Tuesday, August 16, 2011

ပန်းကလေးများပွင့်တော့မည်။by အား မာန်

by ကိုဝိုင် ဝိုင်ကေ on Tuesday, August 16, 2011 at 7:43pm
 
ပန်းကလေးများ ပွင့်တော့မည် ဖူးတံဝင့်လိုချီ၊
နေခြည်မှာ ရွှေရည်လောင်း ငါတို့ စာသင်ကျောင်း။

အသံကလေးတွေ တီတာတာနဲ့ ဆိုလိုက်တဲ့ ကလေးများရဲ့ ကဗျာရွတ်သံလေး ကြားရတော့ ရင်ထဲမှာ လှိုက်ကနဲ သိမ့်ခနဲ ပီတိလှိုင်းဂယက်လေးတွေ ဖြစ်ပေါ်လာမိတယ်။ ကျောင်းဖွင့်စရာသီ အမိမြန်မာပြည် စာသင်ကျောင်းတွေဆီက လွင့်မျောလာတဲ့အသံလေလားလို့တောင် ထင်မိတယ်၊
တကယ်တော့ မဟုတ်ပါလေ။ အမိမြန်မာပြည်နဲ့ မိုင်ပေါင်း ၆၀၀၀ ကျော်ဝေးတဲ့ အပရဂေါယာကျွန်းဆီက ထွက်ပေါ်လာတဲ့အသံလေးတွေပါ။ မမျှော်လင့်တဲ့နေရာက ထွက်ပေါ်လာတဲ့အသံမို့ ရင်ထဲမှာ ဖေါ်မပြနိုင်လောက်အောင် တုန်ခါပီတိ ဖြစ်မိတယ်ဆိုပါတော့။

ကမ္ဘာကျော် ဆန်ဖရန်ဆစ္စကိုမြို့ရဲ့ ဗေးဧရိယာ ဖရီးမောင့်မြို့မှာရှိတဲ့ ဆရာတော် ဒေါက်တာအရှင်ဓမ္မပိယ တည်ထောင်ထားတဲ့ မေတ္တာနန္ဒ၀ိဟာရဓမ္မရိပ်သာရဲ့ နွေရာသီ ယဉ်ကျေးလိမ္မာကလေးသင်တန်းဆီက လွင့်ထွက်လာတဲ့ အသံလေးတွေပါ။ ဒီသင်တန်းကို နှစ်စဉ်နှစ်တိုင်း နွေရာသီ သြဂုတ်လ ပထမပတ်မှာ ပြုလုပ်နေကြပါ၊ ဒီနှစ်မှာတော့ ဇူလိုင်လ ၃၁ ရက် တနင်္ဂနွေနေ့ကနေ သြဂုတ်လ ၇ ရက် တနင်္ဂနွေနေ့အထိ ၈ ရက်တိုင်တိုင် ဖွင့်လှစ်ခဲ့ပါတယ်။ ဗေးဧရိယာမှာ ရှိတဲ့ မြန်မာကလေး ၉၈ ယောက် လာရောက်သင်တန်းတက်ခဲ့ပါတယ်။ အသက် ၅ နှစ်အရွယ်ကနေ ၁၈ နှစ် အရွယ်အထိ အရွယ်ပေါင်းစုံ မြန်မာမျိုးဆက်သစ် မြန်မာ့ရင်သွေးလေးတွေပါ။ အတန်းကိုတော့ မူကြိုတန်း၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ၄ ဆင့်ခွဲပြီး သင်ပေးပါတယ်။
သင်တန်းကို မနက် ၈ နာရီကနေ စတင်ပါတယ်၊ ၈ နာရီမှ ၈း၄၅ အထိ စုပေါင်းဘုရားရှိခိုး မေတ္တာပို့ တရားထိုင်၊ ၉ နာရီမှ ၉း ၄၅ အထိ ဓမ္မသင်တန်း၊ ၁၀ နာရီမှ ၁၀း ၄၅ အထိ ဓမ္မသင်တန်းဆိုပြီး မနက်ပိုင်းအချိန်စာရင်း သုံးခု ရှိပါတယ်။ နေ့လည် ၁၁ နာရီမှာတော့ အလှူရှင်များက နေ့လည်စာ ကျွေးမွေးလှူဒါန်းပါတယ်။ ကလေးများ ကိုယ်တိုင်ယူ စနစ်နဲ့ အလှူရှင်များထံမှ ထမင်း၊ ဟင်း၊ မုန့် အဖျော်ရည်များ တန်းစီယူရပြီး ထမင်းစားခုံမှာ ကျောင်းသားအားလုံး ထိုင်ပြီး ပြီဆိုမှ ဆရာတော်တစ်ပါးက အလှူရှင်နဲ့ ကုသိုလ်လုပ်အားပေးသူများအား