ဦးနှောက်ယိုစီးခြင်းလော စီးဝင်ခြင်းလော
by Khin Maung Nyo on Sunday, June 26, 2011 at 12:15pm
ဆင်းရဲသည့်နိုင်ငံများတွင် အတော်ဆုံးနိုင်ငံသားများ ပြင်ပသို့ ရွှေ့ပြောင်းထွက်ခွာသည့်အခါ နောက်ဆုံး၌ ၄င်းတို့ အကျိုးရှိတတ်ကြသည်။ ချမ်းသာသည့်နိုင်ငံများမှ လူများက ရွှေ့ပြောင်းဝင်ရောက်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြသည်။ ၄င်းတို့က ဆောက်လုပ်ရေးလုပ်သားများ၊ ပန်းကန်ဆေးသူများ၊ လယ်ယာလုပ်သားများ ၄င်းတို့၏ အလုပ်အကိုင်များကို ပြိုင်ဆိုင်လုယက်မည့် လစာနည်းသူများအဖြစ် ရှုမြင်ကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများက လူဦးရေ ပြင်ပသို့ ရွှေ့ပြောင်းမှုနှင့်ပတ်သက်၍ စိုးရိမ်ကြသည့်အခါ၌ ၄င်းတို့နိုင်ငံများမှ အကောင်းဆုံး၊ အတော်ဆုံးသူများ၊ ဆီလီကွန်ဗဲလီး သို့မဟုတ် ချမ်းသာသည့် နိုင်ငံများရှိ ဆေးရုံများ၊ တက္ကသိုလ်များသို့ ရောက်သွားသည့်ကိစ္စများအတွက် စိုးရိမ်ကြခြင်းဖြစ်သည်။ ဗြိတိန်၊ ကနေဒါနှင့် သြစတြေးလျကဲ့သို့နိုင်ငံများသည် တက္ကသိုလ်ဘွဲ့ရများအတွက် လူဝင်မှုစည်းမျဉ်းစည်းကမ်းများကို လျှော့ပေးကာ အတတ်နိုင်ဆုံး ဆွဲဆောင်နေကြသည်ကို တွေ့ရသည်။
သုတေသနများအရ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပညာအတတ်ဆုံးသူများသည် ပြောင်းရွှေ့ရန်အလားအလာအများဆုံးဖြစ်သည်။ အချို့ခန်းမှန်းချက်များအရဆိုလျှင် ကိတ်ဗာဒီယန်မှ ပညာအတတ်ဆုံး သုံးပုံတစ်ပုံခန့်သည် နိုင်ငံ၏ပြင်ပတွင် နေထိုင်ကြသည်။ အိန္ဒိယအိမ်ထောင်စုများကို ၂၀၀၄ခုနှစ်က လေ့လာသည့် စစ်တမ်းတစ်ရပ်၌ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် မိသားစုဝင်များအကြောင်းကို မေးမြန်းကြည့်သည်။ ထိုသို့မေးမြန်းသည့်အခါ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသူ ၄၀ရာခိုင်နှုန်းတို့သည် အနိမ့်ဆုံး အခြေခံပညာအောင်မြင်ပြီးသူများဖြစ်နေသည်ကို တွေ့ရသည်။ ယေဘုံယျအားဖြင့် အသက် ၂၅နှစ်ကျော် အိန္ဒိယလူမျိုး ၃.၃ရာခိုင်နှုန်းသာ အခြေခံပညာပြီးသူများဖြစ် ကြသည်။
