Friday, August 19, 2011

တည်မိတဲ့ဘုရား ဠင်းတနားတော့မခံချင်

by Socretes Athenisian on Friday, August 19, 2011 at 12:08pm
// This is an old article but we can get something to evaluate the current political development//

 မြန်မာသံတော်ဆင့် ဦးမြင့်ရွှေ ရေးထားတဲ့ အစိုးရသစ်အပေါ် သုံးသပ်ချက်အပေါ် သုံးသပ်ချက် ဖြစ်ပါတယ်။

တည်မိတဲ့ဘုရား ဠင်းတနားတော့မခံချင် (၁)

“အပြောင်းအလဲတွေ များလေလေ နဂိုနေရာပဲ ပြန်ရောက်လေလေ”
"The more things change, the more they stay the same."
Jean-Baptiste Alphonse Karr (1808 – 1890) - French critic, journalist and novelist

ယခုနှစ် ဧပြီလ တစ်ရက်နေ့က စတင်ရုံးထိုင်သော မြန်မာ အစိုးရသစ်သည် သုံးလသား ရှိလာပြီဖြစ်ရာ ယင်း၏ သဘာဝကို စ၍ အကဲခတ် ကြည့်ဖို့ အချိန်သင့်ပေပြီ။


နှစ်ပေါင်း ငါးဆယ်လောက် မျက်ချေ ပြတ်ခဲ့သော အရပ်သား အုပ်ချုပ်ရေး စနစ်ကို ပြန်လည် အသက်သွင်း နေသည် ဖြစ်ရာ တကယ်စေတနာ အမှန်နှင့် လုပ်နေပါပြီ ဆိုပါက စမ်းတဝါးဝါး ဖြစ်နေတာလား အမှားအယွင်း နည်းအောင် သတိ ကြီးကြီးထား လုပ်နေတာလားတော့ မသိ၊ ပြည်သူတွေကော နိုင်ငံရေး သမားတွေပါ မည်သူမျှ အပြောင်းအလဲ၏ အရသာကို စတင် မခံစားမိကြသေး။

ပြည်ပရေးရာ၌ တရုတ်ဘက်ကို သိသိသာသာ ယိမ်းလာသည်ကို တွေ့ရသည်မှာ မှန်သော်လည်း ၎င်းမှာ ကိုယ်တိုင် ရွေးချယ်မှုထက် နှစ်ပေါင်းများစွာ ကြာအောင် အခြေအနေက တွန်းပို့ခံရမှု၏ ရလဒ် ဖြစ်သည်ဟု ယူဆသဖြင့် သိပ်တော့ အပြစ် တင်စရာမရှိ။

သို့သော် ပြည်တွင်း နိုင်ငံရေး၌ ဘာမှ သိသိသာသာ လွပ်လပ်မှု ပွင်းလင်း မြင်သာမှုတွေ တိုးပွား မလာသေးခြင်းကို အနည်းငယ် စိတ်ပျက်မိသည်။

နိုင်ငံရေးနှင့် စီးပွားရေး လွပ်လပ်ခွင့်များကို သိသိသာသာ လျှော့ပေးမှုမရှိ သေးခြင်းကြောင့် ပြည်တွင်းနေ ကြီးကြီး မားမား ရင်းနှီး မြှုပ်နှံနိုင်စွမ်းရှိသူ အများစုက စွန့်စားရမှု (risk) များသော လုပ်ငန်း တိုးချဲ့မှုများကို တဟုန်တိုး လုပ်ဆောင်မှု မလုပ်လာ ကြသေးသလို ပြည်ပ ရင်းနှီးမြုပ်နှံမှုများ ကလည်း ထုံးစံအတိုင်း ရေထဲကို (ကမ်းလွန်ရေနံ) သာ ဆက်လက် စီးဆင်းသွား နေကြသည်။ တရုတ်ထံက ဘီလျှံဒေါ်လာ ကတိသစ်များသည် ဤမှာဘက်သို့ ဦးတည် ထားသည်။

နောက်ဆက်တွဲ ရလဒ်မှာ ရောင်းကုန် ထုပ်လုပ်ရေးနှင့် ဝန်ဆောင်မှု ကဏ္ဍများ (manufacturing and service sectors) နေ့ချင်းညချင်း သိသိသာသာ ကျယ်ပြန့်သွားမည့် အခွင့်အလမ်း ပေါ်ထွက် မလာသေးသဖြင့် လူများစုကြီး အလုပ်အကိုင် ရရှိမှု (mass employment) အခွင့်အလမ်း ဆက်လက် ပျောက်ဆုံးနေကာ လူထုဆင်းရဲမွဲတေမှု (mass poverty) နာတာရှည် ရောဂါသည် သည်အတိုင်းပင် ဆက်ရှိနေခြင်း ဖြစ်သည်။

အနိမ့်ဆုံး လုပ်ခ သတ်မှတ်ပေးရေး၊ သန့်ရှင်းသော အစိုးရ၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ စသော စကားလုံးများ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် အုပ်ချုပ်သူ လူတန်းစားများ ထံမှ စတင် ကြားလာ ရသည်ကား ကောင်းပါ၏။

သို့သော် ယခုလုပ်ကိုင်ပုံ များအရ အလုပ်ရုံ ဆွေးနွေးပွဲ အဆင့်မှသည် လူထု၏ ဆင်းရဲဒုက္ခများကို လက်တွေ့ ကုစား သည့် အဆင့်အထိ ရောက်ဖို့ သုံးလေးနှစ် ကြာသွားနိုင်သည်။ လူထုက ဤမျှကြာအောင် ထပ်စောင့် နိုင်ပါ့မလား။ အလုပ်ရုံ ဆွေးနွေးပွဲ ဆိုတာတောင် ဘာမှန်း လူတိုင်း သိကြရဲ့လား ဆိုတာ မသေချာ။

မြန်မာ့ ပြဿနာမှာ စီးပွားရေးကို နိုင်ငံရေးက ပြန်ပေးဆွဲ ဓါးစာခံ လုပ်ထားတာကို ခံရခြင်းဖြစ်သည်။
ဤပြဿနာကို အစိုးရသစ်က ဖြေရှင်းရန် ကြိုးစားရာတွင် နိုင်ငံရေးကို သည်အတိုင်းထား၍ - သို့မဟုတ် ဒုတိယ နေရာမှာ ထား၍ - စီးပွားရေးဘက်က စတင်၍ အစဖြည်ရန် ကြိုးစားနေပုံရသည်။

ဤချဉ်းကပ်နည်းကို မြန်မာသံတော်ဆင့်က လက်ခံထားသည်။ ပြဿနာကို အပြီးသတ် ဖြေရှင်းရန်မှာ စီးပွားရေး ဘက်ကနေ ‘အစဖြည်’ ပေးရမည်မှာ မှန်၏။ သို့စေကာမူ “ဤနည်း”သည် နည်းမှန် ဖြစ်ကြောင်း”ကို တိုင်းပြည်နှင့် လူထု လက်ခံလာအောင် ဘယ်လိုလုပ်မလဲ။

