Monday, June 27, 2011

"အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း၏ မှာတမ်း"


ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ဖန်တီးတည်ထောင်သည့် ဗိသုကာလည်းဖြစ်၊ လွတ်လပ်ရေးတိုက်ပွဲကို ဦးဆောင်သူလည်းဖြစ်၊ နယ်ချဲ့ဆန့်ကျင်ရေး သူရဲကောင်းကြီးလည်း ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခု၊ ဇူလိုင် ၁၉ ရက်နေ့ တွင် ကျဆုံးသွားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးတိုက်ပွဲ၏ လမ်းခုလတ်၌ ကျဆုံးရစဉ်အခိုက်အတန့်တွင် အသက် ( ၃၂ ) နှစ်သာရှိသေးသည်။ လူ့ဘ၀၏ ငယ်ရွယ်သေးသော ပျိုမျစ်သေးသော အရွယ်ဖြစ်သည်။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခု၊ ဖေဖော်ဝါရီလအတွင်း ပြန်လည်ဖွဲ့စည်းလိုက်သော ကြားဖြတ်ယာယီအစိုးရအဖွဲ့၏ ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ကာကွယ်ရေးနှင့်နိုင်ငံခြားရေးဝန်ကြီးဌာနများကိုလည်းကောင်း ဦးစီးတာဝန်ယူလျက် ရှိလေသည်။

ယင်းနှစ် မေလတွင် ဖဆပလ အဖွဲ့ချုပ်၏ ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးတစ်ရပ်ကို ကျင်းပကာ တိုင်းပြည်ပြုလွှတ်တော်သို့ တင်သွင်းရမည့် အဆိုတွေကို ဦးဆောင် ဆွေးနွေးချမှတ်ခဲ့သည်။ တဖန် ဇွန်လတွင် ဆိုရွန်တိုဗီလာ   စီမံကိန်းဟု အမည်တွင်သော ( ၂ ) နှစ်စီမံကိန်း တစ်ရပ်ကို ဦးဆောင် ရေးဆွဲခဲ့ပြန်သည်။   ယင်းလ ( ၁၀ ) ရက်၌ ကျင်းပသော တိုင်းပြည်ပြုလွှတ်တော်အစည်အဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံတော်အတွက် ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်ပတ်သတ်သော လမ်းညွှန်ပြဌာန်းချပ် အဆိုတစ်ရပ်ကို တင်သွင်းခဲ့သည်။
            ယင်းအဆိုတင်သွင်းရင်း ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံကိုသာ လိုလားသည်။ အချုပ်အခြာအာဏာမှာ လူထုမှဆင်းသက်သည်ဟု ယုံကြည်သည် စသဖြင့် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာသဘောသကန်ကို အဓိပ္ပါယ်ဖွင့်ပြခဲ့လေသည်။
            ၁၉၄၇ ခု၊ ဇူလိုင်လဆန်းတွင် စစ်ပစ္စည်းထောက်ပံ့ရေးတပ်မှ ဘရင်းဂန်းအလက် ( ၂၀၀ ) နှင့် ကျည်ဆန်များ ပျောက်ဆုံးသည်။ ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံရေးအရ လုပ်ကြံကြတော့မည် စသော သတင်းတွေ ပေါ်ထွက်လာသည်။ စစ်ပစ္စည်းထောက်ပံ့ရေးတပ်ကို ဦးစီးအုပ်ချုပ်နေသူများမှာ ဗြိတိသျှစစ်အရာရှိများသာ ဖြစ်ကြောင်း လူတိုင်းသိကြသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလအဖွဲ့၏ နိုင်ငံရေးရန်သူမှာ မည်သူမည်ဝါဖြစ်သည်ကိုလည်း လူတိုင်းသိကြသည်။

