Tuesday, June 28, 2011

ပွင့်လန်းလာတဲ့ပြောရေးဆိုခွင့်

by cherrymyodaw on Wednesday, June 29, 2011 at 2:51am
(၂၀၁၁ ခုနှစ် ဇွန်လ(၂၃) ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်က ဆရာမောင်ဝံသရဲ့ဆောင်းပါး ဖြစ်ပါတယ်။ မြန်မာသတင်းလောကမှာ ပွင့်လင်းမှုမရှိဘူး၊ အရင်အတိုင်းပဲလို့ ပြောနေသူများအတွက် အခြေအနေကို သိစေဖို့ မျှဝေပေးလိုက်ပါတယ်။ )


ဆရာမကြီး ဒေါက်တာ မြင့်မြင့်ခင်ရဲ့ ဆောင်းပါးတွေကို ပြည်သူ့ခေတ် ဂျာနယ်ပရိတ်သတ်များ သတိထား စောင့်ဖတ်နေကြတယ်ဆိုတာ သိရလို့ ကျေနပ်အားရ ဂုဏ်ယူ မိပါတယ်ဗျာ။ ဆရာမကြီးက နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ မိန့်ကြားချက်များကို ကြည်လင်ဖြောင့်မတ်တဲ့ စိတ်ထားနဲ့ ကြိုဆိုပြီး ပြောသင့် ပြောထိုက်တဲ့ အချက်တွေကို စေ့စေ့စပ်စပ် ရေးသား တင်ပြသွားတာ အင်မတန်မှ မှတ်သားထိုက်ပါ ပေတယ်ဗျာ။ ပြည်သူ့ခေတ် ဂျာနယ်ဟာ ဆရာမကြီး ဒေါ်မြင့်မြင့်ခင်ရဲ့ ဆောင်းပါးများကြောင့် ပို၍ ဂုဏ်တက်ခဲ့ ရပါတယ် ခင်ဗျ။
၁၆ ဇွန် ၂၀၁၁ နေ့ထုတ် ပြည်သူ့ခေတ် ဆောင်းပါးမှာ ဆရာမကြီး 'မွန်မြတ်တဲ့ အမှန်တရားတွေ အပြည့်ပါတဲ့ သမ္မတကြီးရဲ့ သိမ်မွေ့ နူးညံ့တဲ့ မိန့်ခွန်းဟာ အဆိုအမိန့် သက်သက် မဟုတ်ဘဲ နောက်မှာ 'လက်' လည်း ပါလာမယ်လို့ ယုံကြည် ကိုးစားပြီး တင်ပြတာပါ' လို့ ရေးလိုက်တာဟာ အပြောချည်း မဟုတ်ဘဲ လက်တွေ့ အလုပ်တွေ ဆက်လုပ် လာကြ လိမ့်မယ်လို့ ဆရာမကြီးရဲ့ ယုံကြည်ချက်ကို ပွင့်ပွင့် လင်းလင်း ဖော်ပြ လိုက်တာပဲဗျ။
လက်တွေ့ လုပ်ငန်းတွေ အကောင် အထည်ဖော်တဲ့ နေရာမှာ efficiency ရှိဖို့ အရေးကြီးပုံကိုလည်း ဆရာမကြီးက တည့်တည့်ပဲ ထောက်ပြပါတယ်။ ပထမအကြိမ် လွှတ်တော်မှာ အဆို ၃ခုပဲ အတည်ပြုနိုင်ခဲ့တဲ့ အချက်ကို ရည်ညွှန်းပြီး 'လွှတ်တော် တစ်ကြိမ်မှ ဒီနှုန်းနဲ့ သွားနေရင် လွှတ်တော် ဆယ်ကြိမ်မှသာ အဆို ၃၀ ပြီးတော့မယ်၊ ဒါကတော့ ဘယ်လိုပဲ ပြောပြော efficiency မရှိဘူးလို့ဘဲ ပြောရမှာပဲ'လို့ ဆရာမကြီးက ဝေဖန်တယ်။ (အရင်ကဆိုရင် သည်လို အပြောအဆို အရေး အသားမျိုးကို ကျွန်တော်တို့ ဖော်ပြခွင့် မရခဲ့ကြပါဘူး ခင်ဗျာ။ အခု ဒါမျိုးတွေကို ဖော်ပြခွင့် ရလာတာကို တိုးတက်မှု လို့ပဲ သဘောထားပြီး ကြိုဆို လိုက်ပါတယ်။)
