အမျိုးသမီးနဲ့ ပညာရေး
ဒေါ်အေးအေးခိုင်
အမျိုးသားများ အုပ်ချုပ်သည့် ခေတ်ကာလ မပေါ်မီ နှစ်ပေါင်း များစွာကတည်းကပင် အမျိုးသမီးများ စာပေသင်ကြားခွင့် မရခဲ့ကြပေ။ အမျိုးသမီးများ စာပေသင်ကြားခွင့်မှာ မစားကောင်းသည့် အရာ တစ်ခုကဲ့သို့ ပိတ်ပင် တားမြစ်ခံခဲ့ကြရသည်။ သို့သော်လည်း အမျိုးသမီးတို့၏ စွမ်းပကားသည်ကား ပိတ်ပင်တားဆီးများ အကြားမှပင် စွမ်းဆောင်နိုင်သူ များစွာ ပေါ်ထွက်လာခဲ့သည်မှာ ထူးခြားလှသော ဖြစ်ရပ်များ ဖြစ်ပေသည်။ ကမ္ဘာ့စာပေတွင် ၁၁ ရာစုအတွင်း ပထမဆုံး ၀တ္ထုရေးသားခဲ့သူမှာ ဂျပန်အမျိုးသမီး မူရာဇကီ ဖြစ်ပေသည်။
အမျိုးသမီးများ စာပေသင်ကြားခွင့် ရရှိရေးသည် အမျိုးသမီးများအတွက် အထူးအရေးကြီးသော အချက် တစ်ချက် ဖြစ်သည်။ ယနေ့ အမျိုးသမီးများ နေရာအနှံ့အပြားတွင် အမျိုးသမီးများ စာပေသင်ကြားခွင့် အခွင့်အရေးဆိုသည်ကို ပြောဆို တောင်းဆိုလာနေကြပြီ ဖြစ်သည်။ စာပေ သင်ကြားရေးအတွက် ရည်မှန်းချက်များ ထား၍ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်လာကြသည်။ သို့သော်လည်း သက္ကရာဇ် ၂၀၀၀ အတွင်း လုပ်ဆောင်နိုင်မည်ဟု ရည်မှန်းချက် ထားခဲ့သော တစ်ကမ္ဘာလုံးတွင် အမျိုးသမီးများ စာမဖတ်၊ မရေးနိုင်သူ ဦးရေ အဆုံးသတ်ရေးအား အာရုံထား လုပ်ဆောင်ခြင်းများ၊ အမျိုးသမီးနှင့် အမျိုးသားများ အကြား စာဖတ်နိုင်သူ၊ ရေးနိုင်သူ လူဦးရေ တူညီရေးအား ဆောင်ရွက်နိုင်ရန်အတွက် အောင်မြင်အောင် မက်လုံးပေး ဖန်တီးပေးခြင်းနှင့် ၄င်းအား ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်အဖြစ် ယင်းသို့ အရည်အချင်းရှိသော တိုးတက်မှုများအား တိုင်းတာနိုင်ရန်ဟုသော ရည်မှန်းချက်များသည်လည်း အစိုးရများကို စိန်ခေါ်လာနေပေသည်။
ကမ္ဘာနှင့်အ၀န်း အမျိုးသမီးများ စာပေ မတတ်မြောက်မှုနှုန်းမှာ ကျဆင်းသင့်သလောက် ကျဆင်းမှု မရှိသေးပေ။ အမျိုးသမီးများ စာမဖတ်နိုင်၊ မရေးနိုင်ရခြင်း၏ အဓိက အကြောင်းအရင်း နှစ်ချက်မှာ သားများကို ဦးစားပေးနေသေးခြင်းနှင့် အစိုးရမှ ယင်းသို့သော အခြေအနေများကို ပျောက်ကွယ်သွားအောင် ပညာပေး လှုံ့ဆော်မှုများအား စိတ်ဝင်စားမှု အားနည်းခြင်းတို့ကြောင့် ဖြစ်သည်။
