Tuesday, August 16, 2011

ဖောက်သည်

  (မောင်ထင်)
ရပ်ကွက်ကြီး တစ်ခုလုံးသည် သုသာန်တစပြင်ကဲ့သို့ ငြိမ်သက်လျက် ရှိလေသည်။

နေ့ညမရွေး သေနတ်သံ တဖျောက်ဖျောက်၊ တဗုန်းဗုန်း၊ တဒိုင်းဒိုင်း၊ တဒက်ဒက်တို့ကို ကြားနေရသော လူထုအများစုသည် ငြိမ်သက်ခြင်းကို နှစ်သက်မိကြသည်။ သို့သော် အချို့က ကြားနေကျ သေနတ်သံကို မကြားရဘဲ ငြိမ်သက်ခြင်းကြီး မက ငြိမ်ကျနေသည်ကိုပင် ကြောက်ရွံ့ပူပန်ကြသည်။ အထူးသဖြင့် လမ်းတကာတွင် ကိုယ်ပိုင်အသိစိတ်ဖြင့် ရပ်ကွက်ကို စောင့်ရှောက်ကြသော ကင်းသမားများသည် ပို၍ ထိတ်လန့်ကြသည်။ ဘာသံကိုမျှ မကြားရလေလေ ပို၍ ကြောက်လေလေ။ ထို့ကြောင့် နားစွင့်ကြသည်။


မကြာမီ လပြည့်တော့မည်။ ကောင်းကင်တွင် တိမ်ခိုများ ဝေနေသော်လည်း ရပ်ကွက်လူထုသည် ဖိုးရွှေလမင်းကြီးကို တ ကြသည်။ လသည် သာနေသည်ဟု မဆိုနိုင်။ သို့သော် တိမ်ခိုးတွေ အကြားမှ နေ၍ ကံကြမ္မာဖိစီးနှိပ်စက်ခြင်းကို ခံရသူများအား တိတ်တခိုး ချောင်းကြည့်နေလေသလော။ အနိဋ္ဌာရုံများကို ခဏခဏ မြင်နေရသော လမင်းသော်တာသည် မကြည်မလင်သော သူ့မျက်နှာကို တိမ်လွှာတည်းဟူသော ပ၀ါနှင့်ဖုံး၍ တရိပ်ရိပ် ပြေးလေသည်။ သူလည်း ကြောက်ကြောက်နှင့် ပြေးလေသလော။

ကြည်လင်အေးမြသော သဘာဝကို ဆန့်ကျင်တိုက်ဖျက်လိုသော မိုးမှောင်တို့သည် မှေးမှိန်နေသော အလင်းရောင်ကို အမိုက်တိုက်ထဲသို့ ပို့ရန် ရည်သန်၍ တွန့်ဆုတ်နေသော ငွေစန္ဒာ၏နောက်သို့ အပြေးလိုက်သည်။ မိုးတိမ်တို့က အရှိန်ယူ၍ တစ်ဟုန်ထိုး ပြေးသောအခါ ဒိန်း ဟူသော အသံသည် တောင်ဘက်မှ ခပ်အုပ်အုပ် ထွက်ပေါ်လာသည်။

တစပြင်ကဲ့သို့ ငြိမ်သက်နေသော ရပ်ကွက်သည် တစ္ဆေချင်း စကားပြောသကဲ့သို့ သောသောညံလာလေသည်။

ကင်းသမားတို့က “တောင်ဘက်က လူအုပ်ကြီး တက်လာပြီဟေ့၊ သေနတ်သံ ကြားတယ်”ဟု အော်ဟစ်၍ အချက်ပေးသည်။ အနောက်ဘက်လမ်းမှ ကင်းသမားများ အူယားဖားယားနှင့် အရှေ့ဘက်သို့ ပြေးလာကြသည်။ အရှေ့ဘက် လမ်းထိပ်မှ ကင်းသမားများကလည်း အားကျမခံ အနောက်ဘက် လမ်းထိပ်ဆီသို့ သုတ်ခြေတင်ကြသည်။ လမ်းခုလတ်မှာ ကင်းသမားချင်း ဆုံသော်လည်း အကြောင်းချင်းတကို ဘုမသိ ဘမသိနှင့် မေးရမှန်း မြန်းရမှန်း သတိမရ။ မိမိထင်ရာ မိမိ စွတ်ပြေးနေကြသည်။

ထို့နောက် မိုးသည် ပြင်းထန်စွာ ချုန်း၏။ “ငါမှန်း သိပြီးလားဟဲ့”ဟု အကြောင်းပြလိုသော သဘောကြောင့်ပေလော မသိ။ မိုးကြိုး တစ်ချက် နှစ်ချက်ပစ်ပြသည်။ ကင်းသမားများ ပြေးကောင်းတုန်းပင်။ သို့သော် မိုးပြိုသကဲ့သို့ မိုးလုံးကြီးများ ရွာချလာသောအခါ အားလုံး အကြောက်ပြေ၍ “မိုးရွာတာဟ” ဟု ပြောပြီးလျှင် အချင်းချင်း ရယ်ကြ၊ မောကြသည်။ ထို့နောက် လူချင်းခွဲ၍ မိမိတို့ ဆိုင်ရာ ဆိုင်ရာ ကင်းတဲ့သို့ ၀င်ပြီးလျှင် ပဲကြီးလှော်ကို ၀ါးရင်း လက်ဖက်ရည်ကြမ်း သောက်ကြသည်။

