Sunday, August 21, 2011

နာမကျန်းသောကျေးလက်

by Yangon Press International on Sunday, August 21, 2011 at 9:51am
သြဂုတ် ၂၁၊ ၂၀၁၁

ရဲဝင်းရေးသားသည်။

“လေတအားထန်နေသလား၊ လှိုင်းခေါင်းဖြူတွေ တွေ့နေရသလား။ အဲလိုဆိုရင်တော့ ဘုရား၊တရားသာ အောက်မေ့နေပေတော့။ လှိုင်းတွေကြားထဲမှာ ဆေးသွားကုဖို့မစဉ်းစားနဲ့” ဟု ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ထဲက မင်းချောင်းရွာသား ကိုမိုးကပြောပြသည်။

ရန်ကုန် သြဂုတ် ၂၁၊ ၂၀၁၁ (YPI) - ရွာ ထဲမှာ တစ်စုံတစ်ယောက် အရေးပေါ်ဆေးဝါးကုသမှုခံယူဖို့လိုအပ်လာပြီဆိုလျင် မင်းချောင်းရွာသားတွေ ပထမဦးဆုံးပြေးကြည့်မိတတ်ကြသည့် အရာမှာ ရွာ၏ အရှေ့ဘက်ရှိ မြစ်ပြင်ကျယ်အခြေအနေပဲဖြစ်သည်။


“လေတအားထန်နေသလား၊ လှိုင်းခေါင်းဖြူတွေ တွေ့နေရသလား။ အဲလိုဆိုရင်တော့ ဘုရား၊တရားသာ အောက်မေ့နေပေတော့။ လှိုင်းတွေကြားထဲမှာ ဆေးသွားကုဖို့မစဉ်းစားနဲ့” ဟု ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ထဲက မင်းချောင်းရွာသား ကိုမိုးကပြောပြသည်။

မင်းချောင်းရွာသည် ပင်လယ်ကမ်းစပ်အနီးအနားတွင် တည်ရှိသောရွာဖြစ်ပြီး ၄င်းရွာနှင့် အနီးအနားတွင် ဆေးရုံ၊ ဆေးခန်း ဘာတစ်ခုမျှမရှိ။

ဆေးဝါးကုသမှုမဖြစ်မနေ ခံယူဖို့လိုအပ်လာလျင် အနီးအနားရှိ မြစ်ပြင်ကျယ်ကနေ မြေပုံမြို့ပေါ်သို့ ၃ နာရီခွဲ ၄ နာရီလောက် မော်တော်နှင့်သွားပြီး ဆေးဝါးကုသမှုခံယူကြရသည်။ ထိုအချိန်မျိုးမှာ လှိုင်းလေထန်လျင်၊ လှိုင်းခေါင်းဖြူတွေ တွေ့နေရပြီဆိုလျင် ဆေးသွားကုဖို့ မဖြစ်နိုင်ကြောင်းမင်းချောင်းရွာသားတွေကပြောပြသည်။

လူဦးရေ ၅၉ သန်းရှိသည့် မြန်မာနိုင်ငံတွင် နိုင်ငံလူဦးရေ၏ ၇၀ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများတွင် မှီတင်းနေထိုင်နေ ကြသူများဖြစ်သော်လည်း ကျေးလက် ကျန်းမာရေးဌာနတွေ လုံလုံလောက်လောက် မရှိမှုနှင့် ကျန်းမာရေးလုပ်သား ရှားပါးမှုတို့ ကြောင့် မင်းချောင်း ရွာသားတွေလိုပဲ နိုင်ငံတနံတလျားရှိ ကျေးလက်နေပြည်သူ အများစုမှာ ဆေးဝါးကုသမှုခံယူရန် အခက်အခဲများစွာနှင့် ကြုံတွေ့လျက်ရှိကြသည်။

“အဲတော့ ကျန်းမာရေးအကြောင်း နည်းနည်းနားလည်တဲ့ လူဆီက အကြံဥာဏ်ယူပြီးဘာဖြစ်ဖြစ်ဆိုပြီး ဟိုဟာလုပ်၊ ဒီဟာလုပ်၊ ဟိုဆေးသောက်လိုက်၊ဒီဆေးသောက်လိုက်နဲ့ နေကြရတာပေါ့” ဟု အိမ်ခြေ ၆၀ ကျော်ရှိသည့်မင်းချောင်းရွာမှ ကိုသိန်းကပြောပြသည်။

“ဗိုက်နာလို့တော့ ဘယ်သူမှ မြေပုံကို တကူးတက သွားမနေကြတော့ဘူး။ ရွာကလက်သည်တွေနဲ့ မွေးချလိုက်တာပဲ” ဟုလည်း ကိုသိန်းကပြောပြသည်။

