ဗဆွေ (သို့) လှို့ဝှက်သောအပြုံး
http://kotoegyi.multiply.com/journal/item/26 မှ ကူးယူဖေါ်ပြပါသည်။
Oct 10, '08 1:50 PM
( ၁ )
တလောက ဆိုရှယ်လစ်ပါတီ အထွေထွေအတွင်းရေးမှူး ကိုဗဆွေနှင့်ကုန်သည်လမ်းရှိ ပြည်သူ့စာပေ စာအုပ်ဆိုင်တွင် မတော်တဆ သွား၍တွေ့လေသည်။
ကွဲကွာနေသည်မှာ ကြာပြီဖြစ်သဖြင့် ရှေးဟောင်းနှောင်းဖြစ် ထွေရာလေးပါး လျှောက်၍ ပြောကြရင်းက တာရာတွင်ပါသော လူကိုလေ့လာခြင်း ဆောင်းပါးများအကြောင်းရောက်သွားရာ ကိုဗဆွေက `ကိုယ့် အကြောင်းရေးရင်တော့ ဗဆွေ သို့မဟုတ် ဂျပိုး လို့ ရေးပေါ့ ကွာ၊ မဟုတ်ဘူးလား။ ကိုယ်က စင်စစ် ဂျပိုး ပဲကွ …´ဟု ပြောကာ သူ့ဘာသာသူ သဘောကျပြီး ရယ်မောလျက် ရှိလေသည်။
ကျွန်တော်က ပြုံးနေစဉ် အပါးရှိ ဗိုလ်ခင်မောင်ကလေးက`အောင်ဆန်းကိုတော့ ခင်ဗျားက အရိုင်းလို့ ဆိုတယ်။ သူကတော့ မယဉ်၊ မရိုင်းဗျ´ဟု ပြောကာ ရယ်နေပါလေသည်။
ကိုဗဆွေသည် ကျွန်တော့်ရှေ့ရှိ စာပွဲတွင် တင်ပလွှဲထိုင်ကာ သခင်စိုး၊ သခင်သန်းထွန်း၊ လက်ဝဲ ညီညွှတ်ရေး၊ စာပေနှင့် မာ့က်စ်ဝါဒ၊ ကာလပေါ်ဝတ္ထု၊ အိမ်ထောင်ရေး စသည်များကို ပြောပြလျက် ရှိစဉ် ကျွန်တော်၏ နားထဲတွင်ကား တဖြည်းဖြည်း ၀ါးဝါးလာပြီး သဲ့သဲ့သာ ကြားရတော့၏။
ပုံသဏ္ဌာန်တို့သည် မှုန်မှုန်မှေးမှေးလာကာ အသံသည် တိုးတိုးလာပြီး…အထပ်ထပ် ယှက်လိမ်ရက်ဖေါက် ထားသော ဖုံအလိမ်းလိမ်းနှင့် ပင့်ကူအိမ်ကြီးကို ထွင်းဖေါက်လျက် အဝေးရှိ စိမ်းစိုသော ကမ္ဘာသစ် တခုသို့ ဟုတ်ကနဲ ရောက်သွားလေ၏။ လွင့်ပါးနေသော မြမြမောင်းသည့် သစ်ရွက်ယော်ကလေးများ၏ ရှပ်တိုက် သံများ … ၀ါတာတာ နီတီတီနှင့် တွဲလွဲဆိုင်းကာ တင့်နေကြသော စိန်ပန်းပွင့်ရောင် … တက္ကသိုလ် သမဂ္ဂရှေ့မှ ဗုဒ္ဓံသရဏံပင်များ … ၁၉၃၈။
( ၂ )
၁၉၃၈ …..
စင်စစ် ကိုဗဆွေကို ဆယ်တန်းတွင် ကျောင်းတက်လျက်ရှိစဉ် (၁၉၃၆-၃၇)ကတည်းက သိခဲ့ပေပေ၏။ ထိုအခါက စစ်ကိုင်းကျောင်း ဆောင်ရှိ မောင်စည်သူထံသို့ သွားလည်ရင်း တဆောင်တည်းနေသူ ကိုဗဆွေ နှင့် သွားတွေ့၏။
ဒဂုန်မဂ္ဂဇင်းတွင် ပါသော ကျွန်တော်၏ ရတုပိုဒ်စုံ လူးတား၊ အေးချင်း၊ တေးထပ်စသော ကဗျာများကို သူသည် ဖတ်ဖူးနေ၏။ သူ့ကိုလည်း ကဗျာလင်္ကာ စာပေ၀ါသနာပါသော တက္ကသိုလ် ကျောင်းသားအဖြစ် သိ၏။ သူသည် ဟိုက်စကူးတွင် ရှိစဉ်က ကျောင်းမဂ္ဂဇင်းများ တွင် အယ်ဒီတာ ဖြစ်ခဲ့ကြောင်း၊ တေးထပ်များ စပ်ကြောင်းလည်း သိရ၏။
သူသည် သခင်နုခေါင်းဆောင်သော ၁၉၃၆ သပိတ်က ထားဝယ်ရှိ ကျောင်းသားများကို ကိုထွန်းအေး (နဂါးနီ)နှင့် အတူ ခေါင်းဆောင်ခဲ့၏။ ပဋ္ဌမ ကျောင်းသားများညီလာခံသို့ ကိုယ်စားလှယ်အဖြစ် တက်ခဲ့၏။
နောက်နှစ်တွင် ကျွန်တော်သည် တက္ကသိုလ်သို့ ရောက်ကာ၊ စစ်ကိုင်းဆောင်တွင် ကိုဗဆွေနှင့် အခန်ခြင်း ကပ်လျက် နေရ၏။ သူနှင့် ခင်မင်ကာ ရင်းနှီးလာ၏။ ရုပ်ရှင်သွားအတူ၊ မြို့ထဲသွားအတူနှင့် တတွဲတွဲနေခဲ့၏။
ထမင်းစားရာ၌လည်း သူနှင့်တစားပွဲတည်း ဖြစ်၏။ ကျောင်းဖွင့်စ နာမည် (၄)ဦးတွဲ ပေးရသောအခါ သူနှင့် အတူတွဲပေးရ၏။ သို့သော်လည်း သူက ကျွန်တော်တို့ကို ချာတိတ်ကလေးတွေဟု သဘောထား၏။ စင်စစ်လည်း ကျွန်တော်က သူ့ထက် အတော်ငယ်၏။
တွေ့စက ကျွန်တော့်ကို `ခင်ဗျား ကဗျာတွေ ရေးနိုင်သားပဲ´ဟု ခင်ဗျားနှင့်ကျွန်တော်နှင့် ပြောပြီးနောက် ရင်းနှီးလာသောအခါ သူက ကျွန်တော့်ကို မင်းနှင့် ငါနှင့် ပြောလာ၏။ သူက လူကြီးအနေနှင့် စကား ပြောလေ့ ရှိ၏။ ကျွန်တော့်ကို သူက အမြဲနိုင်တတ်၏။ တခါ တခါ နေ့လည် စားချိန်တွင် ကျွန်တော့်အတွက် ကိတ်မုန့်ကို သူက ယူစားပြီး ရယ်မောကာ ထွက်သွားတတ်၏။
သူနှင့်ကား ဆဲမနာ၊ဆိုမနာ ခင်မင်ရင်းနှီးသည်ဟု ဆိုနိုင်၏။ သို့သော် ကျွန်တော်တို့ကသာ အဆဲခံရ၏။ ကျွန်တော်၏ နာမည်ကို မခေါ်၊ `ဟေ့ - ခွေးသား´ဟု နှုတ်ဆက်လေ့ ရှိ၏။ သို့သော် သူ့ကွယ်ရာတွင်မူ ကျွန်တော်တို့က `ဗဆွေကြီး´က ဘယ်သို့ ဘယ်ညာ စသည်ဖြင့် သူ့ အတင်းကို ပြောလျက်ရှိကြလေသည်။
ကျွန်တော်နှင့်အတူ ပဋ္ဌမနှစ် ဥပစာတန်းသားများရှိ၏။ သူ့ကို အမြဲနောက်လေ့ရှိ၏။ နေ့လည် သူအိပ် နေလျင် တံခါးကိုပုတ်ကာ ထွက်ပြေးကြ၏။ သူမရှိခိုက် သူ့အခန်းမှ ဘရိုမို စက္ကူခွေများကို ဆွဲထုတ်ကာ ကော်ရစ်ဒါတွင် အရှည်ကြီး ပတ်ထား၏။ ဒါမှမဟုတ်လည်း သွားတိုက်ဆေးကို အကုန်ညစ်ထားခဲ့၏။ သူကား ကျွန်တော်တို့ကို တဆဲတည်း ဆဲလျက်ရှိ၏။
