Sunday, June 26, 2011

"တစ်ခါတုန်းက မိသားစုတစ်စုနေတဲ့ တိုက်ခန်းတစ်ခန်းတံခါးမှာ"


Rozoner King created the doc:

[By Nyi Thit]
ညီသစ်
ကလေးမလေးရဲ့ရှေ့မှာ လူငယ်တစ်ယောက် ရပ်နေတယ်။ စင်္ကြံမီးအလင်းရောင်မှာတော့ အဲဒီလူငယ်ဟာ အလွန် နာမကျန်းဖြစ်နေပုံရတယ်။ ပြီးတော့ အလွန့်အလွန်ကို သိမ်မွေ့နူးညံ့ပြီး အရောင်တာက်ပနေတဲ့ ပန်းနုရောင် အသားအရေလည်း ရှိတယ်။ အရေးပေါ် ကျရောက်လာမယ့် အန္တရာယ်အတွက် ဒီမိသားစုကို သူ လာပြီး သတိပေးတာဖြစ်ကြောင်း ရှင်းပြတယ်။ မြို့ထဲမှာ ကူးစက်ရောဂါ ကပ်ဆိုး ဆိုက်ရောက်နေပြီ ဖြစ်ကြောင်းနဲ့ အဲဒီရောဂါပိုးဟာ သုံးရက်အတွင်း သေဆုံးစေကြောင်းကိုလည်း ပြောပြတယ်။

ရောဂါကူးစက်ခံရသူတွေဟာ အသားအရေတွေနီရဲလာ၊ ယောင်ကိုင်းလာပြီး နောက်ပိုင်း သေသွားကြတာများတယ်တဲ့။ အဓိက လက္ခဏာကတော့ အရေပြားတွေ ဖောင်းကြွလာတာတို့၊ မီးလောင်ဖုတွေလို ဒဏ်ရာတွေ ဖြစ်လာတို့လို့ ဆိုတယ်။
တစ်ကိုယ်ရေသန့်ရှင်းမှုကို စည်းကမ်းတင်းတင်းကျပ်ကျပ်နဲ့လိုက်နာပြီး အိမ်ထဲက အိမ်ပြင် မထွက်ဘဲနေမယ်ဆိုရင်၊ အိမ်ထဲမှာ ကြွက်တစ်ကောင်မှ ရှိမနေအောင်လုပ်ထားရင်တော့ အသက်ရှင်နိုင်မယ့် မျှော်လင့်ချက် ရှိနိုင်တယ်လို့လည်း သူက ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိက ရောဂါပိုးကို သယ်ဆောင်လာသူတွေက ကြွက်တွေ ဖြစ်နေတာကိုး။

ကလေးမလေးရဲ့ အဘိုးအဘွား ဖြစ်သူတွေက အဲဒီလူငယ်ပြောတာကို သေသေချာချာနားထောင်နေသလို ကလေးမနဲ့ ဖခင်ဖြစ်သူကလည်း နားထောင်နေတယ်။ ကလေးမရဲ့ မိခင်ဖြစ်သူကတော့ ရေချိုးခန်းထဲ ရောက်နေတယ်။

“ကျွန်တော်ကတော့ အဲဒီရောဂါပိုးကနေ ရှင်သန်လာတဲ့သူပါ” လို့ ပြောပြီး သူ့ဦးထုပ်ကို ချွတ်လိုက်ပြီး သူ့ဦးခေါင်းမှာ ဆံပင်မရှိတော့ဘဲ အပါးလွှာဆုံး ပန်းရောင်အရေပြား သက်သက်သာ ပွက်ပွက်ဆူနေတဲ့ နွားနို့အိုးအထက်က အမြှုပ်တွေလို ရှိနေတာကို လှစ်ပြလိုက်တယ်။
“ကျွန်တော် အဲဒီရောဂါကြောင့် မသေဘဲဖြစ်ရာကနေ အခုဆို ရောဂါပိုးကို ပြီးနေပါပြီ။ ဒါကြောင့် အိမ်ပေါက်စေ့ ပေါင်မုန့်နဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေကို ၀ယ်ယူ ပို့ဆောင်ပေးတဲ့အလုပ် လုပ်နေတာပါ။ လူကြီးမင်းတို့ ဘာများ လိုအပ်ပါသလဲခင်ဗျာ။ ဦးတို့က ကျွန်တော့်ကို ပိုက်ဆံနဲ့ အိတ်တစ်လုံး၊ ဒါမှမဟုတ် ဈေးဝယ်တွန်းလှည်းတစ်ခု ပေးမယ်ဆိုရင် ကျွန်တော် စတိုးဆိုင်ကို သွားပေးပါ့မယ်။ အခုဆိုရင် စတိုးဆိုင်တိုင်းရှေ့မှာ စောင့်နေတဲ့လူတွေက လူတန်းရှည်ကြီး ဖြစ်နေပါပြီ။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီရောဂါကို ကြောက်စရာ မလိုတော့ပါဘူး” လို့ လူငယ်က ဆက်ပြောတယ်။

“ကျေးဇူးပါကွယ်။ ဒါပေမယ့် ဦးတို့ ဘာမှ မလိုပါဘူး” လို့ ကလေးမရဲ့ အဘိုးက ပြောတယ်။
“ဦးတို့ မိသားစုထဲမှာ တစ်ယောက်ယောက် ရောဂါဖြစ်ပြီဆိုရင်တော့ အိမ်တံခါးတွေကို ဖွင့်ထားပေးပါ။ ကျွန်တော် လိုက်သယ်ပေးတဲ့တိုက် လေးခု ရှိပါတယ်။ ကျွန်တော်လည်း ဒီလောက်ပဲ လုပ်နိုင်တယ်လေ။ ဦးတို့မိသားစုထဲမှာလည်း ကျွန်တော့်လို ရောဂါပြီး ပြီး အသက်ရှင်ကျန်မယ့်သူ ရှိမယ်ဆိုရင်လည်း ကျွန်တော့်လိုပဲ တခြားသူတွေကို ကယ်တင်ဖို့ ကူညီပေးပါ။ အလောင်း သယ်ပေးပါ”

“အလောင်းသယ်ပေးပါ ဆိုတာ ဘာကို ပြောတာလဲကွ” လို့ အဘိုးဖြစ်သူက ပြောတယ်။

“အလောင်းတွေကို သယ်ယူတဲ့ စနစ်တစ်ခု ကျွန်တော် လုပ်နေပါတယ်။ အလောင်းတွေကို သယ်ပြီးရင် လမ်းပေါ်မှာ ချတယ်။ ဒါပေမယ့် အလောင်းတွေအတွက် ပလပ်စတစ်အိတ်ကြီးတွေတော့ လိုတယ်။ အခုတော့ ဘယ်မှာ ရနိုင်မလဲဆိုတာ ကျွန်တော်လည်း မသိသေးဘူး။ စက်ရုံတွေကထုတ်တဲ့ နှစ်ထပ် ပလပ်စတစ်အလိပ်တွေတော့ ရှိတယ်။ ကျွန်တော့်မှာ ပိုက်ဆံ မရှိပေမယ့် အဲဒီ ပလပ်စတစ်တွေကိုတော့ သုံးလို့ရပါသေးတယ်။ အဲဒီ ပလပ်စတစ်တွေကို ဒါး ပူပူနဲ့ ဖြတ်လိုက်ရင် အလိုလိုကပ်သွားပြီး အိတ်လို ဖြစ်သွားတယ်လေ။ လိုတာကတော့ အဲဒီပလပ်စတစ်လိပ်နဲ့ ဒါးတစ်ချောင်းပါပဲ”