မိသားစုအတွင်း လက်တွေ့ ကျင့်သုံးနေမှုများနှင့် ပတ်သက်၍ ယနေ့ချိန်အထိ ကျင့်သုံးနေမှုများအား လေ့လာရန် (တနည်းအားဖြင့်) သိထားရန် လိုအပ်သည်။ ကျမတို့ မြန်မာ့ လူ့အသိုင်းအ၀န်းသာမက နေရာ အနှံ့အပြားတွင် သားများကို ဦးစားပေးသည့် ဓလေ့ အစဉ်အလာကို ကျင့်သုံးနေကြသည်ကို တွေ့မြင်ရပေသည်။ အထူးသဖြင့် အာရှနှင့် အာဖရိက နိုင်ငံများတွင် ပို၍ ကျင့်သုံးကြပေသည်။ ကျောင်းသားများကို ဦးစားပေးကြခြင်း၏ အကြောင်းအရင်းမှာလည်း စီးပွားရေး မပြေလည်မှုသည် နံပါတ် တစ် အရေးကြီးသလို အမျိုးသမီးတစ်ယောက် ပညာတတ်ခြင်း၊ မတတ်ခြင်းသည် အမျိုးသားတစ်ယောက်လောက် အရေးမကြီးဟူသော ရှေးရိုးစွဲ အယူအဆသည်လည်း အရေးကြီးသော အချက် ဖြစ်နေသေးသည်။
ယင်းရှေးရိုးစွဲ အယူအဆများကြောင့်ပင် အမျိုးသမီးများ၊ မိန်းကလေးငယ်များသည် ယနေ့ထက်တိုင် အိမ်အလုပ်များဖြစ်သော အိမ်တွင်း အိမ်ပြင် သန့်ရှင်းရေးများ၊ ကလေး ထိန်းကျောင်းရခြင်းများ၊ အိမ်အတွက် ၀င်ငွေရှာခြင်းများကိုပါ လုပ်ဆောင် ကြရပေသည်။ အိမ်တာဝန်များဖြင့် ရှုပ်ထွေးမှုများကြောင့် အမျိုးသမီးများသည် စာဖတ်ချိန်၊ စာကြည့်ချိန်လည်း နည်းပါးရပေသည်။ မပြေမလည် ဖြစ်နေသော စီးပွားရေး အခြေအနေ ရင်ဆိုင်ကြရသည် ဆိုလျှင်လည်း အိမ်၏ အလုပ်များကို ပိုမို လုပ်ပေးနိုင်မည်၊ ပိုနားလည်နိုင်သည်ဟူသော စဉ်းစားချက်များဖြင့် မိန်းကလေးများကိုသာ ကျောင်းမှ ထုတ်ပစ်တတ်ကြသည်မှာ လုပ်ရိုးလုပ်စဉ် တစ်ခု ဖြစ်နေလျှက် ရှိသည်။
အမျိုးသမီးများသည် စာကြည့်၊ စာဖတ်ချိန် နည်းပါးရသလို အခြား ပညာရနိုင်သော အခွင့်အလမ်းများ ဖြစ်သည့် ဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများနှင့် အခြားသော ပညာ ဗဟုသုတ ရရှိနိုင်သည့် အခွင့်အလမ်းများမှာ ဆုံးရှုံးနေကြရသည်။ တဖန် ကျောင်းတွင် ပညာဆည်းပူးရာတွင်လည်း မိန်းကလေးများမှာ ယောက်ျားလေးများကဲ့သို့ တူညီသော လေ့လာမှုကို မရရှိကြပေ။ (၄င်းမှာ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းတွင် ရက်တို သင်တန်းများသည် ရံဖန်ရံခါ ဆိုသလို ယောက်ျားလေးများ အတွက်သာ ပိုမို ရည်ရွယ်ပေသည်။ )