“ညစဉ်ညတိုင်း မိုးသည်းပါစေ”ဟု တစ်ဦးက ဆုတောင်းသည်။ “အိပ်ရေးက ပျက်ပျက်၊ မိုးရေက စိုစို၊ ဖျားမှာနာမှာ စိုးရတဲ့အထဲ မိုးရွာဖို့ချည်း တောင့်တနေရသလား”ဟု တစ်ယောက်က အပြစ်တင်သည်။ “ မင်း ဘာနားလည်လို့လဲ၊ မိုးသည်းတော့ ဘယ်သူမှ အသွားအလာ မလုပ်ဘူး၊ အားလုံး ငြိမ်သွားမယ်။ ဒါမှ ငါတို့ အေးအေးချမ်းချမ်း ရှိမယ်ကွ”ဟု ပြန်၍ နှုတ်လှံထိုးသည်။

မိုးသည်းစဉ် ကင်းသမားများက သတင်းမျိုးစုံကို ဖလှယ်ကြသည်။ ကမ်းစပ်က ဆန်ဂိုဒေါင်ကို ဖောက်တာ အားလုံးကုန်ပြီ။ ဆာလာအိတ်တွေကို သယ်ကြသည်။ သွပ်ခွာကြသည်။ တိုင်နှုတ်ကြသည်။ အုတ်ခုံ ဖျက်ကြသည်။ သံရက်မကို ဖြုတ်ကြသည်။ ဆင့်များကို ထမ်းပြေးကြသည်။

ကင်းသမားများက “ဖောက်သည်”များသည် မိမိတို့လမ်းကို မဖြတ်စေရ၊ လမ်းထိပ်မှာ ၀ါးကပ် ကာရမည်ဟု ဆိုကြသည်။ နောက်တစ်နေ့မှာ လမ်းဆုံလမ်းခွ၊ လမ်းလေးမ၊ ဖြတ်လမ်းပါမကျန် ၀ါးကပ်နှင့်ပိတ်၍ လူတစ်ကိုယ် သွားသာရုံမျှသာ လမ်းဖွင့်ပေးသည်။ အထွက် အ၀င် စစ်ဆေးသည်။

တိုင်းပြည် ဘယ်လောက်ဆူဆူ အရက်ကတော့ ချက်မြဲ။ မိုး ချုပ်စတွင် အမူးသမားများ အရက်ပုန်း တမြမြနှင့်ယိုင်တိယိုင်ထိုးနှင့် ကိုယ့်လမ်းကိုယ် ပြန်ကြသောအခါ အစစ်အဆေး အမေးအမြန်း မခံလိုကြသောကြောင့် ကင်းသမားများနှင့် ရန်ဖြစ်ကြသည်။ အရပ်က အမူးသမားကို ၀ိုင်းရိုက်ကြသည်။ အချို့က ဓားနှင့်ပင် ကပ္ပိကြသည်။ ပေါက်ပြဲ ဒဏ်ရာရသူကို ဆိုင်ရာဆိုင်ရာက လာရောက်ခေါ်ငင်၍ ဆေးရုံသို့ ပို့ကြသည်။ တရားလို မရှိ၊ တရားခံ မရှိ၊ တိုင်ချက် ဖွင့်စရာမလို။ သူ့တရားကို သူ စီရင်လိမ့်မည်။

နောက်တစ်နေ့မှာ ရပ်ဝေးရပ်နီးမှ လာ၍ ဆန်၊ ဂုန်အိတ်၊ သွပ်၊ သံချောင်း စသည်တို့ကို သယ်ကြသော ဖောက်သည်တစ်စုက သူတို့ ဖြတ်လမ်းမှ မဖြတ်ရသောကြောင့် ဒေါသတကြီး စောဒကတက်ကြသည်။ ထို့ကြောင့် နောက်တစ်ညမှာ ကင်းသမားများ ပို၍ အင်အားတောင့်အောင် လူစုကြသည်။ ဟိုဘက်လမ်းက သည်ဘက်လမ်းကို ကြိမ်းမောင်းသွားသည်။ သူတို့လူအုပ်နှင့် လာမည်။ အကြောင်းသိရောပ၊ သတိထား။

သတိပေးနေသည့် အထဲမှ ဟိုဘက်လမ်းက ဆူဆူညံညံ ကြားရသည်။ မိုးချုပ်စမှာ လူစုပြီး တိုက်ခိုက်ရန် ကြံစည်သည် ထင်သည်။ “လာကြဟေ့၊ ဟိုဘက်မှာ လူစုနေပြီ” ဤ သတိပေးသံကို ကြားသောအခါ သည်ဘက်လမ်းက ကင်းသမားများ၊ လူငယ်လူရွယ်များ၊ ပုစုခရုများ လမ်းထိပ်သို့ လာရောက်စုဝေးကြသည်။ တုတ်၊ ဓား၊ လေး၊ မြား၊ လှံ၊ မှိန်း စသည်တို့ကိုသာမက တရုတ် ရုပ်ရှင်ကားထဲမှာ မြင်ဖူးကြသော နံချပ်ကူများကိုလည်း အသီးသီး ကိုင်ဆောင်ထားကြသည်။