ဆရာမကြီးက efficiency ကို တိုက်ရိုက်ဘာသာ မပြန်ဘဲ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေနဲ့ ပြောသွားတယ်။ efficiency မရှိခြင်း ဆိုတာ အတွေ့အကြုံ မရှိ၊ မကျွမ်းကျင်၊ မလုပ်တတ်တာလို့ ဖွင့်ဆိုပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ တကယ်တမ်း efficiency ရှိသူတွေ၊ လူတော်တွေ အရေးတကြီး လိုအပ်နေတာကို သတိပေးလိုက်တာပဲဗျ။
အာဏာသိမ်းပြီး တိုင်းပြည် ခေါင်းဆောင် လုပ်ခဲ့သူ တစ်ယောက်က 'လူတော် လူကောင်း' ဆိုတဲ့ ဆိုရိုး ဆိုစဉ် စကားကို 'လူကောင်း လူတော်' လို့ ပြောင်းလဲ သုံးနှုန်းဖို့ အဆိုပြုခဲ့ဖူးတာ မှတ်မိကြမှာပေါ့ ခင်ဗျာ။ 'တော်ပြီး မကောင်းရင် အလကားပဲ၊ ကောင်းဖို့က အဓိက၊ ကောင်းတဲ့ လူကို တော်အောင်လုပ်လို့ ရတယ်' လို့ ထိုပုဂ္ဂိုလ်က ဩဝါဒ ချွေခဲ့ သေးတယ်ဗျ။ ဘာပြော ကောင်းမလဲ၊ ကျွန်တော်တို့ စာပေတွေ ရေးတဲ့ အခါမှာတောင် လူတော် လူကောင်းလို့ မရေးရ တော့ဘူးဗျာ။ လူတော်ကို ရှေ့မှာထားတာ လုံးဝ ခွင့်မပြုခဲ့တဲ့ နှစ်ကာလများကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ရ ပါသော်ကော။ ထိုပုဂ္ဂိုလ်ဟာ ပညာတတ်တွေ အပေါ် အာဃာတလည်း ကြီးမားခဲ့ပုံ ရတယ်။ ကျွန်တော်တို့ရဲ့ ဆရာ၊ ပညာရှင်ကြီး တစ်ဦးကို ရည်ညွှန်းပြီး 'မကျက် တကျက် ပေါင်မုန့်' လို့ တိုင်းသိပြည်သိ နှုတ်ထွက်စကား ပြောခဲ့ဖူးတယ်ဗျာ။ အဲဒီခေတ်ကဆို ပညာတွေ တတ်ထား မိခြင်းသည်ပင် အပြစ်ရှိသလို ဖြစ်နေခဲ့တယ်ဗျ။
ကျွန်တော်က ၁၉၈၄ မှာ 'အတွေးအမြင်' စာစောင် စထုတ်တယ်။ ပရိသတ် လက်ခံလို့ အောင်မြင်လေတော့ ၁၉၈၅ မှာ 'လူချွန်လူကောင်း' ဆိုတဲ့ နာမည်နဲ့ မဂ္ဂဇင်း တစ်စောင်ထုတ်ဖို့ ကြိုးစားတယ်။ စာဆိုကြီး ဆရာမြို့မငြိမ်းရဲ့ သီချင်းစာသား တွေကို မဂ္ဂဇင်းရဲ့ မူဝါဒလုပ်ပြီး တင်ပြခဲ့တာပါ။ မြန်မာနဲ့ ကမ္ဘာအနှံ့က စံနမူနာယူ အားကျလောက်တဲ့ ထူးချွန်သူ ပုဂ္ဂိုလ်ကျော်များရဲ့ အတ္ထုပ္ပတ္တိတွေကိုချည်း စုဆောင်း ရေးသား ဖော်ပြတဲ့ မဂ္ဂဇင်းပါ။ သို့သော် မရပါဘူး၊ ဝမ်းနည်း ပါတယ် တဲ့။ လူချွန်ဆိုတာလည်း လူတော်ကို ပြောတာပဲတဲ့။ သည်တော့ စာအုပ် နာမည်ကို 'လူကောင်းလူချွန်' လို့ ရှေ့နောက် ပြောင်းပေးရမယ်တဲ့ဗျာ။ နောက်ဆုံးတော့ တောင်းတောင်း ပန်ပန်နဲ့ 'လူချွန် လူမွန်' လို့ပဲ မှည့်ခေါ် ပါရစေလို့ လျှေက်လဲတော့မှ ရပါ တော့တယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ 'လူချွန်လူမွန်' မဂ္ဂဇင်းလေးဟာ ပရိသတ်များက အားပေး သော်လည်း လေးငါးအုပ်လောက်ပဲ ထွက်ပြီး ကျွန်တော့် ဘာသာ ရပ်ပစ်လိုက် ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာပြည်တွင်းက လူချွန်လူမွန်တွေ အကြောင်း ရေးရင် ပိတ်ဟယ် ဆို့ဟယ်တွေ များလွန်းလို့ နိုင်ငံခြားက လူချွန်လူမွန်တွေ အကြောင်းချည်း ရေးနေရတာကို ကျွန်တော့်စိတ်ထဲ မလုံမလဲ ဖြစ်လာလို့ပါပဲဗျာ။ ခုတော့ ကျွန်တော်တို့ 'လူတော်လူကောင်း' လို့ ဆိုရိုးဆိုစဉ် အတိုင်း ရေးလို့ရနေ ပါပြီ။ ဆရာမကြီး ဒေါ်မြင့်မြင့်ခင် ပြောတဲ့ efficiency ရှိဖို့ အရေးကြီးတဲ့ အကြောင်းကိုလည်း ဂျာနယ်မှာ မဖြတ်မတောက် ထည့်သွင်းလို့ ရနေပါပြီ။ သည့်ထက် သည် efficiency ပို၍ပို၍ ရှိလာရင်ဖြင့် တိုင်းပြည်ဟာ လမ်းကြောင်းမှန်ပေါ် ရောက်တော့မည်မှာ မလွဲပါလို့ ပြောနိုင် ပါတော့မယ်။
နောက်ထပ် ပွင့်လန်းလာမှု သာဓက အဖြစ် မြန်မာ- အမေရိကန် ဆက်ဆံရေး အခြေအနေ အပေါ် နိုင်ငံရေး သမားများရဲ့ ထင်မြင်ချက်တွေကို ပြည်သူ့ခေတ် ဂျာနယ်က ဖော်ပြနိုင်ခဲ့တာကို ရည်ညွှန်းချင်တယ်ဗျာ။ အချိန်ကလေးယူပြီး ဖတ်ကြည့် ကြဖို့ တိုက်တွန်းချင်ပါတယ်။
ကျွန်တော်ကတော့ ဒီအပတ်မှာ ရန်ကုန်တိုင်းမ် ဂျာနယ်က မေးမြန်းတာကို ဖြေခဲ့တယ်။ ရန်ကုန်တိုင်းမ်မှာ ဖော်ပြပါရှိခဲ့တဲ့ ကျွန်တော့် ထင်မြင့်ချက် အချို့ကို ပြည်သူ့ခေတ် ဂျာနယ် ပရိသတ်များ အတွက် ပြန်လည်ဖော်ပြလိုက်ပါတယ်။

အမေရိကန်- မြန်မာဆက်ဆံရေး

အမေရိကန် ပြည်ထောင်စုဟာ သူတို့ အစဉ်အဆက် ကိုင်စွဲခဲ့တဲ့ မူဝါဒအရ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုများကို စိုက်လိုက်မတ်တတ် ထောက်ခံ အားပေးခဲ့တယ်။ မြန်မာ စစ်အစိုးရနဲ့ ၁၉၈၈ ခုက စပြီး ပုံမှန် ဆက်ဆံရေးတွေ လျှော့ချခဲ့တယ်။ သံအမတ်ကြီး အဆင့် မထားတော့ဘဲ သံရုံးယာယီ တာဝန်ခံ သံမှူး အဆင့်ပဲ ထားလာတယ်။ မြန်မာနိုင်ငံ နာမည်ကို Myanmar လို့ ပြောင်းလဲတာကို အသိအမှတ် မပြုဘဲ Burma လို့ပဲ ဆက်ခေါ်နေခဲ့ တယ်။ နောက် ၁၉၉၃ လောက်ကပြီး မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်တယ်။ နိုင်ငံရေး အရ ဖိအားတွေ ပေးခဲ့တယ်။
အဲဒီအချိန် ကာလတွေမှာ တရုတ်ပြည်က မြန်မာအစိုးရကို နိုင်ငံတကာ စင်မြင့်တွေမှာ လုံးဝဥဿုံ ထောက်ခံ အားပေးခဲ့ တယ်။ တရုတ်ပြည်ဟာ နိုင်ငံရေး အရ ထောက်ခံရုံ မကဘူး၊ စီးပွား ကုန်သွယ်ရေးမှာလည်း မြန်မာ အစိုးရနဲ့ အပေး အယူတွေ အများကြီး ရှိခဲ့တယ်။ ခုဆိုရင် မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုမှာ တရုတ်က ပမာဏ အကြီးမားဆုံး ဖြစ်လာနေပြီ။
