Friday, August 5, 2011

လွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်) ၏ နိဂုံး

by Mgaye Chanswe on Friday, August 5, 2011 at 6:48pm

             ကျွန်တော် ၉ တန်း ကျောင်းသားဘ၀ကပါ။ လွန်ခဲ့တဲ့ ၁၃နှစ်လောက်ကပေါ့။ ကျောင်းအားလပ်ရက်ဆိုရင် ကမ်းနားက သူငယ်ချင်းအိမ်မှာ စာသွားလုပ်တာပဲ ဖြစ်ဖြစ် အိမ်လည်တာပဲဖြစ်ဖြစ် အမြဲရှိနေတက်ပါတယ်။ ကမ်းနားကရပ်ကွက်ဆိုတော့ သိတဲ့အတိုင်း တမြို့လုံးရဲ့ ဆင်းရဲသမျှလူတွေ အဲဒီမှာ လာစုနေသလား ထင်ရတယ်။ ဆင်းရဲတာတွေကော၊ စရိုက်အစုံ၊ လူမျိုးစုံပေါ့။ ဒါပေမဲ့ ကျွန်တော်ပျော်ပါတယ်။ ကမ်းပေါ်ကနေ ကျွန်တော်ချစ်တဲ့ ဧရာဝတီမြစ်ကြီးကိုကြည့်ပြီး လေးညင်းလေး ခံရတဲ့ အရသာ အတော်နှစ်သက်မိလို့ မကြာခဏဆိုသလို သူအိမ်ကို သွားမိပါတယ်။

            တနေ့သော မနက်ခင်းမှာ သူ့အိမ်ကို သွားတော့ ဘယ်သူမှမရှိလို့ သူတို့အိမ်ရှေ့က ဧရာဝတီကို မျက်နာမှုထားတဲ့ ကွပ်ပျစ်ပေါ်မှာထိုင်ပြီး လေညင်းခံနေတုန်း။ ၇ နှစ်သားလောက်ရှိတဲ့ ကလေးလေးတယောက် ရောက်လားပြီး ကျွန်တော်ထိုင်နေတဲ့ ကွပ်ပျစ်ပေါ်မှာလာထိုင်းပြီး စာကျက်နေလေရဲ့။ ဒီကလေးလေးကိုကြည့်ပြီး ဆရာလုပ်ချင်တဲ့ စိတ်ကပေါ်လာတယ်။ ဘာလို့လဲ ဆိုတော့ အတန်းကြီးကျောင်းသားတွေရဲ့ စရိုက်ပဲလေ။ ဒါနဲ့ သူဖတ်နဲ့ အင်္ဂလိပ်စာအုပ်ကို လှမ်းဖမ်းယူပြီး ဒီလိုဖတ်ရတယ် ညီလေးဆိုပြီး ပြောလိုက်တယ်။ အမှန်တိုင်းပြောရရင် ကိုယ့်ရဲ့ မတက်တခေါက် အင်္ဂလိပ်စာလေးနဲ့ မှန်းသမ်းရမ်းပြီး ပြောလိုက်ခြင်းပါ။
            အဲဒီအချိန်မှာ ဒီကလေးရဲ့ အဘွားဖြစ်ဟန်တူတဲ့ အတော်အသက်ကြီးကြီး အဘွားကြီးတယောက်ရောက်လာပြီး သူ့မြေးကို ခေါ်နေတယ်။ အဘွားကြီးက အတော့်ကို ပေရေဆုတ်ပျက်သပ်နေပြီး အသားအရေမှာလည်း မွဲတေညစ်မဲ ပိန်လှီးနေတယ်။ နောက် အသက်မှာ ၈၀ ကျော် ၉၀ နီးဆိုတာ သေချာတယ်။ ခါးက ကိုင်း၊ ဆံပင်တွေဖြူ ပြီး နည်းနည်း တုံချိတုံချိနဲ့ပေါ့။ နောက်တော့ ကျွန်တော့်ကို စူးစူးရဲရဲ ကြည့်ပြီး ကလေးကို အလွဲတွေ မသင်ပါနဲ့…. တဲ့။ ကောင်းရော စိတ်ထဲ ရှက်တာလား ဒေါသဖြစ်တာလား။ ဘာမှန်းကို မသိတော့ပြီ။ ဒီအဘွားကြီး ဘာသိလို့ သူက လာပြောနေတာလဲ။ အေ ဘီ စီ ဒီတောင် မသိပဲနဲ့။ ဒီက စေတနာနဲ့လည်း သင်ပေးရသေးတယ်။ စိတ်ထဲ တချက်ထင့်လို့ ကလေးကို ပြောသလိုလို အဘွားကိုပြောသလိုလိုနဲ့ အင်္ဂလိပ်လို လှမ်းပြောလိုက်တယ်။ what do you know? ကိုးတန်းဆိုတဲ့ အရည်အချင်းနဲ့ သိသလောက် ပါးစပ်ဆော့လိုက်ခြင်း ဖြစ်တယ်။ ကိုယ်ဘာသာပြောပြီး ကိုယ့်ဘာသာ ပြုံးပျော်မိတယ်။ ငါကွ ပေါ့… ဟဟဟ..။ ဒီလို ပြောလိုက်တော့ အဘွားပြီးက ကျွန်တော့်ကို တချက်စိုက်ကြည့်ပြီး Don’t teach the wrong way to my children. You should be careful for our new generation. Do you understand that? ဒီအဘွားကြီး ပါးစပ်က အသံနေအသံထား မှန်မှန်ထွက်ကျလာတဲ့ စကားတွေပါ။ ကျွန်တော် ဘာပြန်ပြောရမှန်းကို မသိတော့ပြီ။ ကျွန်တော် ကြောက်ကို ကြောက်သွားတာပါ။ သူခိုးလူမိုသလို မျိုးကြီး။ အမှန်တိုင်းပြောရရင် သူကျွန်တော့်ကို ပြောလိုက်တဲ့ စကား ကျွန်တော် အဲဒီအချိန်က သိပ်နားမလည်ပါဘူး။ မှတ်မိသလောက်လေး ဖြစ်နိုင်တာရေးထားခြင်း ဖြစ်တယ်။ ဟာ သွားပြီပေါ့။ ဒီအဘွားကြီး အချဉ်တော့ မဟုတ်ဘူး။ အဘွားကြီးက ပြောပြောဆိုဆိုပဲ သူ့မြေးလေးကို ခေါ်ပြီး သူ့အိမ်ထဲ ၀င်သွားတယ်။
                ခဏနေတော့ သူငယ်ချင်းရောက်လာတော့ ဒီအဘွားကြီးအကြောင်းကို အတင်းမေးကြည့်တယ်။ သူငယ်ချင်းက ပြောတယ် ဒီအဘွားကြီးက ဂေါက်တောက်တောက်ရယ်ပါကွာ တဲ့။ သူမှာ သားတွေသမီးတွေ မရှိတော့ကြောင်း မြေးတယောက်နဲ့ နေကြောင်း။ ထိုမြေးမှာလည်း အရက်သမား အိမ်ထောင်သည်ဖြစ်ပြီး။ ဒီအဘွားကြီးကို လုပ်ကျွေးနေတယ် ဆိုပေမဲ့ အဘွားကြီးခများ ကိုယ့်ဘာသာ ရှာဖွေးစားသောက်နေရကြောင်း။ ကျွန်တော် စဉ်းစားမိတာက ဒီအဘွားကြီး ဒီလောက် အီးလိုကောင်းနေတာ ဘာလို့ဆင်းရဲ နေရတာပါလိမ့်၊ အထည်ကြီးပျက်တွေလား။ ကိုယ့်ကိုကိုမေးတဲ့ မေးခွန်းပေါင်းစုံနဲ့အတူ သူငယ်ချင်းအိမ်ကနေ ပြန်လာခဲ့တယ်။
