Wednesday, June 29, 2011

တာဝန်ကျေစေချင်ပါသည်

စားသုံးသူတွေဟာ၊ အရေးပါအရာရောက်တယ်။ ကိုယ့်ရဲ့အလုပ်အကိုင်တည်မြဲဖို့၊ ပုံမှန်ဝင်ငွေရရှိရေးအတွက် ကျေးဇူးရှင်တွေ ဖြစ်တယ်ဆိုတဲ့အကြောင်းကို၊ ကျွန်တော်တို့တတွေ အနှစ်(၂၀)လောက် ပြောဆိုဆွေးနွေးခဲ့ကြပေမယ့်၊ သိပ်ပြီးအရာမရောက်လှပါဘူး။
တစ်နေ့ကပဲ၊ ကုမ္ပဏီတွေရဲ့၊ လူမှုရေးတာဝန်ကျေပြွန်မှု (Corporate Social Responsibility) နဲ့ ပတ်သက်လို့ တနေကုန်ကျင်းပတဲ့၊ ဆွေးနွေးပွဲတစ်ခုကို တက်ရောက်ခဲ့ပါတယ်။ ပြည်တွင်းက ပညာရှင်တစ်ယောက်နဲ့၊ မလေးရှား၊ စင်္ကာပူ စတဲ့ နိုင်ငံတွေက ပညာရှင်တွေ ၀ိုင်းဝန်းဆွေးနွေးခဲ့ကြတာပါ။ သူတို့တတွေက၊ ကျွန်တော်တို့ရှေ့ရောက်၊ အတွေ့အကြေုံတွေ ရသင့်သလောက်ရထားကြတဲ့ နိုင်ငံတွေဖြစ်လို့၊ သူတို့ဆီက အတုယူစရာတွေ အများကြီးရှိပေမယ့်၊ ကိုယ့်အခြေအနေနဲ့ကိုယ် လုပ်စရာတွေကလဲ အများကြီးပါ။


ကုမ္ပဏီတွေရဲ့ လူမှုရေးတာဝန်ကျေပြွန်မှု (CSR)ဆိုတာကို အသုံးချပြီး၊ မိမိတို့ရဲ့ မသမာမှုတွေကို ဖုံးကွယ်ဖို့ လုပ်လာကြတယ်ဆိုတဲ့ စွဲချက်တွေ၊ အနောက်နိုင်ငံတွေမှာ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကြောင့်၊ လူမှုရေးတာဝန်ကျေပြွန်မှုလွန် လုပ်ငန်းများဆိုတဲ့ အသုံးအနှုန်းတောင် ပေါ်ပေါက်လာတာမို့၊ ကျွန်တော်က၊ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ အားတက်သရော မရှိလှပါဘူး။ ဒါပေမယ့်၊ ဂျီနီဗာမှာလုပ်ခဲ့တဲ့ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်ရဲ့ အစည်းအဝေးမှာ၊ မြန်မာအလုပ်ရှင်ကိုယ်စားလှယ်က၊ လူမှုရေးတာဝန်ကျေပြွန်အောင် ဆောင်ရွက်သွားမယ်လို့ နိုင်ငံတကာအလယ်မှာ၊ ကတိက၀တ်ပြုခဲ့လေတာ့၊ ဒီကိစ္စဟာ၊ အလေးထားဆောင်ရွက်စရာ ကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဆွေးနွေးကြတာတွေထဲက၊ ကုမ္ပဏီတွေရဲ့ လူမှုရေးတာဝန် ဘယ်လောက်ကျေသလဲဆိုတာ၊ ကုမ္ပဏီတစ်ခုရဲ့ ဂုဏ်သတင်း၊ ကျော်ကြားမှု၊ ကောင်းမွန်မှုနဲ့ပဲ ပတ်သက်တာမဟုတ်။ နိုင်ငံရဲ့ဂုဏ်သတင်း ကျော်ကြားကောင်းမွန်မှုနဲ့လဲ ပတ်သက်တယ်ဆိုတော့ ပြည်ပပို့ကုန်တွေနဲ့ပတ်သက်လို့၊
ပြောစရာဆိုစရာတွေ ဖြစ်လာတဲ့အခါ၊ ဘယ်ကုမ္ပဏီလို့ အပြောခံရတာထက်၊ ဘယ်နိုင်ငံကလို့ အပြောခံရမယ့်အရေးကို စိုးရိမ်မကင်းဖြစ်မိပါတယ်။ လက်ညှိုးမကောင်း လက်ညှိုး၊ လက်မမကောင်း လက်မမဟုတ်ပဲ၊ ငါးခုံးမတကောင်ကြောင့် တလှေလုံး ပုပ်ရမယ့် အဖြစ်မျိုးပါ။
နိုင်ငံတကာပညာရှင်တွေက၊ ကုမ္ပဏီတွေ လူမှုရေးတာဝန်တွေ ကျေပြွန်ကြရင်၊ ရမယ့်စီးပွားရေး၊ လူမှုရေးအကျိုးကျေးဇူးတွေကို၊ အကျယ်တ၀င့်ပြောပြရှင်းလင်းသွားကြပါတယ်။ ကျွန်တော်တို့အနေနဲ့ပြောရရင်၊ လူမှုရေးတာဝန်တွေ ကျေပြွန်လို့၊ ရေရှည်မှာ လူမှုရေး-စီးပွားရေး အကျိုးကျေးဇူးတွေရရှိမယ်လို့ လုပ်ငန်းအတော်များများ အနေနဲ့ ရှုမြင်ထားခြင်း မရှိသေးပါဘူး။ ရေတိုမှာ ထိခိုက်နစ်နာဆုံးရှုံးမှာတွေက၊ ရေတိုရေရှည်ရရှိမယ့် အကျိုးကျေးဇူးတွေထက်၊ ကြီးမားနိုင်တယ်လို့ တွက်ဆနေဆဲပဲရှိပါသေးတယ်။ တကယ်သာ၊ ရေရှည်မှာ အကျိုးရှိနိုင်တယ်လို့ တွက်ဆယုံကြည်ထားမယ်၊ အကျိုးရှိနိုင်တယ်ဆိုရင်၊ သေချာပေါက် ကျင့်သုံးဆောင်ရွက်ကြမှာ အမှန်ပါပဲ။

