Monday, August 15, 2011

စစ်မှန်တဲ့  ချစ်ခြင်းဆိုတာ...

အလုပ်များတဲ့ တစ်ရက်မှာပေါ့.... နံနက် ၈ နာရီ ခွဲလောက်မှာ၊ ဆေးရုံ ထဲကို အဘိုးအိုတစ်ယောက်ရောက်လာပါတယ်။ အသက်အားဖြင့် ၈၀ ကျော်လောက်ရှိမဲ့ပုံပါပဲ။ သူက သူရဲ့ လက်မမှာဒဏ်ရာရထားလို့ ချုပ်ရိုးလာပြတာပါ။ သူက ကမန်းကတန်းနဲ့ဝင်လာပြီး ၉ နာရီကျရင် ချိန်းထားတာ ရှိလို့... ကျွန်တော်ကို သူ့လက်က ဒဏ်ရာကိုကြည့်ပေးဖို့ ပြောဆိုပါတယ်။


ကျွန်တော်က အဖိုးအိုကို အပြင်မှာ ထိုင်ခိုင်းလိုက်ပြီး...အရင်ဆုံး သူ့ရဲ့ ဆေးမှတ်တမ်းကို ကြည့်လိုက်ပါတယ်။ ပြီးတော့ သတိထားမိတာက သူ့ရဲ့ ဆေးမှတ်တမ်းအရဆိုရင်...အဘိုးအိုဟာတခြား ဆရာဝန်တစ်ယောက်နဲ့ ပြရမှာပါ။ ဒါပေမဲ့ သူဟာ အနည်းဆုံး အချိန် ၁ နာရီလောက် အပြင်မှာ ထိုင်စောင့်နေခဲ့တာကို သတိထားမိပါတယ်။

အဘိုးအိုကို လေးစားတဲ့ အနေနဲ့...ပြီးတော့ ကျွန်တော်လဲ နည်းနည်းအချိန်ရတာနဲ့... အဘိုးအိုကို ချုပ်ရိုး ကြည့်ပေးလိုက်ပါတယ်။ ကျွန်တော်က သူ့လက်မက ပတ်တီးကို ဖြေလိုက်ပြီးတော့ ....ဒဏ်ရာကို ကြည့်ပေးပါတယ်။ ချုပ်ရိုးကို စစ်ဆေးကြည့်လိုက်တော့ ဒဏ်ရာက တော်တော်ကျက်နေပါပြီ။ ဒါနဲ့ ကျွန်တော်လဲ သတိထားပြီး ချုပ်ရိုးကို ဖြေပေးလိုက်ပါတယ်။ ပြီးတော့ အနာမရင်းအောင် ဆေးပေးပါတယ်။ အားလုံးလဲပြီးရော...ကျွန်တော်နှင့် အဘိုးအိုတို့ဟာ စကားနည်းနည်း ပြောဖြစ်ကြပါတယ်။

ကျွန်တော်က " အဘိုး တခြားဆရာဝန်နဲ့  ချိန်းထားတာမဟုတ်လား" လို့မေးတော့ အဘိုးက " ဟုတ်ပါတယ်၊ ဒါပေမဲ့ အဲဒီဆရာဝန်က ၉ နာရီကျမှ လာမှာမို့လို့ပါ " တဲ့။ ဒါနဲ့ ကျွန်တော်လဲ သိချင်စိတ်နဲ့ မေးလိုက်တယ် "ဒါဆို အဘိုးဒီကို အစောကြီး ဘာလာလုပ်တာလဲ" ဆိုတော့ အဘိုးအိုက " ၉နာရီကျရင် လူနာကုသဆောင်မှာအဘရဲ့ အမျိုးသမီးနဲ့ အတူတူ မနက်စာသွားစားမလို့ပါ" လို့ပြန်ပြောပါတယ်။

အော် တော်တော်ချစ်ကြတဲ့ အဘိုးအိုတို့ ဇနီးမောင်နှံပါလား။ ဒါနဲ့ ကျွန်တော်လဲ အဘိုးအိုရဲ့ ဇနီး ကျန်းမာရေးအခြေအနေကို မေးလိုက်ပါတယ်။ အဘိုးအိုက သူ့ဇနီးဟာ လူနာဆောင်မှာ ရောက်တာ ကြာပြီ ဆိုတဲ့အကြောင်း၊ပြီးတော့ သူမဟာ အဲလ်ဇိုင်းမား ဝေဒနာရှင်ဖြစ်ကြောင်း ပြောပြပါတယ်။