လူထု၏ ယုံကြည်မှု တည်ဆောက်ယူရေး အတွက် လက်ငင်းချက်ချင်း ထလုပ် ပေးရမည့် နိုင်ငံရေး ရွှေ့ကွက် အချို့ကို ဦးစွာ ပဏာမ အရင် ရဲရဲဝံ့ဝံ့ ရွှေ့ပြရမည် ဖြစ်သည်။ ဥပမာ ပရိသတ် မျှော်လင့်ခဲ့ကြသည့် အတိုင်း ထင်ရှားသော နိုင်ငံရေး သမားများကို လွှတ်ပေးလိုက်ပါပြီ ဆိုတာမျိုးနှင့် အစိုးရသစ်သည် စ၍ ပွဲထွက်ခဲ့ဖို့ ကောင်းသည်။
“ဒီလူတွေဟာ ယခင် အုပ်စိုးရေး အဟောင်းနှင့် ပြဿနာ ရှိသော်လည်း ယခု အစိုးရသစ်နှင့် ပြဿနာမရှိပါ” ဆိုတာမျိုး ပြသနိုင်သင့်သည်။

‘လူ’ မပြောင်းသည့် တိုင်အောင် ‘မူ’ ပြောင်းလျှင် တော်သေးရဲ့ ဟူသော တွက်ချက်မှုဖြင့် ပြည်သူတွေက စစ်အစိုးရ ချခင်းပေးသော လမ်းကို လိုက်လျှောက်ကာ - အောင်ဆန်းစုကြည်တို့က တားမြစ်နေပါလျှက် - ရွေးကောက်ပွဲသစ် လမ်းကြောင်းကို ရွေးချယ် ခဲ့ကြခြင်း ဖြစ်သည်။

အစိုးရသစ်သည် သူ မူပြောင်းနေသည် ဆိုတာကို လူထုက ချက်ချင်းယုံကြည် လာအောင် လုပ်နိုင်သည့် နည်းလမ်းကို မသိတာလား - သိလျှက်နှင့် မလုပ်ချင်လို့ မလုပ်ဘဲ သူအကျင့် ပါနေကျ နည်းဟောင်း အတိုင်းဘဲ ဆက်လုပ်တာလား။
ဆိုလိုသည်မှာ ‘မူသစ်’ ကိုပင် လုပ်နည်းကိုင်နည်း အဟောင်းသုံး၍ လုပ်နေတာလား။ လုပ်နည်းအဟောင်း ဆိုသည်မှာ- ယခင်က အတိုင်း ထိပ်ဆုံးကလူ (ယခုဆိုလျှင် သမ္မတကြီး)သည် လူထုနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံမှု မရှိသလောက် နည်းပါးပြီး ဗြူရိုကရေစီ ယန္တယားကိုသာ မောင်းနှင်နေခြင်းဟု အတိုချုပ် ပြောရမည်။

လမ်းပြမြေပုံ၏ အဆင့် (၇) ဆင့်သည် ယခုအချိန်တွင် အပြီးသတ်ပြီဟု ဆိုနိုင်ပေသည်။ ရလဒ် အနေဖြင့် ပြည်သူ ပြည်သားများသည် ဒီမိုကရေစီ၏ ကနဦး အသီးအပွင့်တချို့ကို စတင်ခံစားနေကြရဖို့ သင့်ပေပြီ။
အစိုးရနှင့် အထိတွေ့ဆုံး နေရာတစ်ခု ဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ကြီးဌာနကို စစ်ဗိုလ် လူထွက် များကပဲ ဆက်ကိုင်ထားသည်။ လက်ရှိ ပြန်ကြားရေး ဝန်ကြီးသည် ဤဌာနကို နဝတ လက်ထက် ဗိုလ်မှုးချုပ် ဘဝ သတင်းထုတ်ပြန်ရေး အဖွဲ့ တာဝန်ခံ အဖြစ်နှင့် စတင်ကိုင်တွယ်ခဲ့ရာ ယခု ၂၃ နှစ်ရှိပြီ။ ရှေ့ကိုလည်း ငါးနှစ်လောက်စာ ကျန်သေးရာ ‘အားလုံး အရင်အတိုင်းပါပဲ’ ဆိုသော ခံစားချက်များသည် သဘာဝ ကျလေ၏။(ထိုအချက်မှာ မှားနေ ပါသည်။ နဝတခေတ်က သတင်းထုတ်ပြန်ရေး တာဝန်ယူခဲ့သူ ဦးကျော်ဆန်းမှာ ဒုမှူးကြီး အငြိမ်းစားဖြစ်ပြီး ပိုပြီး စီနီယာ ကျပါသည်။ ယခု ဦးကျော်ဆန်းမှာ မှူးချုပ် အဆင့်နှင့် ၂၀၀၂မှ စတင် တာဝန်ယူခြင်း ဖြစ်ပါသည်။ ပိတောက်မြေ)

ယခုအချိန်အထိ ဒီမိုကရေစီ၏ ပြယုဒ်အဖြစ် သက်သေပြစရာ ပုဂ္ဂလိက သတင်းစာ တစ်စောင်တလေ ကိုမျှ ထုတ်ခွင့် မရသေး။ သို့သာ် အစိုးရတစ်ပိုင်း တရားဝင် ဖြစ်နေသော တပ်မတော်ကမူ သတင်းစာ တစ်စောင်ကို ယခင်လက ဗြုံးစားကြီး ဆိုသလို စတင် ထုတ်ဝေလိုက်သည်။

စီစစ်ရေးမူတွေ တထစ်ချင်း လျှော့ပေးနေပြီ ဆိုစေကာမူ လူထု တကယ်သိချင် မြင်ချင်သော သတင်းတွေ၊ ဓါတ်ပုံ တွေကို ဖေါ်ပြခွင့် မရသေး။ တကယ်တမ်း ပြောရလျှင် စာမူစီစစ်ရေးရုံး ဆိုတာကို မရှိသင့်တော့။ ဥပဒေတွေ ရှိနေလျှင် လုံလောက်ပါပြီ။ ချိုးဖေါက်မှုများ ရှိလာမှ နစ်နာသူက ၄င်း၊ အစိုးရရှေ့နေက ၄င်း တရားလိုလုပ်၍ တရားစွဲ လိုက်ရုံသာ ဖြစ်သည်။

ပြဋ္ဌာန်းထားသော ဥပဒေများကို သိရှိကြောင်း လိုက်နာမည် ဖြစ်ကြောင်း ခံဝန်လက်မှတ်လောက် ဆိုလျှင် လုံလောက်ပါပြီ။
အစိုးရသစ်သည် ယခင် နအဖ စစ်အစိုးရ နည်းတူပင် အောင်ဆန်းစုကြည်ကို ကြောက်နေပုံ ရသည်။ သက်သေမှာ သူမ၏ ဓါတ်ပုံများကို ဂျာနယ်များက အသားပေး ဖေါ်ပြခွင့် မပေးခြင်း ဖြစ်သည်။ ပရိသတ် စိတ်ဝင်စားလောက်သည့် သူမ၏ ဓါတ်ပုံများကို ဝေဝေဆာဆာ ဖေါ်ပြရန် ကြိုးစားခြင်းမှာ သူမကို ထောက်ခံသည်ထက် ဈေးကွက် သဘောအရ ပို၍ ဖြစ်နိုင်သည်။ သူမကို ထောက်ခံသည့် စာနယ်ဇင်း သမားတွေ ရှိသည်မှာ မဆန်းပါ။ ယခုနည်းနှင့် တားဆီးပုံသည် ကလေး ဆန်နေသည်။ ဒီမိုကရေစီ အစိုးရနှင့် မတူ။