“ကျေးဇူးပဲကွယ်။ ဦးတို့ ဘာမှ မလိုသေးပါဘူး” လို့ အဘိုးဖြစ်သူက ပြောတယ်။

ဒီတော့ လူငယ်ဟာ တခြား တိုက်ခန်းတွေဆီ ဆက်သွားရင်း သူတောင်းစားတစ်ယောက်လို ပိုက်ဆံ လိုက်တောင်းနေတော့တယ်။
သူတို့မိသားစု တံခါးပိတ်လိုက်ချိန်မှာ လူငယ်ဟာ ဘေးက တိုက်ခန်းတံခါးကို တီးနေပြီ။ ဘေးတိုက်ခန်းကလည်း တံခါးကို သေးသေးပဲ ဟ တယ်။ အထဲက သံကြိုးတောင် မဖြုတ်ဘူး။ ဒီတော့ လူငယ်ကလည်း သူ့ဦးထုပ်ကိုချွတ်ပြီး သူ့ဇာတ်ကြောင်းကို အဲဒီ အက်ကြောင်းလေးထဲကနေ ပြောနေရတယ်။ ဘေးအိမ်က ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနေတာ သူတို့ကြားနေရပေမယ့် လူငယ်ကတော့ ထွက်သွားပုံ မရဘူး။ ဘာလို့လဲဆိုတော့ ခြေသံမှ မကြားရတာကိုး။ နောက်တိုက်ခန်းတံခါးတစ်ခု မဆိုစလောက်လေး ဖွင့်သံကြားရတယ်။ အဲဒီအခန်းကတော့ သူ့ဇာတ်ကြောင်းကို နားထောင်ချင်ပုံရတယ်။ နောက်ဆုံးမှာ ရယ်သံကိုကြားလိုက်ရပြီး “မင်းမှာ ပိုက်ဆံ ရှိပြီးသားဆိုရင်တော့ ငါ့အတွက် ဗော်ဒကာ ဆယ်လုံး သွားဝယ်ကွာ။ ၀ယ်ပြီးရင် မင်းကို ပိုက်ဆံ ပြန်ပေးမယ်” လို့ ပြောလိုက်သံ ကြားလိုက်ရတယ်။

အဲဒီနောက် ခြေသံတွေ ကြားလိုက်ရပြီး တိတ်ဆိတ်ငြိမ်သက်သွားပြန်တယ်။

“ဒီသူငယ်ပြန်လာရင်တော့ ငါတို့အတွက် ပေါင်မုန့်ရယ်၊ နို့ခဲရယ် ကြက်ဥတွေရယ် ယူလာရင်ကောင်းမယ်။ နောက်ဆို ငါတို့မှာ ဂေါ်ဖီရော အာလူးရော ပြတ်တော့မှာ” လို့ အဘွားဖြစ်သူက ပြောတယ်။
“ဒီသူငယ် ညာစားနေတာပါကွာ။ သူ့ခေါင်းကဟာက မီးလောင်ထားတာ မဟုတ်ဘူးလား။ တစ်ခုခုတော့ တစ်ခုခုပဲ” လို့ အဘိုးဖြစ်သူက ပြောတယ်။

နောက်ဆုံး ကလေးမလေးရဲ့ ဖခင်ဖြစ်သူက သူတို့ပြောနေတာတွေကို မျက်နှာလွှဲလိုက်ပြီး ကလေးမလေးကို တံခါးဝဆီကနေ အထဲကို ခေါ်လာခဲ့တယ်။ ဒီနှစ်ယောက်ကလည်း သူ့ဇနီးရဲ့ မိဘတွေလေ။ ဘာပဲပြောပြော သူတို့နှစ်ယောက်နဲ့ သူနဲ့က သဘောထားချင်း တိုက်ဆိုင်ခဲတယ်။ နောက်ပြီး သူ့ရဲ့ ထင်မြင်ချက်ကိုလည်း မေးနေတာလည်း မဟုတ်ဘူး။ တစ်ခုခု အရေးကြီးတာ ဖြစ်နေပြီလို့တော့ သူ့စိတ်ထဲမှာ ခံစားလိုက်ရတယ်။ ဖြစ်ချင်တာဖြစ် မတတ်နိုင်ဘူးလေ။ ဒီလိုအဖြစ်မျိုး သူ့စိတ်ထဲမှာ တထင့်ထင့်နဲ့ စောင့်ဆိုင်းနေခဲ့ရတယ်။ လောလောဆယ် ကြုံတွေ့လိုက်ရတဲ့အချိန်မှာတော့ သူ ဘာကိုမှ မဆုံးဖြတ်နိုင်သေးဘဲ ကြောင်တောင်တောင် ဖြစ်နေတယ်။ သမီးဖြစ်သူကိုလည်း ဧည့်ခန်းထဲကနေ ခေါ်ထုတ်လာခဲ့တယ်။ ဘယ်သူမှန်းမသိတဲ့ သူစိမ်းတစ်ယောက် တံခါးထပ်လာခေါက်ချိန်မှာ သမီးလေးကို ဧည့်ခန်းထဲမှာ ရပ်မနေစေချင်ဘူးလေ။ သူက ရောဂါနဲ့ ပတ်သက်ပြီး အဲဒီလူငယ်နဲ့ ယောက်ျားချင်း အရေးတကြီး ပြောဆိုဆွေးနွေးချင်သေးတယ်။ ရောဂါကို ကုသနိုင်မယ့် နည်းလမ်းတွေ၊ ထွက်ပေါက် လမ်းကြောင်းတွေ၊ လက်ရှိဖြစ်ပျက်နေတဲ့ ရောဂါဖြစ်ပွားမှု အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ပေါ့။

အဘိုးနဲ့ အဘွားဖြစ်သူကတော့ တံခါးနားမှာ ရှိနေတုန်းပဲ။ ဘာလို့လဲဆိုတော့ ဒီအထပ်ကို ဓာတ်လှေကားခေါ်သံ မကြားရသေးတာကြောင့် ဒီအထပ်မှာပဲ ဟိုလူငယ် ရှိနေဦးမယ်လို့ ထင်နေလို့လေ။ လူငယ်ဟာ ပိုက်ဆံနဲ့ ဈေးဝယ်အိတ်တွေ တစ်ပြိုင်နက်တည်း တောင်းနေတာကြောင့် တစ်ချိန်တည်းမှာ ပြေးလိုက်လွှားလိုက်တော့ လုပ်မနေလောက်ဘူး။ ဒါမှမဟုတ် ဒီလူငယ်ဟာ သူ့ကိုယ်ကျိုး သက်သက်အတွက်ပဲ လိုက်ပြီး ပိုက်ဆံတွေ လိမ်ညာတောင်းနေတဲ့ လူလိမ်လူကောက်ပဲလား။ ဘာဖြစ်လို့လဲဆိုတော့ အဲလို လိမ်စားညာစားတာခံရတဲ့ အဖြစ်မျိုးကို အဘွားဖြစ်သူ တစ်ခါက ကြုံခဲ့ဖူးတယ်လေ။

