Friday, August 19, 2011

နိုင်ငံရေးဆိုတာ ကြီးမြတ်တဲ့ အလုပ်

ယုံကြည်ချက်ရှိတယ်
ဘယ်ပါတီမှ မဝင်ခဲ့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကောလိပ်ကျောင်း ရောက်စကတည်းက သတင်းစာ အလုပ်လုပ် မယ့်လို့ စိတ်ထဲမှာ ရည်ရွယ်ထား ပြီးဖြစ်လို့ပါ ။ သတင်းစာ သမားဆိုတော့ မှန်တာ ကိုသာ ရေးရမယ်။ ဘယ်သူ့ မျက်နှာကိုမှ မကြည့်ရဘူး။ စာဖတ်ပရိသတ် ပြည်သူလူထု မျက်နှာတစ်ခုတည်းကိုသာ ကြည့်ရမယ်လို့ နားလည် သဘောပေါက်ထားလို့ ဖြစ်ပါတယ်။ ဘယ်ပါတီမှ မဝင်ပေမယ့် ယုံကြည်ချက် မရှိတာတော့ မဟုတ်ပါဘူး။ ကျောင်းသား ဘဝကစပြီ ဒီနေ့အထိ အစွဲအမြဲ၊ အခိုင်အမာ ယုံကြည်တဲ့ ယုံကြည်ချက် ရှိပါတယ်။
လူရယ်လို့ ဖြစ်လာရင် ယုံကြည်ရာ အယူအဆ တစ်ခု၊ ဝါဒတစ်ခုရှိ မြဲဖြစ်တယ်။ တချို့က ဗုဒ္ဓအယူဝါဒကို ယုံကြည်တယ်။ တချို့က ခရစ်တော်ရဲ့ အယူဝါဒကို ယုံကြည် သက်ဝင်တယ်။ တချို့က ဗြဟ္မဏ အယူဝါဒကို ကိုးကွယ် ဆည်းကပ်တယ်။ ဒါလူတစ်ဦး ချင်းစီရဲ့ ဗီဇနဲ့ ပတ်ဝန်းကျင်က ဖန်တီးပေး ချက်ဖြစ်တယ်။ လူတိုင်းဟာ သူယုံကြည်ချင်တာ လွတ်လပ်စွာ ယုံကြည်ခွင့် ရှိတယ်။ ကိုယ်မယုံကြည်တဲ့ အရာမို့ မှားတယ်၊ မကောင်းဘူး သတ်မှတ်လို့ မရဘူး။ ကိုယ်နဲ့မတူလို့ ရန်သူလို့ သဘောထားလို့ မဖြစ်ဘူး။

အကျိုးစီးပွားနှင့် ပဋိပက
လူ့လောကမှာ လူမျိုးပေါင်းစုံ ရှိတယ်။ ဘာသာအယူဝါဒ မျိုးစုံရှိတယ်။ သတင်းစာဆိုတာက လူတိုင်းနဲ့ ဆိုင်တဲ့ အရာဖြစ် တယ်။ လူတိုင်း ဖတ်ကြတယ်။ အဲဒီတော့ သတင်းစာ သမားက ကိုယ့်ယုံကြည် ချက်ကို ကိုယ့်စိတ်ထဲမှာပဲ ထားပြီး အရေး ကိစ္စ အဖြာဖြာကို ဓမ္မဓိဌာန် ကျကျကြည့်မြင် သုံးသပ်ရေးသား ရပါတယ်။ နိုင်ငံရေး ပါတီ တစ်ခုခုမှာ ပါဝင်ဆောင်ရွက် သူဟာ သူ့ပါတီ စည်းကမ်းကို လိုက်နာပြီး သူ့ပါတီကပေးတဲ့ တာဝန်ကို ထမ်းဆောင် ရပါတယ်။ သူ့ပါတီအတွက် ဝါဒဖြန့် စည်းရုံးလှုံ့ဆော်ရ ပါတယ်။ သူ့ပါတီမှားတာ မကောင်းတာကို သူ့ပါတီတွင်းမှာ လွတ်လပ်စွာ ပြောဆို ဝေဖန်ခွင့်ရှိပေမယ့် အပြင်မှာ ထုတ်ပြောတာ၊ ဝေဖန်တာ၊ ရေးသားတာ မလုပ်ရပါဘူး။ ပါတီစည်းကမ်းက ပိတ်ပင် တားမြစ်ထားပါတယ်။ ဒါ သဘာဝ ကျပါတယ်။ ပါတီ အဖွဲ့အစည်း လုပ်ကြတဲ့အခါမှာ စည်းကမ်းကလနားဆိုတာ မရှိလို့ ဘယ်ဖြစ်မှာလဲ။ သတင်းစာ သမားက ပါတီတစ်ခုခု ဝင်ထားရင် ပါတီရဲ့ စည်းကမ်းစည်းမျဉ်းနဲ့ သတင်းစာ လုပ်ငန်းရဲ့ ဓမ္မဓိဌာန်ကျမှု နှစ်ခုအကြား “အကျိုး စီးပွားချင်း ပဋိပက္ခ ဖြစ်မှု” (Conflict of interest ) ဆိုတာ မလွဲမသွေ ပေါ်ထွက်လာမှာ ဖြစ်တယ်။