မသိသားဆိုးဝါး ဖြစ်နေသည့် အချက်မှာ မျှတသည့် ကစားပွဲနှင့် ရေပြင်ညီ ကစားကွင်း (Fair game and level playing field) သဘောကို လူတိုင်းအတွက် မဟုတ်အောင် လုပ်ထားသည်ကိုက သူမ၏ဘက်ကို ကူညီရာ ရောက်သွားသည် ဆိုသည့် အချက်ဖြစ်သည်။ အောင်ဆန်းစုကြည်သည် သူမအား အာဏာပိုင်က မတရား လုပ်တာကို ခံနေရသည် ဆိုသော ပရိသတ်၏ အထင်အမြင် (perception) ကြောင့် တလျှောက်လုံး နိုင်ငံရေးအမြတ် ထွက်နေသည်။

အခြေခံ ဥပဒေသစ်က ခွင့်ပြု ပေးထားသော ပြည်သူပြည်သားတို့၏ အခြား လွပ်လပ်ပိုင်ခွင့် များကိုလည်း တကယ် လက်တွေ့ ကျင့်သုံးခွင့် မရသေး။ ပြည်သူ့ဆန္ဒကို ထင်ဟပ်မည့် ဆန္ဒပြပွဲ တစ်ခု လုပ်ခွင့်ပေးရန် တရားဝင် ခွင့်တောင်း သူများကို ခွင့်မပြု။ မြို့တော်ခန်းမ ရှေ့သို့ ရောက်သွားသော မဖြစ်စလောက် အရေအတွက် ရှိသည့် နောက်ထပ် လူတစ်စု ကိုလည်း အရပ်ဝတ် လုံခြုံရေးများက တားမြစ်ပိတ်ပင် ခဲ့ကြသည်။

အရပ်ဝတ် လုံခြုံရေး များကို ဆက်လက် သုံးစွဲနေခြင်းကိုက ထောက်လှမ်းရေး နိုင်ငံတော် (police state) သဘာဝ ရှိနေသေးတာကို ပြသည်။ အကယ်၍သာ ထိုလူစုက သတ္တိရှိ၍ အာခံကာ ရှေ့ ဆက် တိုးခဲ့လျှင် အစိုးရသစ် သိက္ခာ ကျဦးမည်။

တဘက်တွင်လည်း ဒီမိုကရေစီ နိုင်ငံရေးသစ် အကြောင်း ပို့ချမည့် နိုင်ငံရေးအရ ‘ကြားနေ’ဟု ယုံကြည်ရသော နိုင်ငံခြား ပညာရှင် တစ်ချို့၏ အားထုတ်မှု ကိုလည်း မမြင်ရသော ဖိအားများက နှောက်ယှက်ခဲ့ရာ အစီအစဉ် ပျက်သလိုလို ဖြစ်နေပြီ။

ဤသည်မှာ နေပြည်တော်တွင် သမ္မတကြီး ကိုယ်တိုင် အားပေးနေသော အလုပ်ရုံ ဆွေးနွေးပွဲများ ဘက်သို့ လူထု အာရုံ မရောက်ဘဲ နေမှာကို စိုးရိမ်၍ဟု ယူဆရသည်။ ဤသို့ဆိုလျှင် အများက လက်လှမ်း မမှီသေးသော နေပြည်တော်တွင် ကျင်းပသည့် ကိုယ့်ကိုကိုယ်သာ ပြန်၍ အပြစ်တင်ရုံပဲ ရှိသည်။

ပညာရှင်များ၏ အလုပ်ရုံ ဆွေးနွေးပွဲများ ရှိရပါမည်။ ထို့ထက် အရွေးချယ်ခံ နိုင်ငံရေးသမား များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်၏ ရေးရာကော်မတီ နည်းလမ်းရှာဖွေရေး ကော်မတီ (ways and means committee) တစ်ရပ် ပို၍ ရှိသင့်သည်။ ရှိနေပြီ ဆိုလျှင် သမ္မတသည် ထိုကော်မတီကို မိမိစိတ်ကြိုက် ဖွဲ့ထားသော ‘အကြံပေးအဖွဲ့’ တို့ ‘အလုပ်ရုံ’ တို့ ထက် ပို၍ ဦးစားပေး အသုံးချ သင့်ပါသည်။ တက္ကနို ကရေစီ (Technocracy) သည် ဒီမိုကရေစီကို ကူညီပံ့ပိုးရုံသာ ဖြစ်ထိုက်သည်။

လက်ရှိ ပြောင်းလဲမှုကြီးကို ပရမ်းဗတာ မဟုတ်သော - ထိမ်းချုပ်မှု ရှိသော လိုက်လျှောမှု (controlled liberalization) ဟု နားလည် ပေးနိုင်သည့်တိုင် ထိန်းချုပ်သည့် အပိုင်းနှင့်သာ ဆက်လက် ရင်ဆိုင်နေကြရပြီး ပြောင်းလဲမှု အပိုင်းကိုတော့ မြည်းစမ်း ကြည့်ရန်ပင် မတွေ့ ရသေး သလောက်ပင်။

အရပ်သားများကို သတင်းစာ ထုတ်ခွင့် ချမပေးသေးဘဲ အစိုးရဘက်ကတော့ လက်ဦးအောင် သတင်းစာ နောက်ထပ် တစ်စောင် “တိုးချဲ့ ထုတ်ဝေလာခြင်း၊ အရပ်သားများ အတွက် ဒီမိုကရေစီ နိုင်ငံရေး ဗဟုသုတ သင်တန်းကို အုပ်ချုပ်ရေး ယန္တယား သုံး၍ နှောက်ယှက်ခြင်းများကို ကြည့်လျှင် အုပ်ချုပ်ရေး အသစ်သည် ယခင်အတိုင်း နိုင်ငံရေး လုပ်ခွင့်ကို မိမိကသာ လက်ဝါးကြီး ဆက်အုပ်ထားဆဲ ဖြစ်နေတာကို တွေ့ ရသည်။

“သူတို့လုပ်မယ့် နိုင်ငံရေး ဆိုတာက အစိုးရ ဆန့်ကျင်ရေး သက်သက်ပါ” ဟု ဆင်ခြေ တက်နိုင်ပါသည်။ တကယ်လည်း မှန်ပါသည်။ ပြည်ပအားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီ ဆိုသူများ အစိုးရ စွပ်စွဲသလို တကယ် ရှိနေပါသည်။ အစိုးရ ဘာလုပ်လုပ် ဘေးထိုင်ဘုပြော ပုတ်ခတ် ဆန့်ကျင်ရေး သက်သက် သမားတွေလည်း ရှိပါသည်။ သူတို့ လုပ်သမျှ အားလုံးနီးပါး သည်လည်း အစိုးရ မကြိုက်တာတွေချည်းလည်း ဖြစ်ချင် ဖြစ်နေနိုင်သည်။