ယင်းသို့သော အခြေအနေများသည် အမျိုးသမီးများ အနေဖြင့် အမျိုးသားများကို ကြည့်၍ "ငါတို့သည် သူတို့လို လုပ်လို့မရ" ဟူသော အတွေးများ ၀င်စေပြီး ယုံကြည်မှု နည်းပါးစေခြင်းကို စတင် ဖြစ်ပေါ်စေသည်။ ယင်းသို့သော အတွေးများသည် ။ မိန်းကလေးများအား ကျောင်းနေရခြင်းမှ ဝေးကွာအောင် ပြုလုပ်နေသော အတားအဆီး များစွာထဲမှ တစ်ခုလည်း ဖြစ်သည်။ တနည်းအားဖြင့် ၄င်းသည် မိန်းကလေးများ၏ ဖန်တီးမှု စွမ်းအင်ကို အကန့်အသတ် အလုပ်ခံရခြင်းပင် ဖြစ်သည်။ ယင်းသို့ ကြုံတွေ့ နေကြရသော်လည်း ယခင်ကတည်းကပင် အမျိုးသမီးများ ကျောင်းပညာ ရရှိရေးအား အလေးမထားသည့် အသိုင်းအ၀န်းတွင် နေရသည့်အတွက် မည်သည့် အားပေးမှု၊ အကြံဥာဏ် ပေးမှုမှလည်း မရရှိကြပေ။ ထို့အတွက်လည်း မည်သို့မှ ထူးထူးထွေထွေ မခံစားကြရပေ။
အားမပေးသည့်အပြင် "တတ်လည်း မထူးပါဘူး၊ ထမင်းတလုပ်တော့ စားရမှာဘဲ" ဟူသော အတွေးအခေါ်များပင် ချပေးမည် ဖြစ်သည်။ အထူးသဖြင့် ကျမတို့ နိုင်ငံလို ကျောင်းများဖွင့်လိုက်၊ ပိတ်လိုက် ဖြစ်နေပြီး ပညာတတ်သော်ငြားလည်း အသုံးချရန် (အသုံးပြုရန်) အခွင့်အလမ်း မရှိသော အခြေအနေမျိုးတွင် ပိုမို၍ အဟန့်အတားများကို ဖြစ်စေသည်။
အမျိုးသမီး တစ်ယောက် စာတတ်ခြင်း၊ မတတ်ခြင်းသည် ရေးကြီးခွင်ကျယ် ကိစ္စဟုလည်း သူတို့က ပြောဆိုနေကြမည် မဟုတ်ပေ။ သူမ ခေါ် ထိုအမျိုးသမီးတို့သည် အချိန်တန်သည့်အခါ လင်ယောက်ျားက ရှာကျွေးမည် (သို့) ယောက်ျားလေးလောက် အဖိုးမတန်ဟူသော မရိုးသော စဉ်းစားချက် ကြောင့်လည်း ဖြစ်သည်။
ထို့ကြောင့်ပင် လူတစ်ယောက်ဖြစ်သည့် အမျိုးသား တစ်ဦးအဖို့ ဘွဲ့ထူး ဂုဏ်ထူးများ ပါရှိခြင်းသည် အရေးကြီးသော တန်ဖိုး သတ်မှတ်မှု ဖြစ်လာသည်။ မိန်းမနှင့် ယောက်ျားဟူသော ဤသတ္တ၀ါ နှစ်ဦးတွင် သေချာသည်ကတော့ အမျိုးသားများလောက် စာဖတ်တတ် ရေးတတ်ခြင်း ကိစ္စတွင် မသာနေစေဦးတော့၊ အမျိုးသမီးများသည်လည်း ရာခိုင်နှုန်းတူ စာပေ တတ်မြောက်ထားသင့် ပေသည်။ ဆိုလိုသည်မှာ သတ္တ၀ါ နှစ်မျိုးစလုံး စာပေသင်ကြားနိုင်ရန် အခွင့်အရေး တူညီစွာ ရရှိထားသင့်ပေသည်။
