Saturday, June 25, 2011

မှန်တာပြောသစ္စာ ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေးဖိအား

၂၀၁၁ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက် ဆိုရင် မြန်မာ့ လွတ်လပ်ရေး သက်တမ်း ၆၃ နှစ် ရှိပါပြီ။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို လွတ်လပ်ရေး ဗိသုကာကြီးလို့ ခေါ်ဆိုကြတာဟာ မည်ကာမတ္တ မဟုတ်ပါဘူး။ ထိုက်ထိုက်တန်တန် ခေါ်ဆိုကြတာ ဖြစ်ပါတယ်။

ပြီးခဲ...့တဲ့ အပတ်က ' ဗိုလ်ချုပ်အောင်ဆန်း ဉာဏ်အသုံးရဆုံး ကာလ ' ခေါင်းစဉ်နဲ့ ကျွန်တော် ရေးခဲ့ရာမှာ ၁၉၄၅ မှ ၁၉၄၇ အကြား လွတ်လပ်ရေး လက်တစ်ကမ်း အချိန် ဗိုလ်ချုပ်ရဲ့ နိုင်ငံရေးဆောင်ရွက်မှုတွေကို ဘက်ပေါင်းစုံက ဝိုင်းဝန်း ထိုးနှက် တိုက်ခိုက်ခဲ့ကြတဲ့ အကြောင်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။


အထက်ဖော်ပြခဲ့တဲ့ ကာလ အပိုင်းအခြား အတွင်း ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံရေး မှတ်တိုင်ကြီး ၅တိုင်ကို စိုက်ထူ ခဲ့တယ်ဗျ။

၁။ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ (ဖဆပလ) ကို ပြည်သူလူထု တစ်ခဲနက် ထောက်ခံမှု ရရှိတဲ့ နိုင်ငံရေး တပ်ဦးကြီး အဖြစ်သို့ ရောက်အောင် ဦးဆောင်နိုင်ခဲ့ခြင်း။

၂။ အင်္ဂလိပ် ဘုရင်ခံက ဖိတ်ကြားပြီး အာဏာ အပ်နှင်းခံရတဲ့ အထိ လူထုတိုက်ပွဲ များကို ဦးဆောင် နိုင်ခဲ့ခြင်း။

၃။ အောင်ဆန်း အက်တလီ စာချုပ်ချုပ်ဆို၍ လွတ်လပ်ရေး အတွက် ပြင်ဆင်နိုင်ခဲ့ခြင်း။

၎။ သမိုင်းဝင် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်း။

၅။ ၁၉၄၇ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲ အတည်ပြုနိုင်ခဲ့ခြင်း။

လုံးဝလွတ်လပ်ရေးဘယ်လဲ

ပြီးခဲ့တဲ့ အပတ်က တင်ပြခဲ့တဲ့အထဲ ပါတဲ့ ကျွန်တော် ဖတ်လိုက်ရတဲ့ စာတမ်း လေးစောင်ထဲက 'လုံးဝ လွတ်လပ်ရေး မရသေးဟု ဦးအောင်ဆန်း ဝန်ခံပြီ' ခေါင်းစဉ်နဲ့ ရေးခဲ့တဲ့ အရေးတော်ပုံ သတင်းစာ (၂၊ ၂၊ ၁၉၄၇) ခေါင်းကြီး ဆောင်းပါးကို ကျွန်တော် လေ့လာ ကြည့်ပါတယ်။

အရေးတော်ပုံ သတင်းစာဟာ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ ခေါင်းဆောင်တဲ့ တို့ဗမာ အစည်းအရုံးရဲ့ အာဘော်သတင်းစာ ဖြစ်ပါတယ်။ သခင်ဗစိန်ဟာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ အတူ ဘိလပ်ကို ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် ပါသွားပြီး အောင်ဆန်း အက်တလီ စာချုပ်မှာ ပါဝင် လက်မှတ် မထိုးဘဲ ဦးစောနဲ့အတူ ကန့်ကွက်ခဲ့သူ ဖြစ်ပါတယ်။

အရေးတော်ပုံ သတင်းစာက ဗိုလ်ချုပ်တို့ မြန်မာပြည် ပြန်မလာမီ ၂၉ ဇန်နဝါရီ ၁၉၄၇ မှာ လန်ဒန်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောတဲ့ ဗိုလ်ချုပ်ရဲ့ စကားကို လိုရာဆွဲ ကောက်ယူပြီး ပြည်သူ လူထုရဲ့ ရန်တိုက်ပေးတာပါ။

