Friday, August 12, 2011

ကြယ်တွေကြွေမယ့်အကြောင်း

ကြယ်မိုး
Filed under: သတင်း, my notes, စာစု — အိမ့်ချမ်းမြေ့ @ 12:47 pm


ဟိုတစ်လောက ကြယ်တွေကြွေသွားတယ်။ အမှန်ကတော့ ကြယ်တွေကြွေသွားတယ်လို့ လူတွေက သာမန်ပြောကြတာဖြစ်ပေမယ့် တစ်ကယ်တမ်းကတော့ ကမ္ဘာပတ်လမ်းကြောင်းရယ်.. ကြယ်တံခွန်တွေ ဖြတ်ပျံသွားပြီး ရေခဲမှုန်တွေကို ခါချခဲ့တဲ့ လမ်းကြောင်းရယ်.. သွားဆုံတဲ့အခါ၊ ကမ္ဘာ့လေထုကို ဖြတ်လာတဲ့ ရေခဲမှုန်တွေ လောင်ကျွမ်းပျက်စီးသွားကြတာဖြစ်ပါတယ်။ ဒါကို ကြယ်တွေကြွေတယ်လို့ အလွယ်တကူ ပြောနေကြတာပါ။ တစ်ကယ်ကတော့ ကြယ်တွေကြွေတာ မဟုတ်သလို.. ကြယ်တွေကို တစ်စုံတစ်ယောက်က ပစ်ဖောက်လိုက်တာ (shooting stars) လည်း မဟုတ်ပါဘူး။
အခုလို အားလုံးက ကြယ်ကြွေတယ်ဆိုတဲ့ ဝေါဟာရကို သုံးနေကြပေမယ့်….
မလေးကတော့ ကြယ်မိုးလို့ နာမယ်ပေးချင်ပါတယ်။

တစ်ကယ်ဆို ကြယ်ကလည်း မိုးမရွာတတ်ပါဘူးလို့ ဆိုချင်သူတွေကလည်း ဆိုကြမှာပေါ့…။
မည်သို့ပင်ဖြစ်စေ… ကမ္ဘာပေါ်က သာမန်မျက်လုံးတွေဟာ စိတ်ဝင်စားမယ်ဆိုရင် တစ်နှစ်မှာ ရှစ်လလောက် ကြယ်မိုးရွာတာကို မြင်ရတတ်ပါတယ်။

ဥပမာ အားဖြင့် 3200 Phaethon ဆိုတဲ့ ဥက္ကာပျံ (သိပ္ပံပညာရှင်တွေဟာ 3200 Phaethon ကို ဥက္ကာပျံလား လောင်ကျွမ်းပျက်စီးလို့ ကုန်ဆုံးသွားတဲ့ ကြယ်တံခွန်တစ်ခုရဲ့ အကြွင်းအကျန်လားဆိုပြီးတော့ ယခုအထိ ငြင်းခုံနေကြဆဲပဲဖြစ်ပါတယ်။ သူတို့သေချာစွာသိတာကတော့ 3200 Phaethon အလွန်မဲမှောင်တဲ့ အရာတစ်ခုဖြစ်ပြီး diameter ၃.၂မိုင်ရှိပါတယ် ) အဲဒီ 3200 Phaethon နဲ့  ကမ္ဘာ ဟာ ပတ်လမ်းကြောင်းထဲမှာ ကိုယ်စီပတ်ရင်း၊ ဒီဇင်ဘာလတွေမှာ အနီးဆုံး ဆုံဖြစ်ကြတယ်။ အဲဒီအခါမှာ သူခြွေချတဲ့ ရေခဲမှုန်တွေက ကမ္ဘာ့လေထုကို ဖြတ်သန်းချိန်တွေမှာ ကြယ်တွေအစုလိုက်အပြုံလိုက်ကြွေတာကို (ကြယ်မိုးရွာတာကို) မြင်ကြရတော့တာပါပဲ။ အဲသလို 3200 Phaethon 0bject ကြောင့် ကြယ်မိုးရွာတာကို Geminids လို့ ခေါ်ပါတယ်။