မေတ္တာပို့သည့် စာပိုဒ်ကို တိုင်ပေးပြီး ကလေး အားလုံးက နောက်ကလိုက်ဆို မေတ္တာပို့ပြီးမှ စားကြရပါတယ်။ အလှူရှင်တွေရဲ့ မျက်နှာတွေမှာလည်း ကုသိုလ်ပီတိတွေ ဝေဖြာနေပြီး မမောနိုင် မပန်းနိုင် ပျော်တပြုံးပြုံးနဲ့ပါ။ ထမင်းစားပြီးချိန်ကနေ ၁ နာရီအထိတော့ ကလေးငယ်များ ဟိုတစ်စု ဒီတစ်စု ပြေးလွှားဆော့ကစားနေကြပြီး လူရွယ်မောင်မယ်များကတော့ တစ်ချို့လဲ မြန်မာလို၊ တစ်ချို့လဲ ဒေသခံစကားတွေနဲ့ အပြန်အလှန်ပြောဆို မိတ်ဖွဲ့ နေကြရင်း အပြုံးပန်းတွေ တလွင်လွင် ဖြစ်နေကြတယ်ပေါ့။
ဒီကမြန်မာကလေးအများစုဟာ ကျောင်းတွေတက်နေရ၊ မိဘတွေကလည်း အချိန်ပြည့်နီးပါလို အလုပ်ကိုယ်စီ လုပ်နေကြရတဲ့အတွက် ကလေးများနဲ့ အချိန်ကြာကြာဆုံခွင့်မရကြတော့ မြန်မာစကား သိပ်မပြောဖြစ်ကြတော့ပါဘူး၊ သူတို့လေးတွေ ဒီသင်တန်းရောက်မှဘဲ မေ့နေတဲ့ မြန်မာစကားလေးတွေနဲ့ ကြိုးစားပြီး ပြောကြရရှာတယ်၊ ဗေးဧရိယာမှာ ရှိတဲ့ မြို့တွေမှာ ပြန့်ကျဲနေတဲ့မြန်မာကလေးတွေ ဒီသင်တန်းကျမှ ဆုံဆည်းခွင့်၊ ရင်းနှီးခွင့်ရကြတာပါ။ ဒါ့ကြောင့် ဒီသင်တန်းက ဗုဒ္ဓယဉ်ကျေးမှု၊ မြန်မာ့ယဉ်ကျေးမှုတွေကို ဒီမှာရှိနေတဲ့ မျိုးဆက်သစ်လေးတွေရဲ့ ရင်ထဲမှာ သန္ဓေတည် ပေးတဲ့သင်တန်း၊ ဘာသာတံဆိပ် ခံနှိပ်ပေးတဲ့သင်တန်းလို့ ဆိုရမှာပါ။
အထက်တန်းအဆင့်ကိုတော့ ဆရာတော်ကိုယ်တိုင်သင်ကြားပေးပါတယ်၊ ဆရာတော်က မြန်မာကလေးတွေကို မြန်မာ့ယဉ်ကျေးမှုအကြောင်းနဲ့ ဗုဒ္ဓအဘိဓမ္မာအကြောင်းအရာတွေကို ဦးစားပေးသင်ပါတယ်။ မိမိတို့ရဲ့ မိဘတွေအပေါ် တန်ဖိုးထားဘို့၊ ကလေးအများစုက ဒီကကျောင်းပညာကို ငယ်ရွယ်စဉ်ကထဲက သင်ရတော့ ဒီကယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးစံတွေ၊ ဒီမှာ သုံးတဲ့ပစ္စည်းကိရိယာတွေအကြောင်း နားလည်ကြတယ်၊ ဒီကို ကြီးမှ ပြောင်းရွှေ့လာကြတဲ့ မိဘတွေကတော့ ဘာသာစကား အခက်အခဲ၊ ဒီက ဓလေ့ထုံးစံ နဲ့ ဥပဒေနဲ့ သုံးစွဲရတဲ့ ပစ္စည်းကိရိယာတွေရဲ့အကြောင်းကို သိပ်မသိကြပါဘူး။
မြန်မာမိဘအများစုဟာ ရောက်ကထဲက မိသားစုစားဝတ်နေရေးအတွက် ပုံမှန်အလုပ် ၀င်လုပ်နေကြရတော့ ပညာလဲဆက်မသင်ဖြစ်တာများပါတယ်။ ဒီအခါမှာ ဒီမှာကြီးပြင်းတဲ့ကလေးတွေက သူတို့လောက် နားမလည်တဲ့ မိဘတွေအပေါ် အထင်အမြင်သေးတတ်လို့ မိဘတွေနဲ့ သားသမီးတွေကြားမှာ စိတ်ကသိကအောင်ဖြစ်စရာ အခြေအနေတွေ ရှိနေတတ်ပါတယ်။ ဒါ့ကြောင့် ဆရာတော်က မိမိတို့ မိဘတွေရဲ့ သားသမီးကောင်းစားရေးအတွက် အနစ်နာခံပေးဆပ်ရတာတွေကို တန်ဖိုးထားဖို့၊ နားလည်ပေးဖို့ စတဲ့ လူမှုကျင့်ဝတ်တွေကို အဓိကထားသင်ပေးပါတယ်။