ကိုဗဆွေသည် ပိုကာကစားလေ့ ရှိသည်။ မြို့ထဲမှ သူ့ ရိုသေလေးစားသော နိုင်ငံရေးသမား သခင်များ လာမေးလျှင် ကျွန်တော်တို့က သူ့ကို ခေါ်မပေးဘဲ သူဖဲရိုက်နေသည့် အခန်းသို့ တိုက်ရိုက်ခေါ်ဆောင် သွားတတ်ကြ၏။ သူကား မျက်စောင်း တခဲခဲနှင့်ရှိနေ၏။ ကျွန်တော်တို့ကား ပျော်နေကြ၏။
ကိုဗဆွေသည် သူ့အခန်းတွင် နိုင်ငံရေးသမားများနှင့် ဆွေးနွေးလျက်ရှိစဉ် ကျွန်တော်တို့က သူ့အခန်းဝသို့ လာကာ `ကိုဗဆွေကြီး ကျွန်တော်တို့ အကြွေး ဆပ်ဦးဗျာ´ဟု မရှိသော အကြွေးကိုတောင်းလေ့ရှိ၏။ ဒါနှင့် နောက်လွန်း ပြောင်လွန်းသဖြင့် စိတ်ညစ်လာသလားမသိ၊ တညနေတွင် ကျွန်တော်တို့ထံသို့လာကာ `ငါ စကားကောင်းကောင်း ပြောချင်တယ်ကွာ၊ လာကြပါအုံး´ ဟု ခေါ်၏။ ကျွန်တော်တို့က ပြုံးဖြီးဖြီး နေရင်းက သူ၏မျက်နှာပျက်နေပုံကို မြင်မှအရှိန်သတ်ကြ၏။
`ငါ တည်တည်ပြောချင်တယ်။ မင်းတို့တတွေ နောက်တာ ပြောင်တာဟာ တဆိတ် လွန်နေပြီကွ…´
ကျွန်တော်တို့ကား သူ၏ တောင်းပန်စကားများကို မနဲအောင့်ကာ နားထောင်နေကြရ၏။ စိတ်ထဲမှာကား ရယ်ချင်နေ၏။ ဒါနှင့်(၂) ရက်လောက် ခပ်တန်းတန်း ဖြစ်သွားကြ၏။
နောက် တနေ့တွင်ကား ကိုဗဆွေသည် စုဝေးလျက်ရှိသော ကျွန်တော်၏ အခန်းသို့ ဘွားကနဲ ပေါ်လာကာ ပြုံးလျက် `ဟေ့ ခွေးသားတွေ ကိုယ် ဆာတယ်ကွာ၊ သမဂ္ဂပျော်ပွဲစားရုံမှာ ခေါက်ဆွဲကြော် ကျွေးကြစမ်း ….´ဟု ပြောနေလေသည်။
စင်စစ် သူသည် ကျွန်တော်တို့နှင့်ကြာရှည်မခေါ်ဘဲ မနေနိုင်ပေ။ ကျွန်တော်တို့နှင့်မှပဲ သူပျော်သည်။ ကျွန်တော်တို့မရှိလျှင် သူမနေတတ်။
( ၃ )
ထိုနှစ်က သူသည် တက္ကသိုလ် သမဂ္ဂတွင် ခေါင်းဆောင် ဖြစ်နေပေသည်။ သမဂ္ဂဥက္ကဋ္ဌ မှာ ယခု တရားရေး ဌာန ၀န်ကြီး ဦးဘဂျမ်း ဖြစ်၏။
သူသည် ဥပစာတန်းများကို မကြာခဏ လစ်ကာ သမဂ္ဂ အသင်းတိုက်တွင်သာ အနေများ၏။ သမဂ္ဂ လုပ်ငန်းများနှင့် ပတ်သက်၍ ကျွန်တော်တို့ထံ မကြာခဏ အပူကပ်၏။ အလှူငွေ ကောက်ခံစရာ၊ အမျိုး သားနေ့အတွက် လူစုစရာ ရှိလျှင် ကျွန်တော့်ထံလာ၍ `လုပ်ပါဦးကွ´ဟု ဆိုလေ့ရှိ၏။
ကိုဗဆွေသည် ကော်ရစ်ဒါတွင် ပက်လက် ကုလားထိုင် တလုံးနှင့်ထိုင်ကာ အင်္ဂလန် လက်ဝဲ စာအုပ်အသင်း မှ စာအုပ်ထူထူများကို ဖတ်နေသောအခါ ကျွန်တော်က အပါးကပ်ပြီး `ခင်ဗျားစာအုပ်ထူလှချေ့ကလား။ ခင်ဗျားပြီးအောင် ဖတ်ရဲ့လားဗျ´ဟု ပြောင်လေ့ရှိ၏။ သူ၏ အခန်းထဲတွင် မာ့က်စ် စာပေများ တွေ့ရ၏။ စာအုပ် အပေါ်ဆင့်တွင် ခေတ်ဆန်းကဗျာ စာအုပ်လည်းရှိ၏။