ကြယ်တံခွန်တွေ ဥက္ကာပျံတွေကတော့ ကမ္ဘာပတ်လမ်းကြောင်းနားမှာ အမြဲဖြတ်သန်းနေကြတာပါပဲ။ အချို့ကြယ်တံခွန်တွေကလည်း အားလုံးသိတဲ့အတိုင်း နှစ်ပေါင်း ၂၀၀၀ကျော်မှ တစ်ခေါက် ပြန်လာကြတယ်။

ကြယ်တံခွန်တွေ ဂြိုလ်မွှားလေးတွေပေါ်မှာ မူတည်ပြီး ကြယ်မိုးတွေရဲ့ အမည်နာမတွေကလည်း အမျိုးမျိုးရှိတတ်ပါတယ်။
ဇန်န၀ါရီလဆန်းမှာ ရွာတဲ့ကြယ်မိုးကို quadrantids, သြဂုတ်မှာ ရွာတဲ့ကြယ်မိုးကို perseids, စသဖြင့် ကြယ်မိုးနာမယ်လေးတွေ ပေးတတ်ကြတယ်။
ကြယ်မိုးရွာတာကို မလေးလို… ခြံထဲမှာ သင်ဖြူးဖျာတစ်ချပ်နဲ့ ရေနွေးကြမ်းတစ်ပန်းကန်နဲ့ ထိုင်ငေးရန် စိတ်ဝင်စားသူတွေအတွက် အာကာသကစားကွင်းထဲက ဖြစ်ရပ်စာရင်းကလေးကို ပြုစုပေးလိုက်ပါတယ်ရှင်။ စာရင်းကတော့ UTC - Coordinated Universal Time  စံတော်ချိန်တွေ ဖြစ်ပါတယ်။ မြန်မာပြည်အပါအ၀င် အာရှတိုင်းပြည်တွေ ကတော့ ရေးထားတဲ့ ရက်မတိုင်ခင်တစ်ရက်နဲ့ တိုင်ပြီးတစ်ရက် အဲသလို သုံးညလောက်သေချာအောင် ဆက်ကြည့်လိုလျှင် ဆက်ကြည့်နိုင်ကြပါတယ်။