                 ဒီလိုနဲ့ တလလောက်ကြာတော့ မနက်အစောကြီး ကျောင်းရောက်ရုံရှိသေးတယ်။ သူငယ်ချင်းက ပြေးလာပြီးပြောတယ်။ ဟိုအဘွားကြီး သေသွားပြီကွ တဲ့။ ဟာ.. စိတ်ထဲတမျိုးကြီးဖြစ်သွားတယ် တခြားမဟုတ်ဘူး စိတ်ထဲ ဘယ်လိုကြောင့်တူန်းမသိဘူး နုမျောသလိုလိုကြီး။ ဒါနဲ့ ညဘက်ရောက်တော့ သူငယ်ချင်းအိမ်ဘက် အထူးသဖြင့် အဘွားကြီးအသုဘအိမ်ဘက်ကို လှမ်းချင်း သိချင်တာနဲ့ ညကြီး ထွက်လာခဲ့မိတယ်။
                အဘွားကြီး အသုဘအိမ်က အသုဘအိမ်နဲ့ မတူဘူး။ အရက်သမား ရန်ပဲဖြစ်ဖြစ်နေတဲ့ သူ့မြေးကြောင့် ဘယ်သူမှ မလာဝံ့ကြ။ အိမ်ပေါ်လှမ်းကြည့်တော့ သူ့မြေးဆိုတဲ့ လူ မှုးပြီး မှောက်နေတယ်။ ကလေးလေးက ဖယောင်းတိုင်းထွန်းထားတာ ငေးကြည့်နေပြီး။ အဒေါ်ကြီး ၂ ယောက်က ဘာတွေထိုင်စားနေလဲမသိ။ အဘွားရဲ့ အလောင်းကတော့ ဘုရားစင်အောက်မှာ မနည်းကြည့်ယူရတယ် မှောင်နဲ့ မည်းမည်းဆိုတော့ တော်ရုံမမြင်ရပေ။ ကြည့်နေရင်း စိတ်ထဲမကောင်း ဖြစ်မိတယ်။ အော် လူ့ဘ၀ လူ့ဘ၀ သေတော့လည်း ဘာမှမဟုတ်ပါဘူး။ သူ့သမိုင်းဆိုတာလည်း မရှိတော့ဘူး။ ချစ်ခင်လှပါပြီ ဆိုတဲ့လူတွေကလည်း ဘယ်မှာလည်း တယောက်မှမရှိ။ ဒါဆိုရင် လူ့လောကကြီးက ချစ်တာတွေ၊ မေတ္တာတွေဆိုတာ အလကားပဲလား။ တော်တော်သံဝေဂ ရစရာ ကောင်းလှတယ်။
                တွေးနေုတုန်း မှောင်နဲ့မည်းမည်း ဒီအဘွားရဲ့ အိမ်ရှေ့ကို နောက်ဆုံးပေါ် မတ်တူးကားနှစ်စီး ရောက်လာတယ်။ မျက်လုံးထဲ ကျွန်တော်အင်မတန် ကြိုက်နစ်သက်တဲ့ ကားတွေမို့ နတ်ပြည်က ပို့လိုက်သလားထင်ရတယ်။ ဒါပေမဲ့ ကားပေါ်လူငယ် လေးယောက်ပျာပျာနဲ့ ဆင်းလာလို့ အတွေးပျက်သွားတယ်။ ထိုလူငယ်လေးယောက်ကပဲ ထိုမတ်တူး ကားပေါ်မှာ အသက်ကြီးကြီးဖြစ်ဟန်တူတဲ့ လူကြီးတယောက်ကို တွဲခေါ်ပြီး စောစောက အဘွားကြီးမသာအိမ်ကို ဦးတည်လျောက်လာတယ်။ ကျွန်တော် တချက်ကြောင်သွားပြီ အလိုပ်သင့်ဆိုသလို အဘွားကြီးအိမ်ဘက်ကို စူးစမ်းချင်တဲ့ သဘောလား ကူညီချင်တဲ့ သဘောလားမသိ ကူးသွားမိတယ်။
