Tuesday, August 23, 2011

ဘ၀ရဲ့ ပဲ့တင်သံ

ပုံပြင်လေးတစ်ခုငယ်ငယ်က ကြားဖူးပါတယ် ။

တစ်ခါတုန်းက တောအုပ်တစ်ခုထဲကို သားအဖ နှစ်ယောက်လမ်းလျှောက်ထွက်လာကြတော့....

ရုတ်တရက် သားဖြစ်သူက ထောင်ချောက်ကို နင်းမိပြီး နာကျင်လွန်းလို့ အသံနက်ကြီးနဲ့ အော်ဟစ်မြည်တမ်းလိုက်တယ် "အား......."
အဲဒီအချိန်မှာ၊ အံ့သြစရာ ကောင်းတာက တောင်တွေဆီကနေ အသံတစ်သံ သူကြားလိုက်ရတယ် "အား... "


ဒါနဲ့ သူလဲ စိတ်ဝင်စားသွားပြီး သိချင်စိတ်နဲ့ ထပ်အော် မေး လိုက်တယ် " မင်းဘယ်သူလဲကွ ....."
ဒါပေမဲ့ သူကြား လိုက်ရတဲ့ အဖြေကတော့ "မင်းဘယ်သူလဲကွ... " ဆိုတဲ့ စကားပါပဲ။

ဒီတစ်ခါကျတော့ သူက စိတ်ဆိုးသွားတယ်....ဒါကြောင့် ဒေါသထွက်ပြီး အော်ပြောလိုက်တယ် " မင်းက သူရဲဘောကြောင်တဲ့ ကောင်...."
စောစောက အသံပိုင်ရှင်က ပြန်ပြောပါတယ် " မင်းက သူရဲဘောကြောင်တဲ့ ကောင်... "

ဒါနဲ့သူလဲ သူ့အဖေကို မေးလိုက်တယ် "ဖေဖေ... အဲဒါ ဘာဖြစ်တာလဲဟင်  "
အဖေဖြစ်သူက " သား သေချာနားထောင်ကြည့် " ဆိုပြီး
" ငါ မင်းကို အားကျတယ် " ဆိုတဲ့စကားကို ဟစ်ကြွေးလိုက်တယ်ဆိုရင်ပဲ " ငါမင်းကို အားကျတယ် " ဆိုတဲ့ စကားကို ပြန်ပြောတာကို ကြားရပါတယ်။

အဖေက ထပ်ပြီး အော်လိုက်တယ် "မင်းက တော်လိုက်တာ..."
အသံကလဲ ထပ်တူပါပဲ "မင်းက တော်လိုက်တာ..."

ဒါနဲ့ သားဖြစ်သူက အံ့သြနေတာပေါ့... ဒါပေမဲ့ ဘာဖြစ်တယ်ဆိုတာ မသိသေးပါဘူး။

အဲဒီတော့မှ အဖေက ရှင်းပြတယ်

" ဒီအရာကို လူတွေက ပဲ့တင်သံ လို့ ခေါ်တယ် သားရဲ့ ၊ ဒါပေမဲ့ တကယ်တော့ ဘ၀လို့ ပြောနိုင်ပါတယ်"

 "ဘ၀ဆိုတာ မင်းပေးလိုက်တဲ့ အရာတွေကို မင်းကို ပြန်ပေးတာပဲလေ ၊ ပြီးတော့ ဘ၀ဆိုတာ မင်းအပြုအမူ လုပ်ရပ်တွေရဲ့ မှန်တစ်ချပ်ပါပဲ"

"တကယ်လို့ သား မေတ္တာတရားတွေ ပိုပြီး လိုချင်တယ်ဆိုရင်..   သားကလဲ မေတ္တာတရားပိုပြီး ပေးရမယ်"

"တကယ်လို့ အကြင်နာတရားတွေပိုလိုချင်တယ်ဆိုရင်... အကြင်နာတရားပိုပေးပေါ့ သားရယ်"

"လူအချင်းချင်း လေးစားယုံကြည်မှုနဲ့ နားလည်မှုလိုတယ်ဆိုရင်... သားအနေနဲ့ လူတွေကို လေးစားယုံကြည်မှုနဲ့ နားလည်မှုပေးဖို့လိုတယ်လေ"

"တကယ်လို့ သားအပေါ်မှာ လူတွေက ကြင်ကြင်နာနာ သည်းခံပြီး လေးလေးစားစား ဆက်ဆံစေချင်တယ် ဆိုရင် .... သားအနေနဲ့ သည်းခံခြင်းနဲ့ ရိုသေလေးစားခြင်းကို ပေးဖို့ လိုတာပေါ့ "

" ဒီသဘာဝနိယာမ သဘောတရားကို သားဘ၀မှာ နေ့စဉ် အသုံးချရမယ်သား "

ပုံပြင်လေးကတော့ ဒါပါပဲ။

ဒီပုံပြင်ကို သတိရပြီး " ကိုယ်ပေးသမျှဟာ ဘ၀ရဲ့ ပဲ့တင်သံအဖြစ် မိမိထံပြန်လည်ရောက်ရှိနိုင်တယ်...ကောင်းတာလုပ်ရင်ကောင်းတဲ့ ပဲ့တင်သံပြန်လာမယ်...မကောင်းတာလုပ်ရင် မကောင်းတဲ့ ပဲ့တင်သံပြန်လာမှာမလွဲပါဘူး... အနှေးနဲ့  အမြန် ပဲ ကွာခြားပါတယ်။ သင့်ရဲ့ လက်ရှိ ဘ၀ဆိုတာလဲ တိုက်ဆိုင်ပြီးဖြစ်လာတာမဟုတ်ပါဘူး .... သင်ကိုယ်တိုင်လုပ်ရပ်တွေရဲ့ ပဲ့တင်သံ မှန်တစ်ချပ်မျှသာဖြစ်ပါတယ် " လို့ပဲ ဆိုချင်ပါတယ်။

စာချစ်သူများအား ကျေးဇူးတင်ပါတယ်။
ကျေနပ်နှစ်သိမ့်ကြမယ်လို့ မျှော်လင့်ပါတယ်။
(ဇေယျာ) 23/Aug/2011, Tuesday , 11:30 am

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...