 “ဗမာပြည်ကို လွတ်လပ်ရေးပေးလိုက်လျှင် သွေးချောင်းစီးလိမ့်မည်” ဟု ဗြိတိသျှနယ်ချဲ့ ကိုလိုနီသမားတို့၏ ဦးစီးပဲ့ကိုင်ကြီး ၀င်စတန်ချာချီက နိမိတ်ဖတ်ထားသည်မှာလည်း ပူပူနွေးနွေးပင် ရှိနေသေးသည်။
            ထိုကြောင့် အခြေအနေမှာ ရှင်းနေ၏။ ဗိုလ်ချုပ်အောင်ဆန်းကို လူပုဂ္ဂိုလ်အရ အစတုံးဖျောက်ဖျက်လျက် နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှုကြီး တစ်ရပ်ကို ကျူးလွန်ရန်အတွက် ပြည်တွင်းမှ အမျိုးသားသစ္စာဖောက်များနှင့် နယ်ချဲ့သမားများ လက်ဝါးရိုက်ထားကြပြီး ဖြစ်လေပြီ။
            သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် အမျိုးသားသစ္စာဖောက်တစ်စုနှင့် နယ်ချဲ့သမားတို့ကို ကြောက်ရွံ့တုန်လှုပ်နေပါသလော။ မကြောက်ပါ။ မတုန်လှုပ်ပါ။ သူ့ကိုယ်ပိုင်အနာဂတ်၏ မှောင်မဲသော အလားအလာကိုမြင်ရုံဖြင့် နောက်ဆုတ်ပါသလော။ မဆုတ်ပါ။ သူ့အသက်နှင့် သားမယားကို ခင်တွယ်သည့်အတွက် သွားနေသောလမ်းမှ ဖယ်ရှားရှောင်ခွာပါသလော။ မရှောင်ခွာခဲ့ပါ။
            ဤသို့အားဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် အမျိုးသားသစ္စာဖောက်များနှင့် နယ်ချဲ့သမားတို့၏ ပူးပေါင်းလုပ်ကြံမှုဖြင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျဆုံးခဲ့ရပါသည်။

            နိုင်ငံတကာမှများစွာသောခေါင်းဆောင်တို့သည် မိမိအသက်ကိုစွန့်လွှတ်ရကာနီးတိုင်း သူတို့ချစ်မြတ်နိုးသော တိုင်းပြည်နှင့်လူမျိုးအတွက် အမှာစကားပြောကြားလေ့ ရှိခဲ့ကြသည်။ သေတမ်းစာအဖြစ် ပြောကာ၊ ရေးကာ ထားခဲ့ကြသည်။ ထူးဆန်းသောအိပ်မက်ကို မြင်မက်သည့်အတွက် မိမိနှင့်တကွ အမေရိကန်တစ်ပြည်လုံးတွင် ထူးခြားသော အဖြစ်အပျက်တစ်ရပ် ပေါ်ပေါက်လိမ့်မည်ဟု နောက်ဆုံးပြောခဲ့သော အမေရိကန်သမ္မတလင်ကွန်း၏စကားသည် လင်ကွန်း၏ သေတမ်းစာပင် ဖြစ်လေသည်။ ဒေါက်တာဆွန်ယက်ဆင်က သေအံ့ဆဲဆဲမှာကြားခဲ့သော စကားများသည် တရုတ်တစ်မျိုးသားလုံး၏ ၀ံသာနုရက္ခိတတရားများ ဖြစ်လာကြသည်။ ဦးဝိစာရ ကိုယ်တော်ကြီး၏ “လိမ္မာရစ်ကြပါ”ဟူသော အဆိုအမိန့်သည် မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားရေး စိတ်ဓာတ်ကို လှုပ်နိုးခဲ့သော နောက်ဆုံးမှာတမ်းပင် ဖြစ်လေသည်။
            အလားတူစွာပင် ဗိုလ်ချုပ်အောင်ဆန်းသည် လုပ်ကြံမခံရမီ ( ၆ ) ရက်အလို၊ ဇူလိုင်လ ( ၁၃ ) ရက်တွင် ရန်ကုန်မြို့၏ မြို့တော်ခန်းမ၌ ကျင်းပသော ရန်ကုန်နယ်လုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲကြီးတွင် နောက်ဆုံးဖြစ်သော မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ပါသည်။  အဆိုပါမိန့်ခွန်းတွင် ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်ပြုလွှတ်တော်တွင်း၌ သူဘာတွေလုပ်သည်၊ တိုင်းပြည်ပြုလွှတ်တော်၏ အခြေအနေမှာ မည်သို့ရှိသည်၊ ဖဆပလအဖွဲ့ချုပ်၏ ရှေ့ခြေလှမ်း မည်သို့လှမ်းမည် စသော တိုင်းပြည်က သိသင့်သိထိုက်သည့် အကြောင်းကိစ္စမှန်သမျှကို ဖွင့်ဟရှင်းပြခဲ့သည်။