သူသည် သပ်သပ်ယပ်ယပ် နေတတ်သူမဟုတ်။ သူ၏ အခန်းကား အပေါစား ပြည့်တန်စာမ၏အိပ်ခန်း ကဲ့သို့ ဗလပွ၊ အရာအားလုံး တို့သည် ပြန့်ကြဲကာ မသဲမကွဲ ဖြစ်နေကြ၏။
ဆေးလိပ်ပြာ တို့သည် ငွေရောင်ယှက်သန်းလျက် ရှိ၏။ ရှုပ်ပွေ ညစ်ပတ်ပုံ၌ ညိုမြနှင့် ပြိုင်နေ၏။
စင်စစ် သူ၏ မိဘများသည် သတ္ထုတွင်းများ ပိုင်သော မြေပိုင်နှင့် သူဌေးများဖြစ်သည်ဟု သိရ၏။ သို့သော် လူလတ်တန်းစား၏ ပြောင်လက် တောက်ပခြင်း မရှိ။ ဧည့်ခန်းဆောင်ရှိ လူဂုဏ်တန်ဟန်မျိုး မဟုတ်။ ခပ်ကြမ်းကြမ်း။ သူ၏ တောင့်တင်း မြင့်မားသော ကိုယ်လုံး ကိုယ်ထည်မှာ ယောက်ျားပြီသ၍ ကြည့်ကောင်း သူ တယောက်ဖြစ်၏။ ကျမ္မာ သန်စွမ်းခြင်းမှာ ပေါ်လွင်လျက် ရှိ၏။ ဖျဉ်အင်္ကျီနှင့် ထားဝယ် လုံချည်အနီ ကြူထရံကွက်ကို ၀တ်လေ့ရှိသည်။
သူသည် ခေတ်စမ်းကဗျာစာအုပ်ကို စွဲလမ်းစွာ ဖတ်သူဖြစ်၏။ တိုတိုနှင့် လိုရင်းကို အဓိပ္ပါယ် ပေါ်လွင်စွာ ရေးသော ခေတ်စမ်းစာပေ ကို သူသည် နှစ်သက်၏။ ကဗျာနှင့် ပတ်သက်၍ စကားစပ်တိုင်း မင်းသုဝဏ်နှင့် ဇော်ဂျီ၏ ကဗျာများကို ထောက်ပြလေ့ ရှိ၏။ မင်းသုဝဏ်၏ `တရားဦး ဟောလှည့်ပါ´ကို သူ အတော်ကြိုက် ပုံရ၏။
ကာမဘောင် အရှုပ်အထွေးကိုလှ
ပျိုလေးမယ် မခင်လို့
ရုန်းချင်ပြီ ဆုပန်ကြားသူရဲ့
တားမြစ်ဖို့ ခွင့်မသာ…..
သူကိုယ်တိုင်လည်း ဘားမားဂျာနယ်၌ ဆောင်းပါးများ ရေးဖူး၏။ နာမည် အမျိုးမျိုးနှင့် ပြောင်းလဲ ရေးသဖြင့် မေ့နေပြီ။
၁၉၃၇ တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း၌ `ဘိုထူး´အမည်ရှိသော တောဝတ္ထု တပုဒ်ကို ဖတ်ရဖူး၏။ သူသည် တက္ကသိုလ် မဂ္ဂဇင်း ကော်မတီ အဖွဲ့ဝင်၊ အိုးဝေ မဂ္ဂဇင်း မန်နေဂျာ လုပ်ခဲ့ဖူး၏။ သူသည် အရင်းရှင် လူမှုဆက်ဆံရေး စနစ်ကို ပြက်ရယ်ပြုသော စာပြောင်များ ရေးလေ့ရှိသည်။
ညိုမြ အယ်ဒီတာလုပ်သောနှစ်က အိုးဝေ မဂ္ဂဇင်းတွင် `သူတို့ဝါဒ´အမည်ရှိ စာပြောင် ၀တ္ထုတခု ပါလာ၏။
သူ့ဝတ္ထုထဲတွင် အင်္ဂလိပ် အလိုတော်ရိ `ကက်သရင်း ဂွက်ထော်´သည် အိုင်စီအက် ဖြေနေသူ ကျောင်းသား တဦးကို အမိဖမ်းကာ နောက်ဆုံး ထိုသူမှာ အိုင်စီအက် မအောင်ဘဲ သူမမှာသာလျှင် ထိုသူထံမှ ရသော တက်ခေတ်နတ်ဆိုးရောဂါအမွေရကာ ဆွေးကျန်ရစ်လေသည်။ ညစ်တော့ ညစ်ညမ်း၏။ ကျောင်းတွင် ခပ်ပျံပျံနေသော ရှေ့က အင်္ဂလိပ်နာမည်နှင့် ဗိုလ်ဆန်ဆန် ကလေးများကို ပြောင်လှောင်ထားလေသည်။ သူသည် အမျိုးသားယဉ်ကျေးမှုကို မလေးစားဘဲ နိုင်ငံခြားကိုချည်း အားကိုးကာ အတုခိုးခြင်းကို မုန်းတီး ခဲ့၏။