ကျွန်တော်တို့ဆီမှာ လက်ရှိအနေအထားက၊ ၀ယ်သူ့ဈေးကွက်မဟုတ်၊ ရောင်းသူ့ဈေးကွက်ဖြစ်နေတယ်။ ဒါကြောင့် စားသုံးသူတွေက ၀ယ်ယူကြလို့ ဒို့လုပ်ငန်းတွေ ထုတ်လုပ်နေနိုင်ကြ၊ ရောင်းဝယ်နေနိုင်ကြတယ်လို့ မမြင်ကြသေးပဲ၊ ဒို့ရောင်းပေးနေလို့ (၀ယ်ချင်တာကို၊ လျှောက်ထားပါဆိုတာမျိုး)၊ သူတို့စားနေကြ၊ သုံးနေကြရတယ်၊ ဒို့သာ ရောင်းမပေး၊ ၀န်ဆောင်မပေးရင်၊ သူတို့စားကြရ၊ ၀ယ်ကြရ၊ သုံးကြရမှာ မဟုတ်ဘူးဆိုတဲ့၊ “ငါသာလျှင် အရှင်သခင်”  စိတ်ဓာတ်က လွှမ်းမိုးနေတယ်လေ။ ၀ယ်သူ့ဈေးကွက်သာဆိုရင်၊ အပြိုင်အဆိုင်ရောင်းချတော့မယ်ဆိ
ုရင်၊ ကိုယ့်ဆီကို၊ စားသုံးသူတွေလာဝယ်မှသာ ရောင်းရမယ်၊ ၀န်ဆောင်မှုတွေ ပေးရမယ်၊ ကိုယ့်လုပ်ငန်းတွေ ရေရှည်ရပ်တည်နိုင်မယ်ဆိုတာ မြင်လာမှာပါ။ အခုအထိတော့၊ ကိုယ့်လုပ်နေတာတွေကပဲ မှန်သယောင်နဲ့ ရေတိုအကျိုးစီးပွားတွေ ရနေနိုင်သေးတာကိုး။