ဤဦးနှောက်ယိုစီးမှုသည် ဆင်းရဲသည့်နိုင်ငံများမှ မူဝါဒချမှတ်သူများအနေဖြင့် စိုးရိမ်မကင်းစရာများဖြစ်သည်။ ထိုသို့ယိုစီးခြင်းကြောင့် ၄င်းတို့၏ စီးပွားရေး အဆောက်အအုံများကိုထိခိုက်မည်၊ မိမိတို့တက္ကသိုလ်များတွင် သင်ကြားပေးမည့် ဆေးရုံများတွင် အလုပ်လုပ်ပေးမည့်၊ စက်ရုံများတွင် ပို၍ကောင်းသော ထုတ်ကုန်များကို ထုတ်လုပ်ပေးမည့် အလွန်တရာလိုအပ်သည့် ကျွမ်းကျင်မှုများ ဆုံးရှုံးမည်ကို စိုးရိမ်ကြသည်။
ဘောဂဗေဒပညာရှင်အတော်များများက ဦးနှောက်ယိုစီးမှုဟူသော အယူအဆသည် ၄င်းတို့ပြန်ပို့သည့် ငွေများကို ထည့်တွက်ခြင်းမရှိသလို၊ အိမ်ပြန်လာကြသည့် ပြည်ပရွှေ့ပြောင်းသူများကြောင့် ရရှိသည့်အကျိုးကျေးဇူးများ၊ ပြည်ပသို့ရွှေ့ပြောင်းနေထိုင်ရန်အတွက် ပညာ သင်ကြားလိုစိတ်များ တိုးပွားစေသည်ဟူသည့် အချက်များကို မျက်ကွယ်ပြုသည်ဟု ဝေဖန်ကြသည်။ အချို့က ၄င်းအကြောင်းတရားများကို ထည့်သွင်းစဉ်းစားလျှင် ပညာတတ်များ ပြင်ပသို့ထွက်သွားခြင်းသည်၊ ၄င်းတို့ထွက်ခွာသွားရာ နိုင်ငံအသားတင်အကျိုးအမြတ်ရှိသည်ဟု တွက်ဆရသည်။
မကြာသေးမီက စာတမ်းများအရ ဂါနာ၊ ဖီဂျီ၊ အိန္ဒိယနှင့် ရိုမေးနီးယားကဲ့သို့သော နိုင်ငံများကပြည်ပသို့သွားရောက်ခြင်းသည် အကျိုးကျေးဇူးရှိသည်ဟု ယူဆလာခဲ့ကြသည်။ အထင်ရှားဆုံးသာဓကမှာ ပြည်ပသို့ရွှေ့ပြောင်းသူများက ပြန်ပို့ပေးသည့်ငွေကြေးများဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ အလုပ်သမားများသည် ၂၀၁၀ပြည့်နှစ်က ဒေါ်လာ ၃၂၅ဘီလီယံကို ပြန်ပို့ခဲ့ကြသည်ဟု ကမ္ဘာ့ဘဏ်ကခန့်မှန်းသည်။ လက်ဗနွန်၊ နီပေါနှင့် တာဂျစ္စတန် နှင့် အချို့နိုင်ငံများ၌ ထိုသို့ပြန်ပို့သောငွေသည် တိုင်းပြည်ဝင်ငွေံ၏ ၂၀ရာခိုင်ံနှုန်းမကသည်ကို တွေ့ရသည်။ ကျွမ်းကျင်သည့် ပြည်ပရောက်လုပ်သားတစ်ယောက်သည် ပြည်တွင်း၌ ရနိုင်သည့်လစာထက် အဆပေါင်းများစွာရရှိသည်။ အမေရိကန်သို့ရောက်ရှိသော ရိုမေးနီးယန်းတစ်ယောက်သည် ပျမ်းမျှခြင်းအားဖြင့် တစ်နှစ်လျှင် ဒေါ်လာ ၁၂၀၀၀၀ကျော်ပို၍ ရရှိကာ မိမိနိုင်ငံ၌ ဆိုလျှင် သူ၏၀င်ငွေမှာ ဒေါ်လာ ၇၅၀၀ခန့်မျှသာ ရရှိမည်ဖြစ်သည်။
ပြည်ပသို့ရွှေ့ပြောင်းသည့် လုပ်သားအတော်များများ ပညာသင်ကြားမှု၊ လေ့ကျင့်မှုများအတွက် အမိနိုင်ငံက စရိတ်အကုန်အကျခံရသည်မှာ မှန်ပါသည်။ ထိုသို့ ပြည်ပသွားနေသဖြင့် ဆင်းရဲသည့်နိုင်ငံများအနေဖြင့် အဆင့်မြင့်ပညာအတွက် အသုံးစရိတ်များကို ပြန်လည်စဉ်းစားသင့်ကြောင်း ငြင်းခုန်မှုများပေါ်ပေါက်လာသည်။
