Sunday, August 7, 2011

ဘ၀ရဲ့ ၈ လေးလုံး

by Robina Lwin on Sunday, August 7, 2011 at 5:50am
             
``ဂျာမဏီ နိုင်ငံကို ဖင်လန်နိုင်ငံက လာ လည်မဲ့  ကိုလင်း  ဆိုတာဘာလူမျိုးလဲ´´
` ရှင် ´
``ဘာ  ဘာသာကိုးကွယ်တာလဲ ´´
` ဟင် ´
ဒီလို မေးခွန်းမျိုး မေးလာလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး..ကြောင်နေ ငေါင်နေမိတာ
တော့ အမှန်ဘဲ..ဘာပြောရမလဲ..အဖြေလည်း ကျမမှာ မရှိပါဘူးလေ..

          တကယ် မသိခဲ့တာပါ..ကိုလင်းတယောက်ထဲ မဟုတ်ပါဘူး..ကျမတို့ 
၈  လေးလုံးကျောင်းသားစခန်းမှာရှိတဲ့ ရဲဘော်ရဲမေတွေရဲ့ နံမည်က လွဲလို့ ..ဘာလူ
မျိုးလဲ..ဘာ ဘာသာလဲ ..တခါမှ မမေးမိသလို..မေးရမှန်းလည်းမသိခဲ့ပါဘူး..
          ကျမဖြေနိုင်တာတခုဘဲ ရှိတယ်…
ကိုလင်း ဆိုတာ  ၈ လေးလုံး ကျောင်းသားတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တ
ယောက်ပါ…
          ဟုတ်ပါတယ်ရှင်..ကျမတို့  ၈ လေးလုံး အရေးခင်းက မြန်မာတပြည်လုံးမှာ
ရှိတဲ့ ပြည်သူလူထု အားလုံး ပါဝင်တိုက်ပွဲ ၀င်ခဲ့ကြတာပါ..လူမျိုးပေါင်းစုံ..ဘာသာ
ပေါင်းစုံ..အလုပ်သမား လယ်သမား..ဌါနဆိုင်ရာများအားလုံး..ကျောင်းသားများနဲ့ 
အတူ တိုက်ပွဲဝင်တော်လှန်ခဲ့ ကြတာပါ..လူမျိုးဘာသာ ကြီးငယ် အဆင့်အတန်း
ကွဲပြားမှု တခုမှမရှိဘဲ..မြန်မာ တိုင်းရင်းသား ညီအကိုမောင်နှမတွေ..ဆန္ဒတွေ
တူညီစွာနဲ့ တိုက်ပွဲဝင်ခဲ့ကြခြင်းပါ….
          မြန်မာပြည်သူ အားလုံးရဲ့ တူညီတဲ့ ရည်ရွယ်ချက်က-
၁။ မဆလ တပါတီ စံနစ် ဖြုတ်ချရေး
၂။ စစ်အာဏာရှင်စံနစ် ပျက်သုန်းရေး
၃။ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးအတွက်ဖြစ်ပါတယ်..
          ဒီ အချက် ၃ ချက်မှာ ၈ လေးလုံး အရေးအခင်းကြောင့် တိတိကျကျအောင်
မြင်သွားပါတယ်လို့ ပြောနိုင်တာက..မဆလ တပါတီ စံနစ်ကိုဖြုတ်ချနိုင်ခဲ့ခြင်းပါဘဲ..
ဒါ့အပြင် နေ၀င်း..စိန်လွင်..ဒေါက်တာမောင်မောင် အစိုးရ ၃ ဆက်ကို ဖြုတ်ချနိုင်ခဲ့ပါတယ်..
          ဒါပေမဲ့..စစ်အာဏာရှင်စံနစ်က လက်နက်အားကိုးနဲ့ ဆက်လက်သက်ဆိုး
ရှည်နေဆဲ ဖြစ်တဲ့အတွက်..စစ်မှန်တဲ့ ဒီမိုကရေစီ မရရှိသေးလို့ ဆက်လက်တိုက်ပွဲ
ဝင်ကြရင်းနဲ့  ယနေ့ အထိ သွေး ချွေး အသက်တွေ လူမသိ သူမသိ ပေးဆပ်နေကြ
ရတုံးပါဘဲ...
          ၈ လေးလုံး ဘ၀ အစက မြန်မာပြည်ရဲ့ ဆိုးဝါးတဲ့ အခြေအနေတွေက တွန်း