လူမှုရေးတာဝန်ထမ်းဆောင်ကြရာမှာ၊ အမြတ်သာမက၊ လူ့အဖွဲ့အစည်းထဲက၊ စားသုံးသူတွေ၊ ၀န်ထမ်းတွေရဲ့ အကျိုးစီးပွား၊ ကိုယ်မှီခိုနေထိုင်ရာ ကမ္ဘာမြေကြီးရဲ့ အကျိုးစီးပွားတွေကိုပါ၊ ထည့်တွက်ဖို့ ပြောလာကြတာပါ။
ဝန်ထမ်းတွေရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်လို့၊ မိသားစုပိုင် ကုမ္ပဏီတွေက၊ ၀န်ထမ်းတွေကို မိသားစုဝင်တွေလို သဘောထားတယ်ဆိုတဲ့အကြောင်း၊ မကြာခန ပြောတတ်ကြပါတယ်၊ ၀န်ထမ်းတွေကို မိသားစုဝင်တွေလို သဘောထားစရာမလိုပါဘူး။ ၀န်ထမ်းလိုပဲ သဘောထားရင် လုံလောက်ပါတယ်။ “ကိုယ့်ဝန်ထမ်းတွေကို ကိုယ်ကဂရုတစိုက်လုပ်ရင်၊ ၀န်ထမ်းတွေက ကိုယ့်လုပ်ငန်းတွေကို၊ ဂရုတစိုက် လုပ်သွားကြလိမ့်မယ်” ဆိုတဲ့ စကားရှိပြီးသားပါ။ ၀န်ထမ်းတွေဟာ၊ ကိုယ့်လုပ်ငန်းရဲ့ ၀န်ထမ်းဖြစ်ပါတယ်။ ကိုယ့်မိသားစုရဲ့၊ ကိုယ်ပိုင်ဝန်ထမ်းမဟုတ်ပါဘူး။ ကိုယ့်လုပ်ငန်းဝန်ထမ်းကို၊ ကိုယ့်မိသားစုဝန်ထမ်းလို သဘောထားတတ်ကြတော့၊ မိသားစုဝင်အခွင့်အရေးမပေးပဲ၊ ကိုယ်ခိုင်းချင်သလိုခိုင်းလို့ရ
နေတဲ့ အဓိပ္ပာယ်ဖြစ်နေတယ်။

မြန်မာ့ဘာသာရေးနဲ့ ယဉ်ကျေးမှုမှာ၊ အလုပ်ရှင်ကျင့်ဝတ်၊ အလုပ်သမားကျင့်ဝတ်တွေ၊ သတ်သတ်မှတ်မှတ်ရှိထားပေမယ့်၊ တကယ့်လက်တွေ့မှာတော့၊ ဥပေက္ခာပြုထားကြတာများလေတော့၊ မွန်မြတ်တဲ့ ဘာသာရေးကို၊ တရားတော်တွေကို၊ တရားသဖြင့်သာ အသုံးချပြီး၊ မတရားတဲ့ကိစ္စတွေအတွက် အသုံးမချစေချင်ပါဘူး။
နိုင်ငံ့စီးပွားတိုးတက်ရင်၊ တိုးတက်တာနဲ့အမျှ၊ စီးပွားရေးလုပ်ငန်းတွေလည်း တိုးတက်လာမယ်။ အပြန်အလှန်အားဖြင့် စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာရင်လဲ၊ နိုင်ငံ့စီးပွား တိုးတက်စေရပါမယ်။ နိုင်ငံနဲ့လုပ်ငန်း၊ စီးပွားရေးတိုးတက်မှုဟာ၊ အပြန်အလှန် အကျိုးပြုရပါမယ်။ နိုင်ငံက တိုးတက်ပေမယ့်၊ လုပ်ငန်းတွေပါမလာတာမျိုး၊ လုပ်ငန်းတွေပဲ တိုးတက်ပြီး၊ ၀န်ထမ်းတွေ၊ အလုပ်သမားတွေ၊ ပြည်သူတွေနဲ့ နိုင်ငံ မတိုးတက်ပဲ ကျန်ခဲ့တာမျိုး၊ ရေရှည်မှာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်ပဲ အခုလို ထပ်တလဲလဲ၊ လူမှုရေးတာဝန်ကျေပြွန်မှုဆိုတဲ့၊ အကျိုးအမြတ်ပေါင်းစုံ၊ လူ့အဖွဲ့အစည်းကြီးတခုလုံးရစေဖို့ ပြောနေကြရတာပါ။

