လောကကိုစာင့်ရှောက်သောတရား တရားကိုစာင့်ရှောက်သောပြည်သူ
by cherrymyodaw on Monday, June 27, 2011 at 11:14pm
(၂၀၁၁ခုနှစ် ဇွန်လ (၉)ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြထားတဲ့ အယ်ဒီတာ့ အာဘော် ဖြစ်ပါတယ်။)
တရားမျှတသော လွတ်လပ်ခြင်းနှင့် မသွေ၊ တို့ပြေ တို့မြေ ဟူသည်မှာ တိှု့ဗမာ အစည်းအရုံး စတင် ထူထောင်စဉ်က တို့ဗမာ သီချင်း၏ အစပိုဒ် ဖြစ်သည်။ ခုတော့ နိုင်ငံတော် သီချင်း ဖြစ်လာပြီ။ တရား မျှတခြင်း၊ လွတ်လပ်ခြင်းသည် လူသားတိုင်း၏ ဘဝမှာ အလိုချင်ဆုံး အတောင့်တဆုံး အရာ ဖြစ်ပါသည်။ တရားမမျှတခြင်း၊ ချုပ်ချယ်ခြင်းသည် လူတို့ အမုန်းတီးဆုံး မလိုချင်ဆုံး အရာ ဖြစ်ပါလိမ့်မည်။
ထိုတရားမျှတခြင်း၊ လွတ်လပ်ခြင်းကို လူတို့ ဘယ်လို ရယူနိုင်ပါမည်လဲ။
ထိုတရားမမျှတခြင်း၊ ချုပ်ချယ်ခြင်းကို ဘယ်လို တွန်းလှန်နိုင်ပါမည်လဲ။
ဥစ္စာရင်လို၊ ဥစ္စာရင်ခဲတဲ့။
ကိုယ်လိုချင်တာကို ကိုယ့်ဘာသာပဲ ရအောင် ယူရမည် ဟူသည်မှာ လောက၏ ဥပဒေသ။
မတရား မမျှတမှု ဆိုသည်ကို အနည်းငယ် ဆန်းစစ် ကြည့်ချင်ပါသည်။
တရားဥပဒေနှင့် ပတ်သက်၍ စကားတစ်ခု ရှိသည်။
'အပြစ်ရှိသူ တစ်ရာ လွတ်သွားလျှင် ရှိစေ၊
အပြစ်မရှိသူ တစ်ဦး တစ်ယောက်ကိုမှ မှားယွင်း အပြစ်မပေးမိစေရ' ဟူ၏။
အပြစ်ရှိသည်ဟု မသေချာလျှင်၊ သို့မဟုတ် အပြစ် ကျူးလွန်ကြောင်း အပြည့်အဝ ခိုင်လုံမှု မရှိလျှင်၊ သို့မဟုတ် အပြစ်ကျူး လွန်တာ ဟုတ်ပါမည်လား ဟူ၍ အနည်းငယ်မျှ သံသယ ရှိသည်ဆိုလျှင် ထိုသံသယ အကျိုးကို တရားခံက ခံစားရသည်။ မသေချာဘဲနှင့် အပြစ်ပေးလို့ မရ။
ဒါက အတော်ပင် အရေးကြီးသည့်မူ ဖြစ်သည်။
ဒါက လောကကို စောင့်ရှောက်သော တရားဖြစ်သည်။
ဒီရွာက ရွာသားတစ်ဦး သူပုန်နှင့် ဆက်သွယ်သည်ဟု သတင်းရသည်နှင့် တစ်ရွာလုံး၊ ကလေး လူကြီး ယောက်ျား မိန်းမ မကျန် အားလုံး နှိပ်စက် သတ်ဖြတ်ကာ ရွာကို မီးရှို့သည့် အဖြစ် အပျက်မျိုးတွေ ကြားဖူးခဲ့ကြပြီ။