ဟိုဘက်လမ်းက အသံကျယ်လာသည်။ ပထမ ဘာသံမှန်း မသိ။ နောက်တော့ အသံကွဲပြားလာသည်။ ဆဲသံ။
မအေ၊ နှမဟူသော ဖရုဿဝါစာတို့သည် မိုးခြိမ်းသကဲ့သို့ ခြိမ်းသည်။ အသံက ခပ်စွာစွာ၊ စူးစူးရှရှ၊ မိန်းမသံ။ သူ့ယောက်ျား အိမ်အပြန် နောက်ကျ၍ ကြိမ်းမောင်းသောအသံ၊ ယောက်ျားက ဗလုံးဗထွေးနှင့် ပြန်လှန်ချေပသော အသံ။

“ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေတဲ့အထဲ နင် သည်လောက်တောင် လူမှန်းမသိ သူမှန်းမသိ သောက်ရသလား။ နင် သည်လောက်တောင် ဖြစ်ရင် အရက်ကို ကွာမလား၊ ငါ့ကို ကွာမလား”

ထိုစကားကိုလည်း တစ်ရပ်လုံး ကြားပါသည်။
“အရက်ကိုလည်း မကွာဘူး၊ နင့်ကိုလည်း မကွာဘူး၊ ရိုးမြေကျပေါင်းမယ်”

“ဟား ဟား ဟား ဟား” ဟူသော အသံကြီးသည် ကင်းသမားနှင့် အပေါင်းပါ လူအုပ်ထဲမှ ထွက်ပေါ်လာပါသည်။

“ဘာမှ မဟုတ်ဘူးဟ၊ လင်မယား ရန်ဖြစ်တာ။ ကလေးတွေ ပြန်ကြ၊ ပြန်ကြ”ဟု အရပ်လူကြီးတစ်ဦးက အော်လိုက်သောအခါ ပရိသတ်ကြီးလည်း စဲသွားလေသည်။ သို့သော် မိုးမင်းက မစဲ၊ သဲသဲမဲမဲ ရွာပြန်သည်။

သန်းခေါင်ယံအထိ ကင်းသမားတို့၏ စကားဝိုင်းသည် မြိုင်လှပါ၏။

သို့သော် သန်းခေါင်ကျော်သောအခါ တဒိုင်းဒိုင်းနှင့် ပစ်သံခတ်သံ ကြားရသည်။

တချို့က ဘီပီအိုင်ဟု ခန့်မှန်းသည်။ တချို့က သမိုင်းချည်စက်ဟု ဆိုသည်။ တချို့က အုတ်ကျင်းဂုန်နီစက်ဟု ထင်ကြေးပေးသည်။ တချို့က စီးကရက်စက်ရုံ ဟူ၍လည်းကောင်း၊ ဆပ်ပြာစက် ဟူ၍လည်းကောင်း၊ ဆီစက် ဟူ၍လည်းကောင်း အမျိုးမျိုး စိတ်မှန်းဖြင့် ပြောကြဆိုကြသည်။ ပြောသည့်အတိုင်း မှန်လျှင် ကုန်ပါပြီ။

နံနက်လင်းသောအခါ ဘယ်နေရာမှာ ဘယ်နှစ်လောင်း ဟူသော အမင်္ဂလာသတင်းကို ကြားရသည်။ ပုလဲနှင့် ငါး ပြောင်ပြီဟုလည်း ဆိုကြသည်။

နိုင်ငံခြားပို့ဖို့ ငါးနှင့်ပုဇွန်တွေ ဘယ်ဈေးမှာ ပေါသလဲဟုလည်း အငမ်းမရ သတင်းမေးကြသည်။ သွပ်ဈေး၊ သံဈေး၊ ဘိလပ်မြေ စသည်တို့နှင့် ဆိုင်သော ကုန်စည်ဈေးနှုန်းသတင်းကို ပါးစပ်ဖြင့် ထုတ်လွှင့်ကြသည်။

ညစဉ်လိုပင် သွပ်ခွာသူတို့ ခွာကြဆဲ ဖြစ်သည်။ လူမသမာတို့ကို လူစုခွဲရန် အလို့ငှာ ဆိုင်ရာတို့က ပစ်ကြ၊ ခတ်ကြသည်မှာလည်း အသံမစဲချေ။ အတင့်ရဲလာကြသောအခါ နေ့လယ်ကြောင်တောင်၌ပင်လျှင်  စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံတို့ကို ထွင်းဖောက်လုယက်ကြသည်ဟု ဈေးဂေဇက်က ဆိုသည်။

ပြောတွင်းဆိုတွင်းမှာပင် စက်ကိရိယာ ပစ္စည်းများကို သယ်ဆောင်လာသော ကားတစ်စီး၊ နှစ်စီး ရပ်ကွက်ထဲ ၀င်လာသည်။ သို့သော် မည်သူမျှ မစုံစမ်းဝံ့ချေ။ အဘယ်ကြောင့်ဆိုသော် ခိုးရာပါပစ္စည်း လက်ခံသူမှာ ထောင်ထွက်ဟု နာမည်ကြီးသော ကာလသားခေါင်းကြီး ဖြစ်သောကြောင့်ပေတည်း။