စီးပွားရေးလုပ်ငန်းတွေဟာ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်တဲ့ လုပ်ငန်းတွေလို့ အမြင်ခံရတဲ့အခါ၊ ကောင်းရာကောင်းကြောင်းတွေ၊ အများအကျိုးတွေ လုပ်ကိုင်ဆောင်ရွက်ပြောဆိုနေတာတွေကို တောင်မှ၊ မယုံသင်္ကာဖြစ်လာတတ်ပါတယ်။ အထူးသဖြင့်၊ အရေးအကြောင်းကြုံတဲ့အခါ၊ အများအကျိုးအတွက် ပြောဆိုတာကိုတောင်မှ၊ အယုံအကြည်မရှိတတ်ကြပါဘူး။ တလောက ဖတ်လိုက်ရတဲ့ စစ်တမ်းတခုမှာ၊ အမေရိကန်နိုင်ငံက နိုင်ငံရေးသများတွေ၊ စီးပွားရေးသမားတွေ ပြောကြဆိုကြတာတွေကို၊ လူထုက အယုံအကြည်မရှိကြဘူးတဲ့။ စီးပွားရေးအကြပ်အတည်းတွေဖြစ်လာတဲ့အခါ၊ ကြိုပြီး မသိရ၊ ပြောရကောင်းလားလို့၊ စီးပွားရေးပညာရှင်အားလုံးကို သိမ်းကျုံး၊ အပြစ်တင်စရာ ဖြစ်လာခဲ့ပါသေးတယ်။
တခါတလေမှာတော့၊ စီးပွားရေးလုပ်ငန်းဆိုတာ၊ ခေါင်းပုံဖြတ် အမြတ်ကြီးစားလုပ်ငန်းတွေ ဖြစ်တယ်ဆိုတဲ့ အမြင်ဟောင်းပဲရှိပြီး၊ လူတွေလိုအပ်နေတဲ့ ကုန်စည်နဲ့ ၀န်ဆောင်မှုတွေကို၊ လိုချင်တဲ့အချိန်၊ လိုချင်တဲ့နေရာ၊ လိုချင်တဲ့သူဆီကို၊ စရိတ်သက်သက်သာသာနဲ့၊ ထိထိရောက်ရောက် ပို့ပေးနိုင်တဲ့ လုပ်ငန်းတွေဖြစ်တယ်ဆိုတဲ့ ရှုထောင့်သစ်က မမြင်နိုင်၊ မတွေ့နိုင်ကြသေးတာ တွေလဲ ရှိပါတယ်။
ဟုတ်ပါတယ်။ ကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းတွေရဲ့ လူမှုရေးတာဝန်ကျေပြွန်မှုဆိုတာ၊ စီးပွားရေးနယ်ပယ်နဲ့သာမက၊ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးနဲ့လဲ ပတ်သက်နေပါတယ်။ စီးပွားရေးလုပ်ငန်းတွေက ခြေလွန်လက်လွန်တွေ မလုပ်မိစေဖို့၊ ၀န်ထမ်းတွေ၊ စားသုံးသူတွေနဲ့၊ လူ့အဖွဲ့အစည်းကို ကာကွယ်စောင့်ရှောက်တဲ့ စိတ်ဓါတ်တွေ ပွားများလာစေဖို့ အသိပညာတွေ ပေးကြ၊ စံနမူနာတွေပြကြ၊ ၀ိုင်းဝန်းတိုက်တွန်းအားပေးကြရပါမယ်။

နောက်တဘက်ကလဲ၊ ကျွန်တော်တို့တတွေဟာ၊ စားသုံးသူတွေ၊ ၀န်ထမ်းတွေအနေနဲ့၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်မှုတွေ၊ ထိုက်တန်တဲ့ တောင်းဆိုမှုတွေ ပြုလုပ်ဖို့၊ တာဝန်တွေရှိနေပါသေးတယ်။ အခွင့်အရေးဆိုတာက ပေးတဲ့သူနဲ့ပဲ သက်ဆိုင်တာမဟုတ်၊ ရယူတောင်းဆိုသူတွေနဲ့လဲ သက်ဆိုင်ပါတယ်။
လူမှုရေးတာဝန်ကျေပြွန်မှုတွေကို ပြောကြရာမှာ၊ သူများဘယ်လောက်ကျေနေလဲလို့ ကြည့်မြင်ရုံနဲ့ မပြီး။ ကိုယ်ကရော ဘယ်လောက်တာဝန်တွေ ပျက်ကွက်နေသလဲ၊ ဒါမှမဟုတ် ဘယ်လောက်တောင် တာဝန်ကျေခဲ့ပြီလဲ၊ ဘယ်လောက်တောင် ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လိုအပ်နေသလဲဆိုတာတွေကိုလဲ၊ ကိုယ့်ဖါသာကိုယ် ပြန်လှန်သုံးသပ်ဆန်းစစ်ဖို့ လိုမယ်လို့ တွေးမြင်မိပါတယ်။

ခင်မောင်ညို(ဘောဂဗေဒ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...