ကျေးလက်အတွက် ဆေးတစ်ခွက်

ကျေးရွာပေါင်း ၆၅,၀၀၀ ကျော်ရှိသည့် မြန်မာနိုင်ငံမှာကျေးလက်ကျန်းမာရေးဌာနပေါင်း ၁,၅၀၀ ၀န်းကျင်သာရှိရာ ရွာပေါင်း ၄၃ ရွာမှာမှ ကျေးလက်ကျန်းမာရေးဌာန တစ်ခုသာရှိသည့် သဘောမျိုးဖြစ်နေ သောကြောင့်ကျေးလက်နေ ပြည်သူများ၏ ကျန်းမာရေး လိုအပ် ချက်ကို မည်သည့်နည်းနှင့် မျှထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိကြောင်း ပညာရှင်များက သုံးသပ်ကြသည်။

“အဲဒီမှာ ဆေးဝါးလုံလုံလောက်လောက်ရှိလိမ့်မယ်လို့ ခင်ဗျားမျှော်လင့်ရင် မှားလိမ့်မယ်။ ဆရာဝန်၊ သူနာပြုဆိုတာလဲ အဲဒီမှာ အချိန်ပြည့် အသင့်ရှိချင်မှရှိမယ်။ သာမန်ကျန်းမာရေး ကိစ္စလောက်ပဲရမယ်။ တကယ့်တကယ်ဖြစ်လာရင် ခင်ဗျား မြို့ကိုသာ ပြေးပေတော့ပဲ” ဟု ဧရာဝတီတိုင်း အတွင်းရှိ ကျေးလက်ဆေးပေးခန်း တစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဆရာဝန်တစ်ဦးက ပြောပြသည်။

ဆေးရုံ၊ ဆေးခန်းဆိုသည်မှာလည်း အများစုမှာ မြို့ပြများတွင်သာ တည်ရှိကြရာ ဆေးရုံဆေးခန်းသွားဖို့ဆိုလျင် နာရီပေါင်းများစွာ သွားလာကြရသည်ဟု ဆိုသည်။ ဝေးလံသီခေါင်ပြီး တောတောင်ထူထပ်သောဒေသများတွင်မူ နီးစပ်ရာ ဆေးရုံဆေးခန်း သွားရောက်ကုသမှု ခံယူဖို့ရန်မှာ နေ့တစ်ဝက်ခရီး သွားကြရသည် များလည်းရှိသလို တစ်နေကုန်ခရီးသွားကြရသည်များလည်း  ရှိသည်။

 “ရွာတွေနဲ့ ဆေးရုံတွေနဲ့က တအားဝေးတော့ ရောဂါကို ဘယ်လိုမှမခံနိုင်တော့တဲ့အဆုံးကျမှ လာပြကြတာ။ အချိန်မီရောက်လာတဲ့ လူလည်းရှိတယ်။တချို့ကျတော့လည်း နောက်ကျမှ ရောက်လာတယ်။ ဒီရောက်လာတော့ ရောဂါကတော်တော်ကျွမ်းနေပြီ”  ဟု အညာဒေသရှိ ဆေးရုံတစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့်ဆရာဝန်တစ်ဦးက ပြောပြသည်။

မြန်မာနိုင်ငံတ၀န်းရှိ ပြည်သူများအား အခြေခံကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် ကျန်းမာရေးလုပ်သားများကို အစဉ်တစိုက် မွေးထုတ်နေပါသည်ဟု အစိုးရက ဆိုသည်။

ယမန်နှစ်က ထုတ်ပြန်ခဲ့သော ကျန်းမာရေးဝန်ကြီးဌာန၏ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံတွင် ဆရာဝန်ပေါင်း ၂၆,၀၀၀၊ သူနာပြုပေါင်း ၂၃,၈၀၀ နှင့်ဝမ်းဆွဲဆရာမပေါင်း ၁၉,၀၀၀ ရှိသည်ဟုဆိုသည်။

သို့သော်လည်း ၄င်းတို့မွေးထုတ်လိုက်သော ကျန်းမာရေးလုပ်သားနှင့်မြန်မာတစ်နိုင်ငံလုံးရှိ လူဦးရေကို အချိုးချကြည့် မည်ဆိုပါက
မြန်မာနိုင်ငံရှိ ကျန်းမာရေးလုပ်သားဦးရေမှာ အရေအတွက် အင်မတန်နည်းလျက်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization - WHO) ကဆိုသည်။