သို့တိုင်အောင်ပင် ၄င်းတို့၏ ‘ပြည်သူပြည်သား အခွင့်အရေး’ ကိုတော့ ငြင်းပယ်၍ မရ။ ဤရပိုင်ခွင့်များကို အခြေခံ ဥပဒေသစ်က ပေးထားပြီ ဖြစ်သည်။ မရေမရာ အကြောင်းပြချက် တစ်ခုခုဖြင့် ခဏစောင့်ပါဦး ဆိုပြီး ဆိုင်းထားလျှင်လည်း လက်တွေ့မှာ တော့လည်း ငြင်းပယ်တာပင် ဖြစ်သည်။ (Justice delayed is justice denied. Freedom delayed is freedom denied.)

အကယ်၍ အကောင်းဆုံး အသုံးချစေလို၍ အားလုံးကို ပေးထားသော အခွင့်အရေး တစ်ခုကို အုပ်စုတစ်စုက သူ့အကျိုးစီးပွား အတွက်သာ အသုံးချနေမည် ဆိုလျှင်ပင် ဘောင်ဝင်နေသရွေ့ လက်ပိုက် ကြည့်နေနိုင် ရတော့မည် ဖြစ်သည်။ ပုံခိုင်းရလျှင် လမ်းမပေါ်မှာ လှည်းနှင့် လှည့်ရောင်းနေသော ဆေးဆိုးထားသော သရက်ပြား၊ မရမ်းပြားများ ကိုမှ စားချင်၍ နားပူနားဆာ လုပ်နေသော သမီးမိုက် ကလေးကို အလို လိုက်ရမည့် ဖခင်နေရာမျိုး အစိုးရသစ်က ယူသင့်သည်။
ရောဂါဖြစ်မဲ့ အစာတွေ ကိုမှ စားချင်နေတာ ဟူသော အကြောင်းပြချက်ဖြင့် မုန့်ဖိုးကလေး မျှလောက်ကို တောင်မျှ ခွင့်မပြုနိုင်လျှင် မိဘမေတ္တာ ဆိုတာကို အယုံအကြည် ရှိကြမှာ မဟုတ်။ ယခုအဆင့်တွင် လူထုက အစိုးရသစ်ထံမှ မုန့်ဖိုးမျှ လောက်သာ ဖြစ်သော - ပေးမည်ဟု စာချုပ်စာတမ်းဖြင့် ကတိပေးထားသော - အခွင့်အရေးများ ထဲမှ အနည်းငယ်ကိုသာ စ၍ တောင်းကြည့်ခြင်း ဖြစ်သည်။

လွပ်လပ်စွာ ပြောဆိုခွင့်ကို ဆက်လက် ထိန်းချုပ်ထားခြင်း၏ တကယ့် အကြောင်းရင်းမှာ သူတပါး အပြစ်တင်သံကို နားခါးသည့် နိုင်ငံရေး အရေမထူ နိုင်သည့် ချို့ယွင်းချက် ဖြစ်သည်။ ဤသည်မှာ ‘အာဏာရှင်များ၏ သဘာဝ’ သာ ဖြစ်သည်။

ဤအရာကို မဖြစ်မနေ စတင်၍ ပြင်ရမည် ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ဒီမိုကရေစီ ပန်းတိုင်သို့ ခင်ဗျားတို့ပဲ ဦးဆောင်ကြပါဟု စစ်အာဏာရှင်ဟောင်း များကို တိုင်းပြည်က သဘောတူခွင့် ပေးထားလို့ ဖြစ်သည်။
“ဆဲတာသည် ပင်လျှင် ဝေဖန်ရေး တမျိုးပဲ၊ သူမကြိုက်တာက ငါဘာများ လုပ်မိပါလိမ့်လို့ ပြန်စဉ်းစားလိုက်” ဟု အင်းစိန်ထောင် ထဲမှာ ကွယ်လွန်သွားသော အလံနီကြီး တစ်ဦးထံမှ ကြားဖူးသည်။ “ဆဲတာက သူလုပ်တဲ့ ဝေဖန်ရေး၊ ငါ ဘာလုပ်လိုက်မိလို့  ပါလိမ့်လို့  စဉ်းစားရမှာက ကိုယ့်ကိုကိုယ် ဝေဖန်ရေး။”

ထိပ်ဆုံးက ပုဂ္ဂိုလ်များက အသေးအမွှားဟု ယူဆကောင်း ယူဆနေကြမည့် ပြဿနာ တစ်ချို့သည် စင်စစ် အလွန် အရေးကြီးသည်။ အဘယ်ကြောင့် ဆိုသော် ပြဿနာ သေးသေးကလေး ကိုတောင် ဒီလောက် ကြာသည်အထိ ပြေအောင် ရှင်းမပေးနိုင် သေးလျှင် ပြဿနာ အကြီးကြီးတွေကို ဘယ်လို ဖြေရှင်းမှာလဲဟု သံသယ ရှိကြလိမ့်မည်။
ငွေအကြွေ ရှားပါးသည့် ပြဿနာ၊ ပုဂ္ဂလိက လက်သို့ လွှဲပေးပြီး နောက်မှ ဓါတ်ဆီ စာအုပ်နှင့် တန်းစီ တိုးစားများ ပြန်ပေါ်လာသည့် ပြဿနာ၊ လာဘ်ပေး လာဘ်ယူ ပြဿနာ၊ ရပ်/ကျေးနှင့် မြို့နယ်အဆင့် များတွင် အာဏာ အလွဲသုံးမှု ပြဿနာ စသည်တို့သည် အစိုးရသစ် ကသာ ပြတ်ပြတ်သားသား လုပ်ပြလျှင် ပြေလည် နေလောက်သင့်ပြီ။

Posted by ပိတောက်မြေ at 12:07:00 AM
Labels: အသွင်ကူးပြောင်းရေး

တည်မိတဲ့ဘုရား ဠင်းတနားတော့မခံချင် (၂)
မြန်မာသံတော်ဆင့်
(မြန်မာသံတော်ဆင့် ဦးမြင့်ရွှေ ရေးထားတဲ့ အစိုးရသစ်အပေါ် သုံးသပ်ချက်အပေါ် သုံးသပ်ချက် ဖြစ်ပါတယ်။)