              လူငယ်လေးယောက်ထဲမှာ တယောက်က အိမ်ပေါ်မှာ မှုးပြီးမှောက်နေတဲ့ အဘွားကြီးမြေးကို တချက်ကြည့်ပြီး အိမ်ပေါ်မှာ လက်ဖက်သုပ်စားနေတဲ့ အဒေါ်ကြီး နှစ်ယောက်ကို မေးတယ်။ ဒေါ်ခင်ခင်စိုး ရဲ့ အိမ်ပါလားခင်ဗျာ။ ဒေါ်ခင်ခင်စိုးနဲ့ တွေ့ချင်လို့ပါ။ အဒေါ်ကြီးနှစ်ယောက် တယောက်ကို တယောက်ကြည့်လျက်။ မနေ့ကပဲ ဆုံးသွားတယ် လူလေးတို့ရယ် ခု အသုဘရက်က နှစ်ရက်ပဲ ရှိသေးတယ်ကွဲ့။ မနက်ဖြန် အသုဘချမှာလေ ဟိုမှာ ဆိုပြီး လက်ညိုးထိုးပြလိုက်တော့။ စောစောက တွဲလာတဲ့ အသက်ကြီးကြီး အဘိုးကြီး တွဲနေတဲ့ကြားကကို ခွေယှိုင် လှဲကြသွား လေတော့သည်။
                                                           *****
            အဘွားကြီးရဲ့ အသုဘအိမ် မနေ့ကနဲ့များ ကွာချက်။ အဘွားကြီးသေမှပဲ ကံတက်ချက် ကမ်းကုန်ပြီ။ အဘွားကြီး အသုဘအိမ်ရောက်ရောက်ခြင်း ငိုသက ကြားရပြီ။ ငိုတာ တခြားသူမဟုတ်။ အဘွားကြီး ဆုံးတဲ့ပထရက်လည်း မငို။ ဒုတိယရက်လည်း မငိုတဲ့ သူ့မြေးငမှုး ငိုလေပြီး။ အိမ်ထဲအိမ်ပြင် အကျီအဖြူတွေနဲ့ လူတွေ အပြည့်။ အိမ်ရှေ့မှာ ကားတွေကလည်း အများကြီး အထူးအဆန်ူဖြစ်ဆုံးကတော့ မြို့နယ်က ဂါလံ၁၆၀၀ ဆန့်ရေကားကြီးပင်။ ဒီလိုကားတွေ အသုံးပြုခွင်ရတာ ကြည့်ရရင် ဒီအဘွားကြီးကတော့ တော်ရုံလူမျိုးတော့ မဟုတ်နိုင်။ နောက်တော့ ကြားရပါတော့တယ်။ အဘွားကြီးက ဟိုး လွတ်လပ်ရေးမရခင်က ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့အတူ လွတ်လပ်ရေးတိုက်ပွဲ ၀င်ခဲ့တဲ့သူတွေ ဖြစ်တဲ့အကြောင်း။ မိန်းမသားမို့ ဗိုလ်ချုပ်အောင်ဆန်းတို့လို လက်နက်ကိုင် မတိုက်ခဲ့ပေမဲ့ ကလောင်ကိုင်တိုက်ခဲ့တဲ့ သခင်မတွေ ဖြစ်တဲ့အကြောင်း။ လွတ်လပ်ရေးမော်ကွန်းဝင်(ပထမအဆင့်) ရှိတဲ့ ဒီအဘွားကြီးဟာ ဂျပန်ခေတ်ကာလတွင် ဗိုလ်ချုပ်ဆောင်ဆန်းတို့အတွက် လျို့ဝှတ်စာရွက်စာတန်းများကို ဒီအဘွားတို့ အုပ်စုမှ ရိုက်ခဲ့ကြောင်း။ နောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်းလဲသေ၊ မြန်မာပြည်လွတ်လပ်ရေးရပြီး နိုင်ငံရေးသမားတွေ ဖမ်းဆီးထောင်ချခံရရာက ဒီအဘွားကြီး စိတ်နာပြီး ဇာတ်မြုပ်နေခဲ့ရာ သူတို့လုပ်ဖော်ကိုင်ဖတ်တွေက လိုက်လှံရှာဖွေခဲ့သော်လည်း မတွေ့။ တွေ့မဲ့တွေ့တော့လဲ သေပြီးမှ တွေ့ရတဲ့အဖြစ်ကြောင့် ဒီအဘွားကြီးရဲ့ ဘ၀ဟာ အတော့်ကို ရင်နာစရာကောင်းလှတယ်။ သူ့နိုင်ငံ သူ့လူမျိုးအတွက် စွန့်လွတ်စွန့်စားခဲ့ရတဲ့ ရလဒ်ဘာလဲ။ တွေးမိတိုင်း အတော်စိတ်မကောင်းဖြစ်မိတယ်။
