Friday, August 19, 2011

နိုင်ငံရေးသမားများ လေ့လာစရာ စောမည်းသင်ခန်းစာ

ရှေ့နေလုပ်မည့်သူဟာ ဥပဒေပညာကို သင်ယူပြီး သတ်မှတ်ထားတဲ့ စာမေးပွဲတွေ အောင်ပြီးမှ ရှေ့နေဘွဲ့ရတယ်။ ပြီးတော့ ရှေ့နေမလိုက်ခင် ၀ါရင့် ရှေ့နေကြီးများထံမှာ နှစ်နဲ့ချီကာ လက်တွေ့ဆင်းပြီးမှ တရားရုံးမှာ အမှုလိုက်ခွင့် ရှိတဲ့ ရှေ့နေ လိုင်စင်ရတယ်။ အလားတူ ဗိသုကာ၊ အင်ဂျင်နီယာတွေလည်း သတ်မှတ်ထားတဲ့ သင်ရိုး ညွှန်းတမ်းတွေ ပြီးဆုံးအောင် သင်ယူပြီးမှ အောင်လက်မှတ်ရတယ်။
အဆောက်အအုံတွေ ဆောက်ပြီဆိုရင် အင်ဂျင်နီယာက လက်မှတ် ထိုးရတယ်။ လူတွေ နေထိုင်ဖို့ သင့်တော်တဲ့ အဆင့်ရှိတယ်လို့ အင်ဂျင်နီယာက လက်မှတ်ထိုး ထောက်ခံမှ လူတွေ နေထိုင်ခွင့် ရှိတယ်။ ဆရာဝန်များဟာ သတ်မှတ်ထားတဲ့ ဆေးပညာဘွဲ့တွေ ရပြီး လက်တွေ့ ကုသမှုတွေကို လေ့လာ ဆည်းပူးပြီးမှ ဆေးကုသခွင့်ရှိတယ်။ ဆေးကုသခွင့် လက်မှတ်မရှိဘဲ ဆေးကုသူကို ရမ်းကုလို့ ခေါ်ပါတယ်။ နိုင်ငံရေး သမားများမှာတော့ အရည်အချင်း ဆိုင်ရာ ဘာစာမေးပွဲ၊ ဘာလက်မှတ်မှ မလိုဘူး။ လူထုရဲ့ ဆန္ဒမဲများများ ရအောင် လုပ်နိုင်ရင်ပဲ တိုင်းရေး ပြည်မှုတွေကို စံမီတန်းမီ စီမံခန့်ခွဲ ဦးဆောင်မှု ပေးသူ ဖြစ်လာတော့ မတဲ့လား။ သို့တည်းမဟုတ်၊ အာဏာကို တစ်နည်းနည်းနဲ့ ရလိုက်ရုံနဲ့ တိုင်းရေးပြည်မှုကို စံမီတန်းမီ စီမံခန့်ခွဲသူ ဖြစ်လာတော့ မတဲ့လား။
မြန်မာရာဇ၀င်ထဲက ၀န်ဇင်းဘိုးရာဇာနဲ့ စောမည်းကို သတိရတယ်။ အင်းဝဘုရင် မင်းကြီး စွာစော်ကဲက သူ့လူယုံတော် စောမည်းကို ဒေသတစ်ခုရဲ့ ဘုရင်ခံရာထူး ခန့်လိုက်တယ်။ ကိုယ့်လူကို ချီးမြှောက် ချင်လို့သာ ဇွတ်ကြီး ရာထူး ပေးလိုက်တာ၊ ကိုယ့်လူမှာ ဘာအရည်အချင်းမှ မရှိမှန်းလည်း မင်းကြီးစွာစော်ကဲက သိဟန်တူပါတယ်။ ဒါကြောင့်လည်း ပညာရှိအမတ်ကြီး ၀န်ဇင်း ဘိုးရာဇာထံ စောမည်းကို အပ်ပြီး သြ၀ါဒ နာယူ ခိုင်းသတဲ့။

