ကျမတို့ နိုင်ငံခြားကျောင်းသားဘ၀- ၃
by Eingyin Khaine on Monday, June 13, 2011 at 12:26am
နောက်ပြီးတော့ သူက ကျမကို မေမေတို့ အိမ်ကထည့်ပေးလိုက်တဲ့ ငပိကြော်တို့ ပဲပုပ်ကြော်တို့လည်းကြိုက်ပါတယ်၊ အထူးသဖြင့် လက်ဖက်ကိုသိပ်ကြိုက်တယ်။ ကျမရဲ့လက်ဖက်က ဆီမပါတော့သူကပိုကြိုက်တာပေါ့၊ ခဏခဏတောင်းစားလေ့ရှိတယ်။ ကျမကလည်း ကျမတို့အစားအစာကိုကြိုက်တော့ အဲသည်လိုစားတာကိုပဲ သိပ်သဘောကျတာလေ။ ကျမက သူ့ကိုအမြဲခေါ်ကျွေးတယ်။ သူက ဘာသာခြားဆိုတော့ ကြက်သားဆိုတာတောင် အသားတွေကိုတော့ တော်ရုံဆိုမစားပါဘူး။ အဲဒီအဆောင်မှာတုန်းက မီးဖိုဆောင်မပါတော့ ကျမတို့နှစ်ယောက် အိမ်ရှင်မသိအောင် အခန်းထဲမှာ ထမင်းအိုးနဲ့ ခေါက်ဆွဲပြုတ်စားကြပါတယ်။ ခိုးစားရလို့လားမသိပါဘူး အရမ်းစားလို့ကောင်းတာပါပဲ။ တရက်တော့ သူတို့ အင်ဒိုနီးရှားတွေစုပြီးတွေ့ဖို့သွားခါနီး သူ့သူငယ်ချင်းတွေကို ပြချင်လို့ဆိုပြီး ကျမဆီက လက်ဖက်ဘူးတောင်းပါတယ်။ အပြန်ကျတော့ ဘူးခွံပဲပြန်ရတယ်။ ကျမလည်း အကုန်ကုန်သွားတော့ နှမျောပေမယ့် သူကို ဘာပြောရမှန်း မသိပါဘူး။ ရောက်ခါစဆိုတော့ ဒီမှာဘယ်မှာ ပြန်ဝယ်ရမှန်းမသိဘူးလေ။ တခါတလေ ဈေးသွားရင်လည်း သူစားချင်တာကို တ၀က်ဆီခွဲယူရအောင်ဆို သူ့ဖာသာဝယ်ပြီး ကျမဆီက ပိုက်ဆံတ၀က်ပြန်တောင်းတတ်ပါတယ်။ နောက်တော့ တချို့ကျောင်းသူတွေအဲလို ခွဲပြီး Share၀ယ်တတ်တဲ့အကျင့်ကို ကျမပါရသွားတယ်။
ဘာသာမတူ လူမျိုးမတူပေမယ့် ကျမတို့တွေဟာ အချင်းချင်း တိုင်းတပါးမှာဆိုတော့ နားလည်မူနဲ့နေရတာပါပဲ။ တခါတရံမှာ ကိုရီးယားလူမျိုးကျောင်းသားတွေက ကျမတို့အပေါ်သိပ်နားလည်မူ မရှိတတ်ပါဘူး။ နေမကောင်းဖြစ်တဲ့အခါမှာတော့ ကိုယ့်မွေးရပ်မြေက အိမ်ကိုပြန်ချင်တာသဘာဝပါပဲ။ ဒါပေမယ့် အခြေအနေအရ မပြန်နိုင်သေးတော့ အချင်းချင်းအားပေးပြီးနေရတာပေါ့။
ကျမနေမကောင်းဖြစ်တုန်းကဆို နိုင်ငံခြားသားသူငယ်ချင်းတွေကပဲ အစစအရာရာကူညီခဲ့တာပါ။ ဆေးရုံမှာ အစာမစားနိုင်တဲ့ ကျမကို သူငယ်ချင်းတွေက စားချင်မယ်ထင်တဲ့ဟာလေးတွေ ၀ယ်လာပေးကြပါတယ်။ ကျောင်းကသူငယ်ချင်းတွေကော အပြင်သူငယ်ချင်းတွေပေးတဲ့ လက်ဆောင်တွေဟာ ဆေးရုံကအခန်းထဲမှာ ကျမအများဆုံးပါပဲ၊ ကုတင်ဘေးမှာပုံနေလို့ ကျမဆရာကလာကြည့်တော့ဆရာကတောင်အံ့သြောနေပါတယ်။ ဆေးရုံကဆင်းတဲ့အထိ ကျောင်းသွားကျောင်ပြန်ကအစ သူငယ်ချင်းအားလုံးက လိုက်ပို့တာကအစ ကူညီကြပါတယ်။ အဲဒီတုန်းက အိမ်ကိုသတိရလို့ရော နေမကောင်းတာရောနဲ့ ခဏခဏငိုတတ်တဲ့ကျမကို ၀ိုင်းအားပေးခဲ့ကြပါတယ်။ တခါတရံမှာ အချင်းချင်း စိတ်ကောက်တတ်ကြပေမယ့် ကျမမှာ ချစ်စရာကောင်းတဲ့ သူငယ်ချင်းတွေရခဲ့ပါတယ်။