ပို့ လိုက်တာ..အမှန်တရားကိုမြတ်နိုးတဲ့သူတွေ..မဟုတ်မခံစိတ်ဓါတ်ရှိတဲ့ သူတွေက
နေ့ ချင်းညချင်း တော်လှန်ရေးသမားဘ၀ကို ရောက်ရှိလာခဲ့ကြရပါတယ်..
          ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်(၈.၈.၈၈) နေ့ က မြန်မာတပြည်လုံးမှာ ဖြစ်
ပွားခဲ့တဲ့ အထွေထွေ သပိတ်ကြီးမှာ ဆန္ဒပြတဲ့ ကျောင်းသား ပြည်သူတွေကို စစ်တပ်
က ပစ်ခတ်သတ်ဖျက်တဲ့ အတွက် လူ ၃ ထောင်ကျော် သေဆုံးခဲ့ပေမဲ့..၅ ဦးသာသေ
ဆုံးခဲ့တယ်လို့ ကြေငြာခဲ့တယ်..ထောင်ပေါင်းများစွာကိုလည်း ဖမ်းဆီးနှိပ်စက် ညင်း
ပန်းခဲ့ကြတယ်..အချိန်တန်လို့ အိမ်ပြန်ရောက်မလာတဲ့ သားသမီးတွေရဲ့ မိဘတွေ
ရင်တွင်းကို မြင်ယောင်ခံစားကြည့်ကြပါ. ဘယ်နှလုံးသားက ငြိမ်းချမ်းနိုင်ပါ့မလဲ..
          ပြည်သူတရပ်လုံးပါဝင်တဲ့ ၈ လေးလုံး သပိတ်ကြီးဟာ သြဂုတ်လ ၈ ရက်
နေ့ က စပြီးပို၍ ရှုတ်ထွေးသွားခဲ့တယ်..
(၉.၈.၈၈) မှာလုံခြုံရေးတပ်ဖွဲ့ တွေကဆန္ဒပြတဲ့ ကျောင်းသူ လူမမယ်လေးတွေ
 အပါအ၀င် ကျောင်းသားနဲ့ ပြည်သူတွေကို သေနတ်နဲ့ ပစ်သတ်ရုံသာမက လှံစွပ်
များနဲ့ ပါ ထိုးသတ်ခြင်းကို ပြုလုပ်ခဲ့ကြတယ်။
(၁၁.၈.၈၈) မှာ အစိုးရ ယန္ဒရားတွေ ရပ်ဆိုင်းသွားခဲ့တယ်။
(၁၂.၈.၈၈)မှာ ဦးစိန်လွင်က သမ္မတ သက်တမ်း ၁၈ ရက်နဲ့  ဆင်းပေးလိုက်ရတယ်။
(၁၉.၈.၈၈)မှာ မဆလ ပါတီ ဥက္ကဌသစ်အဖြစ် ဒေါက်တာမောင်မောင်ကိုခန့် လိုက်တဲ့
အတွက် ဆန္ဒပြသူများက ရာထူးမှ နှုတ်ထွက်ပေးရန်နှင့်ကြားဖြတ်အစိုးရ ဖွဲ့ ပေးရန်
တောင်းဆိုကြတယ်။
(၂၄.၈.၈၈)မှာ မာရှယ်လော(စစ်ဥပဒေ)ကို ရုပ်သိမ်းပြီး တပါတီစံနစ်(သို့ ) ပါတီစုံ
စံနစ်အတွက် ပြည်သူ့ ဆန္ဒခံယူပွဲ လုပ်ပေးမယ်လို့ ဒေါက်တာမောင်မောင်က ကတိပြု
ခဲ့တယ်။
(၂၆.၈.၈၈)မှာအင်းစိန်ထောင်တွင်အထိကရုဏ်းဖြစ်ပြီး မြို့  ၉ မြို့ မှ အကျဉ်းသား
၉ ထောင်နီးပါး လွတ်ပြေးသွားကြတယ်။
(၂၈.၈.၈၈) တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ ချုပ်(ဗကသ)ကို
ဖွဲ့ စည်းလိုက်ပြီး မင်းကိုနိုင်ကို ဥက္ကဌ အဖြစ် ရွှေးချယ်ခဲ့ကြတယ်။
(၉.၉.၈၈) မှာ ဦးနုက ၀န်ကြီးချုပ် ဦးတင်ဦးက ကာကွယ်ရေးဝန်ကြီး အဖြစ် ပါဝင်သော
စင်ပြိုင်အစိုးရဖွဲ့ ကြောင်းကြေငြာလိုက်တယ်။
(၁၂.၉.၈၈) တွင် ဒေါ်အောင်ဆန်းစုကြည်..ဦးတင်ဦး.ဦးအောင်ကြီး တို့ ပူးတွဲ၍ ကြား
ဖြတ်အစိုးရဖွဲ့ ရန် ထောက်ခံကြောင်းကြေငြာချက်ထုတ်ပြန်ကြတယ်။
          