သြဂုတ်လ ၁၂ ရက်နှင့် ၁၃ရက် —>> Perseids ကြယ်မိုး - တစ်နာရီမှာ ကြယ်အလုံးပေါင်း ၆၀ ကြွေပါမယ်။ တစ်မိနစ်ကို တစ်လုံးနှုန်း။ များသောအားဖြင့် သြဂုတ် ၁၃ နဲ့ ၁၄ရက်တွေမှာ အများဆုံးကြွေတတ်ပေမယ့် ဇူလိုင် ၂၃ရက်မှ သြဂုတ် ၂၂ ရက်ထိ ညကောင်းကင်ကို မော့ကြည့်ရင် ကြွေနေတာနဲ့ ဆုံတတ်ပါတယ်။ ဒီနှစ်ကတော့ လပြည့်ရက်နဲ့ သွားဆုံမှာမို့ သိပ်မမြင်ရနိုင်ပေမယ့် တစ်မိနစ်ကို တစ်လုံးနှုန်းကြွေမယ်ဆိုတော့ သိပ်တော့ မဆိုးလောက်ပါဘူး။ မြို့ပြမီးရောင်နဲ့ ဝေးတဲ့နေရာ ဒါမှမဟုတ်.. လူတွေအိပ်ချိန် သန်းခေါင်ကျော်ရင် ရှုစားလို့ ရပါပြီ။
သြဂုတ်လ ၁၃ရက်  —>> လပြည့်ည။ လပြည့်ချိန်တိတိကျကျသိလိုပါက ည ရနာရီထိုးရန် သုံးမိနစ်တိတိမှာ ဖြစ်ပါတယ်။ လူနီအင်းဒီးယန်းတွေက ဒီလပြည့်ညကို Sturgeon Moon လို့ ခေါ်ကြတယ်။ ဘာလို့လဲဆိုတော့ အဲသလိုညမျိုးမှာ ရေကန်ကြီးတွေကနေ sturgeon ငါးကြီးတွေကို လွယ်လွယ်ကူကူ ဖမ်းလို့ရတဲ့ ညမျိုးတွေဖြစ်လို့ပါပဲတဲ့။ အဲဒီညမှာ သာတဲ့လကို ပြောင်းဖူးစိမ်းလ ဒါမှမဟုတ် ဂျုံလ လို့လည်း ခေါ်ကြသတဲ့။ ဘာကြောင့် ပြောင်းဖူးစိမ်းလလို့ခေါ်သလဲ သူတို့က ဆက်ပြီးရှင်းပြမထားပါ။
သြဂုတ် ၁၁ရက် —>> နက်ပကျွန်းဂြိုလ် (သို့မဟုတ်) အပြာရောင်ဂြိုလ်ကြီးက ကမ္ဘာနဲ့ အနီးဆုံး ရောက်နေမှာဖြစ်ပြီး နေရောင်နဲ့ အထိန်လင်းဆုံး တောက်ပနေမယ့် နေ့ဖြစ်ပါတယ်။ သာမန်မျက်စိနဲ့ကတော့ အပြာစက်ကလေးပဲ မြင်ရမှာ ဖြစ်ပါတယ်။
သြဂုတ်လ ၂၉ရက် —>> လမိုက်ည။ လမင်းကြီးဟာနေနဲ့ကမ္ဘာကြားတည့်တည့်မှာရောက်နေမှာဖြစ်တဲ့အတွက် သူ့ကို လုံးဝ မမြင်ရနိုင်တော့ပါဘူး။ လမိုက်ချိန် အတိအကျကတော့ ၃း၀၄ UTC (universal time) ဖြစ်ပါတယ်။
စက်တင်ဘာ ၁၂ရက်  —>>  လပြည့်ည။ လပည့်ချိန်တိတိကျကတော့ ၀၉း၂၇ utc ဖြစ်ပါတယ်။ လူနီအင်းဒီးယန်းတွေကတော့ ဒီလပြည့်ကို ပြောင်းဖူးလပြည့်ည လို့ ခေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ ပြောင်းဖူးတွေကို ဒီချိန်မှာ နှုတ်ကြလို့ပဲ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၃ရက်  —>>  နေရောင်ခြည်က ကမ္ဘာ့အီကွေတာ တည့်တည့်ကို တိုက်ရိုက်ကျမှာဖြစ်လို့ နေ့နဲ့ည အချိန်တူတူဖြစ်မယ့်နေ့ပါ။
စက်တင်ဘာ၂၅ရက် —>> ယူရေးနပ်စ် ဂြိုလ်ဟာ ကမ္ဘာနဲ့အနီးဆုံးကို ရောက်လာမယ့် နေ့ကလေးပါပဲ။ သေးငယ်တဲ့ စိမ်းပြာရောင်အစက်လေးအနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။

စက်တင်ဘာ ၂ရ  —>>  လမိုက်ည။ ၁၁း၀၉ utc မှာဖြစ်ပါမယ်။

အောက်တိုဘာ ၁၂ —>>  လပြည့်ည။ ၂း၀၉ utc မှာ လပြည့်ပါမယ်။

အောက်တိုဘာ ၂၁-၂၂ရက် —>> Orionids ကြယ်မိုး။ တစ်နာရီမှာ ကြယ်အလုံး၂၀ခန့် ကြွေပါမယ်။ ဒီကြယ်မိုးကို အောက်တိုဘာ ၁ရ ရက်နေ့မှ ၂၅ ရက်နေ့ထိ မြင်နေရနိုင်ပါတယ်။  အောက်တိုဘာ ၂၀မှ ၂၄ရက်နေ့ ဝေလီဝေလင်းတွေမှာ အများဆုံး ပိုတွေ့ရတတ်ပါတယ်။ ကြယ်မိုးကို အမြင်နိုင်ဆုံးနေရာကတော့ အာက်တိုဘာ ၂၀မှ ၂၄ရက်နေ့ သန်းခေါင်ကျော် အရှေ့ဘက်ကောင်းကင်ယံဖြစ်ပါတယ်။