သူ ထောင်မှ ထွက်လာသည်မှာ ယခုမှ ထွက်လာသည် မဟုတ်။ လူထုဆန္ဒပြ အရေးအခင်း မပေါ်မီ လေးငါးနှစ်ကပင်လျှင် နှစ်စေ့၍ ထောင်မှ လွတ်လာပြီးနောက် မှောင်ခိုပစ္စည်းများကို ရောင်းဝယ်လုပ်ကိုင် စားသောက်နေသူ ဖြစ်သည်။ သူ့ကို သူနေသောလမ်းရှိ အရပ်သူ အရပ်သား ကောင်းရောင်း ကောင်းဝယ်တို့က အလွန်ခန့်ညားကြသည်ဟု ဆိုသည်။ “ခန့်ညား”ဟု ဆိုသည်မှာ စာစကား ဖြစ်သည်။ အရပ်စကားမှာမူ “ဖင်တုန်အောင် ကြောက်ရသည်”ဟု၏။

သူ့လုပ်ရပ်ကို မြင်ရသော ရပ်ကွက်လူထုသည် အလိုလို ခေါင်းနားပန်း ကြီးလာသည်။ မတော်လို့ လုံခြုံရေး အာဏာပိုင်များက ၀င်မွှေလျှင် မတော်သူထိပ်၊ တော်သူထိပ်မို့ အားလုံး ရာဇ၀တ် သင့်ကုန်လိမ့်မည်။ ကားကြီး၊ ကားငယ်တို့ ခဏခဏ ၀င်သည်။ ထွက်သည်။ ထောင်ထွက်ကြီးထံသို့ ပစ္စည်းများကို သွင်းသည်။ ထောင်ထွက်ကြီးထံမှ ပစ္စည်းများကို ထုတ်သည်။ တစ်ခါတစ်ရံ ရောင်းသူနှင့် ၀ယ်သူ ဈေးဆစ်ကြသည်။ ၀ယ်သူက မြို့ထဲမှ ကားငှားရသည်မှာ အလွန်စရိတ်ကြီးပါသည်။ ရှေးက နှစ်ဆယ်တန်သော ခရီးကို ယခု နှစ်ရာပေးရပါသည်။ ကားခလောက်တော့ လျှော့သင့်ပါသည်။ အလီလီ ၀ယ်သည်မှာ တစ်သောင်းခင်း မကပါ။ မိတ်ဖြစ်ဆွေဖြစ် ဈေးဆစ်ခြင်း ဖြစ်ပါသည်။ ၀ယ်သူက ဤကဲ့သို့ စကားနှဲ့၍ ဈေးနှိမ်နေစဉ် ထောင်ထွက်ကြီးက “ နေ့မြင် ညပျောက်ပဲဗျာ့၊ ကတ်သီးကတ်သတ် ဆစ်မနေနဲ့။ ကြိုက်ရင်ယူ၊ မကြိုက်ရင် ထားပစ်ခဲ့။ ခင်ဗျားတို့ မြို့ထဲက ဆိပ်ကမ်း သိုလှောင်ရုံတွေ သိတယ်မဟုတ်လား၊ အဲဟိုမှာ ဘိုင်စကယ်အသစ်တွေ ထုတ်လာတော့ တစ်ရာ့ငါးဆယ်လို့ ဈေးခေါ်ရောင်းတာ ဘယ်သူမှ ဈေးမဆစ်ဘူး၊ အလုအယက် ၀ယ်ကြတာပဲ။ ချေးမများနဲ့၊ ခင်ဗျား မယူရင် သည့်ပြင်လူ ယူလိမ့်မယ်”ဟု မျက်နှာထားတင်းတင်းနှင့် ငေါက်သည်။ ၀ယ်သူလည်း အထွန့်မတက်တော့ချေ။ သူ စက်ကိရိယာ၊ သံတိုသံစက်ပစ္စည်းများကို သူ့ကားပေါ် သုတ်သုတ်တင်၍ မြို့ဘက်သို့ စက်ကုန်ဖွင့်ပြီး မောင်းသွားသည်။ နေ့ရောညပါ ၀ါးကပ်တံခါးကို စောင့်ရသော ကင်းသမားသည် ခဏခဏ တံခါးကို ဖွင့်ချည်ပိတ်ချည် ပြုလုပ်ပေးနေရသောကြောင့် စိတ်မရှည်နိုင်သဖြင့် ကားသမားနှင့် အချီအချ စကားပြောသည်။ ထိုအခါ ထောင်ထွက်ကြီးလာ၍ မျက်နှာပြသည်။ အားလုံး ငြိမ်ကျသွားသည်။

သို့သော် တစ်ခါ မဟုတ်၊ နှစ်ခါ မဟုတ်။ တစ်ရက် မဟုတ်၊ နှစ်ရက် မဟုတ်။ သွားချည် ပြန်ချည် ဆက်တိုက် လုပ်ပေးရသောအခါ အရပ်က ငြိုငြင်လာသည်။

ရာဇ၀တ်မှု မကင်းသော ကိစ္စ၌ အရပ်က အလိုတူ အလိုပါကဲ့သို့ ခဏ ခဏ ဆောင်ရွက်ပေးနေရလျှင် လုံခြုံရေးများ ကင်းလှည့်လာသော အခါ ဘုန်းကြီးအမှု ရွာပတ်လိမ့်မည်။ သည်လို အချိန်ကာလမျိုးမှာ ဘာလုပ်လုပ် ဘာအမှုမျှ မဖြစ်။ ပြောမရလျှင် အပြတ်ရှင်း။ ဒါပဲ။