အစိုးရသစ်သည် ယခင် နအဖ အစိုးရဟောင်း ထံမှ ပြဿနာ အကြီးစား အတော်များများကို အမွေအဖြစ် ဆက်ခံ ထားရသည်။ ၄င်းတို့  အားလုံးအနက် ဘယ်ဟာမျှ စတင် ပြေလည်လာမည့် အရိပ်အယောင် မမြင်ရသေး။
ဥပမာ အရပ်သား နိုင်ငံရေး အသိုင်းအဝိုင်း (မီဒီယာနှင့် နိုင်ငံတကာ ပရိသတ်ပါ ပါဝင်သည်)နှင့် ပြန်လည် ရင်ကြားစေ့ရေး၊ တိုင်းရင်းသား အပစ်ရပ် အဖွဲ့များ အရေးကို အေးအေး ချမ်းချမ်းနှင့် အဆုံးသတ် ဖြေရှင်းနိုင်ရေး (တပ်က ကြွေးကျော် နေသော အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး)၊ စီးပွားရေး ဦးမော့လာရေး (ဤတစ်ခု အနည်းငယ် ဟုတ်သလိုလို ရှိလာသော်လည်း အသီးအပွင့်ကို အောက်ခြေ ဆင်းရဲသားထု အထိ ချွေချမနိုင်သေး။ (No trickled-down effect yet)

အမြင်မလှဆုံးမှာ ထင်ရှားသော နိုင်ငံရေး သမားများကို ဆက်ထိန်းထားခြင်း ဖြစ်သည်။ လူတွေက အစိုးရသစ် တက်လာလျှင် နိုင်ငံရေး သမားတွေ အတွက် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် တစ်ရပ်ကို အမျှော်လင့်ကြီး မျှော်လင့်ခဲ့ ကြသည်။

အစိုးရဘက်က ပေးသည့် ဆင်ခြေအတိုင်း နိုင်ငံရေး အကျဉ်းသားတွေ မရှိပါဘူး ဆိုလျှင် တောင်မှ လက်တွေ့အရ အများက လွတ်လာစေချင် နေကြသော သူများ (လွှတ်ပေး လိုက်ရာတွင် ပါမလာသော သူတွေကို) ဆက်၍ လွှတ်ပေး သင့်သည်။ ပြည်တွင်းက ဝေဖန်သူ တစ်ဦး ပြောသည့်အတိုင်း လိုက်ပြောရလျှင် နောက်မှ ပြန်ဖမ်းချင်ဖမ်း၊ လောလော ဆယ်တော့ လွှတ်ပေးသင့်သည်။

ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ လူအများ၏ ဆန္ဒ၊ အများက တောင့်တ နေကြသော အရာတစ်ခုကို လိုက်လျောပြခြင်းသည် ဒီမိုကရေစီ အုပ်စိုးရေး၏ အရေးကြီးသော ပြယုဂ်တစ်ခု ဖြစ်သည်။ ယခု ဤကိစ္စ ဖြစ်မလာသည့် အတွက် ပြည်တွင်းရော ပြည်ပကပါ စိတ်ပျက်နေကြသည်။ နိုင်ငံရေးသစ် အပေါ် အားမရမှုက စီးပွားရေး လောကအပေါ် အရိပ်ထိုး နေသောအခါ မည်သည့် ရင်းနှီးမြှုပ်နှံသူ ကမျှ စိတ်မချ ရသေးသော အခြေအနေ အပေါ် ချက်ချင်း ပုံအော တိုးချဲ့ မှု မလုပ်သေးကြဘဲ ဖြစ်နေသည်။

တကယ်တန်း ပြောရလျှင် ပြည်တွင်းမှာ ကမ္ဘာ့ အဆင့်အတန်းဝင် သူဌေးလူတန်းစား တစ်ရပ် ရှိနေပြီ။ ပြည်ပ ရင်းနှီးမြှုပ်နှံမှု (FDI) တွေက သယံဇာတ ရင်းမြစ် တူးဖေါ်ရေး (resource extraction) ဆီသို့သာ ဦးတည်နေသဖြင့် လူများများကို အလုပ်အကိုင် မပေးနိုင်။ ပြည်တွင်းက ရင်းနှီးမြှုပ်နှံမှုက ထိုတာဝန်ကို ပို၍ ယူပေးနိုင်သည် ဖြစ်သည်။ သည်လူတွေကလည်း နိုင်ငံရေး မလွတ်လပ်သေးမှုက စီးပွားရေးအပေါ် သက်ရောက်မည့် အတိုင်းအတာကို ကြည့်နေဆဲ ဖြစ်သည်။

ဦးသန်းစိန် အစိုးရသည် လူထုက အားကိုးလာအောင် ရက်ရက် ရောရောနှင့် မြန်မြန် ဆန်ဆန် လုပ်ပြဖို့ အလွန် အရေးကြီးပါသည်။ ဤသို့ ဆိုသဖြင့် ခုမှ ဒါတွေ လာပြောနေရသလား အစကတည်းက အစစ်အမှန် မဟုတ်ဘူး ဆိုတာ ပြောခဲ့သားပဲဟု ‘လမ်းပြမြေပုံ’ နှင့်၂၀၀၈ ကို ငြင်းပယ်ခဲ့ သူများက ဆိုကောင်းဆိုမည်။

ထိုသူများကိုမူ “ပြည်သူတွေ ရွေးချယ်ခဲ့တာက ‘အကောင်းဆုံး’ကို မဟုတ်ဘူး ‘လက်တွေ့ စလုပ်လို့ ရတာ’ကို ဖြစ်တယ်” ဟုသာ နှုတ်လှန် ထိုးရတော့မည်။
အလျဉ်းသင့်၍ ဇာတ်လမ်းဟောင်းကို ပြန်ပြောရလျှင် ပြည်သူတွေက ၁၉၉၀ ရွေးကောက်ပွဲတုန်းက ‘လူ’ ကို မူတည်၍ မဲထည့်ခဲ့ကြသည်။ ထိုစဉ်ကလူတွေ ပြောနေခဲ့ကြသော စကားတစ်ခွန်းမှာ “ခွေးပဲဖြစ်ဖြစ် ခမောက်သာ ဆောင်းပေးပြီး လွှတ်လိုက်” ဟူ၏။ ၂၀၁၀ ရွေးကောက်ပွဲကို တွင်မူ ‘လူ’ အဓိက မထားတော့ဘဲ - ဘယ်သူ လုပ်ပေးပေး ဒီမိုကရေစီ ဖြစ်ရင် တော်ပြီ - ဆိုသော ‘မူ’ အရ တပ်က ချပေးသော လမ်းကို လျှောက်ခဲ့ကြသည်။

သို့သော် ကာလ အတိုင်းအတာ တစ်ရပ်ကို လွန်လာ၍ အများက မျှော်လင့် ထားချက်များ အကောင်အထည်နှင့် ဖြစ်မလာပါက “သူတို့ပဲ ဆက်လုပ် နေလို့ကတော့ ဒီမိုကရေစီ ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး”ဟု တိုင်းပြည်က သဘော ပိုက်လာလျှင် ‘လူ’ ဘက်ကို အာရုံပြန်၍ လည်သွားနိုင်သည်။