အမေရိကန် နိုင်ငံခြားရေးဌာနက ဟီလာရီကလင်တန် ဝန်ကြီး ဖြစ်လာချိန်ကစပြီး မြန်မာနိုင်ငံ ပေါ်လစီကို ပြန်သုံးသပ်နေခဲ့ တယ်။ အချုပ်ပြောရရင် အမေရိကန် နိုင်ငံခြားရေးဌာနက မြန်မာနဲ့ ပြန်လည် ဆက်ဆံချင်တယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး ပြဿနာတွေကိုလည်း ဆက်ဖိအား ပေးမယ်၊ လက်တွေ့ကျတဲ့ ဆက်ဆံရေးလည်း ပြန်ကြိုးစားမယ်လို့ နှစ်လမ်းသွား ရည်ရွယ်ခဲ့ပုံ ရတယ်။
အမေရိကန် ကွန်ဂရက် လွှတ်တော် အပိုင်းကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး အခြေအနေတွေ ကျေနပ် လောက်အောင် တိုးတက်မှု မရှိသေးရင် ပိတ်ဆို့ အရေးယူမှုကိုပဲ လက်နက် အဖြစ်သုံးပြီး ဖိအား ဆက်ပေးသွားဖို့ လိုလား တယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို သူတို့က ဘာနဲ့တိုင်းတာ သလဲဆိုရင် ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ နိုင်ငံရေးပါတီများ လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့်ရှိဖို့၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို သသိအမှတ်ပြုဖို့ ဆိုတဲ့ အချက်တွေနဲ့ တိုင်းတာတယ်။
အခု မြန်မာနိုင်ငံမှာ အရပ်သား အစိုးရသစ် ဖွဲ့စည်းလိုက်တဲ့ နောက်ပိုင်း အမေရိကန်က အဆင့်မြင့် သံတမန်တွေ၊ ဂျွန်မက်ကိန်းလို ပုဂ္ဂိုလ်တွေ လာရောက် လည်ပတ်တာ၊ အစိုးရပိုင်းနဲ့ရော နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ရော ဆွေးနွေး သွားကြတာတွေဟာ အင်မတန် ကောင်းတဲ့ လက္ခဏာပဲ။ ရှေ့ဆက်ပြီး အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးဟာ အပြုသဘော ဆောင်တဲ့ဘက်ကို ဦးတည်မိ နေပြီလို့ ကျွန်တော် ထင်ပါတယ်။ မြန်မာ အစိုးရ အနေနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို ပြန်လွှတ်ပေး တာမျိုး၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးတာမျိုး လုပ်ပြီဆိုတာနဲ့ အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံတွေက ချက်ခြင်း အပြုသဘော တုံ့ပြန် လာကြမယ်လို့ ကျွန်တော် ယုံကြည်တယ်။

အကျိုးအမြတ်