ဗိုလ်ချုပ်အောင်ဆန်းက (၁) ရှင်းရှင်းနဲ့ ဗမာများကို ဖွင့်ပြောရမှာက စာချုပ်ထဲမှာ လွတ်လပ်ရေး မပါသေး၊ လွတ်လပ်ရေး မရရှိခဲ့သေး သို့သော် လွတ်လပ်ရေး အခြေခံလမ်းစဉ်ကိုတော့ ရခဲ့ပြီ။ (၂) အင်္ဂလိပ် အင်ပိုင်ယာထဲမှ ခွဲမလား၊ တွဲမလား ပြဿနာကို တိုင်းပြည်ပြု လွှတ်တော်ကသာ ဆုံးဖြတ်လိမ့်မယ် ကျုပ်ကိုယ်တိုင် မှာတော့ ပြောဖို့ရာ ဘာထင်မြင်ချက်မှ မရှိဘူး။ (၃) ဗမာများက အင်ပိုင်ယာထဲ နေသင့် မနေသင့်ကို အင်္ဂလိပ် ကောင်းရင် ကောင်းသလို ညှာတာစွာ ဆုံးဖြတ် ကြမှာပဲလို့ ပြောခဲ့တယ်။

အဲဒီလောက်ကို အခြေတည်ပြီး သခင်ဗစိန်တို့ရဲ့ အရေးတော်ပုံ သတင်းစာက "ဤ ဦးအောင်ဆန်း၏ စကားအရ ဗမာများ မျှော်လင့် နေကြသော လုံးဝ လွတ်လပ်ရေး မရခဲ့သေးကြောင်းမှာ ကောင်းကောင်းကြီး ထင်ရှား လှသည့်ပြင် အင်္ဂလိပ် အင်ပိုင်ယာထဲမှ ခွဲဖို့ တွဲဖို့ အတည်တကျ ဘာဝါဒမှ ဦးအောင်ဆန်းမှာ မရှိသေးကြောင်း ထင်ရှား နေလေပြီ။ ဦးအောင်ဆန်း လက်မှတ် ထိုးခဲ့သော စာချုပ်သည် ဆိုး၏။ ယခု ကမ္ဘာ့သတင်းစာ ဆရာများအား ပြောကြားလိုက်သော စကားများသည် သာ၍ ဆိုးနေလေပြီ " လို့ ခေါင်းကြီးပိုင်းက ရေးပြီး လူထုအမြင် ရှုပ်ထွေးအောင် ခလောက် ဆန်လိုက်တာပါ။

အာမခံချက်အပြည့်

တကယ်က အောင်ဆန်း အက်တလီ စာချုပ်ဟာ လွတ်လပ်ရေး အတွက် အာမခံချက် အပြည့်အဝ ရခဲ့တဲ့ စာချုပ်ပါပဲ။ ဗိုလ်ချုပ် အောင်ဆန်းက ၄ ဖေဖော်ဝါရီ ၁၉၄၇ ည ၇း၃၀ နာရီမှာ တိုင်းပြည်သို့ တိုက်ရိုက် အသံလွှင့် ရှင်းပြခဲ့တယ်။

"ဘိလပ် ပါလီမန်မှာ တင်တဲ့ ကိစ္စကို ဘာ စက္ကူဖြူ၊ ညာ စက္ကူဖြူ အစရှိသည် အားဖြင့် ခေါ်လေ့ခေါ်ထ ရှိတဲ့ အတိုင်း ခေါ်တာပဲ။ စက္ကူဖြူဆိုရုံနဲ့ စက္ကူဖြူချင်း မတူဘူးဆိုတာ သိကြရမယ်။ ကျုပ်တို့ မလိုချင်တာက ၁၉၄၅ ခု၊ စက္ကူဖြူ၊ ခု ကျုပ်တို့ ရတာကို ထည့်ပေး ရေးပြီးတဲ့ စက္ကူဖြူက ၁၉၄၇ ခု၊ စက္ကူဖြူ၊ ဒီစက္ကူဖြူဟာ အရင်စက္ကူနဲ့ အတော် ကွာခြားတယ်ဆိုတာ ရဲရဲကြီး ပြောရဲတယ်။ စက္ကူဖြူဆိုပြီး အဖျားဆွတ် ပြောတဲ့လူတွေဟာ အမှန်စင်စစ် တိုင်းပြည်ကို ကလေးများလို စော်ကားပြီး လှည့်စားနေတာပဲ ××××

အခုလည်းပဲ တိုင်းပြုပြည်ပြု လွှတ်တော်ကို ရအောင် လုပ်ခဲ့တယ်။ ကြားဖြတ် အစိုးရကိုလည်း အာဏာ ရအောင် လုပ်ခဲ့တယ်။ တောင်တန်းနယ်များကို ကျုပ်တို့လို တန်းတူ အခွင့်အရေး ပေးမယ်ဆိုတဲ့ မူကိုလည်း ရခဲ့တယ် ×××

ကျုပ်ရဲ့ ခေါင်းဆောင်မှုကို ယုံယုံကြည်ကြည်နဲ့ လိုက်ကြပါ။ 'တစ်နှစ်အတွင်း လွတ်လပ်ရေး ရစေ့မယ်' ရတဲ့ နေရာမှာလည်း အရမ်းမဲ့ အင်အား မကုန်စေရဘဲ အေးအေး ဆေးဆေး ဖြစ်နိုင်သမျှ ဖြစ်စေရမယ်။ ကျုပ်ဟာ ကျုပ် ကတိကို မပျက်ခဲ့ဘူး ဆိုတာ သိတယ် မဟုတ်လား"

ဗိုလ်ချုပ်အောင်ဆန်းဟာ အဲဒီအချိန်က သခင်ဗစိန်၊ ဂဠုန်ဦးစော၊ ဒေါက်တာ ဗမော်တို့လို ခေတ်ဟောင်း နိုင်ငံရေး သမားကြီးတွေနဲ့ သခင်စိုး၊ သခင်သန်းထွန်းတို့လို ခေတ်ပြိုင် နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ ညှပ်ပူးညှပ်ပိတ် ထိုးနှက် တိုက်ခိုက်မှုကို ရင်ဆိုင်နေခဲ့ရတယ်။ သည်ကြားထဲကပဲ လွတ်လပ်ရေး ပန်းတိုင်ကို မမှိတ်မသုံ လျှောက် လှမ်းသွားခဲ့တာပါ။

အက်တလီရဲ့မှတ်ချက်

သည်နေရာမှာ ဗြိတိသျှ ဝန်ကြီးချုပ် အက်တလီရဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိမှာ ရေးသားခဲ့တဲ့ စာပိုဒ်အချို့နဲ့ ယှဉ်ကြည့်သင့် ပါတယ်။ သည်အကြောင်းကို ၂၇ ဇွန်၊ ၂၀၀၇ နေ့ထုတ် ဝိကလီးအလဲဗင်း ဂျာနယ်မှာ ကျွန်တော် ရေးခဲ့ဖူးတယ်။ ကောက်နှုတ် ဖော်ပြရရင်-

"မြန်မာနိုင်ငံသည် ဂျပန်တို့၏ ကျူးကျော် သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး ကာလရှည်ကြာ ခက်ခက်ခဲခဲ ပြန်လည် တွန်းလှန်ပြီးမှ အောင်မြင်မှု ရရှိခဲ့သည်။ မြန်မာအချို့သည် ဂျပန်က လွတ်လပ်ရေး တကယ်ပေးလိမ့်မည်ဟု ယုံကြည်၍ ဂျပန်နှင့် ပူးပေါင်းခဲ့ပြီး ဒေါက်တာ ဗမော် ရုပ်သေး အစိုးရကို ထောက်ခံခဲ့ကြသည်။ သို့သော် သူတို့သည် မကြာမီ အမြင်မှန်ရခဲ့ကြပြီး အောင်ဆန်း၏ ဦးဆောင်မှု အောက်ရှိ လူငယ်များက တော်လှန်ရေး ဆင်နွှဲကြသည်။ ဗြိတိသျှ တပ်များနှင့် သူတို့ အဆက် အသွယ် ရခဲ့ကြသည်။ လော့ဒ် မောင့်ဘက်တန်၏ အမြောက်အမြင် ကြီးမားသော မူဝါဒ၏ ကျေးဇူးဖြင့် သူတို့ ပူးပေါင်း ဆောင်ရွက်ကြပြီး ကျူးကျော် သူများအား မောင်းထုတ်ခဲ့ကြသည်။

မြန်မာနိုင်ငံကို ပြန်ရပြီးနောက် အိန္ဒိယရှိ ဆာရယ်ဂျီနယ် ဒေါ်မန်စမစ် လက်အောက်ခံ (မြန်မာ) ပြည်ပြေး အစိုးရကို ပြန်လည် အသက်သွင်း ခဲ့ကြ၏။ ဆာဒေါ်မန်စမစ် ထံ၌ နိုင်ငံရေးသမား လက်ဟောင်းကြီး အချို့ ရှိနေသည်။ စစ်ကြီး မတိုင်မီက မြန်မာနိုင်ငံတွင် ရှိခဲ့ဖူးသော တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင် အုပ်ချုပ်ရေးမျိုးကို အချိန် မတိုင်မီ ပြန်လည် ဖော်ထုတ်ခဲ့ခြင်းမှာ ကျွန်ုပ်တို့၏ အမှားဖြစ်သည်။