ဤဒဿနတရားသည် အရပ်ထဲ၌ စိမ့်၍ ၀င်လေသည်။

လူအုပ်ကြီးသည် ထောင်ထွက်ကြီး၏ ၀င်ရာထွက်ရာလမ်းကို အထူး အာရုံစိုက်လာကြသည်။ သို့သော် ထောင်ထွက်ကြီးကား ဘယ်သူ့ကို ဘာမျှ ဂရုစိုက်စရာ မလိုဟူသော မျက်နှာထိ မျက်နှာထားနှင့် အခြေမပျက် သွားလာလုပ်ကိုင်လျက် ရှိသည်။ သူ့အလုပ်က တစ်ပတ်လောက်အတွင်းမှာ စက်ကိရိယာ၊ သံတိုသံစ ဆိုင်ကြီး ကနားကြီး တည်ထောင်နိုင်သည်အထိ ကြီးပွားတိုးတက် လာလေသည်။ လုံခြုံရေး အာဏာပိုင်တို့က တဒိုင်းဒိုင်းနှင့် ပစ်ခတ် လူစုခွဲနေသည့် အကြားမှ ထိုမျှလောက် စီးပွားတက်နေသည်မှာ ငါ အစွမ်းကောင်းလို့ ဟု မိမိကိုယ် မိမိ အထင်ကြီးလာသည်။ “ငါကွ” ဟူသော စိတ်သည် ထောင်ထွက်ကြီးကို ရဲဆေးတင်ပေးလေသည်။ မာနဖုံးလွှမ်းလာသော အခါ အကျိုးအကြောင်း ဘာကိုမျှ မမြင်။ ပုန်းလျှိုးကွယ်လျှိုးအလုပ်ကို ပြောင်ပြောင်တင်းတင်း လုပ်လာသည်။

ထို့နောက် အတော်အတန် ပစ္စည်းများကို ထုခွဲရောင်းချပြီး၍ ငွေစက္ကူအထပ်လိုက်ကို ဂုန်နီအိတ်ဖြင့် ထုပ်ပိုးကာ မိမိအိမ်အတွင်း တစ်နေရာတွင် လုံခြုံအောင် သိမ်းဆည်းထားပြီးနောက် စက်ဘီးနောက်မြီးပေါ်သို့ မော်တာစက်ကလေး တစ်လုံးကို တင်၍ လမ်းထိပ်သို့ ထွက်လာသည်။

သည်မော်တာကို သူမရောင်းဘဲ တမင်ချန်ထားသည်။ သူ့စိတ်ကူးထဲမှာ သူ့အိမ်အတွက် အ၀ီစိတွင်း တူးပြီးနောက် မော်တာတပ်ဆင်မည် ဟု ကြံစည်သည်။ သို့သော် ထိုမော်တာကို အခြားနေရာမှာ ရွှေ့ပြောင်းသိမ်းထားမည်။ မတော်တဆ ပစ္စည်းရှာဖွေလျှင် ဤမော်တာ တစ်လုံးတော့ အဖတ်တင်လိမ့်မည်။ သူ ကြံစည်သမျှကို အိမ်သူအိမ်သားများအား တိုးတိုးဖော် တိုင်ပင်ပြီးလျှင် စက်ဘီးကိုစီး၍ လမ်းမကြီးပေါ်သို့ ထွက်လာခဲ့သည်။ အချိန်မှာ နံနက်ခင်း ဈေးဖွင့်စ အချိန်ဖြစ်၍ လမ်းမကြီးပေါ် လူအများ ဥဒဟို သွားလာလျက် ရှိသည်။ အများသူငါတို့၏ အကြား၌ ကိုယ့်လမ်းကိုယ်သွားလျှင် ဘယ်သူ့ကို ဘာဂရုစိုက်ရမှာလဲ။

သို့သော် သူ လမ်းမကြီးပေါ် အရောက်တွင် ဈေးသွားဈေးလာတို့သည် အလန့်တကြား ပြေားလွှားကြသည်။ “မီးကွင်း ပစ်တယ်” ဟူသော အသံသည် လေးငါးခြောက်လှမ်းအကွာ တစ်နေရာမှ ထွက်ပေါ်လာသည်။ ကင်းသမားများ အသီးသီး မိမိတို့လမ်းမှ လမ်းမကြီးပေါ်သို့ ထွက်လာကြသည်။ “ဖမ်းဟ ဆီးဟ” ဟူသော အသံများ တစ်ခဲနက် ပေါ်လာသည်။ “မီးကွင်း ပစ်တာ မဟုတ်ဘူး၊ သူခိုးဟေ့ သူခိုး” ဟူသော အသံများလည်း ထပ်ဆင့် ပေါ်လာသည်။