ရင့်ကျက်မှုအများကြီးလို
နောက်ပြီးတော့ ပါတီအဖွဲ့အစည်းနဲ့ နိုင်ငံရေး လုပ်တယ် ဆိုတာက တော်ရုံတန်ရုံ စိတ်ဓါတ်၊ တော်ရုံ အရည် အချင်းနဲ့ ဖြစ်တာ မဟုတ်ပါဘူး။ အသိဥာဏ်ထက် မြတ်ပြီး ဗဟုသုတ ပြည့်စုံဖို့ လိုပါတယ်။ စိတ်ဓါတ်ရေးရာ မှာလည်း အင်မတန် ရင့်ကျက် တည်ငြိမ်ဖို့ လိုပါတယ်။ စိတ်နုပြီး ထိလွယ်ရှလွယ် (emotional and Sensational) ဖြစ်လို့ မရပါဘူး။ အများကြီး အရေထူ ရပါတယ်။ နိုင်ငံရေး လုပ်တဲ့ အခါမှာ လုံးဝကို “ငါတကောကော” လို့ မရပါဘူး။ လူအများနဲ့ အဖွဲ့ အစည်းနဲ့ လုပ်ကြရတာ ဖြစ်တော့ ကိုယ်လုပ်ချင် ဖြစ်ချင် တာကို အများသဘောတူ လက်ခံမှ လုပ်လို့ ရပါတယ်။ အများက သဘောမတူရင် တူအောင် ကြိုးစားရမှာက ကိုယ့်တာဝန် ဖြစ်တယ်။ ပါတီအဖွဲ့ အစည်းတွေမှာ လုပ်လေ့လုပ်ထရှိတဲ့ မဲခွဲဆုံးဖြတ်တာမျိုးက ညီညွတ်ရေးကို ထိခိုက်စေပြီး “ဂိုဏ်း”၊ “အုပ်စု” စိတ်ဓာတ် ပေါ်ပေါက် စေတယ်။ ကွဲတဲ့ပြဲတဲ့ အထိ ဦးတည်စေတယ်။ ဒါကြောင့် မလွှဲမရှောင်သာမှ မဲခွဲ ဆုံးဖြတ်တာမျိုး လုပ်သင့်တာ မျိုးဖြစ်တယ်။ အားလုံး သဘောတူ ဆုံးဖြတ်ချက် (unanimous) ဖြစ်အောင် စိတ်ရှည်လက်ရှည် ကြိုးစားဖို့ လိုအပ်တယ်။ သဘောထား အယူအဆချင်း မတူရင် တူတဲ့အထိ အကြိမ်ကြိမ် စည်းဝေးညှိနှိုင်း တိုင်ပင်သင့်တယ်။ လုံးဝ ညှိမရရင်၊ မတူတာတွေကို ဆိုင်းငံ့ထားပြီး တူတာတွေကိုပဲ ဆုံးဖြတ်ချက် ချလုပ်ကိုင် သင့်တယ်။ ဒါမှ မကွဲမပြဲဘဲ ညီညွတ်ရေး တည်ဆောက်လို့ ရမှာ ဖြစ်တယ်။