နိုင်ငံတော် အစိုးရ အပိုင်းတွင်လည်း စာတတ်မြောက်ရေးဆိုင်ရာအတွက် လှုပ်ရှားရာတွင် အမျိုးသမီးများအတွက် သီးသန့် ပြုလုပ်သော စနစ်တကျ စီမံကိန်းများ ချထားရန် လိုအပ်ပေသည်။ ဥပမာ- မူလတန်း ကျောင်းပညာရေးတွင် မိန်းကလေးများသည် မဖြစ်မနေ သင်ကြားရခြင်းနှင့် အခမဲ့ စနစ်ကိုလည်းကောင်း၊ စာမသင်ခဲ့ရသော အမျိုးသမီးများအတွက် သက်ကြီးစာပေ လေ့လာ သင်ကြားရေးကို လည်းကောင်း လုပ်ဆောင်ပေးရမည် ဖြစ်သည်။ အကြောင်းမှာ အမျိုးသမီးများ ကိုယ်တိုင်သည် အထက်က တင်ပြခဲ့သည့်အတိုင်း ၄င်းတို့ကိုယ်တိုင် ဘ၀တလျှောက်လုံးတွင် ပညာသင်ကြားခြင်းသည် " အရေးကြီးသည့် ကိစ္စ" ဟု မခံယူနိုင်အောင် ဖန်တီးပေးနေသည့် အခြေအနေများစွာ ရှိပေသည်။ ထိုအခါတွင် အစိုးရမှ ပြုလုပ်သော ပညာသင်ကြားရေးသည် "လုပ်ပေးနေသည်၊ လုပ်ပေးနေတာပဲ၊ အမျိုးသမီးတွေ ကိုယ်တိုင်က...." ဟူသော အခြေအနေမျိုး မဖြစ်ရလေအောင် အစိုးရမှ စနစ်တကျ လှုံ့ဆော် အားပေးပြီး ရပ်ကွက်အလိုက်၊ မြို့ရွာအလိုက်၊ ပြည်နယ်များ အလိုက် အမျိုးသမီးများ ပိုမို စိတ်ဝင်တစား ပါဝင် ပတ်သက်လာအောင် အကောင်အထည် ဖော်ပေးရန် တာဝန်ရှိပေသည်။ အစိုးရများ အနေဖြင့် ၄င်း လုပ်ငန်းများကို အကောင်အထည် ဖော်ရာတွင်လည်း သင်ကြားပေးရုံတင် မဟုတ်ပဲ ၄င်းတို့ ပြဌာန်းထားသော ပြဌာန်းစာအုပ်များနှင့် ဆရာများ၏ ယောက်ျား၊ မိန်းမ ပါဝင် ပတ်သက်မှုဆိုင်ရာ အတွေးအခေါ်များသည်လည်း အရေးကြီးသည်ကို နားလည်လက်ခံရန် လိုအပ်နေပေသည်။
ယောက်ျားများ အုပ်စိုးနေသော ကျောင်းများ (အထူးသဖြင့်) ပညာရေး တက္ကသိုလ်များတွင် အမျိုးသမီး ကျောင်းဆရာမများ မရှိမဖြစ် ပါဝင်သင်ကြားရန် လိုအပ်လှပေသည်။ ၄င်းသည်လည်း အမျိုးသမီးများ ပညာပိုင်းဆိုင်ရာ လေ့လာမှုတွင် အဓိက ကျသော အကြောင်းအရာတစ်ခု ဖြစ်ပေသည်။
ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံများတွင် အသက်အရွယ် ကြီးသူ အမျိုးသမီးများ ပညာရေး အခြေအနေနှင့် ပက်သက်၍ ၁၉၇၀ မှ ၁၉၉၂ ခုနှစ်အထိ နှစ်ပေါင်း ၂၀ အတွင်း စာဖတ်နိုင်သူ၊ စာရေးနိုင်သူ ဦးရေမှာ ၄၆ ရာခိုင်နှုန်းမှ ၆၉ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည် ဆိုသော်လည်း လူ့အခွင့်အရေး ကြေငြာစာတမ်းကြီး ပေါ်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်လာခဲ့ပြီ ဖြစ်သော်လည်း တစ်ကမ္ဘာလုံးတွင် စာမဖတ်နိုင်သူ၊ စာမရေးနိုင်သူ စုစုပေါင်း (၁) ဘီလျှံ ရှိနေသည့် အထဲတွင် သုံးပုံ နှစ်ပုံမှာ အမျိုးသမီးများ ဖြစ်သည်။