ယခုအခါ ထောင်ထွက်ကြီးသည် လူတောထဲတွင် ညှပ်၍ နေလေပြီ။ လူအုပ်ကြီးက “မိပြီ” ဟု အော်၍ သူ့ဘိုင်စကယ်နောက်မြီးပေါ်မှာရှိသော လုရာပါ ပစ္စည်းကို ဆွဲချသည်။ “ဒါ ဘယ်သူ့ ဥစ္စာလဲ” ဟု ၀ိုင်းမေးကြသည်။ “အသစ်စက်စက်ပဲ” ဟု ပြောသံကိုလည်း ကြားနိုင်ကြပါသည်။ “ဆွဲချဟ၊ ဖမ်းဟ၊ ရိုက်ဟ” ဟူသော အသံများ ဆူညံလာသောအခါ ထောင်ထွက်ကြီးသည် ဘိုင်စကယ်ကို ထားခဲ့၍ လမ်းမကြီးပေါ် စွတ်ပြေးလေသည်။

လူအုပ်ကြီးက တုတ်များ၊ ဓားများနှင့် သူ့နောက်ကို လိုက်သည်။
ဤအတွင်း သံဃာ့အလံကို လွှင့်ထူထားသော ဘတ်စ်ကားတစ်စီးသည် လူအုပ်ကြီး ရှိရာသို့ ရှေးရှုလာလေသည်။

 “လက်လွန်ကုန်မယ်ဟေ့၊ မလုပ်ကြနဲ့။ ဟိုမှာ သံဃာတော်တွေ လာနေပြီ၊ ဖယ်ကြ၊ ရှဲကြ” ဟူ၍ တစ်ဦးသော အရပ်လူကြီးက အော်ရင်းနှင့် လူအုပ်ကြီး လှုပ်ရှားနေသော နေရာထဲသို့ အပြေးဝင်လာသည်။

သံဃာတော်တို့သည် ရပ်ရွာအေးချမ်းစေဖို့၊ စည်းကမ်းတကျ ငြိမ်ဝပ်စွာ နေထိုင်ကြဖို့၊ ရပ်ကွက်ကို စောင့်ရှောက်ကြဖို့ လိုက်လံ ဆော်သြကြသည်။ ကျောင်းသားအနည်းငယ်နှင့် အရပ်သူ အရပ်သား အများတို့သည် သံဃာတော်များနှင့် အတူ လိုက်ပါလာကြသည်။ သူတို့က သံဃာတော်တို့၏ သြ၀ါဒကို အများ ကြားရအောင် အသံချဲ့စက်နှင့် ဆော်သြပေးလျက် ရှိကြသည်။ သံဃာသည် ပရိယတ္တိ၊ ပဋိပတ္တိ အလုပ်ကို လျစ်လျူရှု၍ ဒကာ ဒကာမတို့ အကျင့်သီလ ထိန်းကြစေရန် ဆော်သြပေးကြသည်မှာ အထူး ကျေးဇူးတင်ထိုက်လှပေသည်။ သို့သော် လူထုအားကို သံဃာက ဆန်နိုင်ပါမည်လော။

အရပ်လူကြီးက “မလုပ်ကြနဲ့” ဟု အော်နေဆဲ ခဏ၌ လူအုပ်ကြီးသည် ထောင်ထွက်ကြီးကို ခုန်၍အုပ်ကြသည်။ တုတ်များ၊ ဓားများ လေထဲတွင် ၀ဲနေကြသည်။ အရပ်လူကြီးက အတင်းဝင်လာသောအခါ လူစုရှဲသွားသည်။ လက်သည် ဘယ်သူလဲဟု မည်သူမျှ မပြောနိုင်ကြတော့ချေ။

လမ်းမကြီးပေါ်မှာ ထောင်ထွက်ကြီးသည် သွေးအိုင်ထဲတွင် လဲနေသည်။

သံဃာတော်များ နေ့ကင်းလှည့်နေသော ဘတ်စ်ကားထဲမှ လူတစ်စု ဆင်းလာပြီးလျှင် ထောင်ထွက်ကြီးကို ပွေ့၍ ကားပေါ်တင်သည်။ ဆေးရုံကို တန်းပြီးသွားမယ်ဟု ဆိုသည်။ သံဃာတော်တို့က မေတ္တသုတ် ပရိတ်ကို ရွတ်ရင်း လက်လွတ်စပယ် မလုပ်ကြနှင့်ဟု သြ၀ါဒပေးသည်။ ဘတ်စ်ကားသည်လည်း တရွေ့ရွေ့နှင့် ဆေးရုံရှိရာသို့ မောင်းသွားသည်။ ရပ်ကွက်ထဲမှာ လူရှဲသွားသည်။

ဤအချင်းအရာကို တွေ့လိုက် မြင်လိုက်ရသော ပရိသတ်သည် ကိုယ့်အိမ်ကိုယ်ပြန်၍ အချင်းချင်း သတင်းစကားများကို ဖောက်သည်ချကြသည်။ မတွေ့လိုက်၊ မမြင်လိုက်သော ဈေးသွား ဈေးလာတို့ကမူ ဘာဖြစ်လို့ ဘာဖြစ်မှန်း မသိ။ အိမ်ရောက်တော့မှ အိမ်သူအိမ်သားများ ဆီး၍ ပြောသဖြင့် “ သြော် ဟုတ်လား၊ ကျွန်တော် ကျွန်မတို့ အဲဟိုနားက ဖြတ်လာခဲ့တာပဲ၊ ဘာမှ မသိဘူး” ဟု ဆိုကြသည်။