အဲဒီတုန်းက အမျိုးသမီးတစ်ယောက်ဟာ ဘေးအိမ်က အဘွားအိုတစ်ယောက် သေဆုံးသွားလို့ဆိုပြီး သူတို့နေတဲ့အိမ်တံခါးကို လာခေါက်ဖူးတယ်။ အဲဒီ အမျိုးသမီးက ခြောက်ဆယ့်ငါးနှစ်တောင် ရှိပြီ။ အဲဒီအမျိုးသမီးက အဘွားအို အသုဘအတွက် အလှူငွေတွေ လိုက် ကောက်ခံနေတာဆိုပြီး ကောက်ထားတဲ့ အလှူရှင်တွေရဲ့ နာမည်တွေ၊ လိုက်မှတ်တွေ၊ ငွေကြေးပမာဏတွေကို စာရင်းလိုက် ထုတ်ပြတယ်။
အဘွားဖြစ်သူကလည်း ကွယ်လွန်သွားတယ်ဆိုတဲ့ အဘွားကြီးကို သေသေချာချာ မသိပေမယ့်လည်း အဲဒီအမျိုးသမီးကို အလှူငွေ ထည့်လိုက်တယ်။ သိပ်မကြာပါဘူး နောက် ငါးမိနစ်လောက်အကြာမှာ အိမ်နီးချင်းအမျိုးသမီးတစ်ဦးက အိမ်ကို ဘဲလ် လာတီးပြီး ဘယ်သူမှ မသိတဲ့ မိန်းမတစ်ယောက်က မဟုတ်ကဟုတ်ကတွေပြောပြီး အိမ်ပေါက်စေ့ အလှူငွေတွေ လိမ်လည်ကောက်ခံနေတာကြောင့် နောင်ဆို သတိနဲ့ နေသင့်ကြောင်း အကြောင်းလာကြားတယ်။ အဲဒီမိန်းမကို တတိယထပ်မှာ လူနှစ်ယောက်က စောင့်ပေးနေတာ။ အဲဒီလူနှစ်ယောက်က ငွေတွေကိုယူပြီး အလှူရှင်စာရင်းတွေကို ဒီအတိုင်း ပစ်ချထားခဲ့တာကိုး။

အဘိုးဖြစ်သူနဲ့ အဘွားဟာ တံခါးပေါက်နားမှာပဲ ရပ်နေရင်း နားစွင့်နေတုန်း ရှိသေးတယ်။ ကလေးမရဲ့ အဖေဖြစ်သူကလည်း ဘာတစ်ခုမှ အလွတ်မပေးချင်တာကြောင့် သူတို့အနားရောက်သွားတယ်။ သူ့ ဇနီး ရေချိုးခန်းထဲကလည်း ထွက်လာရော မြင်ကွင်းကိုကြည့်ပြီး ဘာတွေ ဖြစ်ပျက်နေကြတာလဲလို့ အော်ကြီးဟစ်ကျယ်နဲ့ မေးပါလေရော။ သူတို့က တိတ်တိတ်လေးနေဖို့ အချက်ပြတယ်။

နောက်ထပ် တံခါးဘဲလ်တီးသံ သူတို့ မကြားရသေးဘူး။ ဓာတ်လှေကားက အောက်ထပ်တွေကို ဆင်းသွားတယ်။ ဆဌမအထပ်မှာ လူတွေဆင်းသွားပြီး သော့ဖွင့်သံ၊ တံခါးပိတ်သံတွေနဲ့ ဆူညံနေတယ်။ ဒီပုံအတိုင်းဆိုရင်တော့ လူငယ် ဆင်းသွားတာ မဟုတ်လောက်ဘူး။ သူ့မှာ သော့တွေဘာတွေ ရှိတာမှ မဟုတ်တာ။ တံခါးဘဲလ်ပဲ နှိပ်လို့ရမယ်လေ။

နောက်ဆုံးတော့ နီကိုလိုင်းက ရုပ်မြင်သံကြားကို ဖွင့်လိုက်ပြီး သူတို့တွေ ညစာ စားကြတယ်။ နီကိုလိုင်းက တော်တော်များများစားနိုင်တာကြောင့် ကလေးမ အဘိုးဖြစ်သူက အမြင်ကတ်ပြီး ပြောစရာဖြစ်တဲ့အထိ ဖြစ်လာတယ်။ အယ်လင်နာကလည်း ခင်ပွန်းဖြစ်သူဘက်က ကာကွယ်ပြောဆိုတယ်။ နောက်တော့ ကလေးမက ဘာဖြစ်လို့ လူကြီးတွေ ခုလို အငြင်းအခုန်တွေ ဖြစ်နေရတာလဲလို့ မေးတယ်။ သူတို့မိသားစုဟာ အဲလိုဒီနဲ့ပဲ စခန်းသွားနေကြတယ်။
အဲဒီညက လမ်းပေါ်မှာ တစ်စုံတစ်ယောက်က ပြူတင်းပေါက်ကြီးကြီးတစ်ခုကို ပစ်ခွဲလိုက်တဲ့ အသံလိုမျိုး ကြားရတယ်။
“ဒါ မုန့်ဖိုပဲကွ” လို့ အဘိုးဖြစ်သူက လသာဆောင်ကနေ လှမ်းကြည့်လိုက်ရင်း “ပြေး၊ နီကိုလိုင်း၊ ငါတို့ဖို့ စားစရာတွေ သွားယူပါဦး ဟ” လို့ ပြောတယ်။

ဒါနဲ့ နီကိုလိုင်း အပြင်ဘက်ထွက်ပြီး မုန့်ဖိုမှာသွားယူဖို့ သူတို့အားလုံး လိုအပ်တာတွေ ပြင်ဆင်ပေးကြတယ်။ အဲဒီအချိန်မှာပဲ ရဲကား ရောက်လာပြီး လူတစ်ယောက်ကို ဖမ်းသွားတယ်။ ရဲအရာရှိကို မုန့်ဖို တံခါးဝမှာထားပြီး ရဲကားက ပြန်မောင်းထွက်သွားတယ်။ နီကိုလိုင်းလည်း ကျောပိုးအိတ်ကိုလွယ်၊ ဒါးတစ်ချောင်းကို ဆောင်ပြီး အောက်ထပ်ကို ဆင်းလာခဲ့တယ်။ သူ အောက်ရောက်တဲ့အချိန်မှာ လူအုပ်ကြီးက မုန့်ဖိုကို ၀ိုင်းရံထားတယ်။ လူအုပ်က ရဲအရာရှိကိုလည်း ၀ိုင်းဝန်းထိုးကြိတ်ကြတယ်။ လူတွေဟာ မုန့်ဖိုထဲ ၀င်လိုက်၊ ထွက်လိုက်နဲ့ ရှုပ်ယှက်ခတ်နေတယ်။ မိန်းမတစ်ယောက်က လက်ဆွဲအိတ် တစ်လုံးထဲကို ပေါင်မုန့်တွေ အပြည့် ထည့်နေတယ်။ လူအုပ်တစ်စုက အဲဒီအမျိုးသမီးပါးစပ်ကို လက်နဲ့ ပိတ်ပြီး တရွတ်တိုက် ဆွဲခေါ်သွားကြတယ်။ လူအုပ်က များသထက် များလာတယ်။
နီကိုလိုင်းလည်း မုန့်ကျွတ် ကီလို သုံးဆယ်လောက်နဲ့ ပေါင်မုန့် ဆယ်တုံးလောက်ကို ကျောပိုးအိတ်နဲ့ အပြည့်သယ်ပြီး ပြန်လာခဲ့တယ်။ အိမ်အ၀င်ဝမှာ သူရပ်နေရင်း သူ့အ၀တ်အစားတွေကို အကုန်ချွတ်ပစ်လိုက်ပြီး အမှိုက်ပစ်အပေါက်ထဲထည့်တယ်။ အော်ဒီကလုံးရေမွှေးထဲကို သူ့လက်ကိုင်ပုဝါထည့်ပြီး ခန္ဓာကိုယ်ကို သုတ်ပြီး အမှိုက်ပစ်ပုံးထဲ ထည့်တယ်။ အစားအသောက်တွေ ရောက်လာတဲ့အတွက် အကျေနပ်ကြီး ကျေနပ်သွားတဲ့ အဘိုးဖြစ်သူကတော့ သူတို့မိသားစုအနေနဲ့ ချွေတာရေးအနေနဲ့ အော်ဒီကလုံး သုံးစွဲမှုကို ကန့်သတ်မှ ဖြစ်မယ်လို့ မှတ်ချက်ချတယ်။
နောက်နေ့မနက်ရောက်တော့ နီကိုလိုင်းဟာ သူတစ်ယောက်တည်းတင်ပဲ မုန့်ကျွတ် တစ်ကီလိုလောက် စားတယ်။ အံဖုံးတပ်ထားတဲ့ အဘိုးဖြစ်သူကတော့ မာတောင်နေတဲ့ မုန့်ကျွတ်ကို သူသောက်တဲ့ လက်ဖက်ရည်ထဲနှစ်ပြီး လေးလေးပင်ပင် စားနေတယ်။ အဘွားဖြစ်သူကတော့ စိတ်ဓာတ်ကျနေပုံရပြီး ဘာမှ မပြောဘဲနေတယ်။ အယ်လင်နာကတော့ သမီးဖြစ်သူကို မုန့်ကျွတ် များများစားဖို့ တိုက်တွန်းနေတယ်။ နောက်ဆုံး ငြိမ်နေတဲ့ အဘွားဖြစ်သူက ထပြီး အစားအသောက်ကို အချိုးကျ စားကြဖို့ တွင်တွင်ကြီး ပြောတော့တယ်။ ညတိုင်း မုန့်ဖိုကိုသွားပြီး လုယက်လို့ မရသလို အခုဆိုရင်လည်း မုန့်ဖိုတစ်ခုလုံးမှာ ရှိတဲ့ မုန့်တွေအကုန်လုံးလည်း လူအုပ်လိုက် မ သွားလို့ ဘာမှ မကျန်တော့ဘူး ဆိုတဲ့အကြောင်းကိုလည်း ပြောတယ်။
ဒီတော့ သူတို့ မိသားစုမှာ အစားအသောက်ကို ခွဲတမ်းချပြီး စားသောက်ရတာပေါ့။ နေ့ခင်းစာ စားချိန်ဆိုရင် အယ်လင်နာက သူ့အတွက် ခွဲတမ်းကို သမီးဖြစ်သူကို ပေးတယ်။ နီကိုလိုင်းကတော့ ရွာချတော့မယ့် မိုးတိမ်လို မှုန်ကုပ်နေပြီး နေ့လည်စာ စားပြီးရင်တော့ ပေါင်မုန့်မည်းတုံး တစ်ခုလုံးကို သူတစ်ယောက်တည်း စားပစ်တယ်။