နောက်သူသည် ဂျပန်ခေတ်တွင် မိန်းမရသောအခါ ကွန်ဗင့်ကျောင်းထွက် `နန်စီ´ အမည်ရှိ ခေတ်ဆန်ဆန် ကလေးနှင့် ရလေသည်။ ကျောင်းတုန်းက သူရေးခဲ့သော စာပြောင်များကို ပြေး၍ သတိရလိုက်၏။
( ၄ )
နောက်နှစ်များ၌ကား ကိုဗဆွေနှင့် ကျွန်တော်သည် ဝေး၍ နေခဲ့၏။
ကျွန်တော် တက္ကသိုလ် သမဂ္ဂတွင် ရှိသောနှစ်က သူသည် ကျောင်းထွက်နေလေပြီ။ ကျွန်တော် ကျောင်းမှ ထွက်သော ၁၉၄၁ - ခုနှစ်က သူသည် ကျောင်းသို့ပြန်လာကာ တက္ကသိုလ် သမဂ္ဂတွင် ဥက္ကဋ္ဌ ဖြစ်နေ လေသည်။
စစ်ဖြစ်သည့်နှစ်က သူသည် နဂါးနီ အယ်ဒီတာ ကိုထွန်းရွှေနှင့်အတူ ဂျပန်ပြည်သို့ ကျောင်းသား သမဂ္ဂ ၀င်များနှင့် သခင်များကို လျှို့ဝှက်၍ စေလွှတ်ရေးကို စီမံလျက် ရှိနေ၏။ သခင်မြနှင့် တွဲနေသည်ကို တွေ့ရတတ်၏။
နောက်ကား သူနှင့် ကျွန်တော် အတော်ပြတ်နေကြ၏။ သူသည် ဂျပန် တခေတ်လုံးနှင့် တော်လှန်ရေးအထိ ဆက်လက်ကာ နိုင်ငံရေး လုပ်လျက်ရှိ၏။ ကွန်မြူနစ်ပါတီကို ဖ ဆ ပ လ မှ ထုတ်ပယ်လိုက်သောအခါ ဆိုရှယ်လစ်ပါတီသည် ထင်ပေါ်စ ပြုလာရ၏။ ထိုအခါ ကိုဗဆွေ၏ နာမည်သည်လည်း သတင်းစာ ခေါင်းစဉ်များတွင် မျက်နှာမဲနှင့် ပါလာလေပြီ။
သူသည် ဆိုရှယ်လစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးသာမဟုတ်၊ ဖ ဆ ပ လ အထွေထွေ အတွင်း ရေးမှူးလည်း ဖြစ်ကာ ယခုလက်ရှိ အရေးပါသော နေရာတွင် ရောက်နေ၏။ သူ့ကို အထင်ကြီးသူတွေ ပေါများလာ၏။`ဦးဗဆွေ´ဟုခေါ်ကာ လေးစားသူတွေ ရှိလာ၏။
ကျွန်တော့် အဖို့ရာကား အတော်ခက်နေ၏။ သူ့ကို ဘယ်လိုမှ အထင်ကြီး၍ မရ။ မာ့က်စ် လီနင်ဝါဒ သဘော တရားတွေ အဘိဓမ္မာ၊ ဘောဂဗေဒ ပါ အကုန် အရေကျိုသောက်ထားသူ ပညာကျော် တဦးအနေဖြင့် မမြင်။ တော်တော်ခက်နေ၏။
တည ဂလုပ်ရုံတွင် သူနှင့် မမျှော်လင့်ဘဲ သွားတွေ့၏။ သူသည် လူကြားထဲမှ ကျွန်တော့်ကို လှမ်း၍ နှုတ် ဆက်လိုက်၏။
ကျောင်းတုန်းက ကဲ့သို့ပင် ရွင်လန်းသော အပြုံးဖြင့် တောက်ပ၏။ ကျောင်းတုန်းကကဲ့သို့ပင် ကြူထရံ အကွက် ထားဝယ်လုံချည်နှင့်၊ သို့သော် ပြာပြာသလဲမရှိ၊ အမူအယာမှာ ဂမူးရှူးထိုး မဟုတ်ဘဲ အေးအေး ဆေးဆေးနှင့် တည်ငြိမ်နေ၏။ နိုင်ငံရေး ဇာတ်ခုံ၏ ဖုထစ်ချိုင့်ဝှမ်းများဝယ် ဒရွတ်တိုက်ကာ ကျော်လွန် လာခဲ့ပြီးနောက် အနယ်ထိုင်၍ ထုသား ပေသားကျနေဟန် ရှိ၏။