အောက်တိုဘာ ၂၆ —>> လမိုက်ည။ လမိုက်ချိန် ၁၉း၅၆ UTC

အောက်တိုဘာ ၂၉ —>> ဂျူပီတာကို ကောင်းမွန်စွာ မြင်ရမယ့် နေ့ဖြစ်ပါတယ်။ ကမ္ဘာကို အနီးဆုံးကပ်လာမှာဖြစ်ပြီး ဂျူပီတာနဲ့သူရဲ့လများကို ဓာတ်ပုံရိုက်လို့ အကောင်းဆုံးနေ့ဖြစ်ပါတယ်။ တယ်လီစကုပ်အလတ်စားရှိလျှင် ဂျူပီတာရဲ့ ပတ်လမ်းပေါ်က ရေခဲတိမ်လွှာများကိုပါ မြင်နိုင်လောက်အောင် နီးနီးကပ်ကပ် ရှိနေမှာဖြစ်ပါတယ်။ မှန်ဘီလူးကောင်းကောင်းတစ်လက်ရှိရင်လည်း ဂျူပီတာကိုသာမက သူ့ရဲ့အကြီးဆုံး လ လေးလုံးကိုတောင် တောက်ပတဲ့အစက်များအနေနဲ့ ဂျူပီတာရဲ့ တစ်ဘက်တစ်ချက်ဆီမှာ မြင်ရမှာဖြစ်ပါတယ်။

နိုဝင်ဘာ ဂ ရက်နေ့ —>> 2005 YU55 ဆိုတဲ့ ဥက္ကာပျံ ဟာ ကမ္ဘာနားကို ဖြတ်ပျံမယ့် ရက်ဖြစ်ပါတယ်။ အကျယ်အ၀န်း ပေ ၁၃၀၀ ရှိတဲ့ ဥက္ကာပျံကြီးဟာ လထက်တောင် ကမ္ဘာကိုပိုမိုနီးကပ်စွာ ဖြတ်ပျံမှာ ဖြစ်ပါတယ်။ ဒီလောက်ကြီးတဲ့ ဥက္ကာပျံမျိုးဟာ ကမ္ဘာနားမှာ ကပ်ပျံတာဟာ အနှစ်၃၀လောက်မှ တစ်ခါ ဖြစ်တတ်လို့ ပညာရှင်တွေကော အပျော်တမ်းသမားတွေကပါ စောင့်ကြည့်ဖို့ ခုထဲက ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၀ရက် —>> လပြည့်ည - လပြည့်ချိန် ၂၀း၁၆ UTC. ဒီလပြည့်ရက်ကို လူနီအင်းဒီးယန်းတွေက ဘီဗာလပြည့်လို့ခေါ်ကြပါတယ် (ဗီဗာဟိန်း မဟုတ်ပါ)။ ဘာဖြစ်လို့ ဒီလိုခေါ်လည်းဆိုတော့ ဒီရာသီမှာ ချောင်းတွေ အိုင်တွေ ရေခဲတော့ ဘီဗာ (beaver) အကောင်တွေကို လွယ်ကူစွာ ထောင်ဖမ်းနိုင်ကြလို့ပါပဲ။ ဒီလပြည့်ကိုလည်း နှင်းခဲလ လို့လည်း ခေါ်ကြပါတယ်တဲ့။

နိုဝင်ဘာ ၁ရ - ၁ဂ —>> Lenoids ကြယ်မိုးရွာတဲ့ နေ့ဖြစ်ပါတယ်။ ဒီကြယ်မိုးဟာ တစ်နာရီမှာ ကြယ်ပေါင်း ၄၀ထိ ကြွေမှာဖြစ်ပါတယ်။ ဒီ lenoids ကြယ်မိုးဟာ အနှစ်၃၃ နှစ်မှာ အများဆုံးကြွေတတ်တယ်။ အဲသလို ကြွေရင် တစ်နာရီမှာ ကြယ်ပေါင်း ရာကျော် ကြွေတတ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်မှာ အဲသလိုအစုလိုက်အပြုံလိုက် ကြွေဖူးပါတယ်။ နိုဝင်ဘာ ၁၃ ရက်ထဲက ကြယ်ကြွေတာကို မြင်ရမှာဖြစ်ပြီး နိုဝင်ဘာ ၂၀အထိ မြင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ၁၇ နဲ့ ၁၈ ရက်တွေမှာ ကြယ်တွေများဆုံးကြွေတာ မြင်နိုင်ကြရမှာဖြစ်တယ်။ ခုံးမျက်စသုံးရက်လက ဒီကြယ်မိုးရွာတာကို အတားဆီးဖြစ်စေနိုင်ပေမယ့် ညသန်းခေါင်လွန်ရင်တော့ ပိုမြင်ရမယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၅ —>>  လမိုက်ည - လမိုက်ချိန် ၆း၁၀ UTC.