သူတို့ စားစရာတွေကို ခွဲတမ်းချလိုက်တော့ တစ်ပတ်စာအတွက် ဖူလုံသွားတယ်။
နီကိုလိုင်းနဲ့ အယ်လင်နာတို့က သူတို့ အလုပ်လုပ်တဲ့နေရာတွေဆီ ဖုန်းဆက်ပေမယ့် ပြန်ဖြေမယ့်သူ ဘယ်သူမှ မရှိဘူး။ မိတ်ဆွေ အပေါင်းအသင်းတွေဆီ ဖုန်းဆက်တော့လည်း အားလုံးက အိမ်ထဲမှာပဲ ထိုင်နေကြရင်း စောင့်ဆိုင်းနေကြတယ်တဲ့။ ရုပ်မြင်သံကြားကလည်း အလုပ်မလုပ်တော့ဘူး။ အနက်ရောင်ဖန်သားပြင်မှာ အစင်း အစင်းတွေပဲ ပေါ်နေတယ်။
နောက်နေ့လည်းရောက်ရော တယ်လီဖုန်းပါ အလုပ် မလုပ်တော့ဘူး။ လမ်းမပေါ်မှာလည်း လူတွေဟာ ဈေးအိတ်တွေ၊ ကျောပိုးအိတ်တွေ သယ်ဆောင်ပြီး လမ်းလျှောက်နေကြတယ်။ တစ်ယောက်ဆိုရင် သစ်ပင်ငယ် တစ်ပင်ကို လွှတိုက်ပြီး ခြံဝင်းကိုဖြတ်ပြီး သူ့အိမ်ကို တရွတ်ဆွဲယူသွားတယ်။
အခု သူတို့ မိသားစုအိမ်မှာ နှစ်ရက်စလုံး ဘာမှ မစားဘဲ ကြောက်စရာကောင်းလောက်အောင် လသာစောင်မှာ တညောင်ညောင်အော်နေတဲ့ ကြောင်အတွက် ဘာလုပ်ရမလဲဆိုတာ သူတို့ အဖြေထုတ်ဖို့ အချိန်ကျလာပြီ။
“ငါတို့ ကြောင်ကို အိမ်ထဲသွင်းပြီး အစာကျွေးမှ ဖြစ်မယ်။ ကြောင်ဆိုတာမျိုးက ဗီတာမင်ရှိတဲ့ အသားနဲ့ ပတ်သက်လာရင် တော်တော်အားထားရတဲ့ သတ္တ၀ါကွ” လို့ အဘိုးဖြစ်သူက ပြောတယ်။
နီကိုလိုင်းက ကြောင်ကို အိမ်ထဲသွင်းလိုက်ပြီး ကြောင်ကို စွပ်ပြုတ်နည်းနည်း တိုက်ကြတယ်။ ဒါပေမယ့် အများကြီးတော့လည်း မဟုတ်ဘူး။ ဒီလောက် ငတ်နေတဲ့ ကြောင်ကိုလည်း စားပိုးနင့်အောင် ကျွေးစရာ မလိုပြန်ဘူးလေ။ ကြောင် လသာဆောင်ဘက် ထွက်နေကတည်းက ကလေးမက လသာဆောင်တံခါးကို ကိုယ်နဲ့ တိုက်ပြီး ကြောင်နဲ့ ထိတွေ့လို့ရအောင် ကြိုးစားနေကျဖြစ်တော့ ကြောင်လည်း အိမ်ထဲ ရောက်လာရော ကြောင်အနားကနေ ခွာကို မခွာတော့ဘူး။ အခုဆိုရင် ကြောင်ကို သူ့စိတ်တိုင်းကျ အစာကျွေးလို့ရပြီလေ။ နောက်ဆုံးကျတော့ ကလေးမကို သူ့အမေဖြစ်သူပါ သည်းမခံနိုင်တော့ဘူး။
“အမေက မစားရက်လို့ သမီးစားဖို့ ကျွေးတာကို ကြောင်ကိုပဲ အကုန်ကျွေး ပစ်ရသလား” ဆိုပြီး အော်တော့တယ်။

အခုဆိုရင် သူတို့ စားစရာခွဲတမ်းက ငါးရက်စာပဲ ရှိတော့တယ်။
လူတိုင်းက တစ်ခုခု ဖြစ်လာဖို့ စောင့်ဆိုင်းနေကြတယ်။ နေရာပြောင်းရွှေ့ဖို့အတွက် ကြေညာသံမျိုးကိုလည်း နားစွင့်နေကြတယ်။ တတိယမြောက်ညမှာတော့ လမ်းဘက်မှာ ကားသံတွေကို သူတို့ ကြားရတယ်။ ကားတွေကတော့ မြို့ထဲကနေ တပ် ပြောင်းရွှေ့သွားတဲ့ ကားတွေ။
“သူတို့တွေ မြို့ပြင်ရောက်သွားရင်တော့ ကူးစက်ရောဂါ မပျံ့ပွားစေမယ့် နေရာတစ်ခု လုပ်မှာပဲ။ အဲဒီအထဲရောက်သွားပြီးရင်တော့ နောက်ထပ် ဘယ်သူမှ ၀င်လို့မရတော့သလို၊ ဘယ်သူမှလည်း ထွက်လို့ရမှာ မဟုတ်ဘူး။ ကြောက်စရာ အကောင်းဆုံးကတော့ ဟို သူငယ်လေး ပြောသွားတဲ့အတိုင်း တကယ်ဖြစ်နေတာပဲကွ။ ငါတို့ စားစရာအတွက် မြို့ထဲ သွားမှ ရမှာလေ” လို့ အဘိုးဖြစ်သူက ပြောတယ်။
“ဦးရဲ့ အော်ဒီကလုံး ခွဲတမ်း ကျွန်တော့်ကိုပေးလေ၊ ကျွန်တော်သွားမယ်” လို့ နီကိုလိုင်းက ပြောတယ်။
“မကြာခင် မင့်ဟာတွေ အကုန်ဖြစ်တော့မှာပါကွာ။ ရေပိုက်တွေက အလုပ်လုပ်နေသေးတာတော့ အံ့သြစရာပဲ ဟေ့” လို့ အဘိုးဖြစ်သူက အဓိပ္ပာယ်ရှိရှိ ပြန်ပြောတယ်။
“ဗွေမယူပါနဲ့ရှင်” လို့ နီကိုလိုင်း ဇနီးက ပြောတယ်။