စည်ကားလှသော ရပ်ကွက်ထဲတွင် ထိုထိုသော နေရာမှာ ဘာဖြစ်နေသည်ကို ဤဤသော နေရာက ဘာမျှ မသိချေ။ ထို့ကြောင့် နေ့လယ် နေ့ခင်း ရောက်သောအခါ ရပ်ကွက်ပြီးမှာ ပြန်၍ ငြိမ်သွားသည်။

ထိုအခါကျမှ ထောင်ထွက်ကြီးသတင်း နောက်ဆက်တွဲကို အရပ်သူ အရပ်သားတို့ ကြားရသည်။

ဈေးသည်တစ်ဦးက ထောင်ထွက်ကြီး၏ ဖြစ်အင် အစအဆုံးကို သူကိုယ်တိုင် မြင်ဘိသကဲ့သို့ သူ့အဖော် ဈေးသည်များကို နှုတ်ခမ်းတလန် ပန်းတလန်နှင့် ပြန်လည် ဖောက်သည်ချသည်။

“ဆေးရုံအထိ မခံဘူးတော့၊ လမ်းမကြီးက ထွက်တော့ သူ အသက်မရှိတော့ဘူး။ ဒါ့ကြောင့် ဆေးရုံပို့ရင် အလကားပဲ ဆိုပြီး သင်္ချိုင်းကုန်းကို အရောက်မောင်းသွားတယ်။ သံဃာတော်တွေကလည်း အကြောင်းမထူးပြီမို့ ကျောင်းတိုက်အနားရောက်တော့ ဆင်းနေရစ်ခဲ့ကြတယ်။ အဲဒီအခါမှ ထောင်ထွက်ကြီးရဲ့ ဆွေမျိုးသားချင်း တစ်ဦး နှစ်ဦးက အမီပြေးလိုက်ပြီး ဘတ်စ်ကားပေါ် တက်ကြတယ်။ သူတို့ မသာပိုဖို့ပဲ တတ်နိုင်တော့တာပေါ့။ သနားတော့ သနားစရာပါပဲ၊ ဒါပေမယ့် သူ့ထိုက်နဲ့ သူ့ကံပေါ့ တော်ရေ။ ကာလကြီးကိုက မကောင်းတော့ပါဘူး”

ထိုအခါ စပ်စုတတ်သော ကန်စွန်းရွက်သည်က “နေပါဦးအေ၊ ညည်းကကော သင်္ချိုင်းကို လိုက်မသွားဘူးလား” ဟု မေးသည်။
“ကောင်မ စကားကောင်း ပြောနေတာ ဘာဖောက်လာတာလဲ”

“မဟုတ်ပါဘူး၊ ညည်းနဲ့ အိမ်နီးချင်းမို့ မသာလိုက်ပို့သေးသလားလို့ သိချင်လို့ မေးတာပါ”

“တော်စမ်းပါအေ၊ တောစကား တောပျောက်၊ ငါနဲ့ အိမ်နီးချင်း မဟုတ်ရပါဘူးအေ။ ငါနေတာက သူတို့လမ်းနဲ့ ဆယ်လမ်းလောက် ခြားပါတယ်၊ ငါ့ကို ကစိပတ်အောင် မပြောနဲ့ သိလား”

“သိပါဘူးတော်၊ ညည်းပြောပုံက အစအဆုံး ကိုယ်တိုင်မြင်၊ ကိုယ်တိုင်ကြားဆိုတော့ အဆက်အစပ်များ ရှိသလားလို့”

“နင်က ပြောလေ ကဲလေပဲ၊ ငါက ဘာအဆက်အစပ်မှ ရှိတာ မဟုတ်ဘူး။ အများတကာ ပြောတာကြားလို့ ညည်းကို အစီအစဉ်နဲ့တကွ အစီရင် ခံတာပါတော့်။ ငါ့ကို ပုလိပ်စစ် မစစ်နဲ့”

အများက ၀ိုင်း၍ ဟားကြလေသည်။

လူပြောသူပြော ပြောသမျှကို ဆက်လက်၍ အစီရင် ခံရသော် အဆိုပါ ထောင်ထွက်ကြီး၏ ရုပ်ကလာပ်သည် သုဿန်သို့ သွားနေစဉ် တရုတ်ဆိုလား၊ ကုလားဆိုလား ငွေကြေးကြွယ်ဝသော သံတိုသံစ၊ စက်ကိရိယာ အရောင်းအ၀ယ်သမားသည် သူ၏ သင်္ဘောသားကားဟု ခေါ်ကြသော လူစီးကားကလေးကို မြို့ထဲသို့ နှင်လေသည်။ အချို့က ထိုအ၀ယ်တော်သည် တစ်ခေါက်တည်းနှင့် သန်းချီ၍ မြတ်လိမ့်မည်ဟု ထင်ကြေးပေးကြသည်။

ဤသို့ ထင်ကြေးပေးသည်ကို ကြားရသော ဘူးသီး၊ ခရမ်းသီး၊ ကြောင်လျှာသီး၊ ကန်စွန်းရွက် ဈေးသည်အုပ်စုထဲမှ တစ်ဦးက “ အ၀ယ်တော်ဆိုတဲ့ လူကတော့ သိန်းထီပေါက်သွားတာပေါ့နော်” ဟု သက်ပြင်းချ၍ ပြောလိုက်သည်။