ဥပမာအားဖြင့် အိန္ဒိယနိုင်ငံ၌ အိန္ဒိယနည်းပညာတက္ကသိုလ်ကို အိန္ဒိယအစိုးရက ဆက်လက်ထောက်ပံ့ကြေးပေးသင့်မပေးသင့် ဆွေးနွေးငြင်းခုန်လာခဲ့ကြသည်။
ထိုအင်ဂျင်နီယာတက္ကသိုလ်မှ ဘွဲ့ရအတော်များများတို့သည် အမေရိကန်နိုင်ငံရှိ ဆီလီကွန်ဗဲလီးရှိ အိုင်တီလုပ်ငန်များနှင့် ဝေါစထရိရှိ ဘဏ္ဍာရေးလုပ်ငန်းများသို့ရောက်ရှိသွားကြသည်။ သို့သော် ပြည်ပရောက် ဂါနာနိုင်ငံသားများက ပြည်တွင်းသို့ပြန်ပို့သည့်ငွေများကို လေ့လာကြည့်သည့်အခါ ၄င်းတို့သည် အများအားဖြင့် ပြည်တွင်းတွင် ပညာသင်ကြားစရိတ်ကို ကာမိရုံမျှမက ၀င်ငွေရရှိကြကြောင်း တွေ့ရှိရသည်။ ပြည်တွင်း၌ ပညာသင်ကြားသည့်စရိတ်ကိုအဆပေါင်းများစွာ ကာမိကြောင်း တွေ့ရသည်။ ထိုသို့ ပြန်ပို့သည့်ငွေများကို ထည့်တွက်လျှင် ပညာသင်စရိတ်ထက် ငါးဆ၊ ခြောက်ဆ မက ပြန်ပို့နိုင်သည်ကို တွေ့ရသည်။
ကျွမ်းကျင်သူများ ထွက်ခွာခြင်းကြောင့် ဆင်းရဲသည့်ပြည်သူများကို အထောက်အကူပြုသည့်နည်းလမ်းများလည်းရှိသည်။ အချို့ပြည်ပရွှေပြောင်းနေထိုင်သူများသည် ပြည်တွင်း၌ ဆက်နေလျှင် အလုပ်အကိုင်ရရှိကြမည်မဟုတ်ပေ။ မော်ရိုကိုနှင့် တူနီးရှားကဲ့သို့သော နိုင်ငံများ၌ ဘွဲ့ရအလုပ်လက်မဲ့များ၏ အချိုးအစားသည် ပညာမတတ်သည့် အလုပ်လက်မဲ့များထက်ပင် အဆပေါင်းများစွာ များပြားနေသည်။ ဘွဲ့ရများ၌ ထိုသို့ဖြစ်သည်မှာ ဘွဲ့ရများအနက် အတော်ဆုံးဘွဲ့ရများကိုသာ ငှားရမ်းအလုပ်လုပ်ကြခြင်းဖြစ်နိုင်သည်။ ပြည်ပသို့ ရွှေ့ပြောင်းအလုပ်လုပ်ခြင်းကြောင့် ၄င်းတို့၏ ကျွမ်းကျင်မှုများကို ပို၍အသုံးချနိုင်ကာ၊ ပို၍ အကျိုးရှိစေနိုင်သည်။ ထိုသို့ ပြောင်းရွှေ့လုပ်ကိုင်ခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးများသည် ရွှေ့ပြောင်းသူများ၏ အမိနိုင်ငံသို့ ပြန်ပို့ငွေများတစ်ဆင့် တိုက်ရိုက်အကျိုးပြုကြသည်။
ထိုသို့ ပြည်ပသို့ ရွှေ့ပြောင်းခြင်းကြောင့် ပြည်တွင်းတွင် ဆက်လက်နေထိုင်ကြသူများအတွက်လည်း အကျိုးရှိသည်။ ဆင်းရဲသည့်နိုင်ငံများ၌ နေထိုင်ကြသူများ ပညာရေးအတွက် ရင်းနှီးမြှုပ်နှံရန် မက်လုံးများကို ဖြစ်ပေါ်စေသည်။ ကိတ်ဗာဒီယန်တွင် လေ့လာချက်အရ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်နိုင်သည့် အလားအလာ ၁၀ရာခိုင်နှုန်းရှိလျှင်၊ အလယ်တန်းပညာပြီးဆုံးရန် အလားအလာ ၈ရာခိုင်နှုန်းတိုးကြောင်းတွေ့ရသည်။