အဲဒီညက နီကိုလိုင်း စတိုးဆိုင်ကို ထွက်ခဲ့တယ်။ လက်ဆွဲအိတ်ရော ကျောပိုးအိတ်ပါ ယူလာတဲ့အပြင် လက်နှိပ်ဓာတ်မီးနဲ့ ဒါးကိုလည်း ဆောင်လာခဲ့တယ်။ သူပြန်လာတော့ မိုးချုပ်နေပြီ။ အပြင် အ၀င်ဝမှာပဲ အ၀တ်အစားတွေကို အမှိုက်ပစ် အပေါက်ထဲထည့် သူ့တစ်ကိုယ်လုံးကို အော်ဒီကလုံးဆွတ်ထားတဲ့ လက်ကိုင်ပုဝါနဲ့ တိုက်ချွတ်တယ်။ ခြေထောကတစ်ဘက်ကို တိုက်ပြီး တိုက်ပြီးသားခြေထောက်ကို အိမ်ထဲလှမ်းလိုက်ပြီးမှ အပြင်မှာကျန်နေတဲ့ခြေထောက်ကို တိုက်ပြီး အ၀တ်ကို လွှင့်ပစ်တယ်။ နောက် ကျောပိုးအိတ်နဲ့ လက်ဆွဲကင်းဗတ်အိတ်ကိုလည်း ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲ ထည့်စိမ်တယ်။ သူရလာတာကလည်း များများစားစား မရှိပါဘူး။ ဆပ်ပြာ၊ မီးခြစ်၊ ဆား၊ ဂျုံမှုန့်၊ ဂျယ်လီနဲ့ ကဖိန်းဓာတ်မပါတဲ့ ကော်ဖီရယ်လောက်ပါပဲ။ ဒါပေမယ့်လည်း အဘိုးဖြစ်သူကတော့ အကျေနပ်ကြီး ကျေနပ်နေတယ်။ အားရ၀မ်းသာနဲ့ကို အရောင်တွေထွက်နေတယ်။ နီကိုလိုင်းက ဒါးကို မီးဖိုပေါ်မှာ ကင်တယ်။
“သွေးက အားလုံးထဲမှာ ကူးစက်အလွယ်ဆုံးပဲကွ” လို့ အိပ်ရာမ၀င်ခင်မှာ အဘိုးဖြစ်သူက ကျေကျေနပ်နပ်ကြီး ထောက်ခံပြောဆိုတယ်။
သူတို့ ခွဲတမ်းတွေအရဆိုရင်တော့ ဂျယ်လီနဲ့ တခြား  စားစရာအနည်းအကျဉ်းကို ဖယ်ထားပြီး ချွေတာစားမယ်ဆိုရင် နောက်ဆယ်ရက်အထိ သူတို့ စားစရာ လုံလောက်နေပြီ။
နောက်ရင်တွေမှာ နီကိုလိုင်းက ညတိုင်းလိုလို အပြင်ထွက်တယ်ဆိုတော့ သူ့ အ၀တ်အစားတွေနဲ့ ပတ်သက်ပြီး ပြောစရာ ဖြစ်လာပြီ။ သူဟာ အ၀တ်အစားတွေကို လှေကားမှာ ရှိစဉ်ကတည်းက မှန်ကြည် စက္ကူအိတ်ထဲ ထည့်တယ်။ သူ ပြန်လာတဲ့အခါတိုင်း သူ့ဒါးမှာ ပိုးပါမလာအောင် မီးဖိုမှာ ကင်တယ်။ အခုအချိန်မှာ ယောက္ခထီး ဖြစ်သူဆီက အရင်လို မကျေမချမ်းသံတွေ ထွက်မလာတော့ပေမယ့် အစားအသောက်ကိုတော့ နင်းကန် စားနေတုန်းပဲ။
အချိန်နဲ့အမျှ ကြောင်လည်း ပိန်လိုက်လာတယ်။ အမွေးတွေလည်း ကျွတ်လာတယ်။ အယ်လင်နာက သမီးဖြစ်သူကို လက်ထိပ်ခေါက်ထားတာကြောင့် ကလေးမက မုန့်တွေကို ကြမ်းပြင်ပေါ်ပစ်ပစ်ချထားတာကြောင့် ကြောင်မှာ မစားနိုင်မသောက်နိုင်ဖြစ်လာတယ်။ ဒီတော့ ကလေးမနဲ့ ကြောင်နဲ့ဟာ တစ်ချိန်လုံးကို ဆူပူအော်ဟစ်နေတော့တယ်။ သူတို့တွေက ကြောင်ကို မီးဖိုချောင်ထဲက အပြင်ထုတ်ပြီး တံခါးပိတ်ထားပေမယ့်လည်း ကြောင်က မီးဖိုထဲဝင်ချင်တာကြောင့် တံခါးကို တစ်ချိန်လုံး ကုတ်ဖဲ့နေတယ်။
နောက်ဆုံးကျတော့ အဲဒီအဖြစ်ဟာ ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခုအဖြစ် ဖြစ်လာစေတယ်။ ကလေးမက ကြောင်ကိုပွေ့ပြီး မီးဖိုချောင်ထဲ ၀င်လာချိန်မှာ အဘိုးနဲ့အဘွားက မီးဖိုထဲမှာ ထိုင်နေကြတယ်။ ကြောင်ပါးစပ်မှာရော ကလေးမ ပါးစပ်မှာပါ ပေကျံနေတယ်။
“ဒါမှ ငါ့ကြောင်လေးကွ” လို့ဆိုပြီး ကလေးမက ကြောင်ကို နမ်းတယ်။ ညစ်ပေနေတဲ့ ကြောင်ကို သူနမ်းတာ ပထမဆုံးအကြိမ် ဖြစ်ချင်မှလည်း ဖြစ်မှာ။
“မြေးလေး ဘာလုပ်နေတာလဲ” ဆိုပြီး အဘွားဖြစ်သူက ထအော်တယ်။
“သူ ကြွက်တစ်ကောင် ဖမ်းမိလို့လေ ဘွားဘွားရဲ့။ ကြွက်ကို သူစားလိုက်တယ်” လို့ ကလေးမက ပြောပြီး ကြောင်ပါးစပ်ကို နမ်းပြန်တယ်။
“ဘာကြွက်လဲ” လို့ အဘိုးဖြစ်သူက မေးတယ်။ သူတို့နှစ်ယောက်စလုံး တုန်လှုပ်နေကြတုန်းပဲ။
“မီးခိုးရောင်လေ”
“အမွေးဖွားလား၊ အကောင်ကြီးကြီးလား။”
“ဟုတ်တယ်၊ ၀တုတ်ပြီး အကြီးကြီးရယ်” လို့ ကလေးမက ပျော်ပြီးပြောတယ်။ ကလေးမလက်ထဲမှာရှိနေတဲ့ကြောင်က လက်ထဲကနေ ရုန်းထွက်ဖို့ ကြိုးစားနေတယ်။
“ကြောင်ကို မလွတ်စေနဲ့ မြေး။ မြေးအခန်းထဲမှာ သွားနေ။ ကြောင်ကိုလည်း ယူသွား။ အခု မြေးလုပ်ချင်တာ လုပ်လိုက်ပြီးပြီမဟုတ်လား ဟင်။ အသုံးမကျတဲ့ ဟာမလေး။ သောက်ဖြစ်ကို မရှိဘူး။ ဒီကြောင်နဲ့ပဲ သောက်ဖြစ်မရှိ ကစားနေတာပဲ မဟုတ်လား” ဆိုပြီး အဘိုးဖြစ်သူရဲ့ အသံဟာ ကျယ်လောက်သထက် ကျယ်လောင်လာတယ်။

