Friday, August 5, 2011

အချစ်စစ်ဆိုသည်မှာ......

by Than Min Lwin on Monday, August 1, 2011 at 11:28pm

ဆေးရုံတစ်ခုလုံး အလုပ်များလွန်းနေတဲ့တစ်နေ့ မနက်ခင်း ၈နာရီခွဲ အချိန်လောက်မှာ အသက် ၈၀ အရွယ် အဘိုးအိုတစ်ယောက် ဆေးရုံကို ရောက်လာတယ်.. အရင်တစ်ပတ်က ခွဲစိတ်ထားတဲ့ သူ့လက်ပေါ်က ချုပ်ရိုးကို ပြန်ဖြေဖို့ ရောက်လာတာပါ.. သူက ဆေးရုံ ရောက်ရောက် ချင်းဘဲ ကျနော့ကို ပြောတယ်….
“ကိုးနာရီလောက်မှာ အဖိုး ချိန်းထားတာလေးတစ်ခု ရှိလို့ အလျင်လိုနေတယ်.. အဖိုးကို အမြန်လုပ်ပေးပါ လူလေးရယ် …”

ကျနော်က သူ့နံမည် အသက် စတာတွေကို စာအုပ်ထဲရေးသွင်းလိုက်ရင်း

“ အဖိုး ခဏလောက်ထိုင်ပါဦးခင်ဗျာ ”
လို့ လှမ်းပြောလိုက်တယ်….. သူ့ဒဏ်ရာက ချုပ်ရိုးကို ဖြေဖို့ဆိုရင် ဆရာဝန် တစ်ယောက်ယောက် အားဖို့ အနည်းဆုံးတစ်နာရီကျော်လောက်တော့ စောင့်ရလိမ့်မယ်ဆိုတာ ကျနော် သိတယ်…

သူ့ရဲ့အလျှင်စလို ဖြစ်နေတဲ့ အမူအရာကြောင့် ဒီဆေးရုံမှာ လောလောဆည် အလုပ်သိပ်မများတဲ့ ကျနော် ကပဲကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်…
အနာကို စစ်ဆေးကြည့်တော့ အားလုံးအခြေအနေကောင်းတယ်.. အနာလဲကျက်နေပြီ … ဒါနဲ့ ကျနော်က သူနာပြုတစ်ယောက်ကို အနာ ချုပ်ရိုး ဖြေဖို့ လိုအပ်တဲ့ ကိရိယာ တန်ဆာပလာတွေ ယူလာဖို့ လှမ်းပြော လိုက်တယ်… ချုပ်ရိုးဖြေနေရင်းနဲ့ ကျနော်က သူ့ကို စကား စပြောလိုက်တယ်…

“အဖိုး ဘာတွေများ အရေးတကြီး ချိန်းထားတာရှိလို့လဲ ဒီလောက်အလျင်လိုနေတာ…”

“ မဟုတ်ပါဘူးလူလေးရယ်… အဖိုး မိန်းမနဲ့ မနက်စာ အတူစားဖို့အတွက် လူနာစောင့်ရှောက်ရေးဂေဟာကို သွားမလို့ပါ… အဖိုးက မနက်တိုင်းကို သူနဲ့အတူတူ မနက်စာ စားနေကြလေ…..”

“သြော်.. အဖိုးမိန်းမက လူနာစောင့်ရှောက်ရေးဂေဟာမှာလား … နေမကောင်းလို့လားခင်ဗျာ…”

“အင်း.. သူက အယ်လ်ဇိုင်းမားရောဂါကြောင့် ကုသ စောင့်ရှောက်မှုခံယူဖို့အဲဒီမှာရောက် နေတာပါကွယ်..”
ကျနော်က အဖိုးကို ကျီစယ်ချင်တာနဲ့

“ တကယ်လို့ နံနက်စာစားဖို့ အဖိုး နည်းနည်း နောက်ကျရင် အဖွားက အဖိုးကို စိတ်ဆိုးမှာလား . . . ? "

“သူ က အဖိုးဘယ်သူဆိုတာကိုတောင် မသိတော့ပါဘူးကွယ်…. အဖိုးကို မမှတ်မိတော့တာ ခုဆို ၅နှစ်လောက်တောင် ရှိပါပြီ..”
ကျနော် အတော်လေးအံ့သြသွားတယ်..