             အသုဘချမဲ့ မနက်မှာ လာလိုက်တဲ့ လူကြီးတွေ မြို့နယ်၊ တိုင်း၊ အစုံစုံက လူကြီးတွေနဲ့အတူ လုံးခြုံရေးတွေကောပေါ့။ အဘွားကြီးအသုဘ စည်ကားချက်ကတော့ဗျာ ကျွန်တော်တို့ နယ်မြို့လေးမှာတော့ ရာစုနှစ်တစုထဲမှာ အစည်ကားဆုံး အသုဘပါပဲ။ အဘွားကြီးအတွက် ရပိုင်ခွင့်တွေကို ခံစားရတော့မယ် သူ့ရဲ့ငမှုးမြေးရဲ့ ငိုချက်ကလည်း ရုပ်ရှင်မင်းသား ရှုံးလောက်ပါပေတယ်။ အော် နာမည်ကို တတပြီး ငိုနေလိုက်တာ။
                ဒီလိုနေ့ အင်မတန်စည်ကားလှတဲ့ ဒီအဘွားကြီးရဲ့ အသုဘပို့လေဒဟာ သချိုင်းကုန်းရောက်တယ် ဆိုရင်ပဲ သာမာန်မြေမြုပ် တာမဟုတ်။ အုတ်နဲ့လုပ်ထားတဲ့ ဂူသွင်းသင်္ဂြုလ်မှာ ဖြစ်ပါတယ်။ အော် အဘွားကြီးကံကောင်းတယ်ပဲ ပြောရမယ်။ အဘွားကြီးရဲ့ အလောင်းကို ဂူထဲသွင်းနေတော့ လူကြီးတွေက ဘေးကရပ်ကြည့်နေကြတယ်။ ဓာတ်ပုံနဲ့ မှတ်တမ်းတင်သူက တင်ပေါ့လေ။ အရေးထဲ ဟိုငမှုးက အောင်မလေး အဘွားရဲ့ဆိုပြီး ငိုနေလိုက်တာ သူက တက်တောင်ပြနေသေး။ လူတွေက သူ့အဖြစ်ကိုကြည့်ပြီး ငိုအားထက် ရယ်အား ပိုသန်ကြကုန်ရော။
                 အုတ်ဂူသွင်းပြီးတဲ့နောက် အပြီးပိတ်ရန် နောက်ဆုံးအုပ်ချပ် ၃ချပ်မြောက်တွင်း လိမ္မော်ရောင်တွေဝတ်ထားတဲ့ အမျိုးသမီးရေးရာက အမျိုးသမီးဝတုတ်ကြီးက ဘယ်တုန်းကမှမမြင်ဖူးပါဘူး ခုမှမြင်ဖူးတယ်။ အဲဒီအမျိုးသမီးကြီးက နေအုန်းဆိုပြီး အုတ်ဂူနားကြောက်ကြောက်နဲ့ကပ်ပြီး ကျန်နေတဲ့ အုပ်ခဲကို ကိုင်ခါ အုတ်စီနေတဲ့ပုံဟန်ပြင်လိုက်တော့ ပါလာတဲ့ ဓာတ်ပုံဆရာက အလိုက်သင့်ဆိုသလို ရိုက်လိုက်တယ်။ အဲဒီ အချိန်ကျမှပဲ တလမ်းလုံးဖြဲကားရယ်လာတဲ့ ဒီမိန်းမကြီးက ၀မ်းနည်းချင်ယောင်ဆောင်ပြီး မဲ့ပြနေလိုက်တာ ဘေးကကြည့်ပြီး ပြေးကန်ချင်စိတ်ပေါက်လာတယ်။ နေရာယူတက်တာကို ပြောခြင်းဖြစ်ပါတယ်။