အဘိုးဖြစ်သူက ကလေးမနဲ့ ကြောင်နောက်ကနေ လိုက်လာပြီး လမ်းတလျှောက် ပိုးသတ်ဆေးတွေဖြန်းတယ်။ ကလေးမရဲ့ အခန်းတံခါးကိုလည်း အပြင်ဘက်ကနေ ကုလားထိုင်နဲ့ ထပ်ပိတ်ထားတယ်။ အဲဒီနောက် ညညတွေ အပြင်ထွက်ပြီး အိပ်ရေးပျက်လို့ အိပ်နေတဲ့ နီကိုလိုင်းကို လှမ်းခေါ်တယ်။ အယ်လင်နာလည်း နီကိုလိုင်းနဲ့အတူ အိပ်နေတာ။ သူတို့နှစ်ယောက် ၀ရုန်းသုန်းကား ထလာကြတယ်။ ဖြစ်သွားတဲ့ အခြေအနေတွေကို ဆွေးနွေးဆုံးဖြတ်ကြတယ်။ အယ်လင်နာဟာ ငိုယိုနေပြီး သူ့ဆံပင်တွေကို သူ ဆွဲနေတယ်။ ကလေးမရဲ့ အခန်းထဲကနေ တံခါးခေါက်နေသံကို သူတို့ ကြားနေရတယ်။

“မီးမီးကို  တံခါးဖွင့်ပေးကြပါ။ အိမ်သာ သွားချင်လို့ပါ”
“အဖေပြောတာ နားထောင်။ အော်ဟစ်မနေနဲ့” လို့ နီကိုလိုင်းက ပြောတယ်။
“ဖေဖေက အော်နေတာ။ သမီး အပြင်ထွက်ချင်လို့။ အပြင်ထွက်ချင်လို့ပါ” လို့ ကလေးမက အော်ပြောတယ်။

နီကိုလိုင်းနဲ့ ကျန်တဲ့သူတွေ မီးဖိုချောင်ထဲ ၀င်သွားကြတယ်။ သူတို့ အယ်လင်နာကိုလည်း ရေချိုးခန်းထဲ အတင်းထည့်ထားရတယ်။ အယ်လင်နာကလည်း ရေချိုးခန်းထဲကနေ တံခါးကို ထုနေတယ်။

ညနေပိုင်းကျတော့ ကလေးမ ငြိမ်ကျသွားတယ်။ အပေါ့သွားလို့ရလားလို့ နီကိုလိုင်းက သမီးဖြစ်သူကို မေးတယ်။ ဘောင်းဘီထဲမှာပဲ အပေါ့သွားလိုက်ကြောင်း ကလေးမက ခက်ခက်ခဲခဲနဲ့ အခန်းထဲကနေ ပြန်ဖြေတယ်။ နောက်ပြီး သောက်စရာ တစ်ခုခုပေးဖို့ တောင်းတယ်။

ကလေးမရဲ့ အခန်းထဲမှာ ကလေးအိပ်ရာ ကုတင်တစ်လုံး၊ ကော်ဇောတစ်ခု၊ မိသားစု အ၀တ်အစားတွေ အာလုံးထည့်ပြီး သော့ခတ်ထားတဲ့ ဘီရိုတစ်လုံးနဲ့ စာအုပ်စင်တွေ ရှိတယ်။ ကလေးမအတွက်တော့ နေလို့ထိုင်လို့ကောင်းတဲ့ အခန်းတစ်ခန်းဖြစ်ခဲ့ပေမယ့် အခုတော့ ရောဂါမပျံ့ပွားရေးအတွက် သူ့ကို လှောင်ထားစရာ နေရာတစ်ခု ဖြစ်နေပြီ။ နိကိုလိုင်းက တံခါးရဲ့ အမြင့်တစ်နေရာမှာ အပေါက်တစ်ပေါက် ဖောက်လိုက်တယ်။ ပြီးတော့ အဲဒီအပေါက်ကနေ စွပ်ပြုတ်ထည့်ထားတဲ့ ပုလင်းနဲ့ ပေါင်မုန့် အကြေစတွေ ကလေးမအတွက် အပြင်ကနေ ချပေးတယ်။ အခု ချပေးတာတွေကို ညစာအဖြစ် စားသောက်ပြီး အပေါ့သွားချင်ရင် ပုလင်းထဲမှာသွားပြီး ပုလင်းကို ပြူတင်းပေါက်ကနေ အပြင်ဘက်ကို လွှင့်ပစ်လို့ဖို့ ပြောတယ်။

ဒါပေမယ့် ကလေးမအခန်းထဲက ပြူတင်းပေါက်ကို အပေါ်မှာ ချက်ချထားတော့ ကလေးမ အရပ်နဲ့ မမီသလို ပုလင်းအ၀ကလည်း ကလေးမ အပေါ့သွားဖို့ ကျဉ်းလွန်းနေတယ်။ အလေးသွားဖို့လည်း အဆင်တော့ပြေမှာပါ။ စာအုပ်စင်မှာရှိတဲ့ စာအုပ်တွေကို ဖြဲ၊ အဲဒီစာရွက်တွေပေါ်မှာ သွားပြီးရင် ထုတ်ပိုးပြီး ပြူတင်းပေါက်ကနေ အပြင်ကို လွှင့်ပစ်ရုံပဲလေ။ အဲဒီနောက် နီကိုလိုင်းဟာ အခန်းထဲကို လိုအပ်တာလုပ်နိုင်ဖို့ ၃ ကြိမ်လောက် ကြိုးစားကြည့်ပြီးတဲ့အခါမှာ ကလေးမအခန်း ပြူတင်းပေါက်မှာ အတော်ကြီးတဲ့ အပေါက်တစ်ပေါက် လှမ်းဖောက်ပေးလိုက်နိုင်တယ်။

ဒါပေမယ့် ကလေးမဟာ မကြာခင်မှာပဲ စည်းကမ်းပျက်လာတဲ့ အနေအထားတွေ ပြလာတော့တယ်။ သူ အလေးသွားနေကျ စာရွက်တွေပေါ်မှာ စွန့်ချင်မှ စွန့်တော့တယ်။ သူ လုပ်ချင်တာကို ဘယ်လို လုပ်ရမှန်း မသိတော့ဘူး။ တစ်နေ့ကို သူ အလေးမသွားချင်လား ဆိုတာကို အခါနှစ်ဆယ်လောက် မေးပေမယ့် ကလေးမက မသွားဘူးပြောတယ်။ နောက် ငါးမိလောက်နေမှ သူ့ဘောင်းဘီထဲသူ ပါချမိတာတွေ ဖြစ်တယ်။