နိုဝင်ဘာ ၂၅ —>> တစ်ဝက်တစ်ပျက် နေကြတ်မယ့် ရက်ဖြစ်ပါတယ်။ အန္တာတိတ်၊ တောင်အာဖရိကနဲ့ Tasmania ကနေ နေကြတ်မှာကို မြင်ရမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၀ —>> လပြည့်ည

ဒီဇင်ဘာ ၁၀ —>> လကြတ်မည့် ည လည်းဖြစ်ပါတယ်။ ဥရောပ၊ အာဖရိကအရှေ့ပိုင်း၊ အာရှတိုက်တစ်ခုလုံး၊ သြဇီ၊ ပစိတ်ဖိတ်သမုဒ္ဒရာနဲ့ မြောက်အမေရိကတိုက်တို့မှ ကောင်းမွန်စွာ မြင်ရမှာ ဖြစ်ပါတယ်။



ဒီဇင်ဘာ ၁၃-၁၄ —>> Geminids ကြယ်မိုးရွာမယ့် နေ့ဖြစ်ပါတယ်။ ကြယ်မိုးရွာသမျှထဲမှာ ဒီ geminids ကြယ်မိုးဟာ အကောင်းဆုံးလို့ ဆိုလေ့ရှိကြပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့မှ စပြီး ၁၉ရက်နေ့မှာ ဆုံးတဲ့ ဒီကြယ်မိုးဟာ ဒီဇင်ဘာ ၁၃-၁၄မှာ အများဆုံးကြွေမှာဖြစ်ပါတယ်။ ထုံးစံအတိုင်း လရောင်က ကြယ်ကြွေတာကို ကွယ်ထားကောင်းကွယ်ထားနိုင်ပေမယ့် သန်းခေါင်ကျော်လို့ အရှေ့ဘက်ကောင်းကင်ကို ကြည့်မယ်ဆိုရင် ဒီကြယ်မိုးတွေကို မြင်ရနိုင်ပါတယ်။
ကြယ်တွေကြွေတာကို အများဆုံးဖြင်ချင်ရင်တော့… ကောင်းကင်ပေါ်မှာ လပျောက်သွားချိန်နဲ့ နေမထွက်ခင် နံနက်အစောကြီးက အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။ ဒုတိယအကောင်းဆုံးအချိန်ကတော့  လူတွေအိပ်လို့ မီးတွေပိတ်တဲ့ သန်းခေါင်ကျော် အချိန်ပဲ ဖြစ်ပါတယ်ရှင်။

ဖြစ်ခဲ့ပြီးတဲ့ အာကာသကစားကွင်းရဲ့ ဖြစ်ရပ်တွေနဲ့ အခြားအသေးစိတ်တွေကိုတော့ မရေးပြတော့ပါဘူးနော်။
စိတ်ဝင်စားသူများ ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်ရှင်။

**** သြဂုတ် ၁၂ နဲ့ ၁၃မှာတွေ့ရမယ့် ကြယ်မိုးဟာ Swift-Tuttle လို့ခေါ်တဲ့ ကြယ်တံခွန်ကြောင့် ဖြစ်တယ်လို့ မစ်ရှီဂန် တက်ဂ်နော်လော်ဂျီယူနီဗာစတီက ရူပဗေဒကထိကဖြစ်တဲ့ Robert Nemiroff က ပြောပါတယ်။