                 အုတ်ဂူကို အပြီးပိတ်ဖို့ အင်္ဂတေ အချောမကိုင်ရသေးခင် စောစောက အုတ်စီပေးတဲ့ မိန်းမကြီးနဲ့ လူကြီးတွေ အကုန်ပြန်ကုန်ပြီလေ။ ဒါပေမဲ့ အဘွားကြီးရဲ့ လွတ်လပ်ရေးခေတ်ထဲက လုပ်ဖော်ကိုင်ဖတ် တွေသာ တကယ့်မျက်ရည်စစ်စစ်တွေနဲ့ အတူ ရပ်ပြီးကြည့်ကျန်နေကြတယ်။ အဘွားကြီးရဲ့ အဖြစ်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိပေမဲ့ ကျွန်တော့်ရင်ထဲကတော့ သူ့ကိုလေးစားတဲ့ စိတ်တွေက သူ့အလိုလိုပေါ်လာတော့တယ်။ အဘွားကြီးရဲ့ အုတ်ဂူနောက်ဆုံး အချောသပ်ပြီးသွားတဲ့ အချိန်မှာတော့ အဘွားကြီးရဲ့ လုပ်ဖော်ကိုင်ဖတ် ၂ယောက်နဲ့အတူ ဂူသွင်းနေတဲ့ လူ၃ ယောက်သာကျန်တော့တယ်။ ထိုသုံးယောက်မှာ ဂူပြီးဆီးသွားပြီမို့ ပါလာတဲ့ ပစ္စည်းတွေသိမ်းပြီး ပြန်သွားလေပြီ။
                  သချိုင်းကုန်းတခုလုံး တိတ်ဆိတ်နေပြီလေ။ မြောက်အရပ်က တိုက်လာတဲ့ လေအေးအေးကြမ်းကြမ်းသံတွေက လွဲလို့ဘာမှ မကြားရနိုင်တော့ပါ။ လုပ်ဖော်ကိုင်ဘက် အဘိုးကြီးအဘွားကြီးတွေက ဒီအဘွားကြီးရဲ့ အုတ်ဂူရှေ့မှာ သေချာသတိစွဲရပ် ဦးညွတ်အလေးပြုနေတာကို တွေ့ရတော့တယ်။ ငါကော ဒီအဘွားကြီးကို အလေးပြုသင့်သလားလို့ ကိုယ့်ကိုကို စဉ်းစားနေမိတယ်။ သေချာစဉ်းစားမိတော့ ဟုတ်တယ် ဒီလို နိုင်ငံနဲ့ လူမျိုးအတွက် သက်စွန့်ကြိုးပမ်း လုပ်ခဲ့တဲ့သူတွေကို မလေးစားရရင် ငါတို့ ဘယ်သူတွေကို လေးစားရမှာလဲ။
                  ကျွန်တော် အဘွားကြီးရဲ့ အုတ်ဂူရှေ့သွားခါ သေချာသတိစွဲလျက် ဦးညွတ်ခါ အလေးပြုလိုက်မိတော့သည်။

မောင်အေးချမ်းဆွေ(ပန်းချီ)
၁၀.၉.၂၀၀၇
             (ကျွန်တော်ဒီစာကို စာအုပ်ထဲမှာ အကြမ်းရေးထားတာ အတော်ကြာပါပြီ ဘယ်မှာရေးရမှန်း မသိတဲ့အချိန် သူငယ်တယောက်က ဖေ့ဖွတ်မှာ ရေးပါလားဆိုတော့ သူသင်ပြတာလေးနဲ့ပဲ ဖေ့ဖွတ်အကောင့်တခုလုပ်ပြီး ၀င်လိုက်ပါတယ်။ နောက်ပြီး သူငယ်ချင်းတွေ တွေ့တဲ့သူအကုန်လိုက်အပ်လိုက်တာ တရက်လောက်ကြာပါတယ်။ ခုချိန်အထိ သူငယ်ချင်း အသိမိတ်ဆွေ အဖြစ်လက်ခံတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။ )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...