ကျွန်တော်က ဒါနဲ့ ဆက်မေးပါတယ် "အဘိုးတကယ်လို့ရောက်တာ နောက်ကျရင် အဘိုးရဲ့ ဇနီးတော့ စိတ်ဆိုးတော့မှာပဲ ဟုတ်တယ်မလား " ဆိုတော့ အဘိုးအိုကရှင်းပြပါတယ် "အဲလိုတော့ ဖြစ်မှာ မဟုတ်ပါဘူး.... ဘာလို့လဲဆိုတော့...လွန်ခဲ့တဲ့ ၅ နှစ်လောက်တည်းက သူက အဘိုးဘယ်သူဆိုတာတောင် မသိတော့လို့လေ" ။

ကျွန်တော်အရမ်းအံ့သြသွားမိပါတယ် " လွန်ခဲ့တဲ့ ၅ နှစ်လောက်တည်းက သူက အဘိုး ကို မသိတော့တာလား... ဒါဆို အဘိုးနေ့တိုင်း မနက်စာ အတူတူ သူနဲ့ သွားစားတာ တစ်မိနစ်တောင် နောက်ကျဖို့ စိတ်ကူးမရှိခဲ့ဘူးပေါ့" လို့ဆိုတော့ အဘိုးအိုက ရယ်ပြီး " ဟုတ်တာပေါ့... မနက် ၉နာရီဆိုတာနဲ့ အဘိုးတို့ ဇနီးမောင်နှံဟာ မနက်စာ အတူတူစားနေကျလေ....အဘိုးဘ၀မှာ အရေးကြီးဆုံး ဖြစ်လို့ ဘယ်တော့မှ အပျက်မခံခဲ့ဘူးလေ "လို့ပြန်ပြောပါတယ်။

"ဒါပေမဲ့ သူမက ခုတော့ ဘာတစ်ခုမှ မမှတ်မိတော့ဘူးမဟုတ်လား အဘိုးရဲ့ " လို့ ကျွန်တော်က ကမန်းကတန်းပြောလိုက်ပါတယ်။ အဘိုးအိုက ထပ်ရယ်ပြန်ပါတယ်။ သူရယ်ပုံက လွန်ခဲ့တဲ့ အနှစ် ၂၀ကျော်လောက်က သူနဲ့ သူ့ချစ်သူ နှစ်ဦး ကြည်နူးခဲ့တဲ့ နေ့ရက်တွေ ရောက်နေသလိုပါပဲ ။ပြီးတော့ အဘိုးအိုက ကျွန်တော့်ကို ဖြေးဖြေး ချင်းပြောပါတယ် " သူမက တကယ်တော့ အဘိုး ဘယ်သူဆိုတာ မသိတော့ပါဘူး... ဒါပေမဲ့ အဘိုးကတော့ သူမ ဘယ်သူဆိုတာ သေသေချာချာ သိတယ်လေ"လို့ဆိုလိုက်ပါတယ်။

အဘိုးအိုရဲ့ စကားလဲ ကြားရော...ကျွန်တော်ရုတ်တရက် မျက်ရည်ကျချင်မိပါတယ်။ စိတ်ထဲကနေပြီး စဉ်းစားမိပါတယ်။ ဒီလို ချစ်ခြင်းတရားဟာ ကျွန်တော်အပါအ၀င် လူတွေ တော်တော်များများ တောင့်တ မျှော်လင့်နေကြတဲ့ ချစ်ခြင်းမျိုးမဟုတ်ပေဘူးလား... တကယ့်စစ်မှန်တဲ့ ချစ်ခြင်းဆိုတာ .... ဂန္တ၀င် စိတ်ကူးယဉ်ဆန်တာမဟုတ်ပဲ ရိုးသား ဖြူစင်မှုနဲ့ တည်ဆောက်ထားတာပါပဲ ပြီးတော့ တကယ့်အချစ်စစ်ဆိုတာ မိမိ ကိုယ်တိုင် ရဲ့ ရင်ထဲမှာကိန်းအောင်းနေတဲ့အရာတစ်ခုသာလျှင်ဖြစ်ပါတယ်။

မူရင်း။ ။ 真正的爱,在自己心间ကို ဘာသာပြန်ခံစားသည်။ စာချစ်သူများအား ကျေးဇူးတင်ပါသည်။ ဇေယျာ 15/Aug/2011 5:50 pm

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...