            သို့ သော် စက်တင်ဘာ ၁၈ ရက်နေ့  ညနေ ၄ နာရီ တွင် ဗိုလ်ချုပ်ကြီးစော
မောင်က စစ်တပ်မှ အာဏာကို လွဲပြောင်းယူလိုက်ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှူုတည်
ဆောက်ရေးအဖွဲ့ ကို ဖွဲ့ စည်းလိုက်ကြောင်း ရေဒီယိုမှ ကြေငြာလိုက်တယ်။
            ထိုအခြေအနေပေါင်းစုံကြောင့် ကျောင်းသားအများအပြား နယ်စပ်ဒေသ များ
သို့ ထွက်ခွါလာကြပြီ တော်လှန်ရေးသမားဘ၀ကို တဆစ်ချိုး ပြောင်းသွားခဲ့ကြတော့တယ်
            နယ်စပ်သို့ ထွက်လာကြသော ကျောင်းသားများသည်-
၁။ လက်နက်ကိုင်တော်လှန်ရေး အသွင်ပြောင်းမည်ဟု ဆုံးဖြတ်ပြီး ထွက်လာသောအုပ်စု
၂။ စစ်အာဏာရှင်တို့ ၏ ဗရမ်းဗတာ ဖမ်းဆီးနှိပ်စက်မှူုကြောင့် ဘာမှ စဉ်းစားဆုံးဖြတ်ချိန်
    မရဘဲ ရှေါင်တိမ်းလာခဲ့ရသောအုပ်စု
၃။ မည်သည့် နည်းဖြင့်မဆို စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အကောင်းဆုံးနည်းလမ်း
    များရှာကာ ဆက်လက်တိုက်ပွဲ ၀င်မည်ဟု ဆုံးဖြတ်ချက် ချထားသော အုပ်စုတို့ ဖြစ်သည်။
            သို့ သော် ထွက်လာစတွင် မည်သို့ ဦးတည်သွားရမှန်း မသိ ဖြစ်နေသောကြောင့်
KNU ကရင်အမျိုးသားအစည်းအရုံးက ကြိုဆို ကူညီ ပံ့ပိုးခဲ့ကြ တယ်။ ကျမရောက်ရှိသော
သေဘောဘိုး စခန်းတွင် ကျောင်းသား ၅ ထောင်ခန့် စုရုံးရောက်ရှိလာသောကြောင့် စား
သောက်ရေး နေရေးကိစ္စ များခက်ခဲခဲ့တယ်..တတောလုံးရှိ အသီးအနှံများ တာလပေါ့ အရည်
ကျဲကျဲ ချက်ကျွေးတာ မလောက်သဖြင့် နောက်ဆုံး ငှက်ပျောတုံးများကိုဖြတ်၍ ဟင်းချက်ရတဲ့
အထိပါဘဲ…
            ကျောင်းသားများမှာ ရှေ့ဆက်လုပ်ရမဲ့ အစီစဉ်ထက်..စားသောက်နေတိုင်ရေးနဲ့ ကျန်း
မာရေး ကိစ္စများကို အရင်လုံးပန်းနေကြရတယ်..
            ပထမဆုံး ကျောင်းသားတယောက်က မဲဆောက်မြို့ မှာ ကွယ်လွန်သွားခဲ့စဉ်က.
သဂြိုလ် စရိတ် မရှိတဲ့အတွက် မဲဆောက်မြို့ ရှိ ဗမာအိမ်များသို့ သွားရောက်အလှူခံခဲ့ကြရ
တယ်…ထိုအချိန်က .မဲဆောက်မြို့ က မြန်မာဦးရေက လက်ချိုးရေတွက်လို့ ၇သေးတဲ့ အခြေ
နေမို့ ..ကျောင်းသားများအလှူခံသည်ကိုပင်..တော်လှန်ရေးကို နားမလည်သဖြင့် အလှူငွေ မ
ထည့်ရဲဘဲ ဖြစ်နေကြသေးတယ်..အစောပိုင်းရောက် ကျောင်းသားတော်လှန်ရေးသမားများ
ဘ၀ မှာ ဒုက္ခမျိုးစုံကို ရင်ဆိုင်ခဲ့ကြရပါတယ်။
             ၁၉၈၈ ခု နိုဝင်ဘာလ ၁ ရက်နေ့ တွင် ကရင်အမျိုးသား နယ်မြေ တခု ဖြစ်သော
ဝမ်ခ စခန်းတွင် နယ်စပ်ရောက် ကျောင်းသားများ ညီလာခံကို ကျင်းပခဲ့ကြပြီး ၁၉၈၈ ခု နိုဝင်
ဘာ ၅ ရက်နေ့ တွင် (မကဒတ) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်
တပ်ဦး အမည်ကို တရားဝင်ရွှေးချယ်လိုက်ကြတယ်..ထိုနေ့ မှစ၍ ကျောင်းသားတော်လှန်ရေး
(ABSDF) အဖွဲ့ ကြီးသည် ယနေ့ ထိတိုင်သမိုင်းဝင်၍ မြန်မာပြည်အတွက် ဆက်လက်တိုက်ပွဲ
ဝင်နေကြဆဲဖြစ်ပါတယ်….
အညတရ ကျောင်းသားရဲမေ
Robina              
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...