ဒီသင်တန်းကို အဓိကကူညီပေးနေတဲ့ အသက် ၇၀ အရွယ် စေတနာရှင်ဆရာမကြီးတစ်ယောက်လဲရှိပါတယ်၊ သူ့အမည်က ဆာရာပါ၊ ဒီက အဖြူဆရာမ အပျိုကြီးပါ။ သူဟာ ၁၄ နှစ်အရွယ်မှာ သူ့အဒေါ်တစ်ယောက် ဆုံးသွားလို့ ဗုဒ္ဓဘာသာစာပေများ ဖတ်မိရာက ဗုဒ္ဓဘာသာကို စိတ်ဝင်စားလာသူလို့ ဆိုပါတယ်၊ ဓမ္မပဒ၀တ္ထုထဲက ကိသာဂေါတမီ ၀တ္ထုကို ဖတ်လိုက်ရမှ သေခြင်းတရားကို လက်ခံလာနိုင်ပြီး အဲဒီကနေ ဆက်တိုက်ဗုဒ္ဓဘာသာစာပေတွေကို အခွင့်သာသလို ဖတ်ရှုလေ့လာခဲ့တယ်လို့ ပြောပါတယ်။ ရွှေတောင်ကုန်းဆရာတော်နဲ့ ဟတ်မွန်းဘေး ဓမ္မာနန္ဒကျောင်းဆရာတော်ဦးသီလာနန္ဒတို့ဆီမှာ တရားထိုင် တရားမှတ်ရင်းနဲ့ ဗုဒ္ဓအဘိဓမ္မာတွေကို စံနစ်တကျ သင်ယူ ရာကနေ ခုဆိုရင် အမြဲတမ်းယောဂီဝတ်နဲ့ အမြဲတမ်း ရှစ်ပါးသီလနဲ့ နေနေတဲ့ သူတော်စင်တစ်ယောက်ဖြစ်ပါတယ်၊ သူဟာ ဆရာတော် ဒေါက်တာ အရှင်ဓမ္မပိယနဲ့ ဆန်ဟိုဆေး တထာဂတာရိပ်သာမှာ ဆုံခဲ့ပြီး ဆရာတော့်အဆုံးအမနဲ့လဲ တရားအားထုတ်ဖူးသူမို့ ဆရာတော်ကို ကြည်ညိုရင်းစွဲ ရှိပါတယ်။ ဒါ့ကြောင့် ဆရာတော် မေတ္တာနန္ဒ၀ိဟာရဓမ္မရိပ်သာ ထူထောင်ချိန်ကစပြီး ခုအချိန်အထိ နှစ်စဉ်ဖွင့်တဲ့ ယဉ်ကျေးလိမ္မာသင်တန်းမှာ ကူညီသင်ပေးခဲ့သူပါ၊ ခု ဆိုရင် ၁၁ နှစ် ရှိပါပြီ။
သူက မူလတန်းအဆင့်ကို တာဝန်ယူသင်ပါတယ်။ မူလတန်းအဆင့်ကလေးတွေကို  ထိခြင်းငါးပါးနဲ့ ဦးချ တတ်အောင်၊ သရဏဂုံ နဲ့ ငါးပါးသီလ ဆောက်တည်တတ်အောင် အခြေခံကျကျနန သင်ပါတယ်။ နောက်ရက်များမှာတော့ ဓမ္မပဒနဲ့  ဓမ္မစကြာတရားတော်တွေကို ကလေးတွေ နားလည်အောင် သင်ပေးနေတာကို တွေ့ရပါတယ်။ တစ်နေ့ ကလေးများကို သစ္စာလေးပါးအကြောင်းသင်ပြီးချိန်မှာ သင်တန်းတစ်ချိန်ပြီးလို့ ကလေးတွေ စာသင်ခန်းက ထွက်ခါနီး သူက တံခါးဝမှာ ရပ်လိုက်ပါတယ်၊ ပြီးမှ သူက အပြင်ထွက်ဖို့ တာစူနေတဲ့ သူ့ရဲ့သင်တန်းသားကလေးတွေကို ဒုက္ခသစ္စာ အကြောင်းထဲက တစ်ခုကို ပြောပြနိုင်မှ အခန်းအပြင်ကို ထွက်ခွင့်ပေးတာကိုလဲ တွေ့မြင်လိုက်မိတယ်။ ကလေးတွေက ဗမာစကားသိပ်မတတ်တာမို့ အင်္ဂလိပ်လို သင်ပေးရတဲ့အတန်းပါ၊ အိုတာ ဒုက္ခပါ၊ နာတာ ဒုက္ခပါ၊ သေတာ ဒုက္ခပါ၊ လိုချင်တာ မရတာ ဒုက္ခပါ၊ မလိုချင်တာ ရတာ ဒုက္ခပါ စသည်ဖြင့် တစ်ခုခုကို မှတ်မိပြီး ပြောနိုင်မှ အတန်းဆင်းခွင့်ပေး တာပါ၊ သူ့ကလေးတွေကို တရားသိပ်နားလည်စေချင်တဲ့ တကယ့်ကရုဏာရှင်ဆရာမကြီးပါ။ သူ့ကလေးတွေလဲ ကြိုးစားကြတာ တွေ့ရတယ်၊ တစ်ချိန်မှာတော့ မေတ္တာအကျိုး ၁၁ မျိုးကို အုပ်စု နှစ်စုဖွဲ့ပြီး  အပြိုင်ပြောခိုင်းနေတာ တွေ့ရပါတယ်၊ အဲဒီမှာတော့ ယောက်ျာလေးအုပ်စုက နိုင်သွားတာ တွေ့လိုက်ရတယ်။
နေ့လည်ပိုင်းမှာတော့ ၁ နာရီကနေ ၁း ၄၅ အထိ တစ်ချိန်၊ ၂ နာရီကနေ ၂း ၄၅ အထိ တစ်ချိန် ဗုဒ္ဓ၀င်နဲ့ အဘိဓမ္မာသဘောတရားများကို သင်ပေးပါတယ်။ ၃ နာရီမှာ မုန့်စားချိန် ခဏနားပြီး၊ ၄ နာရီကနေ ၄း ၄၅ အထိ တစ်နေ့တာ သင်ထားတာတွေကို အုပ်စုလိုက်ဖွဲ့ပြီးဆွေးနွေးတဲ့သင်တန်းချိန်ပါ။
ဒီအချိန်မှာ အတန်းတိုင်းရှိ ကလေးများဟာ ၅ ယောက်တစ်အုပ်စုလောက်ဖွဲ့ပြီး အုပ်စုတိုင်းကို သင်တန်းဆရာများက မေးခွန်းတစ်ခုစီ မေးပြီး ဆွေးနွေးခိုင်းတာ၊ မေးခွန်းတစ်ခုကို အုပ်စုတိုင်း တိုင်ပင်ဆွေးနွေးခိုင်းပြီး အရင်ဆုံးဖြေနိုင်တဲ့ အုပ်စုကို အမှတ်ပေးတာ စတဲ့ ပုံစံတွေနဲ့  ပျော်ရွှင်စွာသင်နေကြတာကိုလဲ တွေ့ရပါတယ်။ ဒီအချိန်မှာ ကလေးတွေဟာ ကိုယ်ပိုင်ဉာဏ်ရည်လေးတွေ ထွက်လာတယ်၊ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုတွေ ပိုရတယ်၊ မြင်ထောင့်မျိုးစုံကနေ ခြုံကြည့်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အမှီသဟဲပြု့ပီး  ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလေ့အကျင့်ကောင်းတွေ ရလာတယ်။
သူတို့ထဲက အုပ်စုလိုက် ထဆွေးနွေးနိုင်စွမ်းရှိသူတစ်ယောက်ကို ခေါင်းဆောင် တင်ပြီး အုပ်စုခေါင်းဆောင်တွေအလိုက် အပြန်အလှန် ဆွေးနွေးကြတဲ့အတွက် စွမ်းနိုင်သူကို နေရာပေးရမယ်ဆိုတဲ့ အလေ့ အကျင့်တွေကို ငယ်ငယ်ထဲက ရရှိစေတာကိုလဲ တွေ့ရတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ပြိုင်တဲ့အခါ နိုင်တဲ့အဖွဲ့ကို ကျန်တဲ့အဖွဲ့တွေက လက်ခုပ်သြဘာပေးပြီး မနိုင်တဲ့အုပ်စုတွေကလဲ ကိုယ့်အားနဲချက်ကို ကျေကျေနပ်နပ် လက်ခံကြတဲ့ အတွက် မုဒိတာစိတ်ဓာတ်တွေကို ငယ်စဉ်ကထဲက ရရှိစေနိုင်တာလဲ တွေ့ရပါတယ်။