နိုင်ငံရေး ဗေဒင်အရ ဇာတာ စစ်ကြည့်လျှင် စစ်တပ်သည် မိမိလုပ်ခဲ့သမျှ စခန်း အဆင့်တိုင်း အောင်မြင်ကာ အထွဋ် အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ ရှေ့ကို ဆက်၍ တက်စရာ ပို၍ မြင့်သောနေရာ မရှိတော့။ လက်ရှိနေရာ၌ ဆက်၍ တည်တံ့ နေရန်မှာ စာချုပ်စာတမ်း (ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်)ဖြင့် ပေးထားသော ကတိများ အတိုင်း တကယ် လုပ်ပြ ရတော့မည် ဖြစ်သည်။ စင်ပေါ်မှာ ဆက်နေချင်လျှင် တကယ့်ကို ဘဝ ပြောင်းကြရမည်။ ယူနီဖောင်းစိမ်းများ ချွတ်လိုက် ကြရုံနှင့် မလုံလောက်။ ကိုယ်ဖေါ်သောဆေး ကိုယ်စား ပြရမည်။ တနည်းဆိုလျှင် ကိုယ့် အောင်မြင်မှုများ၏ သားကောင် ကိုယ် ပြန်ဖြစ်လာပြီ (victim of its own successes)။

တဖက်တွင်မူ အောင်ဆန်းစုကြည်၏ NLD သည် ၁၉၉၀ ရွေးကောက်ပွဲမှသည် နောက်ပိုင်း စစ်တပ်နှင့် ထိပ်တိုက်တွေ့သော ပွဲတိုင်းတွင် ရှုံးခဲ့သည်ဟု အားနာနာနှင့်ပင် ပြောရမည်။ မိမိ အားအကိုးဆုံး လက်နက်ဖြစ်သော စီးပွားရေး ပိတ်ဆို့မှု ဆန်ရှင်သည်ပင် နိုင်ငံရေး အရတော့ တဖက်ပြိုင်ဘက်ကို အကျိုးပြုသလို ဖြစ်ခဲ့သည်။ သူတို့ ကြောင့် ဖြစ်ရသော ပြဿနာများကိုပါ ဆန်ရှင်ပေါ် ပုံချ နိုင်ခဲ့သည်။

၂၀၁၀ တွင် သူ့စကား နားမထောင်ဘဲ ရွေးကောက်ပွဲသစ်တွင် မဲထည့်ကြခြင်းမှာ နောက်ဆုံးနှင့် အထိနာဆုံး အရှုံးဖြစ်သည်။ သို့သော် အရှုံးကို ဝန်ခံကာ ကြိုးဝိုင်းထဲမှ ထွက်မသွားဘဲ ဇွဲကောင်းကောင်းနှင့် ပေ၍ ဆက်နေ သောကြောင့်သာ NLD သည် ပွဲငယ်တိုင်း ရှုံးသော်လည်း ပွဲစဉ်ကြီး တစ်ခုလုံး အနေဖြင့် ခြုံကြည့်လျှင် မရှုံးသေးဟု ဆိုရမည် (lost each battle, but not the war) လက်ရှိ အနေတွင် NLD နှင့် အောင်ဆန်းစုကြည်သည် တွင်း၏ အောက်ဆုံး ကြမ်းပြင်အထိ ကျသွားခဲ့ပြီ (hit the bottom) ဖြစ်သည်။

သို့သော် ဤနေရာမှာပင် အဆိုးထဲက အကောင်း ရှိနေပြန်သည်။ အဘယ့်ကြောင့် ဆိုသော် ဆက်၍ ကျစရာ မရှိတော့သော နေရာသို့ ရောက်ချိန်မှာပင် နိုင်ငံရေးအသက် မကုန်ဘဲ ရှိနေသေး သောကြောင့် ဖြစ်သည်။ သူမ၏ နိုင်ငံရေး ကံကြမ္မာ လှည်းဘီး ဘယ်နေ့ (အထက်သို့) တပါတ် ပြန်လည် လာမလဲ ဆိုတာကို စောင့်နေရုံသာ ကျန်တော့သည်။
ယခုအနေသည် NLD အဖို့ “နှောင်ကြိုးမှ တပါး အခြား ဘာမှတိုး၍ ဆုံးရှုံးစရာ မကျန်တော့၊ ရစရာ ရှိတာတွေ ကတော့ တစ်ကမ္ဘာလုံးပဲ” ဟူ၍ အော်ဟစ် ကြွေးကြော်နိုင်သည့် အနေအထားမျိုးဟု ဆိုရမည်။

၁၉၉၀ ခုနှစ်မှသည် ၂၀၁၀ အထိအနှစ် ၂၀ အတွင်း စစ်အစိုးရသည် အချိန်ကို လက်နက်သဖွယ် အသုံးချ၍ (delay tactics) ၁၉၉၀ ရွေးကောက်ပွဲ အောင်ပွဲ၏ ရလဒ်ကို တိုက်စား (erode) ပစ်ခဲ့သည်။ အချိန်သည် တလျှောက်လုံး အစိုးရဘက်မှာ ရှိနေခဲ့သည်။ သို့သော် ၂၀၁၀ ရွေးကောက်ပွဲသစ် နောက်ပိုင်းမှ စ၍ အချိန်သည် (စစ်)အစိုးရ ဘက်မှာ မရှိတော့ဘဲ အောင်ဆန်းစုကြည်ဘက် ရွှေ့သွားပြီဟု ပြောရမည်။ အကြောင်းမှာ အစိုးရသစ်ကို အားမရလျှင် မရသလောက် လူတွေက သူမဘက်ကို ပြန်မျက်နှာ မူလာနိုင်၍ ဖြစ်သည်။ မြန်မာလူထုသည် ဂျပန်နှင့် ပေါင်း၍ အင်္ဂလိပ်ကို တိုက်၍၊ တဖန် အင်္ဂလိပ်နှင့် ပြန်ပေါင်းကာ ဂျပန်ကို ပြန်တိုက်ဖူးသည့် သာဓက ရှိသည်။

ထို့ကြောင့် အစိုးရသစ်ကို အားနာနာနှင့်ပင် ဆက်ပြောရလျှင် မိမိဘက်က လုပ်ပြစရာ ရှိတာတွေကို ပြတ်ပြတ် သားသားနှင့် ရက်ရက်ရောရော လုပ်ပြစမ်းပါ - ဖျာလိပ်ခေါင်းထဲ ဝင်မိတဲ့ ခွေးလို ဖြစ်မနေပါစေနှင့် ဟုသာ သတိ ပေးရတော့မည်။ အတတ်ဆန်း၍ ဖျာလိပ်ခေါင်းထဲ ဝင်မိသောခွေးသည် ရှေ့လည်း ဆက်မတိုးရဲ၊ နောက်လည်း ပြန်ဆုတ်၍ မရ ဖြစ်နေတတ်သည်။

ဤသို့ ဆိုလိုက်၍ ရိုင်းတယ်ဟု ထင်ချင် ထင်ကြမည်။ မြန်မာ သံတော်ဆင့်သည် စစ်အစိုးရ၏ လမ်းပြမြေပုံကို နိုင်ငံရေး အရ မှန်ကန်သော လမ်းကြောင်းဟု လက်ခံ၍ ရွေးကောက်ပွဲသစ် အားဖြင့် စည်းကမ်းရှိသော ဒီမိုကရေစီ စနစ်သို့ အရပ်သား စစ်သား ပူးတွဲ အုပ်ချုပ်ရေးမှ တဆင့် စနစ်တကျ ကူးပြောင်းရေးကို သဘောတူ လက်ခံခဲ့သည်။