ဘိုးရာဇာက အုပ်ချုပ်ရေး လုပ်ငန်း ဆိုင်ရာ တွေမှာ တတ်သိ နားလည် သူတွေကို စည်းရုံး သိမ်းသွင်းပြီး ခိုင်းစေဖို့ စောမည်းကို မှာတယ်။ နောက်ဆုံး အချုပ်အားဖြင့် ပြည်သူ အများကို အုပ်ချုပ်ရာတွင် ကြောင်နှင့် ညောင်ကို ထုံးပြု၍ ကျင့်ကြံရမည်ဟု သြ၀ါဒ စကား ပြောကြားလိုက်တယ်။
ဘိုးရာဇာက ပညာရှိစကား ပြောလိုက်တာပဲလား။ စောမည်းရဲ့ “ညံ့ချက်က ကမ်းကုန် အနေအထား”ကို သိလို့ မြန်မြန် ပြန်ပြေးလာရရင် ပြီးရော သဘောထား သလားတော့ မသိပါ။ စဉ်းစားဉာဏ် ရှိသူတွေသာ သိနိုင်၊ ကျင့်နိုင်မယ့် သြ၀ါဒ စကားကို ပြောလိုက်တာ ဖြစ်ပါတယ်။
ကြောင်လိုကျင့် ဆိုတာက အကြောင်းကိစ္စမရှိဘဲ လက်သည်းကို မထုတ်ဖို့ ဆိုလိုပါတယ်။ အခြောက်တိုက် ပါဝါ အာဏာပြတာတွေ မလုပ်ဖို့ မှာတာပါ။ ညောင်လို ကျင့်ဆိုတာက ညောင်စေ့ကလေးဟာ သေးသေးလေး ဖြစ်သော်လည်း ရှင်သန် ကြီးပြင်းလာတဲ့အခါ လူနဲ့ တိရိစ္ဆာန်များ ချမ်းသာစွာ အရိပ်ခိုနိုင်ကြတာကို ဆိုလိုပါတယ်။ စောမည်းဟာ မင်းကြီးစွာ မချီးမြှောက်ခင်က ညောင်စေ့လို သေးသေးလေး ဖြစ်သော်လည်း အခုလို လူကြီးနေရာ ရလာတဲ့အခါ မိမိအောက်မှာ လူရှင်အများ ချမ်းသာစွာ အရိပ်ခိုနိုင်သူ ဖြစ်အောင် ကြိုးစားပါလို့ မှာတာပါ။

ဦးနှောက် သေးသေးလေးပဲ ရှိတဲ့ စောမည်းဟာ အဲသလို ပုံဆောင် ပြောတဲ့စကားတွေကို ဘယ်နားလည်ပါ့မလဲ။ ဘယ်စဉ်းစားတတ် ပါ့မလဲ။ အဆိုးဆုံးကတော့ ဘယ်ခေတ် မှာပဲဖြစ်ဖြစ် စောမည်းလို လူမျိုးတွေဟာ တတ်ယောင်ကားတွေ များတယ်။ မသိရင် မသိဘူး မပြောဘူး။ တတ်သလိုလို နပ်သလိုလို နေပြလေ့ရှိတယ်။ တကယ်ဆို ဘိုးရာဇာကို မေးရမှာပေါ့။ ဘိုးဘိုး ကြောင်လို ဘယ်လိုကျင့်ရမလဲ၊ ညောင်လို ဘယ်လိုကျင့်ရမလဲ မေးရင် အမတ်ကြီးက ရှင်းပြမှာပေါ့။ ခုတော့ တတ်သလိုလို နပ်သလိုလိုနဲ့ တာဝန်ကျရာ ဒေသကို သွားပါလေရော။ ရောက်ပြီး ဘာကြာလိုက်လဲ။ ညောင်ပင်တွေ လိုက်ခုတ်ခိုင်းတယ်။ ကြောင်တွေကို လိုက်သတ်ခိုင်းတယ်။
သူစဉ်းစားပါလိမ့်မယ်။ ကြောင်လိုကျင့်ဖို့ ညောင်လိုကျင့်ဖို့။ သို့ပေမယ့် စဉ်းစားလေ ဝေးလေ။ ဘယ်လိုကျင့်ရမယ် ဆိုတာ အဖြေမထွက် လာတော့ အသိဉာဏ်နုံနဲ့သူတွေ စိတ်တိုလာရင် လုပ်လေ့ ရှိတဲ့အတိုင်း “ကိုင်းသည် လောက်တောင် ဦးနှောက်စားတဲ့ ကြောင်နဲ့ ညောင် အားလုံး ရှင်းပစ်ကွာ”လို့ လုပ်လိုက်ပုံရပါတယ်။
အဲသလောက် ညံ့ချက် ကမ်းကုန်နေတဲ့ စောမည်းလိုလူ အုပ်ချုပ်လို့မှ သူပုန်မထရင် အဲသည်က လူတွေ ရာဇ၀င် ရိုင်းကုန်တော့မှာပေါ့။ နောက်ဆုံးတော့ စောမည်း ပြန်ပြေးလာရတာပါပဲ။
စောမည်း ဥပမာကို ခေတ်သဘောနဲ့ ယှဉ်ပြီး ယနေ့ခေတ် နိုင်ငံရေး သမားတွေ သင်ခန်းစာ ယူသင့်တယ်လို့ ကျွန်တော် ယူဆပါတယ်။
မြန်မာနိုင်ငံ အပြီးသတ် လွတ်လပ်ရေးရခါနီး ဗြိတိသျှအစိုးရနဲ့ နှလုံးရည် တိုက်ပွဲ ဆင်နွှဲနေရတဲ့ ၁၉၄၅-၄၇ ခုနှစ်မှာ ဗိုလ်ချုပ် အောင်ဆန်း နိုင်ငံရေးလုပ်သွားပုံကိုလည်း လေ့လာသင့်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်တွေ့လေထဲ မိုးထဲ နိုင်ငံရေး သက်တမ်းကို ကြည့်ရင် တို့ဗမာ အစည်းအရုံး အထွေထွေ အတွင်းရေးမှူး အဖြစ် စတင် ဆောင်ရွက်တဲ့ ၁၉၃၈ ခုနှစ်ကနေ အမျိုးသား အာဇာနည်အဖြစ် ကျဆုံးရတဲ့ ၁၉၄၇ ခုနှစ်အထိ ၉ နှစ်တာမျှ ကြာမြင့်ခဲ့ပါတယ်။၁၉၄၅-၄၇ ကာလဟာ လုံးဝ လွတ်လပ်ရေး ရဖို့ နောက်ဆုံး တိုက်ပွဲ ဆင်နွှဲရချိန် ဖြစ်ပါတယ်။ အသိမ်မွေ့ဆုံး အချိန်လို့ ဆိုနိုင်ပါတယ်။
ဖက်ဆစ် တော်လှန်ရေး ဆင်နွှဲခဲ့ပြီး မြေပေါ် ပြန်ရောက်လာတဲ့ လွတ်လပ်ရေး တပ်ဦး ဖဆပလ အဖွဲ့ကြီးဟာ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးသွားချိန် မြန်မာနိုင်ငံကို ပြန်ဝင်လာတဲ့ စစ်ပြေးအစိုးရ၊ ဘုရင်ခံ၊ ဗြိတိသျှစစ်တပ် စတာတွေနဲ့ ထိပ်တိုက်ရင်ဆိုင် တွေ့ရတယ်။ ၁၉၄၆၊ စက်တင်ဘာ ၂၇ မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး အစိုးရဖွဲ့ဖို့ ဘုရင်ခံက တာဝန် အပ်နှင်းပါတယ်။ အသက် ၃၀ ကျော်အရွယ် အမျိုးသား ခေါင်းဆောင်ဟာ ၀ါရင့် သမ္ဘာရင့် နိုင်ငံရေးသမားကြီးတွေ၊ သူနဲ့ အသက်အရွယ် မတိမ်းမယိမ်း နိုင်ငံရေး သမားတွေနဲ့ အိုင်စီအက်စ်တွေ၊ တက္ကနိုကရက်တွေကို စုစည်းဖွဲ့စည်းခဲ့ပါတယ်။