ဒီက ၁၁ တန်းကျောင်းသူ နှစ်ယောက်က အလယ်တန်းအဆင့်မှာ ကျောင်းခံ ဦးဇင်းတစ်ပါးနဲ့အတူ ကလေးတွေကို အဲဒီလို ကုသိုလ်ဖြစ် သင်နေတာကို တွေ့ရတာပါ၊ သူတို့ဆီက စာသင်ကျောင်းတွေမှာ ဒီလိုပုံစံနဲ့ ပညာရပ်တွေ သင်နေကြတာလို့ ဆိုပါတယ်။
ညနေ ၅ နာရီ ကနေ  ၆ နာရီအထိကတော့ ဓမ္မပုံပြင်ပြောတဲ့အချိန်ပါ၊ ရှေ့ပိုင်း  ၂ ရက် ၃ ရက်လောက်မှာတော့ အင်္ဂလိပ်ဆရာမကြီး ဆာရာကပဲ ဓမ္မပဒထဲက ၀တ္ထုဇာတ်လမ်းလေးတွေကို အသံအေးအေးနဲ့ အင်္ဂလိပ်လို ပြောပါတယ်၊ ဒီအခါမှာ တစ်ချို့ကလေးတွေက စိတ်ဝင်တစား နားထောင်ကြပေမဲ့ တစ်ချို့ကလေးတွေကြတော့ တစ်နေကုန် ပင်ပန်းထားတာရယ်၊ အကြောင်းအရာက လောကအကြောင်းအရာတွေ မဟုတ်တာရယ်ကြောင့် ငိုက်မျဉ်းနေတာကို တွေ့ရပါတယ်။
 လေးရက်မြောက်တဲ့နေ့မှာတော့ ဆရာမကြီးက သူ့အတန်းထဲက ကလေးတွေကို သင်တန်းချိန်မှာ ပုံပြင်သင်ထားပေးပြီး အဲဒီကလေးတွေကိုပဲ ပုံပြောချိန်မှာ တဆင့်ပြန်ပြောစေပါတယ်၊ ကလေးချင်းပြောကြတာဆိုတော့ အဲဒီမှာ ကလေးတွေ ရွှင်မြူးကုန်တာ တွေ့လိုက်ရတယ်၊ ပုံပြင်ဆုံးသွားရင် လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့  ၀မ်းမြောက်ဝမ်းသာ လှိုက်လှိုက်လှဲလှဲ အားပေးကြတော့ ပုံပြောချိန်လေးက ပိုစိတ်ဝင်စားစရာ ဖြစ်သွားတယ်။

ငါးရက်မြောက်နေ့မှာတော့ အလယ်တန်းအဆင့် ဆရာမလေးနှစ်ယောက်နဲ့ သူ့တို့ရဲ့တပည့်ကျောင်းသူ ကျောင်းသားလေးတွေက ကိသာဂေါတမီဇာတ်လမ်းကို သရုပ်ဆောင်ပြကြပါတယ်။ ချစ်မ၀နိုင်တဲ့ နှစ်နှစ်အရွယ် သားကလေး ရုတ်တရက်သေသွားလို့ ပူဆွေးသောကရောက်နေတဲ့ ကိသာဂေါတမီ၊ ကလေးသေလေးကို ရင်ဝယ်ပိုက်ပြီး သူ့ကလေး အသက်ပြန်ရှင်လာအောင် ကုပေးဖို့ တွေ့ကရာလူကို အရူးတစ်ယောက်ပမာ လိုက်ပြောနေတဲ့ ကိသာဂေါတမီ၊ ဟိုလူက မောင်းထုတ် ဒီလူက မောင်းထုတ်၊ အကျိုးလိုလားသူတစ်ယောက်နဲ့တွေ့လို့ ဗုဒ္ဓရှင်တော်ဆီ ရောက်သွားပုံ၊ ဘုရားဆီ ရောက်တဲ့အခါ သူ့သားလေး အသက်ပြန်ရှင်အောင် လုပ်ပေးပါ လျှောက်တော့ ဘုရားက လုပ်ပေးမယ်၊ ဒါပေမဲ့ လူမသေ ဘူးတဲ့ အိမ်က ဆေးတစ်မျိုး သွားတောင်းခိုင်းပုံ၊ သာဝတ္ထိမြို့ထဲ သူ့သားအသက်ပြန်ရှင်နိုင်ရေးအတွက် ဆေးလိုက် တောင်းပုံ ၊ အိမ်တိုင်းက လူသေဘူးကြတာမို့ သူလိုချင်တဲ့ ဆေးမရဘဲ သေခြင်းတရားဆိုတာ သူသားတစ်ယောက်၊ သူတစ်ယောက်ထဲနဲ့သာ ဆိုင်တာမဟုတ် အိမ်တိုင်းလူတိုင်းနဲ့ ဆိုင်တဲ့အရာပါလားဆိုတဲ့ သေခြင်းရဲ့အမှန်သဘောတရားကို လက်ခံနိုင်ပြီး သားသေလေးကို သင်းချိုင်းမှာမြှုပ်ကာ ဘုရားထံ ပြန်သွားပြီး ရဟန်းဝတ်ပုံကို သရုပ်ဆောင် ပြကြတာပါ။ တော်တော်လေး ပီပြင်အောင် သရုပ်ဆောင်နိုင်ကြလို့ ပြီးသွားတဲ့အခါ လက်ခုပ်သြဘာသံ တဖြောင်းဖြောင်းနဲ့ ပျော်ရွှင် စိတ်ဝင်စားဖွယ်ရာ ပုံပြောချိန်လေးဖြစ်သွားပါတယ်။