ကျမသူငယ်ချင်း ယောင်ချဲဆို ကျမအဆောင်ပြောင်းတိုင်း ရှိသမျှ အိုးခွက်ကအစ အကုန်ကိုသယ်ပေးပြီးကူပြောင်းပေးပါတယ်။ ဘုရားကျောင်းက အဆောင်ဆို ၄ထပ်မှာဆိုတော့ အပေါ်ထပ်အထိ အမြင့်ကြီးကို ကျမဘာမှသယ်စရာမလိုအောင် တက်လိုက်ဆင်းလိုက်နဲ့ အကုန်ကူသယ်ပေးခဲ့ပါတယ်။ သူက သွက်လက်ပြီး ဘာသာရေးသိပ်ကိုင်းရှိုင်းတဲ့ ကိုရီးယားကောင်လေးပါ။ အဲလိုကူညီတတ်တဲ့ ကိုရီးယားကျောင်းသားတွေလည်းရှိပါတယ်။
ဘုရားကျောင်းရောက်တော့ ကျမရဲ့ အရှေ့ခန်းက စင်ကာပူကကောင်လေးနေပါတယ်။ ဘေးခန်းမှာတော့ အို့ဟန်းဆိုတဲ့ ဗီယက်နမ်ကောင်မလေးနေပါတယ်။ သူက သက်သတ်လွတ်အသီးအရွက်ပဲ စားတဲ့သူပေါ့ ။ ကျမကိုလည်း အသားပဲစားလို့ဆို အသီးအရွက်စားဖို့ခဏခဏတိုက်တွန်းပါတယ်။ သူကဓါတ်ပုံရိုက်တာ အလွန်ကိုဝါသနာပါပါတယ်။ ဓါတ်ပုံရိုက်တိုင်းလည်း မော်ဒယ်လ်လို အမျိုးမျိုးအိုက်တင်ပေးရိုက်တတ်ပါတယ်။ သူ့ဓါတ်ပုံတွေဟာ ဖေ့စ်ဘွတ်(Facebook)ထဲမှာ ကြည့်လို့မကုန်နိုင်အောင်ပါပဲ။ စင်ကာပူကကောင်လေးကတော့ အသက်၂၄နှစ်ပဲရှိပါသေးတယ် သူကနဲနဲတော့ဆိုးပါတယ်။ သူ့ဘေးခန်းက ရေချိုးခန်းကို (အဲဒီအခန်းက ကျမသုံးတာပါ) သူအိပ်နေတုန်းသူများရေချိုးမှာစိုးလို့ဆိုပြီး သူ့ဖာသာ ဘယ်အချိန်မချိုးရဆိုပြီး စာတွေအမျိုးမျိုးကပ်ထားပါတယ်။ တခြားရေချိုးခန်းတွေမှာ လူတွေမအားရင်လာသုံးတတ်တော့ ကျမကဖွင့်ထားရင် ကျမဆီကသော့အတင်းတောင်းပြီး ပိတ်ထားတတ်ပါတယ်။ သူက ကျမကိုတော့ခင်ပါတယ်၊ အစက သူက နင်နဲ့ငါလို့သုံးတော့ ငါကနင့်ထက်ကြီးတယ် နူနာ(မမ)လို့ခေါ်ဆိုမှ အဲဒီလိုခေါ်ပါတယ်။ တခါတလေကျမတို့၃ယောက် အို့ဟန်းအခန်းမှာ စကားသွားပြောကြပါတယ်။ တခြားအခန်းက သူတွေကတော့တိတ်ဆိတ်စွာနေကြပါတယ်။
ဘုရားကျောင်းကအဆောင်ထဲမှာ ကျမက ၀မ်းရွမ်း(One room)လို့ခေါ်တဲ့ သီးသန့်အခန်းဌားထားတာပါ။ အဲလိုအခန်းတွေက ရေချိုးခန်းအိမ်သာတွဲရက်ရယ်၊ ဟင်းချက်စရာ မီးဖိုဆောင်လိုနေရာလေး (Kitchen counter)့အခန်းထဲမှာပါပါတယ်။ အဲလိုအခန်းကိုဌားနေရင် စပေါ်ပေးရပါတယ် သိန်း၃၀ကနေ အနဲဆုံး၁၅သိန်းအထိပေးရပြီးဈေးလဲပိုကြီးပါတယ်။ ဂက်စ်နဲ့မီတာခကလည်း ကိုယ်သုံးသလောက်ပေးရပါတယ်။ အဆောင်အကြောင်းထပ်ပြောရရင် ကျမနေတဲ့ကျောင်းပါတ်ဝန်းကျင်မှာ ဟက်စွပ်လို့ခေါ်တဲ့ မနက်ည၂ ကြိမ်ထမင်းကျွေးတဲ့အဆောင်ရယ်(အဲဒီမှာ အိမ်ရှင်နဲ့အတူ သတ်မှတ်ချိန်မှာ ထမင်းအတူစားကြရပါတယ်)၊ နေရုံသက်သက် ဂီစွပ်ဘန်းရယ်၊ ၀မ်းရွမ်း(One room)လိုအခန်းမျိုးတွေတော်တော်များများ ရှိပါတယ်။ ဂီစွပ်ဘန်းကတော့ ကျောင်းသားအများစုနေပြီး ဈေးအပေါဆုံးပါပဲ၊ တလတခါပိုက်ဆံရှင်းပီး မကြိုက်ရင်ပြောင်းရုံပါပဲ၊ ခုနက ဘုရားကျောင်းမှာတော့ One roomရော ရိုးရိုးအခန်းကောပါရှိပြီး အပြင်မှာထက် ဈေးလဲသက်သာပါတယ်။ ကျမအခန်းက ရေချိုးခန်းက ကျဉ်းတော့ရှေ့ကအခန်းကိုကျမအတွက်ပေးသုံးခြင်းပါ။ ကျန်တာက ယောက်ကျားလေးသက်သက် မိန်းကလေးသက်သက် ရေချိုးခန်းအိမ်သာတွေ သီးသန့်ပါရှိပါတယ်။ ဘုရားကျောင်းကအဆောင်မှာတော့ မီတာခပေးသီးသန့်ပေးစရာမလိုတဲ့အပြင် ကျမအခန်းအတွက် စဘော်ပေးစရာမလိုပါဘူး။
ဒါပေမယ့် ကျောင်းသားအားလုံး တနင်္ဂနွေနေ့ဆို ဘုရားကျောင်းမတက်မနေရတက်ရပါတယ်။ တခြားဘုရားကျောင်းတက်တယ်ဆိုရင်တော့ ခွင့်ပြုပါတယ်။ အဲဒီနေ့မှာ ဘုရားကျောင်းတက်ပြီး ၁၂နာရီခွဲဆိုထမင်းကျွေးပါတယ်။ ကျမတို့အားလုံး ဘယ်နိုင်ငံကလာလာ ဘယ်ဘာသာပဲဖြစ်ဖြစ် ယုံသည်မယုံသည်လည်း အပထား တနင်္ဂနွေမနက်ဆို ဘုရားဝတ်ပြုဖို့ တက်ရတာပါပဲ။ ကျမရှေ့ခန်းက စင်ကာပူကောင်လေးကတော့ ဘယ်လိုရှောင်လဲမသိဘူး တခါမှမတွေ့မိပါဘူး။
ကိုရီးယားမှာ သတိထားမိတာကတော့ အယူအဆမတူတောင် ခရစ်ယာန်ဘာသာနဲ့ပါတ်သတ်ပြီး အလွန်အကျွံယုံကြည်ကြတာပါပဲ။ တခါတရံ လမ်းမှာ ရထားပေါ်တွေမှာ ဘုရားသခင်အကြောင်းဆိုပြီး အော်ပြီးပြောသွားတဲ့ သူတွေပါတွေ့ရတတ်ပါတယ်။ ကျမလက်ကိုဆွဲပြီးဘုရားသခင်ကိုသိလား၊ ယုံလားနဲ့ မေးခံရတာလည်း အကြိမ်ကြိမ်ပါပဲ။ ဘုရားကျောင်းကို ပြောင်းဖြစ်တာကလည်း ကျမရဲ့ ပါမောက္ခကြောင့်ပါပဲ။ သူကပဲပြောင်းခိုင်းတာဖြစ်ပါတယ်။ ဘုရားကျောင်းမှန်မှန်တက်ဖို့လည်း ပြောပါတယ်။ အစကတော့တနင်္ဂနွေပိတ်ရက်တိုင်း ဘုရားကျောင်းတက်ရမယ်ဆိုတော့ စိတ်က သိကအောင့်တော့ဖြစ်မိတာပါပဲ။ တချို့ဆရာတွေက ဘုရားကျောင်း အတင်းတက်ခိုင်းတတ်ပါတယ်။ ကိုယ်တက်ချင်တဲ့ ဘုရားကျောင်းကိုမဟုတ်ပါဘူး။ သူတို့ကတက်ခိုင်းတဲ့ ဘုရားကျောင်းကို သွားခိုင်းတာဖြစ်ပါတယ်။ ကျမတို့ နိုင်ငံခြားကျောင်းသားတွေ စိတ်ပျက်တာဟာလည်း ဒါပါပဲ။ ယုံတာမယုံတာထက် ကျောင်းသူကျောင်းသားတွေက တနင်္ဂနွေပိတ်ရက်ဆိုမှ နားရတာဆိုတော့ ပိတ်ရက်ဆို နားချင်ကြ၊ လျှောက်လည်ချင်ကြတာပါပဲ။ မယုံတဲ့သူတွေဆို စိတ်ပိုပျက်ကြမှာပေါ့...
အင်ကြင်း
2:30 am.
13 June 2011.
0 comments:
Post a Comment