အမှန်တကယ်တွင် အမျိုးသမီးများ ပညာသင်ကြားခွင့် မရသောကြောင့် တွေ့ကြုံနေရသော အတားအဆီးများသည် အမျိုးသမီး တစ်ဦးတည်းကိုသာ ဆုံးရှုံး နစ်နာစေသည် မဟုတ်ဘဲ လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးကို ခြိမ်းခြောက်နေခြင်း ဖြစ်သည်ကို ကျမတို့ အားလုံး အထူးသတိပြုမိရန် လိုအပ်ပေသည်။ အမျိုးသမီးများအနေဖြင့် ပညာရေးကို ကောင်းစွာ သင်ကြားနိုင်ပါက ၄င်းတို့၏ လူ့အဖွဲ့အစည်းအတွင်း ပါဝင်ပတ်သက်နိုင်မှုမှာ ပိုမိုအားကောင်းလာမည်ဖြစ်ပြီး ၄င်းတို့အနေဖြင့် အထီးကျန်ခြင်း၊ အားငယ်ခြင်း၊ သိမ်ငယ်ခြင်း၊ မ၀ံ့မရဲဖြစ်ခြင်း၊ ကြောက်လန့်ခြင်းတို့ မခံစားရတော့ဘဲ လူတို့၏ အကျိုးများ ယခုထက် ပိုမို ထမ်းဆောင်လာနိုင်မည် ဖြစ်ပေသည်။
အမျိုးသမီးများသည် စနစ်တကျ ပညာသင်ကြား လေ့လာရမည်ဆိုပါက တစ်ဦးချင်းအတွက် သာမက တစ်နိုင်ငံလုံးအတွက်၊ တစ်ကမ္ဘာလုံး အတွက်ပါ ထမ်းဆောင်နိုင်မည် ဖြစ်ပေသည်။ အနည်းဆုံး ပညာတတ်သော အမျိုးသမီးတစ်ယောက်၏ သမီးဖြစ်သူ အရွယ်ရောက်လာသောအခါ သူမအနေဖြင့် ကျောင်းပညာ ကောင်းစွာ သင်ကြားရေးကို အားပေးနိုင်မည် ဖြစ်သလို ကြီးမားကျယ်ပြန့်သော အကြောင်းအရာများ ဖြစ်သည့် ငြိမ်းချမ်းရေး အစီအစဉ်များတွင်လည်း ပါဝင် အကြံဥာဏ်များ ပေးနိုင်သည်အထိ လုပ်ဆောင်နိုင်ပေမည် ဖြစ်သည်။
အမျိုးသမီးများ ပညာတတ်ခြင်းကြောင့် ရရှိနိုင်သော အခြား အကျိုးကျေးဇူးများ ရှိသည်ကို သုတေသန ပြုလုပ်မှုများက သက်သေပြနေပေသည်။ ၄င်းတို့မှာ- တိုင်းပြည်၏ ထုတ်လုပ်မှုအား တိုးတက်စေခြင်း၊ ၄င်းတို့၏ လုပ်အားဖြင့် ၀င်ငွေ ပိုရစေခြင်းနှင့် အမျိုးသမီးများအား အလုပ်များ ရရှိစေခြင်း၊ ကလေးသူငယ် သေနှုန်း ကျဆင်းစေခြင်း၊ မိသားစုဘ၀ တစ်ခုလုံးအတွက် မျှော်လင့်ခြင်းများမှာ ပိုမို တိုးတက်လာစေခြင်း၊ သားသမီးများ ခဏခဏမွေးခြင်းကို လျှော့ချနိုင်ခြင်း၊ မိခင်သေနှုန်းကို လျှော့ကျစေခြင်း၊ မိသားစု၏ ကျန်းမာရေးအား စောင့်ရှောက်နိုင်ခြင်းနှင့် သဘာဝ အရင်းအမြစ်များကို ထိန်းသိမ်းနိုင်မှု စွမ်းအား ရှိခြင်းတို့ ဖြစ်သည်။
ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေငြာစာတမ်းကြီး၏ အပိုဒ် ၂၆တွင် "လူတိုင်းလူတိုင်း ပညာသင်ကြားခွင့် အခွင့်အရေး" ကို အာမခံထားပြီး ပညာသင်ကြားခွင့်ဆိုင်ရာ ခွဲခြားဆက်ဆံမှု ပပျောက်ရေး စာချုပ် အပိုဒ် ၃ တွင်လည်း " မည်သူမဆို မည်သည့် အရပ်ဒေသမှ လာသည်ဖြစ်စေ၊ မည်သည့် အရပ်ဒေသတွင် နေထိုင်သည် ဖြစ်စေကာမူ စာပေသင်ကြားပိုင်ခွင့် အခွင့်အရေး" ရရှိပိုင်ဆိုင်ခွင့် ရှိသည်ကို ဖော်ပြထားပေသည်။
ကျမတို့သည် နိုင်ငံတကာ စာချုပ်ကြီးများက ကျမတို့ အခွင့်အရေးများအတွက် အာမခံ ပေးထားသည်ကို သိထားသင့်သလို လက်တွေ့ဘ၀ တစ်ခုခြင်းစီ အတွက်လည်း လက်တွေ့ ကျင့်သုံးရန် လိုအပ်ပေသည်။ " မိန်းကလေးပဲ လင်ရှာကျွေးမှာပေါ့" ဟူသော အပြောမျိုး၊ စဉ်းစားချက်မျိုးထက် မိန်းကလေးတစ်ယောက် ပညာတတ်ခြင်းသည်လည်း ကြီးမားသော လိုအပ်ချက်၊ ကြီးမားသော အောင်မြင်မှု ဟူသော စိတ်နှလုံး သွင်းတတ်ရန် လိုအပ်လှပေသည်။ အနည်းဆုံးတော့ အမျိုးသမီး တစ်ယောက် ပညာသင်သည့် အချိန်တွင် မိမိ အနေဖြင့် ကလေး ၀ိုင်းထိန်းပေးခြင်းမျိုး၊ အ၀တ် ၀ိုင်းလျှော်ပေးခြင်းမျိုးဖြင့် အားပေးနိုင်ပေသည်။ မှားသည် မှန်သည်ကို အငြင်းပွား နိုင်ခွင့် ရှိသည့် ဒီကနေ့ အမျိုးသမီးများ အကြား ပြောစမှတ် ပြုနေသော စကားရပ် တစ်ခုကို တင်ပြချင်ပါသည်။ " အမျိုးသားများအား ပညာပေးခြင်းသည် လူတစ်ဦးတည်းကိုသာ အကျိုးရှိစေပြီး အမျိုးသမီးများအား ပညာပေးခြင်းသည် မိသားစု တစ်ခုလုံးကို အကျိုးရှိစေခြင်း ဖြစ်သည်။"
ယနေ့ သက္ကရာဇ် ၂၀၀၀ ၀င်လာသည့် အချိန်တွင် အမျိုးသမီးတို့ ပညာရေးဆိုင်ရာ သင်ကြားလေ့လာခွင့်သည် ကျမတို့အတွက် အရေးကြီးလာနေပြီ ဖြစ်သည်။ အထူးသဖြင့် ကျမတို့ နိုင်ငံလို ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံများမှ ပညာရေးဆိုင်ရာ အစီအစဉ် ရေးဆွဲနေသော နိုင်ငံများအတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာနေပေသည်။

အမျိုးသားများအား ပညာပေးခြင်းသည် လူတစ်ဦးတည်းကိုသာ အကျိုးရှိစေပြီး အမျိုးသမီးများအား ပညာပေးခြင်းသည် မိသားစု တစ်ခုလုံးကို အကျိုးရှိစေခြင်း ဖြစ်သည်။"...
ReplyDeleteပို့စ်ကောင်းလေး တစ်ပုဒ် ဖတ်ခွင့်ရလို့ ကျေးဇူးပါအကို...