နောက်ရက်ပုံပြောချိန်မှာတော့  အလယ်တန်းအဆင့်က ဆရာမလေးနှစ်ယောက် ဦးဆောင်တဲ့ ကလေး ၁၀ ယောက်ကပဲ အဇာတသတ်ဝတ္ထုကို သရုပ်ဆောင်ပြကြတယ်။ ရှင်ဒေ၀ဒတ်က အဇာတသတ်မင်းသားလေးကို တန်းခိုးနဲ့ အထင်ကြီးအောင် လုပ်ခဲ့တဲ့အခန်းနဲ့ စထွက်လာပါတယ်၊ နောက်ပြီး ရှင်ဒေ၀ဒတ်က မင်းသားလေးကို ဖခင် ဘုရင်ဗိမ္ဗိသာရ ကို သတ်ပြီး ရှင်ဘုရင်လုပ်ဖို့ခိုင်းပုံနဲ့ သူက ဘုရားကိုသတ်ပြီး ဘုရားလုပ်မယ်ဆိုတာပြောတဲ့အခန်း ထွက်လာတယ်။
ဒီအခါမှာ ဇာတ်နောက်ခံ စကားပြောပေးတဲ့ ဆရာမလေးက ဒေ၀ဒတ်ဟာ သူရတဲ့တရားအနည်းငယ်ကို ဘုရားရတဲ့တရား လောက်အများကြီးထင်ပြီး ကိုယ့်ပမာဏကိုမသိပဲ ဘုရားဖြစ်ချင်တဲ့အထိ မတော်လောဘတွေကြီးထွားလာပုံ၊ အဇာတသတ်မင်းသားလေးဟာလဲ စဉ်းစားဆင်ခြင်နိုင်တဲ့ အသိဉာဏ်နဲပါးတဲ့အတွက် အရှင်ဒေ၀ဒတ်ရဲ့ အထင်ကြီးအောင် စည်းရုံးခံရပြီး ကျေးဇူးရှင် ကိုယ့်အဖေဘုရင်ကြီးကို သတ်ရဲတဲ့အထိ မိုက်တွင်းနက်ပုံ၊ ဒါ့ကြောင့် ကိုယ့်ပမာဏကို အမှန်တိုင်းသိဖို့၊ လောဘမကြီးဖို့၊ စဉ်းစားဆင်ခြင်ဉာဏ်ရှိဖို့ ဘ၀မှာ အရေးကြီးတဲ့အကြောင်းရှင်းပြပါတယ်။
ပြီးတဲ့အခါ အဇာတသတ် ဖခင်ကို ဖမ်းပြီး ထောင်ချပုံ၊ အခြေဖ၀ါးဓားခွဲ ဆားသိပ် မီးကင်ပုံ၊ နောက်မကြာခင် အဇာတသတ်ဟာ သူ့သားလေးမွေးလာလို့ သူ့သားကို အရမ်းချစ်တဲ့စိတ်တွေပေါ်လာပြီး မိခင်ထံသွားကာ သူ့ဖခင်က သူ့ကို ချစ် မချစ် မေးမြန်းခဲ့ပုံ၊ ဒီအခါမှာ သူ့အမေက သူ့အဖေဘုရင်ကြီးက အဇာတသတ်ငယ်စဉ်မှာ လက်မှာပြည်တည်တဲ့ ခူနာပေါက်လို့ ကိုက်ခဲနေတဲ့အတွက် အငိုမတိတ်ဖြစ်နေရာ ဖအေဘုရင်ကြီးက အဲဒီလက်ချောင်းလေးကို ပါးစပ်နဲ့ငုံပြီး အာပူငွေ့ပေးလိုက်မှ အငိုတိတ်ကာ အိပ်ပျော်သွားတဲ့အကြောင်း၊ အိပ်ရာကနိုးမှာစိုးလို့ ဖခင်ကြီးက အဇာတသတ်ရဲ့လက်ချောင်းခူနာက ပေါက်ထွက်လာတဲ့ ပြည်တွေကိုတောင် အပြင်မထွေးပဲ ဗိုက်ထဲမျိုချတဲ့အထိ အဇာတသတ်ကို ချစ်တဲ့အကြောင်း ပြောလိုက်တော့ အဇာတသတ် အမိုက်နောင်တ ရရှိခဲ့ပုံ၊  အဲဒီအခါမှ ဖခင်ကြီးကို အချုပ်ထောင်ထဲက ပြန်ထုတ်ခိုင်းတော့ ဖခင်ကြီးက