မြန်မာနိုင်ငံဘက်က အကျိုးအမြတ်ကတော့ ကမ္ဘာ့အလယ်မှာ နိုင်ငံရေးအရ ပြန်လည် ဝင်ဆန့်လာမယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေပြီ၊ တကယ်ပဲ အသွင်ကူးပြောင်းရေး ကာလကို ဖြတ်သန်းနေတယ်လို့ ကမ္ဘာ့ နိုင်ငံ အများစုက လက်ခံလာကြတယ် ဆိုရင်ပဲ ဂုဏ်သိက္ခာအရ အရင်ကနဲ့ အများကြီး ကွာခြား သွားပြီလို့ ပြောနိုင်တာပေါ့။ မကြာသေးခင်ကပဲ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နေရာကို လာအိုနေရာမှာ မြန်မာက တာဝန်ယူဖို့ အဆိုပြုတုန်းက မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ ပြုပြင် ပြောင်းလဲရေးတွေ မရှိသေးရင် အာဆီယံ ဥက္ကဋ္ဌ နေရာနဲ့ မတန်သေးဘူးလို့ ပြောကြ တာတွေ ရှိခဲ့တယ်။ အမေရိကန်လို ဒီမိုကရေစီ ရှေ့ဆောင် နိုင်ငံကြီးက မြန်မာနိုင်ငံရဲ့ ခြေလှမ်းတွေကို ကြိုဆိုအားပေး လာပြီဆိုရင် ခုနလို ဝေဖန်ခံရတာမျိုးတွေ လျော့နည်းသွားမှာပဲပေါ့။
မြန်မာနဲ့ ပြေလည်သွားပြီး ပိတ်ဆို့ အရေးယူထားတာတွေ အမေရိကန်က ရုပ်သိမ်းလိုက်မယ် ဆိုရင် မြန်မာ ထုတ်ကုန်တွေ အမေရိကန် ဈေးကွက်ထဲ ဝင်တိုးနိုင်မယ်။ အမေရိကန် ဈေးကွက်က အကြီးကြီးဆိုတော့ မြန်မာရတဲ့ ခွဲတမ်းကလည်း မနည်းဘူး ဖြစ်မယ်။ အများကြီး အကျိုးရှိနိုင်တယ်။ ပြီးတော့ နည်းပညာ အကူအညီတွေ၊ ပညာရေး၊ ကျန်းမာရေး အထောက် အပံ့တွေ၊ ယဉ်ကျေးမှု ဖလှယ်တာတွေ အမေရိကန်ဆီက အများကြီးရလာမှာ ဖြစ်တယ်။
အမေရိကန်နဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်ရင် မြန်မာနိုင်ငံအဖို့ အကျိုးရှိဖို့ဘက်က ပိုများတယ်။ မြန်မာနိုင်ငံ အနေနဲ့လည်း ပထဝီ နိုင်ငံရေး အရ အိမ်နီးချင်းတွေနဲ့ နှစ်အိမ့်တစ်အိမ် ဆက်ဆံရေး ထူထောင်ထားသလို ကမ္ဘာ့ရှေ့ဆောင် နိုင်ငံကြီးတွေ၊ ဥရောပ သမဂ္ဂလို နိုင်ငံစုတွေနဲ့ ရွှေလမ်း ငွေလမ်း ဖောက်ထားဖို့ အလွန်အရေးကြီးပါတယ်။
အမေရိကန်ရဲ့ ကျူးကျော် စစ်ပြုခြင်း ခံခဲ့ရတဲ့ ဗီယက်နမ် နိုင်ငံတောင် အမေရိကန်နဲ့ ပြန်လည် အလွမ်းသင့် သွားချိန်မှာ နိုင်ငံ ပြန်လည် ထူထောင်ရေး အတွက် အမေရိကန် အကူအညီတွေ အများကြီး ရခဲ့တယ်။ အဲဒါကြောင့်လည်း ကျွန်တော်တို့ထက် ရှေ့က တလျား နှစ်လျားမက ပြေးသွားနေတာ ဖြစ်တယ်။ တကယ်ကတော့ ပြောရမယ်ဆိုရင် အရှေ့တောင် အာရှမှာ သဘာဝ သယံဇာတ ကျွန်တော်တို့က အချမ်းသာဆုံးပါ။ ကမ္ဘာနဲ့ ဆက်ဆံရေး အနေအထားတွေ တိုးတက် ပြောင်းလဲလာပြီ ဆိုတာနဲ့ ကမ္ဘာမှာ ကျွန်တော်တို့ ခေါင်းမော်နိုင်ပြီလို့ ပြောရဲပါတယ်။
အထက်ဖော်ပြပါ ကျွန်တော့် ထင်မြင်ချက် တွေဟာ ၁၆၊ ၆၊ ၁၁ ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဖော်ပြခဲ့ပြီးတဲ့ အတိုင်း ပြန်လည် ကူးယူထားခြင်း ဖြစ်ကြောင်းပါဗျာ။

(မောင်ဝံသ)
၁၆.၆.၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...