WHO ၏အဆိုအရ မြန်မာနိုင်ငံတွင် လူဦးရေ ၁၀,၀၀၀ လျင် ဆရာဝန်၊ သူနာပြုနှင့်ဝမ်းဆွဲဆရာမ ၁၃ ဦးသာရှိသည်ဟုဆိုပါသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် WHO က အနိမ့်ဆုံးစံအဖြစ် သတ်မှတ်ထားသော ကျန်းမာရေးလုပ်သားနှင့် လူဦးရေအချိုးမှာ လူဦးရေ ၁၀,၀၀၀ လျင် (ဆရာဝန်၊သူနာပြု၊ ၀မ်းဆွဲဆရာမ) ကျန်းမာရေးလုပ်သား ၂၃ ဦးအနည်းဆုံးရှိရမည်ဟု သတ်မှတ်ထားသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံရှိ ကျန်းမာရေးလုပ်သားဦးရေမှာ WHO ၏ အနိမ့်ဆုံးစံသတ်မှတ်ချက်ထက်ပင် ထက်ဝက်နီးပါး လျော့ကျနေသည်ကို တွေ့ရမည်ဖြစ်သည်။

ကျန်းမာရေးလုပ်သားရှားပါးသည့်အနေအထားတွင် ကျေးလက်ဒေသများသို့သွားရောက်ဆေးကုသရန် တာဝန် ပေးခြင်းခံရသည့် ကျန်းမာရေးလုပ်သားများကိုအစိုးရမှ မည်သည့်အကျိုးခံစားခွင့်မှ ထူးထူးခြားခြားပေးထားခြင်းမရှိသောကြောင့် အများစုမှာ ကျေးလက်ဒေသသို့ သွားရောက်အမှုထမ်းရမည်ကို စိတ်ဝင်စားခြင်းမရှိကြကြောင်း WHO မှ အရာရှိတစ်ဦးက ပြောပြသည်။

 “ဆရာဝန်ဖြစ်လာကြတဲ့သူအများစုက မြို့ပေါ်က ချမ်းသာတဲ့၊ ငွေကြေးအတော်အတန်ရှိတဲ့ မိသားစုတွေကနေ ပေါက်ဖွားလာကြတာ။ အဲတော့ အစစ၊အရာရာ ခေတ်နောက်ကျတဲ့၊ မဖွံ့ဖြိုးတဲ့ ဆင်းရဲတဲ့ ကျေးလက်တွေကို မသွားချင်ကြဘူး။ သွားရလို့ရှိရင်လည်း ကြာရှည်မနေချင်ကြတဲ့ သူကများတယ်” ဟု WHO မှအရာရှိက ဖြည့်စွက်ပြောပြသည်။

ဆေးမြီးတိုလား အပ်ပုန်းလား

ကျေးလက်ဒေသများမှာ ဆေးဝါးကုသမှုခံယူရေးအခက်အခဲရှိသောကြောင့် ကျေးလက်ဒေသတွင် နေထိုင် သူများအဖို့ ပုံမှန် အခြေအနေမှာရွေးချယ်စရာနှစ်ခုသာရှိတတ်သည်ဟု အညာဒေသရှိ ဆေးရုံတစ်ခုတွင်တာဝန်ထမ်းဆောင်နေသော ဆရာဝန်တစ်ဦးက ယခုလိုပြောပြသည်။

“တိုင်းရင်းဆေး(ဒါမဟုတ်)ဆေးမြီးတိုနဲ့ ကိုယ့်ကိုယ်ကို ကုမလား။အပ်ပုန်းတွေကို သွားအားကိုးမလား။ ဒီနှစ်ခုပဲရှိတယ် သူတို့တတွေမှာ ရွေးစရာဆိုလို့ ”

ကျန်းမာရေးလုပ်သားရှားပါးသည့် မြန်မာနိုင်ငံတွင် အပ်ပုန်းများမှာနေရာဒေသတိုင်းနီးပါး ရှိနေဆဲဖြစ်သည်။ ဝေးလံသီ ခေါင်သည့်အရပ်ဒေသများတွင်သာမက မြို့ပြနှင့် နီးစပ်သည့် အရပ်ဒေသများ(တချို့နေရာတွင် မြို့ပြများ) တွင်ပါ အပ်ပုန်းများလက်ထဲ အသက်ကိုအပ်နှင်းကာ ဆေးကုသမှုခံယူကြရသူအမြောက်အများရှိသည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများ၏ အဆိုအရ ဆေးရုံဆေးခန်းနှင့်နီးစပ်သည့် အရပ်ဒေသများတွင်ပါ အပ်ပုန်းများကို အားကိုးနေကြသူများရှိကြပြီး ယင်းသို့အားကိုးကြခြင်းမှာ လူနာများ၏ ဆင်းရဲမွဲတေမှုနှင့်လည်း ပတ်သက်နေသည်ဟုဆိုပါသည်။