ခြေဖ၀ါးဓားခွဲခံထားတဲ့ ဒဏ်ရာကြောင့် ကံတော်ကုန် နတ်ရွာစံသွားပြီဖြစ်ကြောင်း သိရပုံ၊ အဲဒီအခါမှ ယူကြုံးမရ ပူဆွေးသောကရောက်ရပုံတွေကို တင်ဆက်ကြပါတယ်။  ဒါ့ကြောင့် မိခင်မေတ္တာ၊ ဖခင်မေတ္တာတွေ တန်ဖိုးထားနားလည်ကြဖို့ နဲ့ အသိဉာဏ်ဆင်ခြင်တုံတရားနည်းပါးရင် အဇာတသတ်လို မိုက်တွင်းနက်သူတစ်ယောက် ဖြစ်တတ်တယ်ဆိုတဲ့အကြောင်း၊ နောင်မှ နောင်တရပူပန်နေရတယ်ဆိုတာ ဘာမှအသုံးမ၀င်တာကြောင့် မိဘမေတ္တာတွေကို သက်ရှိထင်ရှားရှိစဉ်မှာဘဲ နားလည်သဘောပေါက် နိုင်ကြပါစေလို့ ခေါင်းဆောင် ဆရာမလေး နှစ်ယောက်က တလှည့်စီပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။
အဲဒီအခါမှာ ကျောင်းသူကျောင်းသား အားလုံးက လက်ခုပ်သံတမြိုင်မြိုင်နဲ့ သြဘာပေးကြတယ်။ မိဘမေတ္တာတွေကို အပြည့်အ၀နားမလည်တောင် နားလည်ပေးရမယ်၊ ကျေးဇူးတရားသိတတ်ရမယ်ဆိုတာလောက်တော့ သူတို့လေးတွေရဲ့ ခေါင်းထဲ ၀င်သွားပုံပါပဲ။ ပုံပြင်ချိန်ပြီးခါနီးမှာ ဘုရားရှိခိုး၊ တရားထိုင်၊ မေတ္တာပို့ကာ တစ်နေ့တာသင်တန်းကို အမျှဝေသံနဲ့ အဆုံးသတ်ပါတယ်။ သင်တန်းပြီးချိန်မှာတော့ အလှူရှင်များက ကလေးများအား ညနေစာကျွေးမွေးလှူဒါန်းကြပါတယ်။
ဆောင်းပါးအစမှာ နိဒါန်းချီခဲ့တဲ့ ကဗျာသံလေးတွေရဲ့ အသံရှင်လေးတွေကတော့ အခြေခံမူကြို ကျောင်းသူ ကျောင်းသားလေးတွေဆီကနေ ထွက်လာတဲ့ အသံပါ၊ အခြေခံမူကြိုတန်းလေးတွေကိုလည်း အထင်မသေး လိုက်ပါနဲ့ဦး၊ သူတို့လေးတွေကိုလဲ ဦးဇင်းတစ်ပါး ဦးဆောင်ပြီး ဗမာပြည်က ဆရာဝန်မကြီး ဒေါက်တာဒေါ်စိန်ရီ၊  ဒီအမေရိကမှာကျောင်းပြီးဘွဲ့ရထားတဲ့ စေတနာရှင် မြန်မာဆရာမလေးနဲ့ အထက်တန်းမြန်မာကျောင်းသူ နှစ်ဦးတို့က  အခြေခံဦးချနည်း၊ သြကာသ၊ ငါးပါးသီလဆောက်တည်ပုံ၊ သရဏဂုံဆောက်တည်ပုံ၊ ငါးပါးသီလ၊ မေတ္တာပို့စာပိုဒ်တွေကို မြန်မာလိုရော အင်္ဂလိပ်လိုပါ နှုတ်တိုက်ချပြီး သင်ပေးတာ  သင်တန်းပြီးတဲ့နေ့မှာ အောင်အောင်မြင်မြင်ရွတ်ဆိုပြနိုင်ခဲ့လို့ မျက်ရည်လည်မိအောင်အထိ ကြည်နူး ၀မ်းသာဖြစ်ရပါတယ်၊