တစ်ချိန်တည်းမှာပဲ ကလေးမလေးရဲ့ စားရေးသောက်ရေးအတွက်လည်း ခက်ခဲလာတယ်။ သူ့အတွက် ကြိုးနဲ့ချည်ပြီး ချပေးထားတဲ့ ပုလင်းတွေကို ကလေးမလေးက ပြန်မချီပေးနိုင်လောက်အောင် ဖြစ်လာတယ်။ ကြမ်းပြင်ပေါ်မှာလည်း ပုလင်း ကိုးလုံးလောက်က ပြန့်ကြဲနေတယ်။ ကလေးမလေးက တံခါးနားကိုလည်း မလာတော့ဘူး။ မေးတဲ့ မေးခွန်းတွေကိုလည်း ပြန်မဖြေတော့ဘူး။ ကြောင်ကလည်း သူတို့ မြင်ကွင်းမှာ ပေါ်မလာပေမယ့် ကလေးမလေး ရင်ခွင်ပေါ်မှာပဲ ထိုင်နေတာ ဖြစ်လောက်တယ်။ ကြောင် မြင်ကွင်းထဲ ပေါ်မလာတာက ကလေးမလေးအခန်း ပြူတင်းပေါက်ကို နီကိုလိုင်း ခဲချီထားတဲ့ ကြိုးနဲ့ ပစ်ခွဲပြီး အပေါက် ဖောက်ပေးကတည်းကပဲ။ ကလေးမလေးက သူစားရမယ့် တစ်ဝက်ကို ကြောင်ကိုပဲ ကျွေးပြီး သူ့အတွက်ကိုတော့ ကြမ်းပြင်ပေါ်မှာပဲ သွန်ချပစ်တယ်။ ခုဆို ကလေးမက ဘာမှကို ပြန်မဖြေတော့ဘူး။ သူ့အိပ်ရာလေးက နံရံနားမှာ ရှိနေတယ်။ သူတို့ မမြင်ရတဲ့ အနေအထားမှာပေါ့။

သူတို့ ကလေးမလေးနဲ့ ဆက်သွယ်လို့ရဖို့ သုံးရက်လုံးလုံး နည်းလမ်းတွေ ရှာကြတယ်။ ကလေးမအတွက် စီစဉ်စရာတွေ စီစဉ်ပေးဖို့ လှုပ်ရှားကြတယ်။ ဒီအရွယ်အထိ အပေါ့အလေးကအစ အယ်လင်နာပဲ ကိုယ်တိုင်လုပ်ပေးခဲ့တာမို့ အခုလို တစ်ယောက်တည်း ဖြစ်နေချိန်မှာ အပေါ့အလေးသွားရင် ဘယ်လို လုပ်ကိုင်ဖို့ကို သင်ကြားပေးနေရတယ်။ နောက် ရေကိုလည်း ကလေးမဆီရောက်အောင် ကြိုးစားပေးနေရတယ်။ ဒါမှလည်း အခန်းထဲမှာ သူ့ကိုယ်သူ ဆေးကြောသုတ်သင်တတ်မှာလေ။ နောက်ပြီး အခန်းတံခါးနားကိုလာပြီး သူ့အတွက် စားစရာပုလင်းကိုလည်း လာယူဖို့ သူတို့တွေ တောင်းတောင်းပန်ပန်နဲ့ကို ပြောဆိုနေကြရတယ်။ တစ်ကြိမ်မှာတော့ အစာချရမယ့်အချိန်မှာ ကလေးမ ရေချိုးဖြစ်အောင်ဆိုပြီး ရေနွေးနွေးနဲ့ လောင်းချပေးမိတယ်။ အဲဒီနောက်ပိုင်း ကလေးမက ကြောက်ပြီး တံခါးနားကို မလာတော့ဘူး။ ကလေးမက သူတို့ ဘာပြောပြော၊ ဘာလုပ်လုပ် အကြောင်းမပြန်တော့လည်း တစ်အိမ်လုံးမှာရှိတဲ့လူတွေ အကုန်လုံး ခြေကုန်လက်ပမ်းကျပြီး အကုန်လှဲအိပ်ပစ်လိုက်တာ တော်တော်တောင် ကြာသွားတယ်။

အဲဒီနောက် အရာခမ်းသိမ်းဟာ လျင်လျင်မြန်မြန်ပဲ နိဂုံးသတ်ပါတော့တယ်။ အဘိုးအဘွားတွေ နိုးလာတော့ နှုတ်သီးမှာ သွေးတွေ ရွှဲရွှဲစိုနေတဲ့ကြောင် သူတို့ အိပ်ရာပေါ် ရောက်နေတာကို တွေ့လိုက်ရတယ်။ ကြောင်က ကလေးမလေးကို စားပစ်လိုက်တာတော့ သေချာလောက်ပြီ။ ကြောင်ဟာ တွန်းထိုးထွက်လို့ရတဲ့ ပြတင်းပေါက်ကနေ ထွက်လာတာဟာ ရေဆာလို့ ဖြစ်မယ်။ တံခါးပေါက်မှာ နီကိုလိုင်း ပေါ်လာတယ်။ အိမ်ထဲမှာ ဖြစ်ပျက်သမျှ ကြားပြီးတဲ့အခါမှာတော့ တံခါးကို ၀ုန်းခနဲ ပိတ်လိုက်ပြီး ပစ္စည်းတွေကို ဘက်တစ်ဘက်မှာ စုပုံလိုက်ပြီး ကုလားထိုင်တစ်လုံးနဲ့ ပိတ်ထားတယ်။ တံခါးကတော့ ပိတ်လျက်သား ရှိနေတုန်းပဲ။ နီကိုလိုင်းက တံခါးကိုတော့ သီးသန့် မဖောက်ချင်တော့ဘူး။ အယ်လင်နာကတော့ အော်ဟစ်သောင်းကျန်းပြီး ကုလားထိုင်ကို ဖယ်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် နီကိုလိုင်းက သူ့ကို တားပြီး ရေချိုးခန်းထဲထည့် ပိတ်ထားလိုက်တယ်။

နီကိုလိုင်း အိပ်ရာပေါ်မှာ ခဏ လှဲနေလိုက်တယ်။ အဲဒီမှာပဲ သူ့အရေပြားတွေ ယောင်ကိုင်းလာတယ်။ သူ့အရေပြားဟာ ကြောက်စရာကောင်းလောက်အောင်ကို ဖောင်းကားထွက်လာတယ်။ မနေ့ညက စားစရာ ကျောပိုးအိတ်တစ်လုံးအတွက် သူ မိန်းမတစ်ယောက်ကို သတ်ခဲ့တယ်။ နောက် လမ်းပေါ်မှာတင်ပဲ ပန်းဂျုံ သံဗူးတစ်ဗူး သူ စားခဲ့သေးတယ်။ အစကတော့ မြည်းဖို့ သက်သက်ပါ။ နောက်တော့ ဘယ်လိုမှ မနေနိုင်ဘဲ တစ်ဗူးလုံး သူ စားပစ်လိုက်မိတယ်။ အခုတော့ သူ့မှာ ရောဂါ ထပြီလေ။

သူ့မှာ ရောဂါ ကူးစက်ပြီဆိုတာ နီကိုလိုင်း သိလိုက်ပေမယ့် တော်တော် နောက်ကျသွားပြီလေ။ သူ့တစ်ကိုယ်လုံးလည်း ယောင်ကိုင်းနေပြီ။ သူတို့နေတဲ့ တိုက်ခန်းတွေမှာလည်း တခါးတွေကို လိုက်ထုတဲအသံတွေ တ၀ုန်းဝုန်းနဲ့ စီစီညံနေပြီ။ ကြောင်ကလည်း တညောင်ညောင် အော်နေတယ်။ သူတို့နေတဲ့ အပေါ်ထပ်တိုက်ခန်းမှာလည်း တ၀ုန်းဝုန်းထုသံတွေ ကြားနေရတယ်။ နီကိုလိုင်းလည်း ရှိသမျှ အားအင်တွေသုံးပြီး ကလေးမွေးဖို့ကြိုးစားနေတဲ့ ကိုယ်ဝန်ဆောင်လို ညှစ်ထုတ်နေတယ်။ နောက်ဆုံး သူ့မျက်လုံးထဲကနေ သွေးတွေ ထွက်လာပြီး ရောဂါကနေ လွတ်မြောက်လိုတဲ့ မျှော်လင့်ချက်နဲ့ တွန်းထုတ်ဖို့ ကြိုးစားပေမယ့် ဘာမှ မစဉ်းစားနိုင်တော့ဘဲ အသက်ပါ ပျောက်သွားတော့တယ်။