ဖီဂျီနိုင်ငံနှင့်ပတ်သက်၍လည်း လေ့လာမှုများရှိခဲ့သည်။ ၁၉၈၇ခုနှစ်တွင် ဆက်တိုက်ဖြစ်ပွားခဲ့သော အာဏာသိမ်းမှုများကြောင့် ဖီဂျီနိုင်ငံသားများ၊ အိန္ဒိယမျိုးနွယ်များအနေဖြင့် အစိုးရအလုပ်အကိုင်များ၊ နိုင်ငံရေးအာဏာများ ရရှိနိုင်သည့်အလားအလာကို လျော့ပါးစေသည်ဟု တွက်ဆကြသည်။ သို့ဖြစ်၍ လူအတော်များများပြည်ပသို့ ရွှေ့ပြောင်း အလုပ်လုပ်ခဲ့ကြသည်။ သို့သော် ဖီဂျီတွင် ဆက်လက်နေထိုင်ကြသည့် အိန္ဒိယမျိုးနွယ် များသည် ပြည်တွင်း၌ အခြေအနေမကောင်းသည့်တိုင် ဆက်လက်၍ တက္ကသိုလ်များသို့ သွားရောက်ပညာသင်ကြားခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် ဖီဂျီနိုင်ငံသားများ ဦးတည်သွားရောက်သည့် သြစတြေးလျ၊ ကနေဒါနှင့် နယူးဇီလန်တို့သည် ကျွမ်းကျင်သည့် လုပ်သားများကိုသာ ပို၍လိုချင်ကြခြင်းကြောင့်ဖြစ်သည်။ ကျွမ်းကျင်မှုနှင့် ပညာအဆင့်အတန်းမြင့်မားလာသည့်နိုင်ငံသားအချို့သည် နိုင်ငံတွင်း၌ ဆက်လက်နေထိုင်ကြမည်ဖြစ်ရာ ဤနည်းအားဖြင့် တွင်ဆက်လက်နေထိုင်ကြသည့် နိုင်ငံသားများ၏ ကျွမ်းကျင်မှုအဆင့်အတန်းလည်း မြင့်မားလာမည်ဖြစ်သည်။ ပြည်ပသို့ ရွှေ့ပြောင်းသူများသည် ၄င်းတို့၏ မိခင်နိုင်ငံကို တိုက်ရိုက်အကျိုးပြုနိုင်သည်။ အမေရိကန်နိုင်ငံ ဆီလီကွန်ဗဲလီးယားရှိ အိန္ဒိယနွယ်ဝင်များက အိန္ဒိယနိုင်ငံ၏ ပြည်တွင်းတွင် လုပ်ငန်းအသစ်များပေါ်ပေါက်ရေးအတွက် စည်းမျဉ်းစည်းကမ်းများ ပြုစုရာတွင် အထောက်အကူပြုသည်ဟု တွေ့ရှိရသည်။ ၄င်းတို့က အိန္ဒိယအပျော့ထည်ကုမ္ပဏီများ အမေရိကန်ဈေးကွက်အတွင်းသို့ အရည်အသွေးမြင့်မားသည့်နည်းဖြင့် ၀င်ရောက်နိုင်ရန် အထောက်အကူပြုကြသည်။ နောက်ဆုံး၌ ပြည်ပသို့ရွှေ့ပြောင်းသူများသည် တစ်နေ့တွင်အိမ်ပြန်ကြမည်ဖြစ်ရာ အကယ်၍ ပြည်ပသို့ထွက်ခွာခြင်းမပြုကြလျှင် ထိုအရည်အသွေးများကို မည်သည့်အခါမျှ ပြည်တွင်းတွင် ရရှိနိုင်မည့် အလားအလာမရှိပေ။ ရိုမေးနီးယားပြည်ပရွှေ့ပြောင်းသူများကို လေ့လာသည့် လေ့လာချက်တစ်ရပ်၌ ပြည်တွင်းတွင် နေထိုင်သည့်သူများထက် ပြည်ပသို့သွားရောက်သူများသည် ၁၂ရာခိုင်နှုန်းမှ ၁၄ရာခိုင်နှုန်းအထိ ၀င်ငွေပို၍ ရကြလေ့ရှိသည်။ သို့ဖြစ်ရာ ပညာတတ်သူများကို သူတို့သွားချင်ရာ သွားခွင့်ပြုလိုက်ခြင်းသည် ဉာဏ်ပညာရှိသည့် ရွေးချယ်မှုတစ်ရပ်ဖြစ်နိုင်သည်။
ခင်မောင်ညို (အီကောနောမစ် - ၂၈-၅- ၂၀၁၁)
0 comments:
Post a Comment