ဆရာမလေးတွေက တစ်ချို့အချိန်တွေမှာ သူတို့ကို မြန်မာဖတ်စာအုပ်ထဲက ကဗျာလေးတွေ ရွတ်ပြပြီး ဗမာစာ၊ ဗမာစကားလဲ သင်ပေးကြပါတယ်၊ ရွှေစွန်ညိုကဗျာလေး သင်ပေးထားတဲ့အတွက် သင်တန်းနားချိန်မှာ ဆရာမလေး ဦးဆောင်ပြီး ရွှေစွန်ညို ကစားနည်း ကစားကြရလို့ ပျော်မဆုံးတဲ့မြင်ကွင်းလေးတွေကလည်း ကြည်နူးစရာအတိပါ။ ကလေးတွေ ဆိုပေမဲ့ သင်တန်း သင်တဲ့ဦးဇင်းနဲ့ ဆရာမတွေက ဆရာဝန်တွေ အင်ဂျင်နီယာကြီးတွေဖြစ်ချင်ရင် ဉာဏ်ကောင်းဖို့လိုတယ်၊ ဉာဏ်ကောင်းချင်ရင် စိတ်ကြည်နေရမယ်၊ စိတ်ကြည်အောင်ဆိုရင် ၀င်လေ ထွက်လေရှုမှတ်ရမယ်လို့ ကြောင်းကျိုးပြသင်ပေးလို့ ၅ နှစ် အရွယ်ကလေးတွေတောင် ၁၅ မိနစ် ၊ မိနစ် ၂၀ တရားမှတ်ကြပါတယ်၊ တော်တော်လေးကို အံ့သြချီးကျူးစရာပါ။
ယခုလို ဖရီးမောင့်က ကလေးလိမ္မာသင်တန်းမှာ ဆရာတော် ဒေါက်တာအရှင်ဓမ္မပိယဦးဆောင်တဲ့ ဆရာတော်များ ၊ ဆရာ၊ ဆရာမများ၊ အကျွေးအမွေးအလှူရှင်များ ၊ ရတနာ့ဂုဏ်ရည်ဓမ္မစာပေသင်တန်းမှ လူငယ်များ၊ ကျောင်းဒကာ၊ ကျောင်းအမများ အားလုံးက တက်ညီလက်ညီ ကြိုးစားဆောင်ရွက်ကြတဲ့အတွက်ကြောင့် ဆန်ဖရန်ဆစ္စကို ဗေးဧရိယာမှာ ရှိတဲ့ မြန်မာနွယ်ဖွား မျိုးဆက်သစ်ကလေးများဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ဗုဒ္ဓယဉ်ကျေးမှုတွေ၊ ဘိုးဘွာတွေရဲ့ မြန်မာ့ယဉ်ကျေးမှု အငွေ့အသက်တွေကို ရရှိခဲ့ကြတယ်။
  သင်တန်းဦးဆောင်ဆရာတော်က ပညာတတ်ကြီးတွေ ဖြစ်လို့ လူလားမြောက်ကြီးပွားအောင်မြင်ခဲ့ကြရင် အမိမြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် မိမိတို့တတ်နိုင်တဲ့နေရာကနေ ကူညီကျေးဇူးဆပ်ကြဖို့ တိုက်ထွန်းထားတာမို့ ဒီကလေးတွေ လူလားမြောက်တဲ့အခါ အမိမြန်မာနိုင်ငံတော်ကို တစ်ဖက်တစ်လမ်းက အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ ပြန်လည်ကျေးဇူးပြုနိုင်ခဲ့ရင်ဖြင့် သင်တန်းဖွင့်ရတဲ့အကျိုးဟာ အတိုင်းအထက်အလွန် တန်ခွန်နဲ့ကုက္ကားလို ဖြစ်မှာပါ။
 ဘာပဲပြောပြော အမိမြေနဲ့ ဝေးကွာလွန်းလှတဲ့ ရေခြားမြေခြားမှာရောက်နေတဲ့ မြန်မာနွယ်ဖွား ပန်းကလေးများကို အဖိုးတန်တဲ့ ဗုဒ္ဓယဉ်ကျေးမှုနဲ့ မြန်မာ့ယဉ်ကျေးမှုတွေကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး လောကအလယ်မှာ ထယ်ထယ်ဝါ၀ါ ပွင့်နိုင်ဖို့ အတွက် ဖူးတံလေးတွေ ၀င့်နေအောင် ပြုလုပ်ပေးနိုင်ခဲ့တာကတော့ ဘယ်အရာနဲ့မှ  တိုင်းတာပြီး တန်ဖိုးဖြတ်လို့ ရနိုင်မယ်မထင်ပါ။ ပန်းတိုင်းပွင့်၍ ပွင့်သောပန်းတိုင်း မွှေးရနံ့ကြိုင် သင်းပျံ့နိုင်ကြပါစေ။

ကမ္ဗောဇကြယ်စင်   (ဖရီးမောင့်)၊
သြဂုတ် ၁၅၊ ၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...