ဤအကဲဖြတ်ချက်ကို ယခုအတွက်ကော နောင်သမိုင်း ကာလများ အထိပါ မှန်ကန်သော အကဲဖြတ်ချက် ဖြစ်သည်ဟု တသမတ်တည်း ဆုပ်ကိုင်သွားမှာ ဖြစ်သည်။ သို့သော် မည်သူ့ကိုမျှ ဝေဖန်ရေး မလုပ်ဘဲ လွှတ်ပေးထား မည်တော့ မဟုတ်ချေ။ မိမိထက်ပို၍ စေ့စပ်၊ ပို၍ ထိရောက်သော စောင့်ကြည့်နေခြင်းကို မိမိနှင့် သမိုင်း အမြင်ချင်း တူသူများထံမှ ပေါ်ထွက် မလာမချင်း တာဝန်ကို ယူနေမည် ဖြစ်သည်။

အစိုးရသစ်ကို ယခုလောက်အထိ ဝေဖန်ရခြင်းမှာ ဒူးလောက်တင်မှ ရင်လောက် ကျသော မြန်မာ့တွေ၏ ဉာဉ်ဆိုး ကြောင့်လည်း ဖြစ်သည်။ မည်သူမျှ ကိုယ်တည်မိတဲ့ ဘုရားကို ဠင်းတ (လဒ) နားတာတော့ မခံချင်။
တဖန် ဝေဖန်ရ တော့မည် ဆိုပါကလည်း “သူ့ဘက်ကို ကြာပွတ်နဲ့ ရိုက်(သလိုဝေဖန်)၍ ကိုယ့်ဘက်ကျတော့ ကြက်မွှေးနှင့်သပ်” သလို မလုပ်နိုင်။ ဒီမိုကရေစီ၏ ပထမ လိုအပ်ချက်သည် လွပ်လပ်ခွင့်များ ဖြစ်သည်။ သို့သော် ဤလွပ်လပ်ခွင့် များသည် မျှတသော ကစားပွဲ (Fair game) နှင့် ရေပြင်ညီ ကစားကွင်း (Level playing field) ပဏာမ အာမခံချက်များ ရှိမနေလျှင် အလကားပဲ ဖြစ်သည်။

ရွေးကောက်ပွဲတုန်းက ဤ fair game အသွင်အပြင် အတော်အတန် ချို့ယွင်းခဲ့သဖြင့် ပြည်တွင်း ပြည်ပ စိတ်ပျက်ခဲ့ကြ ရသလို ရလဒ်၏ ခိုင်မာမှု (integrity) ကိုလည်း ကြားနေ ပရိတ်သတ် ထဲမှာပင် မေးခွန်း ထုတ်သူများ ရှိခဲ့သည်။
ထိုစဉ်က သံတော်ဆင့် နည်းတူ မဝေဖန်ဘဲ ထားလိုက် ကြသူများက အနှစ်နှစ် အလလ စောင့်စား ခဲ့ကြရသော၊ အနှောက်အယှက် များကြောင့် အကြိမ်ကြိမ် နှောင့်နှေးနေသော ကိစ္စကြီး မဖြစ်မြောက်မှာ စိုး၍ ပထမ ခြေလှမ်း ကိုတော့ ရှိစေတော့ဟု လျော်ပေးလိုက်ခြင်း ဖြစ်သည်။သို့သော် ယခုအချိန် ၌ကား “ပျားရည်ဆမ်း ကာလ ပြီးသွားပြီ၊ အလုပ် စကြစို့ ” (Honeymoon is over. Let’s get downto business) ဟု ပြောရတော့မည် ဖြစ်သည်။

ဦးသိန်းစိန် အစိုးရသည် လူထုက ယုံကြည်လာအောင် အားကိုးလာအောင် တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန် ဆန်ဆန် လုပ်ပြဖို့ အလွန် အရေးကြီးပါသည်။ အဘယ်ကြောင့် ဆိုသော် ဦးသိန်းစိန်သည် (အိုဘားမားလို) လူထုက တိုက်ရိုက် ပေးသော မဲဖြင့်၊ ပီပြင်သော ပြိုင်ဆိုင်မှု တစ်ခုကို ဖြတ်သန်း လာခဲ့သည့် သမ္မတမျိုး မဟုတ်။ (neither by popular votes nor through a real contest) သီပေါမင်း နန်းရသလို သူ့ထက် သင့်တော်သူကို - ထီးနန်း လွှဲပေးမည့် သူများက ရှာ၍ မရသောကြောင့် ဘုန်းကြီး လူထွက် ကလေးကို ရာဇပလ္လင်ပေါ် တင်ပေး လိုက်သလို နည်းမျိုးဖြင့် သမ္မတ ဖြစ်လာသူ ဖြစ်သည်။

ဤအခြေအနေကြောင့် သူများထက် ပို၍ လူစွမ်း ပြရမည် ဖြစ်သည်။ လူထုက တိုက်ရိုက် ရွေးတင်ခွင့် မရခဲ့သဖြင့် လူထုနှင့် မရင်းမနှီး ဖြစ်နေသည်ကို ချေဖျက်ရန် အခွင့်သင့်တိုင်း တိုင်းပြည်လူထုထံ တိုက်ရိုက် ဆင်း၍ တွေ့သင့်သည်။
အောက်ဆုံးက အသံများကို ကိုယ်တိုင် နားဖြင့် နားထောင်ရမည်။ မြန်မာပြည်ကဲ့သို့ မိုးပေါ်က ကျလာသော ခေါင်းဆောင်များ (heaven sent leaders) နေရာ ရနေကျ တိုင်းပြည်တွင် မိမိသည် မိုးပေါ်က ကျလာပေမယ့် အောက်ခြေက လက်လှမ်း မီအောင် နေကြောင်း သက်သေ ပြသင့်သည်။

အများက ကြည်ညို လေးစားသော စာပေနှင့် အနုပညာရှင်များ၊ သြဇာရှိသော ဘာသာရေး ခေါင်းဆောင်များ၊ လူမှုရေး ပရဟိတ သမားများနှင့် (အခြား ဒီမိုကရေစီ နိုင်ငံများမှာ ကဲ့သို့) လက်ပွန်းတတီး နေပြပါ။ လူနည်းစု များနှင့် အခွင့်အရေး မဲ့နေသူများ (minorities and disadvantaged groups) အား အထူး ဂရုစိုက် အားပေးပြပါ။ မြန်မာ အာဏာရှင်ဟောင်းများ ကသာ သူတို့ကိုယ်ကို သူတို့ ပြင်ချင်စိတ် တကယ်ရှိလျှင် ဘာမျှ မခဲယဉ်း၊ ပြင်ပ (ဒီမိုကရေစီ) ကမ္ဘာကြီးဘက်သို့  တချက် ငဲ့စောင်းကြည့်ကာ အတုခိုး လိုက်ကြရုံ ဖြစ်သည်။