သူ၏ အပြုံးကား ကျောင်းတုန်းက ကဲ့သို့ပင် လွယ်ကူလျော့ရဲခြင်း မရှိတော့ဘဲ လေးနက်လာ၏။ နက်ရှိုင်း လာသည်ဟု ထင်မှတ်ရ၏။
သူ၏ အပြုံးနောက်၌ ဘာရှိလိမ့်မည်ကို မှန်းဆရန်ခက်၏။ နိုင်ငံရေး ပရိယာယ်လား၊ ဖုံးကွယ်ခြင်း မရှိသော နှလုံးသားလား၊ သို့မဟုတ် ဒိုင်းနမိုက် စနက်တံလား၊ ဒါကို မြင်ရန် ခက်၏။
သူ၏ အပြုံးသည် အချိုင့် အဖေါင်း မရှိ။ တပြေးတည်း ညီကာနေသဖြင့် အကဲခတ်ရန် ခက်လှ၏။
နိုင်ငံရေးလောက၌ သူ့ကို `ကျားကြီး ဗဆွေ´ဟု ခေါ်ဝေါ်လေ့ ရှိကြ၏။ ကျွန်တော်ကား ကိုဗဆွေကို ဘာကြောင့် ကျားကြီးဟု ခေါ်ရသည်ကို အစဉ်းစားရကြပ်နေ၏။
ထက်မြက်သော သတ္တိအဟုန်ကြောင့်လား။ ဒါမှမဟုတ် ကျားကဲ့သို့ ရန်သူကို တိုက်ခိုက်ရာ၌ ဟုတ်ကနဲ ပေါ်ကာ အုပ်တတ်၍လား။ လေးစားစရာကောင်း၍လား။ ကြောက်စရာကောင်း၍လား။
လွန်ခဲ့သော (၅)လခန့်က တာရာအမှတ်(၄)တွင် ပါသော သခင်သန်းထွန်း ဆောင်းပါးကို ဖတ်ပြီးစ စာပေ သမားတဦးက `နောက်အပတ် ဘယ်သူ့ အကြောင်း ရေးဦးမလဲ´ဟု ကျွန်တော့်ကို မေးဖူး၏။
`ဆိုရှယ်လစ်ပါတီက ကိုဗဆွေအကြောင်း ရေးမလားလို့ စိတ်ကူးမိတယ်´
`ကျုပ် အရင်ဆုံး ပြေးဝယ်မယ်ဗျာ၊ သိပ်သိချင်နေတာ´
မနေ့ တနေ့က ထိုသူနှင့်ပင် သွားတွေ့၍ တာရာ မဂ္ဂဇင်းအကြောင်း ရောက်သွားရင်းက ယခင်ကဲ့သို့ပင် မေးရင်း `ကိုဗဆွေ အကြောင်း ရေးရမယ်´ဟု ဖြေသောအခါမူ သူ၏ လေသံမှာ ပြောင်းသွားလေပြီ။
`ဆိုရှယ်လစ်ပါတီက ကိုဗဆွေလား။ ဆိုရှယ်လစ် ဆိုရင်တော့ မဖတ်ချင်တော့ဘူးဗျာ၊ အမြင်ကပ်တယ်´
သူ၏ မျက်နှာသည် ရှုံ့မဲ့သဖြင့် တွန့်နေ၏။
`ခင်ဗျား အရင်တခါ ပြောတော့ ကိုဗဆွေအကြောင်း ရေးရင် ပြေးဝယ် ဖတ်မယ်ဆိုဗျ´
`ဟုတ်လား….ကျွန်တော် ပြောမိသလား …. ဟုတ်မယ် မထင်ပါဘူးဗျာ´
သူသည် နဖူးရေတွန့်ကာ တွေဝေနေစဉ် ကျွန်တော်ကား ရယ်မောမိလေသည်။
ကိုဗဆွေသည် ငေးနေသော ကျွန်တော့်ကို ပခုံးပုတ်ပြီး `တာရာလဲ ငါမဖတ်ရတာ(၂) လလောက် ရှိသွားပြီ ထင်တယ်။ ပေးစမ်းပါဦး´ ဆိုကာ ပြုံးနေလေသည်။
ကျွန်တော်လည်း သူနှင့်အတူ ဂလုပ်ရုံမှ အပြင်သို့ ထွက်ခဲ့ကြသည်။
သူ၏ နောက်နားတွင်ကား ခေတ်ဆံဆံ အရပ်မြင့်မြင့် တောင့်တင်းသော သူ၏ ဇနီးသည်ကလေး၏ အပြာနုရောင်သည် ကပ်ပါလာ၏။
( ၅ )