“အိုး.. ဒါနဲ့တောင် အဖိုးက မနက်တိုင်း မနက်တိုင်း မနက်စာအတူ စားဖို့သွားနေသေးတယ်နော်..အဖိုး ဘယ်သူ ဘယ်ဝါ ဆိုတာကိုတောင် သူက မမှတ်မိတော့ဘဲနဲ့များ…”

အဖိုးအိုက ပြုံးလိုက်တယ်…. ပြီးတော့ ကျနော့လက်ကို အသာအယာ ဆုပ်ကိုင်လိုက်ပြီးတော့ ပြောတယ်..

” သူအဖိုးကို မသိတော့တာ မှန်ပါတယ်…. ဒါပေမဲ့ အဖိုးက သူဘယ်သူဆိုတာ သိနေသေးတယ်လေ ”

အဖိုးအို စကားကြောင့် ကျနော့ရင်ထဲမှာ တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသလို ဖြစ်သွားတယ်… အဖိုးအိုရှေ့မှာ မျက်ရည် မကျမိအောင် ကျနော် ကြိုးစားပြီး ထိန်းလိုက်ရတယ်… အဖိုးကတော့ တရွေ့ရွေ့နဲ့ ကျတော်ရှေ့က ထွက်ခွာသွားခဲ့ပြီ.. အဖိုးရဲ့လက်နဲ့ ကိုင်သွားတဲ့ ကျတော် လက်ပေါ်က နေရာလေးမှာ သူ့ဆီက အနွေးဓာတ်ကလေး ခုချိန်ထိ ကျန်နေသေးသလို ကျနော့စိတ်ထဲ ခံစား မိတယ်… လက်ပေါ်မှာ တင်မကပါဘူး..ကျနော့ရင်ထဲ၊ နှလုံးသားထဲမှာပါ ကျန်နေခဲ့တာပါ…

အဲဒီလိုအချစ်မျိုးဟာ ကျနော့ဘ၀တစ်လျှောက်လုံး ရှာဖွေနေတဲ့ ကျနော် လိုချင်ခဲ့တဲ့ အချစ်မျိုး၊ ကျနော် တန်ဖိုးထားချင်ခဲ့တဲ့ အချစ်မျိုးပါ…..

အချစ်စစ်ဆိုတာ တကယ်တော့ ရုပ်ခံစားမှု သက်သက်လဲမဟုတ်ဘူး…. စိတ်ခံစားမှု သက်သက်လဲ မဟုတ်ဘူး.. ကိုယ်ချစ်တဲ့သူက ပြန်ချစ်သည် ဖြစ်စေ မချစ်သည်ဖြစ်စေ

..ကိုယ့်ဘက်က အမြဲတမ်း ချစ်သွားနိုင်တဲ့ ၊ဘာကိုမှ ပြန်လည်ရရှိဖို့ မမျှော်လင့်တဲ့ အချစ်ကို အချစ်စစ်ပါ လို့ဆိုရင် ကျနော့သူငယ်ချင်းများ လက်ခံ နိုင်ပါ့မလား . . . ?

ကျနော်တို့တွေရဲ့ဘ၀မှာ အချစ်စစ်ဆိုတာကို ခဏခဏ ပြောဖူး ကြပါ လိမ့်မယ် … ဒါပေမဲ့ အချစ်စစ်ဆိုတာ ဘယ်လို အရာလဲ ဆိုတာ ကိုတော့ အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်း ၊ နားလည် လက်ခံပုံခြင်းတော့ ကွဲပြား ကြပါ လိမ့်မယ်…

ဒီ ဇာတ်လမ်းလေး ထဲက အဖိုးအိုရဲ့ အချစ်မျိုးကို အချစ်စစ်ပါလို့ ဆိုရင် သဘောတူတဲ့သူ ရှိသလို သဘောမတူတဲ့ သူတွေလဲ ရှိကောင်း ရှိပါလိမ့်မယ်….