အဲဒီကြယ်တံခွန်ဟာ နေနားမှာပတ်နေတာ အနှစ် ၁၃၀ ရှိပြီလို့ ဆိုပါတယ်။ ကြယ်တံခွန်ကနေ ကြွေကျနေတဲ့ အမှုန်အမွှားတွေကြားထဲကို ကမ္ဘာဖြတ်ချိန်နဲ့ ကြုံပြီး ကမ္ဘာ့လေထုကိုမှုန်မွှားဖြတ်လို့ မီးလောင်တဲ့အခါမှာ အချို့အမှုန်တွေက တော်တော်ကြီးပြီး shooting stars တွေတောင်မဟုတ်တော့ဘဲ fireballs တွေလိုတောင် ခေါ်လို့ရလောင်အောင် ကြီးတယ်ဆိုပါတယ်။

ဒါပေမယ့် ဒီနှစ်က လသာညနဲ့သွားးတိုးနေလို့ ကောင်းကင်က လင်းနေတော့ တော်တော်လေးတော့ စိတ်ရှည်ရမယ်လို့ ဆိုပါတယ်။ peak ကတော့ သြဂုတ်လ ၁၃ရက် ည ၁၁နာရီ(အနောက်စံတော်ချိန်) လောက် ဖြစ်တယ်လို့ ဆိုပါတယ်။

ကြယ်ကြွေတာကိုကြည့်ချင်ရင် မြို့ပြ အဆောက်အဦးတွေ သစ်ပင်တွေနဲ့ ဝေးရာကိုသွားခိုင်းပါတယ်။ ဒီကြယ်မိုးဟာ ဒီတစ်ခါ များမယ်ထင်တယ်။ လရောင်ကို တတ်နိုင်သမျှ ကွယ်ထားပြီး အမှောင်ဆုံးတစ်နေရာကို ကွက်ပြီး ကြည့်ခိုင်းတယ်။ အချို့ လက်ကိုင်ဖုန်းတွေဟာ ကောင်းကင်ကို ချိန်ထားလိုက်ရုံနဲ့ constellations တွေကိုတောင် ပြတယ်ဆိုပါတယ်။

Perseids ကြယ်မိုးနဲ့ နိုဝင်ဘာမှာကြွေတဲ့ Lenoids ကြယ်မိုး ဟာ ကြယ်မိုးတွေထဲမှာ နာမယ်အကြီးဆုံး ၂ခုဖြစ်ပါတယ်။ တစ်မိနစ်ကို အနည်းဆုံး တစ်လုံးနှုန်း မြင်ရမှာ ဖြစ်ပါတယ်။ လူများများနဲ့ စုကြည့်ရင် ဟိုတစ်လုံးဒီမှာတစ်လုံးနဲ့ လက်တောင်မလည်ဖူးတဲ့ ကြယ်ကြွေညတွေနဲ့ ဆုံဖူးပါတယ်။

ဒီရက်တွေဟာ ကနေဒါနိုင်ငံရဲ့ နွေညတွေဖြစ်ပြီး ရာသီဥတုဟာ အလွန်သာယာလှပပါတယ်။ ည ၁၀နာရီမှ နေ၀င်ပြီး အခုလို ကြယ်မိုးဟာဆိုရင် Alberta ရပ်ဝန်းတွေက Nothern lights တွေကိုလည်း ပိုပြီးတော့ လှုပ်ရှားစေပါတယ်ရှင်။****

Pictures taken from http://www.nasa.gov/

original link: http://www.ainchannmyay.com/?p=1181#comment-11585


မြန်မာပြည်က လူတွေကို မြင်စေချင်လို့ ဟိုနေ့ထဲက စောစောတင်လိုက်ဖို့ကောင်းပေမယ့် ဒီဘက်ကိုတင်ဖို့ သတိမရလိုက်မိဘူး။
အချိန်တော့ မှီပါသေးတယ်။ အထူးသဖြင့် မြို့ပြအလင်းရောင်နဲ့ ဝေးတဲ့ နေရာတွေမှာ.. ပိုမြင်ရနိုင်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...