ငရဲကြီးမှာ ကြောက်ရင် မလုပ်နဲ့
တစ်ကိုယ်တော် လူစွမ်းကောင်း လုပ်တတ်တဲ့ ၊ ငါမှမှန်တယ်၊ ငါမှတတ်တယ်၊ ငါမှ သိတယ်ဆိုတဲ့ “ငါစွဲ” သိပ်ကြီးမားတဲ့ ၊ နိုင်ငံရေး လုပ်တယ်ဆိုတာ “ ပရဟိတ” လည်း ပါတယ်၊ “အတ္တဟိတ” လည်းပါ တယ်လို့ ယူဆတဲ့၊ ငရဲ့ကြီးမှာ သိပ်ကြောက်တဲ့၊ လူစားမျိုးတွေ နိုင်ငံရေး လုပ်ဖို့ လုံးလုံးမသင့်ပါဘူး။ နောက်ပြီး ဘာယုံကြည်ချက်၊ ဘာမူဝါဒမှ မရှိဘဲ “ရောယိမ်းလိုက်၊ ဘသားယိမ်းလိုက်” လုပ်တတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ “ဆိတ်ဟိုဒင်း” လို ဟိုဘက်ပြေးကပ်လိုက်၊ ဒီဘက်ပြေးကပ်လိုက် လုပ်တတ်တဲ့ လူစားမျိုးတွေနဲ့ နိုင်ငံရေး ဆိုတာလည်း လုံးလုံးမအပ်စပ်ပါဘူး။ နိုင်ငံရေး အလုပ်ဆိုတာ “ အင်မတန်ကြီး ကျယ်မြင့်မြတ်” တဲ့ အလုပ်ဖြစ်တယ်။ အသိဉာဏ် ပညာနဲ့ စိတ်ဓါတ် ကြီးမြင့်သူများ သာလုပ်သင့်တဲ့ အလုပ်ဖြစ်တယ်။ ဘာမသိ ညာမသိနဲ့ ပိုက်ဆံရှိတိုင်း ရာထူးဂုဏ်ထူးရှိတိုင်း ဝင်လုပ်လို့ ရတာမျိုး မဟုတ်ဘူး။ နိုင်ငံရေး အလုပ်ဆိုတာ ကျွမ်းကျင်မှု အထူးလိုအပ်တဲ့ အလုပ်မျိုး ဖြစ်တာကြောင့် “ ပရော်ဖက်ရှင်နယ်” အရည်အချင်းရှိ သူများသာ လုပ်နိုင်တာမျိုး ဖြစ်တယ်။

ကြီးမြတ်တဲ့ အလုပ်
ကိုယ်တိုင်က ကျောင်းသားဘဝကတည်းက သတင်းစာ သမားလုပ်ဖို့ သန္နိဋ္ဌာန် အခိုင်အမာ ချမှတ်ထားက တစ်ကြောင်း၊ ကိုယ့်မှာက အထက်မှာ ပြောခဲ့တဲ့ နိုင်ငံရေးသမား အရည်အချင်း မျိုးမရှိတာက တစ်ကြောင်းကြောင့်၊ ဘယ်တုန်းကမှ ပါတီတစ်ခုဝင်ပြီး နိုင်ငံရေးမလုပ်ခဲ့သလို နောင်လည်း ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံရေး အလုပ်ဆိုတာ အင်မတန် ကြီးမြတ်တဲ့ အလုပ်မျိုးဖြစ်လို့ပါ။

လူထုစိန်ဝင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...