ဘယ်လိုပင်ဖြစ်စေ မျှော်လင့်ခြင်း ကင်းတဲ့ ချစ်ခြင်း တစ်စုံကိုတော့ တန်ဖိုးထားလေးစားရမှာပါ……
ချစ်တယ်ဆိုတဲ့စကားကို လက်နက်တခုလို တွင်တွင်သုံးပြီး ကိုယ့်ရဲ့ အတ္တကို ရှေ့တန်းသိပ်တင်တဲ့ တကိုယ် ကောင်းသမားတွေလည်း ဒီလောကကြီးမှာ ဒုနဲ့ဒေးပါ။

အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းလား . . . ? စွန့်လွှတ်ခြင်းလား . . . ? အဲဒါတွေကို ကျနော်လဲတိတိကျကျမသိ သလို သူငယ်ချင်းတို့အထဲကလဲ ဘယ်သူမှ တိတိကျကျမသိနိုင်ကြပါဘူး။ ဒါပေမယ့် ကျနော်နားလည်ထား တာက ကိုယ်က

တဦးတယောက်ကိုချစ်တယ်ဆိုရင် တခြားဘာကိုမှမတတ်နိုင်ခဲ့ရင်တောင် အနည်းဆုံးတော့ ကိုယ်ချစ်တဲ့ သူ စိတ်ချမ်းသာပျော်ရွှင်အောင် ပြုမူပြောဆို နေထိုင်သွားရမှာပေါ့။

ဒီခေတ်ဒီအခါကြီးမှာ အချစ်ဆိုတာဟာ မရှိပါဘူးလို့ ပြောနေကြတဲ့ လူတွေလဲ အပုံအပင်ပါ။
' ဖူးစာဆိုတာ ဦးရာ ' ၊ LOVE = License Of ................... အဲဒီလို ခံယူချက်တွေထားပြီး ပြုမူပြောဆို နေသူတွေကလည်း သိပ်ကိုများလို့နေပါပြီ။

ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ ပြောဖူးခဲ့တဲ့ အချစ်မေတ္တာနဲ့ပတ်သက်တဲ့စကားလုံးလေးတစုကို အမှတ်တရ ဖြစ်လို့နေပါတယ်။ စကားစုလေးက ဒီလိုပါ . . .

" အရောင်အဆင်းမဲ့ ပုံသဏ္ဍန်ကင်းတဲ့ မေတ္တာတရားကို မေတ္တာရှိသူတို့ကသာ ပုံဖော်နိုင်ပါတယ် ၊

မေတ္တာပုံရိပ်ကို မေတ္တာမျက်ဝန်းရှိသူတို့ကသာ သိရှိ ၊ နားလည် ၊ ခံစားနိုင်စွမ်းရှိပါတယ် . . . "

လောကမှာ မေတ္တာဓါတ်ဟာ သိပ်ကို အရေးကြီးပါတယ်။ ခုနက အဖိုးအိုရဲ့အချစ်ဟာလည်း အချစ်နဲ့စပြီး မေတ္တာနဲ့ဆက်ကာ မေတ္တာနဲ့ပဲ အဆုံးသတ်မယ့် အချစ်ပါ။

ချစ်သူတိုင်း ဒီလို အချစ်မျိုးနဲ့ တဦးကိုတဦး ချစ်ခင်မေတ္တာထားကြမယ်ဆိုရင်ဖြင့် ဘယ်လောက်တောင် ကောင်းလိုက်မလဲလို့ ကျနော်တွေးမိပါတယ်။

အချစ်ဆိုတဲ့စကားကို ခုတုံးလုပ်ပြီး ကိုယ့်အတ္တကိုချည်းပဲ ရှေ့တန်းတင်ချင်ကြတဲ့ အတ္တ ၊ တဏှာ သမားများ အတွက်ကတော့ ဒီလို အချစ်မေတ္တာကို သိရှိ ၊ နားလည် ၊ ခံစားနိုင် ခွင့် ဘယ်တော့မှရရှိကြမှာမဟုတ်ပါဘူး။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...