ကင်းကွာနေကြသူများ

နိုင်ငံရေး လက်ဟောင်းကြီးများသည် မြန်မာနိုင်ငံ၌ ကြီးထွား လာနေသော အမျိုးသားရေး လှုပ်ရှားမှုကြီးနှင့် ကင်းကွာ နေကြ ချိန် တော်လှန်ရေး သမား လူငယ်များက စိတ်မရှည် နိုင်တော့ချေ။

နောက်ဆုံးတွင် ကျွန်ုပ်သည် မြန်မာများက ကောင်းစွာ နှစ်သက် လက်ခံသော မြန်မာနိုင်ငံ အကြောင်းလည်း ကောင်းကောင်း သိသူ ဆာဟူးဘတ်ရန့်စ်ကို ဘုရင်ခံ ခန့်လိုက်သည်။ ထို့နောက် မြန်မာနိုင်ငံမှ နိုင်ငံရေး ပါတီများ၏ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့တစ်ဖွဲ့ လန်ဒန်သို့လာပြီး မြန်မာ့နောင်ရေး ဆွေးနွေးကြရန် ဖိတ်ခေါ်လိုက်သည်။ သူတို့နှင့် ကျွန်ုပ်တို့ အချိန်ကြာမြင့်စွာ ဆွေးနွေးဖလှယ် ခဲ့ကြသည်။ သူတို့ထဲက အချို့သည် စစ်ကြီး မတိုင်မီက ခရစ်ပ်စ် (Chipps) နှင့် သိကျွမ်း ခဲ့ကြပြီး ဖြစ်၍ များစွာ အဆင်ပြေခဲ့သည်။ သို့သော် ကျွန်ုပ်တို့က မြန်မာပြည်သူများ၏ ရွေးချယ်မှုကို လက်ခံရန် အသင့်ရှိ သည်ဟု ပြောဆိုခြင်းကို ပထမတွင် သူတို့ မယုံကြည် နိုင်ကြဘဲ သံသယ ရှိနေခဲ့ကြသည်။

လုံးဝလွတ်လပ်ရေး ကတိကျွံ

ဖြစ်ချင်တော့ သူတို့သည် လုံးဝ လွတ်လပ်ရေး ရယူပြီး သမ္မတနိုင်ငံ ထူထောင်မည်ဟု သူတို့၏ နောက်လိုက်များထံ ကတိ ကျွံထား ခဲ့ကြလေပြီ။ သူတို့သည် ကျွန်မြူနစ် ပါတီကိုလည်း ရင်ဆိုင်နေကြရ၏။ ဆွေးနွေးပွဲများ ဆက်ပြုလုပ်နေရင်း သူတို့ ထဲက အချို့ (အထူးသဖြင့် သူတို့၏ခေါင်းဆောင် ခေါင်းမာသူတစ်ဦး ဖြစ်သော အောင်ဆန်း) သည် ဓနသဟာယထဲတွင် ဆက်နေသင့်သည်ဟု သဘောပေါက်စ ပြုလာသည်။ သမ္မတနိုင်ငံ ထူထောင်သော်လည်း အိန္ဒိယကဲ့သို့ပင် ဓနသဟာယ ထဲတွင် ဆက်နေနိုင်သည့် လမ်းကြောင်းကို သဘောကျ ကြသည်။

ကိုယ်စားလှယ် အဖွဲ့ဝင်များသည် အလွန်ငယ်ရွယ်ပြီး အတွေ့အကြုံ နုနယ်သူများ ဖြစ်ကြ၏။ လူနည်းစု ပါတီ တစ်ခု၏ ကိုယ်စားလှယ် ဖြစ်သူ ဦးစောကမူ သူတို့နှင့် မတူချေ။ သူ့ကို စစ်ကြီး မတိုင်မီက ကျွန်ုပ် တွေ့ခဲ့ဖူးသည်။ စစ်ကြီးအတွင်း သူ အင်္ဂလန်သို့ လာရောက်သည်။ သို့သော် ဦးစောသည်ဂျာမန်များနှင့်လစ္စဘွန်းတွင် အဆက်အသွယ် လုပ်ရန် ကြိုးစား ခဲ့ကြောင်း ပေါ်ပေါက်လာ၍ အကျယ်ချုပ်ဖြင့် ထားရှိခဲ့ရသည်။ သူသည် ပြုံးပြုံးလေးနှင့် ဆိုးမည့်သူဟု ကျွန်ုပ် ထင်မြင် ယူဆခဲ့သည်။