အပြစ်ရှိသူ တစ်ယောက် လွတ်မသွားလျှင် တော်ပြီ၊ ကျန်သူတွေ ဘာပဲဖြစ်ဖြစ်၊ အပြစ်မရှိသူ တစ်ရာ ထိခိုက်သွားလည်း အရေးမကြီး၊ ဟူသော သဘော။ ဒါကိုပဲ ဖက်ဆစ်ဝါဒဟု အမည်တပ်ခဲ့ကြသည်။ ထို့ကြောင့် ဂျပန်ခေတ် ကာလမှာ အမှုတစ်ခု ဖြစ်လျှင် အမှုမှန် ပေါ်ပေါက်ရေး အတွက်ဟု ဆိုကာ လူအများအပြားကို ဖမ်း၏။ အချုပ်ထဲ ထည့်၍ နှိပ်စက် ညှဉ်းပန်း၏။ လူပုံအလယ်မှာ သတ်၏။ နေပူလှမ်း၏။ ကျူးလွန်သည့် အပြစ်နှင့် စီရင်သည့် အပြစ်ဒဏ် မမျှမတ ပေးချင်သလို ပေး၏။
တရားဥပဒေ အရ တရားမျှတစွာ စစ်ဆေးစီရင် အပြစ်ပေးသော စနစ် မဖြစ်လျှင် အရိုင်းအစိုင်းနည်း၊ အရိုင်းအစိုင်း စနစ်၊ ဖက်ဆစ်နည်း ဖက်ဆစ်စနစ်ပဲ ဖြစ်မည်။
စီးပွားရေးတွင်လည်း ထိုနည်း နှင်နှင်ပင် ဖြစ်သည်။ တန်းတူညီမျှစွာ ယှဉ်ပြိုင်နိုင်ကြဖို့ လိုသည်။ နီးစပ်ရာ အုပ်စုဖွဲ့ အခွင့် အရေးယူ စီးပွားရေး လုပ်နေခြင်းက မတရား မမျှတသော စီးပွားရေး ယှဉ်ပြိုင်မှုပဲ ဖြစ်မည်။
အမှန်က 'မည်သူ တစ်ဦး တစ်ယောက်မျှ မတရားသဖြင့် ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရ' ဆိုသည်က လူ့အဖွဲ့ အစည်းတွင်းမှာ လူတိုင်း စောင့်ရှောက်ရမည့် တရားဖြစ်သည်။ မိမိကြောင့်လည်း မဖြစ်စေရ၊ အခြား တစ်စုံတစ်ဦးကြောင့် ဖြစ်မည် ဆိုလျှင်လည်း သိသူတိုင်းက ဝိုင်းဝန်း ကာကွယ် စောင့်ရှောက်ရမည့် တရားဖြစ်၏။ လူတိုင်းလူတိုင်း ထိုအသိတရားဖြင့် မတရား မမျှတမှုကို ကာကွယ်ရမည်၊ တရားမျှတခြင်းကို ထိန်းသိမ်း စောင့်ရှောက်ကြရမည်။ ဒါမှသာ မိမိကိုယ်တိုင် အပါအဝင် လောကကြီး ငြိမ်းချမ်းမှာ ဖြစ်သည်။ မတရား မမျှတမှုကို သိနေ၊ မြင်နေပါလျက်နှင့် မသိကျိုးကျွန် ပြုနေလျှင်၊ မိမိနှင့် မဆိုင်သလို နေလျှင်၊ နောက်တစ်ကြိမ်တွင် ထိုမတရား မမျှတမှုက ကိုယ့်အလှည့် ဖြစ်လာလိမ့်မည်။
ထို့ကြောင့် မိမိ သိရှိနေသော၊ မြင်တွေ့နေသော တရား မမျှတမှုများကို တတ်နိုင်သမျှ၊ အင်အား ရှိသမျှ ကာယကံမြောက် ဖြစ်စေ၊ ပါဝင် တားဆီး ကာကွယ်ရမည်။ မတတ်နိုင်ပါက 'ဒါဟာ တရားမမျှတမှုပဲ' ဟူ၍ ထုတ်ဖော် ပြောဆိုခြင်းဖြင့် ပါဝင်ရမည်။ အနိမ့်ဆုံးအားဖြင့် မိမိ၏ စိတ်နှလုံးက 'ဒါဟာ တရားမမျှတမှုပဲ' ဟူ၍ နှလုံးသွင်းနေရမည်။