            “တိုင်းပြည်ပြုလွှတ်တော်ဟာ အချုပ်အခြာအာဏာကို ရအောင်လုပ်တဲ့နေရာတွေလည်း ရှိပါသေးတယ်၊ ဥပဒေသဘောပြောရရင် အချုပ်အခြာအာဏာမရသေးဘူး၊ အချုပ်အာဏာသဘောဖြစ်တဲ့ အဆင့်အတန်းကိုတော့ ရတယ်” ဟု တိုင်းပြည်ပြုလွှတ်တော်၏ အနေအထားအမှန်ကို ဖွင့်ပြောလေသည်။
            မြန်မာပြည်သူတို့၏ တစ်ခုတည်းသော ဦးတည်ချက်နှင့် မယိမ်းမယိုင်သော ဆန္ဒမှာ အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ ထူထောင်ရေးသာ ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ ဗိုလ်ချုပ်အောင်ဆန်းက “ဗမာပြည်ဟာ လုံးဝလွတ်လပ်ရေး လိုချင်တယ်၊ ဘယ်လို အဆင့်အတန်းမှ မလိုချင်ဘူးလို့ ဆုံးဖြတ်ခဲ့တာ သိတဲ့အတိုင်းပဲ၊ လွန်ခဲ့တဲ့မေလ ဖဆပလ ပြင်ဆင်မှု ပဏာမ ညီလာခံသဘင်မှာ အချုပ်အခြာအာဏာနဲ့ ပြည့်စုံတဲ့ သမ္မတနိုင်ငံ ထူထောင်မယ်လို့ ဆုံးဖြတ်ခဲ့တယ်၊ တိုင်းပြည်ပြုလွှတ်တော်မှာ ကျွန်တော်ကိုယ်တိုင် တင်သွင်းဆုံးဖြတ်ခဲ့တဲ့ သမ္မတနိုင်ငံ ထူထောင်ဖို့ ဆုံးဖြတ်ပြီးပြီ” ဟု အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
            “ကျွန်တော်တို့အစိုးရဟာ တိုင်းပြည်လူထုက ထောက်ခံလို့ဖြစ်လာတဲ့ အစိုးရဖြစ်တယ်၊ တိုင်းပြည်လူထုက မကြည်ညိုဘူးလို့  သိလာတဲ့တစ်နေ့ မှာ တွယ်ကပ်မနေဘူး၊ ထွက်ပေးမယ်၊ သို့သော်.. တစ်နှစ်လောက် စောင့်ကြည့်တဲ့အခါမှာ ကျွန်တော်တို့ ဘယ်လို လူစားလည်းဆိုတာ သိလိမ့်မယ်၊ ရာဇ၀င်မှာ အဆဲခံရမယ့်လူစား မဟုတ်ဘူးဆိုတာ ခင်ဗျားတို့ကိုယ်တိုင်သိမယ်” ဟု သူ ရာထူးမမက်၊ အစိုးရဖြစ်ရေးကို မခင်တွယ်၊ ရာဇ၀င်တွင် အဆဲမခံလိုပုံကို ရိုးရိုးသားသားပင် ၀န်ခံပြောဆိုပါသည်။

            ဤနေရာတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်သူလူထုအပေါ်၌ အဘယ်မျှ ယုံကြည်ကိုးစား စေတနာထားသည်ကို ကွက်ကွက် ကွင်းကွင်း တွေ့မြင်နိုင်လေသည်။ ပြည်သူလူထုကို ယုံကြည်သလောက် အမျိုးသားသစ္စာဖောက်များနှင့် နယ်ချဲ့သမားကို သူမကြောက်။ သူ့ကို ယုတ်မာကောက်ကျစ်စွာ နိုင်ငံရေးအရ လုပ်ကြံတော့မည့် ရက်ပိုင်းအလို၌ပင် သူသည် နယ်ချဲ့ဖောက်ပြန်ရေးသမားများနှင့် မစေ့စပ်။ နယ်ချဲ့ဖောက်ပြန်ရေးသမားတို့ရှေ့မှောက်၌ ဒူးမထောက်၊ ထိုသူတို့၏ ရန်စနက်ဘေးမှလွတ်ကင်းအောင်လည်း ထွက်မပြေး၊ ခေါင်းအေးအေး သတ္တိရှိရှိဖြင့် ရင်ဆိုင်ကာ စိန်ခေါ်ခဲ့ပါသည်။
            လွတ်လပ်ရေးကို “နောက်ဆုံးနည်းအေးအေးနဲ့မရရင် ရတဲ့နည်းနဲ့ လုပ်ရမယ်” ဟု ရာဇသံပေးလိုက်ပါသည်။ ဤရာဇသံသည် နယ်ချဲ့ဖောက်ပြန်ရေး သမားများအတွက် သေမင်းတမန်ခေါင်းလောင်းသံလည်း ဖြစ်ပါသည်။

            “လွတ်လပ်ရေးလိုချင်ရင် လွတ်လပ်ရေးရတဲ့ စည်းကမ်းညီညွှတ်မှုတွေကို ထိန်းထားပါ၊ ထူထောင်မှုကို လုပ်ကြပါ၊ အဲဒီလို လုပ်ပြီးတဲ့နောက်၊ ရှေ့ကို လွတ်လပ်ရေးအရသာကိစ္စအတွက် အလုပ်လုပ်တဲ့နေရာမှာ စည်းကမ်းရှိဖို့၊ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့၊ ခင်ဗျားတို့ေ_ာက်ကျင့်တွေကို ပြင်ဖို့လိုနေပြီလို့ ကျွန်တော်ပြောခဲ့မယ်..”
            မှန်၏။ အကျင့်တွေ ပြင်ဖို့လိုနေပြီဟု ဗိုလ်ချုပ်က ပြောခဲ့လေပြီ။ စကားလုံးကြမ်းသော်လည်း သူ့ရင်တွင်းနှလုံးသားအတွင်း၌ ရှိသမျှ စိတ်စေတနာကို လုံးဝပုံအောကာ ဖွင့်ချမှာကြားသွားခြင်းဖြစ်သည်။ ယင်းသို့လျှင် နယ်ချဲ့သမားကို ရာဇသံပေးသော၊ တိုင်းပြည်၏နောက်ရေးအတွက် တဖွဖွမှာကြားခဲ့သော အထက်ပါမိန့်ခွန်းသည် လွတ်လပ်ရေးအတွက် သူ့အသက်နှင့် ခန္ဓာကိုယ်ကို သွေးစိမ်းရှင်ရှင်တို့အကြား၌ ယဇ်တင်စွန့်လွှတ်ပူဇော်ရင်း အသေခံသွားသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မှာတမ်းဟူ၍ပင် ဆိုရပါတော့မည်။
            မောင်နေ၀င်း
Myawadi Magazine

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...