ကိုဗဆွေကို ဘယ်လိုမှ အထင်မကြီးသော စိတ်နှင့်ပင် ပြည်သူ့စာပေတိုက်၌ သူနှင့် စကားပြောနေစဉ် နယ်မှ ပါတီ ခေါင်းဆောင် များ ရောက်လာ၏။ သူ့ကို အရိုအသေပေးကာ တွေ့ဆုံ၏။ ကိုဗဆွေသည် သူတို့ နှင့် အတော်ကြာ စကားပြောနေသည်။
သူ၏ လေသံမှာ တည်ငြိမ်ပြီး လေးနက်သည်။ နယ်မှ အခက်အခဲများကို သူက ခွဲခြမ်းစိတ်ဖြာကာ ရှင်းလင်း ပေးလိုက်သည်။ ပြဿနာ တရပ်သည် ကျွန်တော့်ရှေ့မှာပင် ပြေလည်သွားပေပြီ။ သူ၏ ရှိုက်ဖွာနေသော စီးကရက် မီးခိုးများသည် တဖြေးဖြေး ယှက်လိမ် ကွေ့ကောက်နေရာမှ ဆန့်ကားပြေသွားလေပြီ။
လူအများက သူ့ကို လေးစားခြင်းကို တွေ့ရတော့မှ ကျွန်တော် သူ့အား အထင်မကြီးနိုင်သည့် အချက်ကို သိမြင်လာ၏။ လွန်ခဲ့သော (၁၀)နှစ်ခန့်က သူနှင့် ခင်မင်တုန်းက သူသည် ဥပစာ အထက်တန်းကျောင်း ကျောင်းသား၊ နိုင်ငံရေးသမား ပေါက်စ၊ သမဂ္ဂခေါင်း ဆောင်မျှသာ ရှိသေးသည်။ ကျွန်တော်တို့နှင့် နောက်ဘက် ပြောင်ဘက်၊ ထို့ကြောင့် သူ့ကို အမှတ်တမဲ့ နေခြင်းဖြစ်သည်။
သို့သော် သူ၏ နိုင်ငံရေး သက်တန်းကား (၁၀)နှစ် အတွင်း ကြီးရင့်လာခဲ့ပေပြီ။ စစ်ဖြစ်စက တက္ကသိုလ်သမဂ္ဂ ဥက္ကဋ္ဌ အဖြစ် ကျောင်းသားများကို စည်းရုံးခဲ့၏။ ဂျပန်သို့ လျှို့ဝှက် စစ်ပညာသင် လွှတ်ရေးအတွက် ရှေ့ဆောင်ခဲ့၏။ ထိုနောက် မြေအောင်း တော်လှန်ရေး တွင် ပါဝင်ခဲ့၏။ ဂျပန်ခေတ်ကလည်း ကေဘိုတိုင် ဗိုလ်ချုပ်အဖြစ် တွေ့ရ၏။ မတ်လတော်လှန်ရေးတွင် ဖ၊ ဆ၊ ပ၊ လ အလံတော်အောက်ဝယ် ဖက်ဆစ်ဆန့်ကျင်ရေးကို ပြုခဲ့သည်။
ယခုခေတ်တွင် ပြည်သူက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဗမာပြည်ကြီးကို ဖန်တီးလျက်ရှိ နေသော ဖ၊ ဆ၊ ပ၊ လ အဖွဲ့ချုပ်ကြီး၏ အထွေထွေအတွင်းရေးမှူး ဖြစ်နေလေပြီ။ ဖ၊ ဆ၊ ပ၊ လ ၏ မဏ္ဍိုင် ဆိုရှယ်လစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်ပေ သေးသည်။ သို့သော် ကျောင်းမှာတုန်းက ကဲ့သို့ပင် ထယ်ဝါခြင်း၊ ပလွှားခြင်းကို သူ့၌ မတွေ့ရ။ ကျောင်းမှာတုန်းက ကဲ့သို့ပင် မထေမဲ့မြင် မထီ လေးစား နေတတ်သည်။
မီးထွန်းပွဲ ညတညက သူနှင့် ဗိုလ်မှူးအောင်သည် လမ်းထဲရှိ အငြိမ့်ပွဲသို့ လာသည်ကို တွေ့လိုက်ရသည်။ အိမ်ရှေ့မှ ဖြတ်သွားစဉ် သူ၏ မေ့ပြစ်၍ မရသော မြင့်မားတောင့်တင်းသည့် ကိုယ်လုံးကိုယ်ထည်ကြီးကို အတူနေသူ မောင်စည်သူက လှမ်းမြင်လိုက်သည်။
“ဗဆွေကြီးနဲ့ တူတယ်ကွ။ ပခုံးစောင်းပုံကတော့ သူ့ဟန်ပဲ”