ငါတို့ အာဏာရရင် ငါတို့လူတွေချည်း ကုလားထိုင်ဝေယူမယ်။ ငါတို့လူတွေ မဟုတ်ရင် ကျောက်ခဲနဲ့သလဲပဲ ရမယ် ဆိုတဲ့ အစဉ်အလာ နိုင်ငံရေးသမားတွေရဲ့ စိတ်ဓာတ်ကို ဗိုလ်ချုပ်အောင်ဆန်းက အမွေဆက်မခံပါဘူး။ တိုင်းပြည် အတွက် အသုံးတည့်မယ့်သူတွေကို အစိမ်းအကျက်မရွေး တာဝန်ပေးခဲ့ပါတယ်။ အိုင်စီအက်စ်တွေကို ဗိုလ်ချုပ် အောင်ဆန်းက နေရာပေးတာနဲ့ ပတ်သက်ပြီး သူ့လုပ်ဖော်ကိုင်ဖက် လူရင်းတွေက မကျေမနပ် ဝေဖန်ကြတာကို ဗိုလ်ချုပ်အောင်ဆန်းက သူတို့ရဲ့ တတ်ကျွမ်းမှုကို တိုင်းပြည်အတွက် အသုံးချတာလို့ ပြန်ရှင်းပြကြောင်း ဖတ်ဖူး၊ မှတ်ဖူးပါတယ်။
စောမည်းလို လူတွေကျတော့ ဘိုးရာဇာက တတ်သိ နားလည်သူတွေကို နေရာတကျ အသုံးချပါလို့ မှာလိုက် တာကိုတောင် မလုပ်တတ် မကိုင်တတ်တော့ ခွေးပြေး ၀က်ပြေး ပြန်ပြေးလာရပေတယ်။
နိုင်ငံရေး စိတ်ဝင်စားသူများ အနေနဲ့ စောမည်းရဲ့ အမှားကိုလည်း သင်ခန်းစာအဖြစ် ယူသော် ရပါ၏။

မောင်ဝံသ
စာကိုး။ ၁။ ဦးဖိုးကျား၊ ခေတ်မီမြန်မာရာဇ၀င် အကျဉ်း။
၂။ ဦးလေးမောင်၊ မြန်မာ့နိုင်ငံရေး သမိုင်း ဒုတိယတွဲ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...