ကျွန်ုပ်နှင့် ဇနီးက အောင်ဆန်းတို့ တစ်ဖွဲ့လုံးကို နေ့လယ်စာဖြင့် ဧည့်ခံခဲ့ရာ ကျွန်ုပ်၏ ဇနီးသည် လူသတ်သမား ဖြစ်မည့် သူနှင့် သူ၏ သားကောင် ဖြစ်မည့် သူများအား ဧည့်ခံ ကျွေးမွေးနေခြင်း ပါတကားဟု စိုးစဉ်းမျှ တွေးမိမည် မဟုတ်ချေ။

သူတို့ မြန်မာပြည် ပြန်သွားကြပြီး များမကြာမီ အောင်ဆန်းနှင့် သူ့လုပ်ဖော် ကိုင်ဖက် ဝန်ကြီးများသည် ဦးစော၏ သတ်ဖြတ်ခြင်း ခံကြရသည်။ ဘုရင်ခံ၏ လက်မြန် ခြေမြန် အရေးယူ မှုကြောင့် ဦးစော၏ အကြံ မအောင်မြင်ခဲ့ချေ။ သခင်နု သည် ဝန်ကြီးချုပ် ဖြစ်လာပြီး ဦးစောသည် တရားဥပဒေ ရှေ့မှောက်သို့ ရောက်သွားခဲ့၏။ သို့သော် မြန်မာနိုင်ငံ ထိုးနှက်ခံခဲ့ရ သည်မှာကား ပြင်းထန်လှသည်။

သို့သော် မြန်မာတို့က လုံးဝ လွတ်လပ်ရေး ယူရန် ဆုံးဖြတ်ခဲ့ကြသည်။ ကျွန်ုပ်တို့၏ အခြေခံမူများ နှင့်အညီ ကျွန်ုပ်တို့ အနေဖြင့် သူတို့၏ တောင်းဆိုချက်ကို ခွင့်ပြုရန်မှ တစ်ပါး အခြား မရှိချေ။

ထိုအချိန်ကစ၍ မြန်မာအစိုးရသည် ကွန်မြူနစ်များနှင့် အခြား အဖွဲ့များ၏ သူပုန်ထမှုများနှင့် ရင်ဆိုင်ခဲ့ကြ ရပါတော့သည်။ ("As It Happened" By Clement Richard Attlee, 1883-1967, Odhams Press Limited London)

နိုင်ငံရေးဖိအားများကြောင့်

မစ္စတာ အက်တလီရဲ့ စာထဲမှာ ပါရှိတဲ့ ဓနုသဟာယထဲမှာ လွတ်လပ်တဲ့ မြန်မာနိုင်ငံ ဆက်နေဖို့ မနေဖို့ အဆုံး အဖြတ် ပြုခဲ့ကြတဲ့ ကိစ္စဟာ အလွန် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းဟာ မစ္စတာ အက်တလီ ရေးပေးတဲ့ အတိုင်းပဲ ဓနသဟာယထဲမှာ မြန်မာနိုင်ငံ ဆက်နေ သင့်တယ် ဆိုတာ သဘော ပေါက်ခဲ့တယ်လို့ အခြား အထောက်အထား များ အရလည်း သိရတယ်။ သို့ပေမယ့် အက်တလီ သုံးသပ်တဲ့ အတိုင်း "သူတို့သည် လုံးဝ လွတ်လပ်ရေး ရယူပြီး သမ္မတ နိုင်ငံ ထူထောင်မည်ဟု သူတို့၏ နောက်လိုက်များထံ ကတိကျွံ ထားခဲ့ကြလေပြီ"

ဗိုလ်ချုပ်ကို "ကိုယ်တပ်ကိုယ် ပြန်နင်းတဲ့ အောင်ဆန်း" လို့တောင် စွပ်စွဲ ရေးသား နေကြချိန်မှာ လုံးဝ လွတ်လပ်ရေးကိုပဲ ဗိုလ်ချုပ် ပါဝင် ခေါင်းညိတ် ခဲ့ရခြင်းဟာ ပြည်သူ တစ်ရပ်လုံးရဲ့ ပြင်းပြတဲ့ ဆန္ဒကြောင့် ဆိုတာထက် လက်ဝဲ လက်ယာ နိုင်ငံရေး ဖိအား တွေကြောင့် ဖြစ်လိမ့်မယ်လို့ ထင်မြင်မိ ကြောင်းပါဗျာ။

မောင်ဝံသ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...