“အပ်ပုန်းနဲ့ကုရင် ဆေးဖိုးဝါးခက ချက်ချင်းမပေးလဲရတယ်လေ။ သီးနှံပေါ်မှပေးလည်း ရနေတော့ အကြွေးဆေးကု လို့ရတဲ့ဆီမှာ ကုဖြစ်သွားတာပေါ့။ ပြီးရင်ကုသစရိတ်ကလည်း သက်သာတယ်ဗျ” ဟု အညာဒေသတွင် တာဝန်ထမ်းဆောင်နေသည့်ဆရာဝန် ကပြောပြသည်။

တချို့ကျေးလက်ဒေသများတွင်မူ နီးစပ်ရာမြို့ပေါ်မှ ကျန်းမာရေးမှူးများ တစ်လတစ်ခါဆိုသလို လှည့်လည်ပြီး ဆေးလိုက်ကုပေးကြ သည်များလည်းရှိသည်ဟုဆိုသည်။

မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးပြည်နယ်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးအရလည်း အဆိုးရွားဆုံးပြည်နယ်အဖြစ် သတ်မှတ်ခံထားရသည့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ရောင်လောင်းရွာသားတွေဆိုလျင် သူတို့ရွာကို တစ်လမှာမှ တစ်ခါလာ၊ တစ်ခါလာမှ နေ့တစ်ဝက် မရှိတရှိလောက်ပဲ ဆေးကုကာ ပြန်သွားတတ်သည့်ကျန်းမာရေးမှူးလာမည့် အချိန်ကို စောင့်ဆိုင်းကြရသည်ဟု ယင်းရွာသားများက ပြောပြသည်။

ရောင်လောင်းရွာသည် မင်းတပ်နှင့် မတူပီအကြား တောင်ပေါ် ကားလမ်းအနီးတည်ရှိသော ရွာဖြစ်ပြီး  ထိုရွာအနီးအနားရောက်ရန် မင်းတပ်မြို့မှ ၄နာရီနီးပါး ဆိုင်ကယ်စီးရသည်။ ယင်းနောက် ကားလမ်းမှ ၄၅ မိနစ်လောက်တောင်အောက်ကို လမ်းလျှောက်ဆင်း သွားပါမှ ထိုရွာကို ရောက်သည်။ ထိုရွာအနီးအနားတွင် ဆေးပေးခန်းမရှိ။ ဆေးဆိုင်မရှိ။

ထိုရွာတွင်နေထိုင်ကြသူများမှာ တောင်ယာလုပ်ငန်းလုပ်ကိုင်ကြပြီး အများစုမှာဆင်းရဲကြသောကြောင့် မင်းတပ်မြို့ပေါ်သို့ သွားရောက်ပြီးဆေးမကုနိုင်ကြသဖြင့် ရွာကို လာမည့် ကျန်းမာရေးမှူးကိုသာ အားကိုးကြရသည်။

“တချို့လတွေဆိုရင် (ဆေး)ဆရာမလာဘူး။ အဲလိုဆိုရင် ခံပေတော့ပဲ” ဟုချူချာပုံရသည့် အသက် ၄၀ ကျော် ဒေါ်လင်းထျံက သူမ၏ ၀ါးအိမ်လေးထဲမှာ ကြုံ့ကြုံ့လေးထိုင်ရင်းပြောပြသည်။

ဒေါ်လင်းထျံအနေနှင့် သူမမှာ ဘာရောဂါရှိနေမှန်း မသိ။ ချောင်းဆိုးသည့်အခါ မနေနိုင်အောင်ဆိုးသည်။ အဖျားတက်သည့် အခါ ခြစ်ခြစ်တောက် ကိုယ်အပူချိန်တက်သည်။ အားနည်းလွန်းလို့ ထိုင်ရာမှ ထလျင်ယိုင်ယိုင်သွားသည်။ မောလဲမောသည်။ ဘာမှလည်း
စားချင်သောက်ချင်စိတ် မရှိဟုဆိုသည်။

လောလောဆယ်တွင် တစ်ဘက်အိမ်မှလာပေးထားသော အမျိုးအမည် မသိ ဆေးနီမှုန့်ကို သောက်နေသည်။

တစ်လတစ်ခါလာမည့် ကျန်းမာရေးမှူးကို စောင့်ဆိုင်းရင်း ဒေါ်လင်းထျံက “ဘယ်တော့မှ ဆရာက လာပါ့မလဲ မသိဘူး။ သူလာတဲ့အထိ ကျွန်မခံပါ့မလားတောင် မပြောတတ်ဘူး” ဟု အားနည်းတုန်ရီသော အသံနှင့် ပြောရှာသည်။

End//

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...