတက်မလို့.. အိမ်မှာခဏနေပေးလိုက်နော်” ဟု ပြောပြောဆိုဆို မှတ်စုစာအုပ်လေးကိုင်ကာ အိမ်ပေါ်မှဆင်းသွားသော ဇနီးသည်၏ကျောပြင်ကို ငေးမော ကြည့်ကာ ကျန်ရစ်နေမိတော့သည်။


ဝေမော်
၁၉ ဒီဇင်ဘာ ၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...