တိုက်ခန်းအ၀င်တံခါးကို ဘယ်သူမှ လာမဖွင့်ကြတာ တော်တော်ဆိုးတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်က ပေါင်မုန့်တွေ သယ်လာပြီး အိမ်တွေကို လိုက်ဝေပေးဖို့ လုပ်နေတာလေ။ သူတို့မိသားစု တိုက်ခန်းတံခါးကို လာပြီးထုတဲ့ တံခါးခေါက်သံတွေ ငြိမ်သက်သွားတယ်။ မျက်စိထဲကနေ သွေးတွေထွက်လာတာကြောင့် အယ်လင်နာတစ်ယောက်သာ သူ့တံခါးကို မမြင်မကန်းနဲ့ ကုတ်ခြစ်နေတယ်။ မှောင်မည်းနေတဲ့ ရေချိုးခန်း ကြမ်းပြင်မှာလဲလျောင်းနေရင်းနဲ့ ဘာကို မြင်နိုင်ဦးတော့မှာလဲ။

ဘာဖြစ်လို့ ဒီလူငယ်က အလာနောက်ကျရတာလဲ။ မိသားစုတွေ အနေများလွန်းတဲ့ လူနေတိုက်ခန်းတွဲကြီး လေးခုစလုံးကို သူတစ်ယောက်တည်း တာဝန်ယူထားရတာကိုး။ ခြောက်ရက်လောက်နေပြီးတော့မှ သူ့အနေနဲ့ ပထမတစ်ကြိမ် သွားပြီးသား အခန်းတွေဘက်ကို တစ်ပတ် ပြန်လှည့်နိုင်တယ်လေ။ သုံးရက်ကြာပြီးနောက်မှာ ကလေးမလေးအခန်းက ဘာသံမှ ထွက်မလာတော့ဘူး။ နောက်တစ်ရက်ကြာပြီးနောက်မှာ နီကိုလိုင်းလည်း ရောဂါကူးစက်တာကြောင့် သေဆုံးသွားတယ်။ နောက်ထပ် နာရီနှစ်ဆယ်အကြာမှာ အယ်လင်နာရဲ့ မိဘနှစ်ပါး ကွယ်လွန်သွားတယ်။ နောက်ထပ် ငါးမိနစ်အကြာမှာ အယ်လင်နာလည်း ကွယ်လွန်သွားတယ်။

ဒါပေမယ့် ကြောင်ကတော့ တညောင်ညောင် အော်ဟစ်နေတာက နာမည်ကျော် ဇာတ်လမ်းတစ်ခုထဲကလိုပဲ။ အဲဒီဇာတ်လမ်းထဲမှာဆိုရင် ခင်ပွန်းဖြစ်သူက ဇနီးကိုသတ်ပြီး အိမ်အောက်မြေတိုက်ခန်းနံရံထဲမှာ မြှုပ်ထားတယ်။ အဲဒီအချိန်မှာ ရဲတွေ ရောက်လာပြီး မြေတိုက်နံရံနောက်က ကြောင်အော်သံကို ကြားလိုက်ရတဲ့အခါမှာ လူသတ်မှုကို ဖော်ထုတ်နိုင်လိုက်တယ်ပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို နံရံထဲ ပိတ်ထားချိန်မှာ ဇနီးချစ်တဲ့ ကြောင်ကိုပါ ထည့်ပိတ်ထားတာဖြစ်တော့ ကြောင်က ဇနီးဖြစ်သူရဲ့ အသားတွေကိုစားရင်း အသက်ရှင်နေနိုင်တာကြောင့် အော်ဟစ်နေနိုင်တာကိုး။

ကြောင်ကတော့ တညောင်ညောင်နဲ့ အော်ပြီးရင်းအော်နေတယ်။ ဒီလို အထီးကျန်ဖြစ်နေတဲ့ ကြောင်အော်သံကို လူငယ် အဆောက်အဦကို ၀င်ကတည်းက ကြားနေရတယ်။ အခုဆိုရင် တိုက်ခန်းတွဲတွေမှာကြားနေရတဲ့ တခါးခေါက်သံတွေ၊ အော်ဟစ်ဆူပူသံတွေအကုန်လုံး တိတ်ဆိတ်ငြိမ်သက်သွားပြီ။ ဒီတော့ သက်ရှိဖြစ်နေတဲ့ ကြောင်ကို ကယ်တင်ဖို့ လူငယ်ဆုံးဖြတ်ချက် ချလိုက်တယ်။ ၀င်းထဲမှာ သွေးတွေစွန်းနေတဲ့ သံတုတ်တစ်ချောင်းကို သူတွေ့တယ်။ အဲဒီသံတုတ်နဲ့ပဲ အခန်းတံခါးကို သူဖျက်လိုက်တယ်။
အခန်းထဲမှာ သူ ဘာတွေ တွေ့လိုက်ရတယ်ထင်သလဲ။ ရေချိုးခန်းထဲမှာ မြေပုံတစ်ပုံ၊ ဧည့်ခန်းထဲမှာ မြေပုံတစ်ပုံ၊ ခွေးခြေကုလားထိုင်နဲ့ ပိတ်ထားတဲ့ တံခါးနောက်မှာ မည်းတူးနေတဲ့ မြေပုံနှစ်ပုံ တွေ့လိုက်ရတယ်။ အဲဒီ ဟနေတဲ့ တံခါးနောက်ကနေ ကြောင် ထွက်လာပုံရတယ်။ ကြောင်က နောက်ထပ် ဟလို့ရတဲ့ ပြူတင်းပေါက်တစ်ခုနေ နောက်ထပ် တံခါးတစ်ခုကို ခုန်ထွက်လာပုံပဲ။ အဲဒီတံခါးနောက်မှာတော့ လူသံတစ်သံကို လူငယ် ကြားလိုက်မိတယ်။

တံခါးကို ပိတ်ထားတဲ့ ကုလားထိုင်ကိုဖယ်ပြီး လူငယ် အခန်းထဲဝင်သွားတယ်။ အခန်းထဲမှာ အမှိုက်သရိုက်တွေ၊ ပုလင်းကွဲတွေ၊ မစင်တွေ၊ စက္ကူဖြဲစတွေ၊ ပြန့်ကျဲနေတဲ့ ပုလင်းခွံတွေနဲ့ ခေါင်းမပါတဲ့ ကြွက်တွေ တွေ့တယ်။ လူငယ်လိုပဲ ရဲရဲနီအောင်ခေါင်းပြောင်နေတဲ့ ကလေးမလေးတစ်ယောက်က ကုတင်ပေါ်မှာ လှဲနေတယ်။ ကလေးမက လူငယ့်ကို စိုက်ကြည့်နေတယ်။ ကြောင်က ကလေးမလှဲနေတဲ့ ခေါင်းအုံးဘေးစွန်းပေါ်မှာ ထိုင်နေပြီး လူငယ့်ကို ကြီးမားဝိုင်းစက်တဲ့ မျက်လုံးကြီးတွေနဲ့ မလှုပ်မယှက် စိုက်ကြည့်နေတယ်။

‎(ပြီးပါပြီ)
ညီသစ်

  1 comment:

  1.ိစိတ်ဝင်စားစရာပါဘဲ ဖတ်လို့ကောင်းတယ်။

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...