သည်အမှုကို ငါသဘောမတူ 'နမေတံ ခမတိ' ဟူ၏။ ဒါက ဗုဒ္ဓ မြတ်စွာဘုရား၏ တရား ဖြစ်သည်။ မတရားမှု မမှန်ကန်မှုကို အတင်းအကျပ် ပြုလုပ်လာသည့် အခါ မည်သို့မှ မရှောင်လွှဲနိုင်သည့် အခါမျိုးတွင် အနိမ့်ဆုံးအားဖြင့် မိမိ၏ စိတ်အတွင်းမှ ငြင်းဆန် ကန့်ကွက်ရမည်။ စိတ်ထဲတွင် နမေတံ ခမတိကို တဖွဖွ ရေရွတ်ရင်း ဆန့်ကျင်ရမည် ဟူ၏။
မိမိ မတတ်နိုင်သည့် အနေအထား ဖြစ်သောကြောင့် မတရားမှုကို တရားသယောင် လျှော့ပေါ့ ကာကွယ်၍ မိမိစိတ်ကို လိမ်ညာဖုံးကွယ် ပေးနေလျှင် ထိုမတရားမှုက မိမိထံသို့ မကြာမီ ရောက်လာတော့မည်။
လူ၏ ပင်ကိုယ်စိတ်မှာ တရားမျှတမှုကို လိုလား၏။ အမှန်တရားကို ချစ်မြတ်နိုး၏။ မဟုတ် မတရားတာကို မခံချင်စိတ် ရှိကြ၏။ မတရားမှုကို တွန်းလှန်လိုစိတ် ရှိ၏။ ဒါက လူပီသသော စိတ်ပဲ ဖြစ်သည် မဟုတ်ပါလား။
သည်တော့၊ မိမိ ပတ်ဝန်းကျင်၏ တရားမျှတမှု မှန်ကန်မှုတို့ အတွက် ပြည်သူ အားလုံးတွင် တာဝန် ရှိနေသည်။
တကယ်တော့ သည်တရားက လောကကို စောင့်ရှောက်သော တရား ဖြစ်သောကြောင့် လူတိုင်း လူတိုင်းက လိုက်နာရမည့် တရား ဖြစ်သည်။ မတရားမှုများ ဖြစ်ပေါ်လာလျှင် ပြည်သူလူထုက လက်မခံကြောင်း ကာယကံ၊ ဝစီကံ၊ မနောကံတို့ အားဖြင့် ဖော်ထုတ် ပြသခြင်းဖြင့် တရားကို ဝိုင်းဝန်း စောင့်ရှောက်ကြရန် လိုသည်။
ထိုအထဲတွင် အာဏာရှိသူ၊ လုပ်ပိုင်ခွင့် ရှိသူများ၊ ဩဇာကြီးသူများ အနေဖြင့်မူ ပို၍ကြီးသော လေးနက်မှုဖြင့် လိုက်နာရမည့် တရားဖြစ်သည်။ တန်ခိုးအာဏာ ဩဇာကြီးသူများ အတွက် အရေးကြီးဆုံး အခြေခံမူက 'မိမိကြောင့် မည်သူ တစ်ဦး တစ်ယောက်မျှ မတရား သဖြင့် ထိခိုက်နစ်နာ ဆုံးရှုံး ပျက်စီးမှု မဖြစ်စေရ' ဟူသောမူ ဖြစ်သည်။ မင်းကျင့်တရား ဆယ်ပါးပါ အဝိဟိံသ - နှိပ်စက် ညှဉ်းပန်းမှု မပြုခြင်းနှင့် အဝိရောဓန - ပြည်သူတို့နှင့် မဆန့်ကျင်ခြင်း ဆိုတာလည်း ဒါပဲဖြစ်သည်။ ပြည်သူ လူထု၏ အစိုးရ အဖြစ် တာဝန်ယူသူများ အနေဖြင့်မူ တရားမျှတမှုကို အသက်နှင့်လဲ၍ ကာကွယ် စောင့်ရှောက်ဖို့ တာဝန် ရှိသည်။ ထိုတာဝန်ကို ပျက်ကွက်လျှင် ပြည်သူလူထုအား အုပ်ချုပ်သော အစိုးရ မဖြစ်ထိုက်ဟု ထင်မြင် ယူဆမိပါသည်။
(ပြည်သူ့ခေတ်အယ်ဒီတာ)
၃၁ မေ ၂၀၁၁

0 comments:
Post a Comment