အစိုးရတိုင်း အဓိက ရင်ဆိုင် ကျော်လွှားရသည့် အဓိက အန္တရာယ်သည် ပြည်ပမဟုတ် ပြည်တွင်းက လာသည့် ပြဿနာ (domestic challenge) ဖြစ်သည်။ ၁၉၈၈ ခုနှစ်မှသည် ယခုအထိ ဖြစ်သော ကာလကြီး တလျှောက် အုပ်စိုးရေး အဟောင်း (old regime) အတွက် အန္တရာယ်အကြီးဆုံး အချိန်သည် ယခုအချိန်ပင် ဖြစ်သည်ဟု ပြောလျှင် ရုတ်တရက် သဘောတူနိုင်သူ နည်းကောင်း နည်းပါလိမ့်မည်။

ပြန်လှန်သုံးသပ် ကြည့်လျှင် ၁၉၈၈ ခုနှစ်တုန်းက ဖြစ်ခဲ့သည်မှာ သယံဇာတ အုံကြွမှု (a spontaneous outbreak) တစ်ခုဖြစ်သည်၊ ချက်ချင်း အစားထိုးနိုင်သည့် ခေါင်းဆောင်မှု (alternative leadership) မရှိခဲ့။ နိုင်ငံရေး သမား ဟောင်းများ ရှိကြသေးသော်လည်း ဘယ်သူကမျှ မျှော်လင့် မထားကြသဖြင့် ပြင်ဆင် မထားခဲ့ကြ။ ယခုအချိန်သည် ထိုစဉ်ကနှင့် ပြောင်းပြန် ဖြစ်နေသည်ဟု ဆိုရမည်။ ၁၉၈၈ တုန်းက မရှိခဲ့သော အရာများ အားလုံး ရှိနေပြီ ဖြစ်ကာ အဆင်သင့်လည်း ဖြစ်နေကြသည်ကို သာမန် ကြည့်လျှင်ပင် မြင်နိုင်သည်။ [ထို့ကြောင့်ပင်လျှင် - မြောင်းထဲ ရောက်နေသည်ဟု မြင်နေကြရသော - အောင်ဆန်းစုကြည်က သူမနှင့် ဆွေးနွေးပါဟု အကြိမ်ကြိမ် တောင်းဆို နေခြင်း ဖြစ်သည်။]

အခြေခံ ဥပဒေသစ်ထဲမှာ ဘယ်လိုပင် ပြဋ္ဌာန်းထားသည် ဖြစ်စေ ပြဿနာ ဖြစ်လာလျှင် ၁၉၈၈ ခုနှစ်တုန်းက နည်းမျိုး ကို ပြန်၍ အားကိုးရန် မဖြစ်နိုင်။ အကြောင်းမှာ ချမ်းသာလာသော လူတန်းစားသစ်သည် စစ်အနွယ်ဝင် များပင် ဖြစ်ကာ ဆုံးရှုံးစရာတွေ ရှိလာကြပြီ ဖြစ်သဖြင့် မြွေမသေ တုတ်မကျိုး နည်းကို ရွေးလိုသူတွေက အများစု ဖြစ်လာ နိုင်သည်။ နိုင်ငံရေးအရ အနောက်ကို မလိုလားသည့်တိုင် ချမ်းသာလာသူများ ပီပီ အနောက်ကမ္ဘာက ဆေးဘော် ကျောဘက် လုပ်တာကို ခံချင်၊ လူတောတိုး၊ လူရာ ဝင်ချင်လာကြပြီ ဖြစ်သည်။

ဒီလို လူစားမျိုးတွေကပဲ ဆားဗီးယား (ယူဂိုဆလားဗီယား)တွင် သူတို့၏ ခေါင်းဆောင်များကို သည်ဟိတ် (The Hague) ပို့ ၍ ရောင်းစားခဲ့တာ ဖြစ်သည်၊ အပြင်ရန်သူက ဝင်ဖမ်းသွားတာ မဟုတ်။

ပါတီဝင် သန်းပေါင်း ဆယ်ဂဏန်း ရှိသော ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကြီးကို ရာသီဥတု ကောင်းချိန်၌ စုစည်းထားသော လူများ (sunshine soldiers and summer patriots) ဖြင့် တည်ထောင်ထားခြင်း ဖြစ်သည်။ ၁၉၉၁ ခုနှစ်တုန်းက ဘာတေးလင်တနာ (Bertil Lintner)က နဝတ (SLORC) ကို ရွှံ့ခြေထောက်များ တပ်ထားသော ဧရာမဘီလူးကြီး (a giant with feet of clay) ဟု သရော်ခဲ့သည်။ အမြင်အားဖြင့် ကြောက်စရာ ကောင်းသော်လည်း အချိန်မရွေး ပြိုလဲ သွားနိုင်သည်ဟု သူက ဆိုချင်ခဲ့ပုံရသည်။ ထိုစဉ်က သူ့အဆို မမှန်ခဲ့၊ စစ်အုပ်စိုးရေး နောက်ထပ် အနှစ် ၂၀ သက်တမ်း ရှည်ခဲ့သည်။ သို့ သော် ယခုအချိန်အတွက် ဆိုလျှင် ဟုတ်သလိုလို ရှိလာသည်။

စိတ်ချရပြီဟု ယူဆလိုက်သော အချိန်သည် အန္တရာယ် အကြီးဆုံး အချိန် ဖြစ်သည်။
ဝါတာလူး စစ်ပွဲကြီး နောက်ပိုင်း နပိုလီယန် ထုတ်ယူလိုက်သော သင်ခန်းစာမှာ “အထွဋ်အထိပ်ကို ရောက်ဖို့ လှေခါး တစ်ထစ်ချင်းကို ပင်ပမ်းကြီးစွာ လှမ်းတက်ခဲ့ ရပေမယ့် ကျဆုံးဖို့ ကျတော့ ခြေတစ်လှမ်းထဲနဲ့ ထိုးဆင်း သွားတော့တာပဲ” ဟူ၏။ ထို့ကြောင့် တိုင်းပြည်ကို ခေါင်းဆောင်မှု အသစ်ပေးမည့် သူများသည် တိုင်းပြည်ကို ဘာမှ မလုပ်ခင် မိမိတို့ကိုယ်ကို မိမိတို့ အလျှင် ပြင်ကြ ပြောင်းလဲကြရလိမ့်။

ခြိမ်းခြောက်နေမှုကြီးကို အကောင်းဆုံး အနိုင်ယူနိုင်သည့် နည်းမှာ ဒီမိုကရေစီ ဖေါ်ဆောင်ရေးကို ရက်ရက် ရောရောနှင့် မြန်မြန် ဆန်ဆန် လုပ်ရန်သာ ဖြစ်သည်။

မြန်မာသံတော်ဆင့်

Posted by ပိတောက်မြေ at 12:17:00 AM

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...