တစ်ဦးသော ဈေးသည်က “သိန်းထီပေါက်တာ ဆယ်စောင်မကဘူး တော်ရေ့၊ အဲဒါ ထောင်ထွက်ကြီးရဲ့ ကျေးဇူးပဲ။ ဖြစ်မှ ဖြစ်ရလေတော်၊ သက်စွန့်ဆံဖျား ကြိုးစားသမျှ သူတစ်ပါး ကောင်းစားဖို့ချည်းပါကလား”
ဟု ညည်းလေသည်။

“လူမိုက်တို့ရဲ့ သွားရာလမ်းဟာ ဒါပဲအေ့” ဟု တွေးခေါ် စဉ်းစားတတ်ဟန်တူသော ချဉ်ဖတ်ရောင်းသူ တစ်ဦးက မှတ်ချက်ချလေသည်။

ဈေးသည် အချင်းချင်းထံသို့ ပထမ သတင်းပို့သော မအ၀ှာက “ အင်း ထောင်ထွက်ကြီး မရှိတော့ အေးပြီ” ဟု ဂရုဏာသံထဲတွင် လောကကြီးကို ကျေနပ်သောအသံ နှော၍ ပြောလိုက်လေသည်။ သို့သော် မကျေနပ်သေးသော ဈေးသည်တစ်ယောက်က အတည်ပေါက်နှင့် ပြန်မေးသည်။

“တကယ်လား”

အမေးခံရသော ဈေးသည်သည် ဘာကိုမျှ မဖြေတတ်ချေ။ မေးသူကို မေးရကောင်းလားဟူသော မျက်နှာထားနှင့် နှာခေါင်းရှုံပြသည်။ ကျန်သော ဈေးသည်များ၏ မျက်နှာကား ဆီးရွက်လောက် ငယ်သွားသည်။


                                                                                                     ငွေတာရီ၊ အောက်တိုဘာလ၊ ၁၉၉၆။



သည်စာမူလေးကို ဖတ်ဖူးခဲ့တာတော့ ကြာခဲ့ပါပြီ။ မောင်ထင်၏ ၀တ္တုတိုပေါင်းချုပ်ဆိုတဲ့ စာအုပ်ထဲကနေ ဖတ်ဖူးခဲ့တာပါ။ ခေတ်တစ်ခုရဲ့ အခြေအနေတစ်ခုကို ရေးသားထားတာကို တွေ့ရပါတယ်။ ဖတ်ကြည့်လိုက်ရင် ဘယ်အချိန်ကာလကို ညွှန်းတယ်ဆိုတာ တချို့သိမှီသူများ သိကြပါလိမ့်မယ်။ အဲဒီအချိန်က ရေးလို့ ဘယ်လိုမှ မလွတ်နိုင်တဲ့ စာတစ်ပုဒ်ကို ဆရာကြီးက သူ့နည်း သူ့ဟန်နဲ့ လွတ်အောင်ရေးသွားခဲ့တာဟာဖြင့် အရမ်းကို အတုယူဖို့ကောင်းပါတယ်။ မလွတ်ဘူး မလွတ်ဘူးဆိုပေမယ့် လွတ်တဲ့ နည်းနဲ့ရေးပြီး ပြူးကနဲ ဗြဲကနဲ မဖော်ပြပဲ သည်ခေတ် သည်အချိန်ကို ရေးပေသကိုးလို့ သိရအောင်တော့ မှတ်တမ်းမှတ်ရာလေး တစ်ခုအဖြစ် ထားရှိခဲ့ပါတယ်။ သည်စာလေးကို တစိမ့်စိမ့်ဖတ်ပြီး တစိမ့်စိမ့်စဉ်းစားဆင်ခြင်ကြည့်ပါ.. တွေးတောကြည့်ပါ... တစ်ခုခု ရကြမယ်ဆိုရင်တော့ဖြင့် ကူးယူဖော်ပြပေးသူ ကျွန်မ ကျေနပ်ရပေမှာ အမှန်ပါ။ စာကောင်းတစ်ပုဒ်ဆိုတာ စာဖတ်လို့ ဆုံးသွားရင် တွေးစရာအစ ဖြစ်ကျန်ခဲ့ရမယ်လို့ ကွယ်လွန်သွားသူ အစ်ကိုဆရာ မောင်ဝဏ္ဏက ပြောဖူးပါတယ်။
ကျွန်မကတော့ သည်စာလေးကို ဖတ်လိုက်ရင် မျက်လုံးပုံရိပ်ထဲမှာ ... ဇာတ်လမ်းရှည်တစ်ပုဒ်ကို ကြေကွဲစွာ မှုန်ရီဝိုးတ၀ါး ပြန်မြင်ယောင်နေမိရင်း တွေးတောနေမိတုန်းပါပဲရှင်....
ကျေးဇူးတင်ပါတယ်ရှင့်... စန္ဒာ

မောင်ထင် ၏ ၀တ္ထုတိုပေါင်းချုပ်။ စာမူခွင့်ပြုချက်အမှတ် - ၄၀၄/၉၈ (၈)။ သြဂုတ်လ၊ ၁၉၉၉။ ရာပြည့်စာအုပ်တိုက်မှ စီစဉ်ထုတ်ဝေသည်။

        ( ဆက်စပ်ခံစားနိုင်စေရန် မျှဝေပေးလိုက်ရပါသည် )

                                     မာဃလုလင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...