ကျွန်တော်တို့လည်း ကပျာကယာ ထလိုက်ကြရာ အငြိမ့်စင်နားတွင် သွားတွေ့သည်။ ကိုဗဆွေမှာ အံ့အား သင့်နေသည်။ သူတို့ နှင့်ယောက်စလုံး လက်တို ရှပ်အင်္ကျီနှင့် ချည်လုံချီနှင့်။ သာမန် ပွဲကြည့် ပရိသတ် ထဲတွင် ရောနှောလျက် ရှိနေသည်။
ဗိုလ်မှူးအောင်က ပြုံးကာ“ကျုပ်တို့လဲ တခါတခါ လူနဲ့သူနဲ့ ကြားထဲမှာ နေချင်တာပဲ” ဟုဆိုသည်။
စာပုံနှိပ်စက်တွေ တက်ဖျက် ကတည်းက တိုင်းပြည်က မေတ္တာထားနေသော ဆိုရှယ်လစ်ပါတီခေါင်းဆောင် တဦးသည် လက်နက်ကိုင် အစောင့်မပါဘဲ သွားရဲသည်ကို အံ့သြမိ၏။
ကိုဗဆွေသည် ကျောင်းမှာတုန်းက အမ်းစထရွန်းရေးသော (၀ံပုလွေ) စာအုပ်ကို စွဲစွဲလမ်းလမ်း ဖတ်သည် ကို သတိရမိ၏။ သူသည် ထိုစာအုပ်ကို အတော် နှစ်သက်သည်။
ထိုစာအုပ်ကား တူရကီ အာဏာရှင် အတာတပ်၏ အတ္ထုပ္ပတ္တိဖြစ်သည်။ ရေးပုံမှာ ခေတ်ဆန်၍ အတာတပ်၏ မထေမဲ့မြင် သဘောကလေးများ၊ ဘာကိုမှ ဂရုမစိုက်ဘဲ လုပ်ချင်လျှင် တဇွတ်ထိုး လုပ်တတ်သည့် အဖြစ် အပျက်များကို ဖေါ်ပြထားသည်။
အတာတပ်သည် အပေါစား ပြည့်တန်ဆာမအိမ်များတွင် အိပ်ခဲ့သည်။ ညကြီးသန်းကောင် ထပြီး သေနတ် ဆွဲကာ စစ်တိုက်ချင်လျင် တိုက်သည်။ အတော် သူရဲကောင်း ဇာတ်လိုက်ဆန်သော ဘ၀ဖြစ်သည်။ အတာ တပ်သည် အနောက်တိုင်းဆံဆံ ပညာတတ်မကလေးနှင့် တွေ့ပုံလည်း ပါသည်။
ကိုဗဆွေကား သူအိပ်မက် မက်ချင်လည်း မက်ခဲ့မည်ဖြစ်သော၊ သူ အင်မတန် စွဲလမ်းသည့် အတာတပ် အတ္ထုပ္ပတ္တိစာအုပ်ထဲမှ “၀ံပုလွေ” ကား ဖြစ်မလာ။ ကျားကြီးကား ဖြစ်လာပေပြီ။ ၀ံပုလွေသည် ခေတ်သစ် တူရကီပြည်ကြီးကို ထူထောင်ခဲ့၏။ ကျားကြီးကား … ကျားကြီးကား ….
( ၆ )
ပြည်သူ့စာပေ ဗဟိုဋ္ဌာနတွင် တွေ့စဉ်က၊ ကျွန်တော်က ပြည်တွင်းစစ် ရပ်စဲရေး၊ ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းရေး၊ တကယ့် အမျိုးသားတပ်ပေါင်းချုပ် ဖွဲ့စည်းရေးတို့ကို တတွတ်တွတ်ပြောနေစဉ် ကိုဗဆွေကား စီးကရက်ကို ဖွာကာ ပြုံးလျက်ရှိသည်။
“လက်ဝဲညီညွှတ်ရေးကို ဒို့လဲ ကျိုးစားခဲ့တာပဲကွ။ မလွယ်ဘူး”
“ဘာဖြစ်လို့ မလွယ်ရမှာလဲဗျာ၊ ဖက်ဆစ် တော်လှန်းရေးကြီးကို အတူလက်တွဲပြီး ပြုခဲ့တဲ့ ဗမာ့တပ်မတော် (ယခု ပြည်သူ့ရဲဘော်)၊ ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီ ဖြစ်လာမဲ့အရေးတော်ပုံပါတီ၏ အမြုတေတို့ဟာ ဘာဖြစ်လို့ မပေါင်းနိုင်ရမှာလဲ။ ဖက်ဆစ် တော်လှန်ရေးကို လုပ်ပြီး လွတ်လပ်ရေး ရလာမှ တယောက်နဲ့ တယောက် မုန်းတီး၊ တိုက်ကြခိုက်ကြဆိုတာ သိပ်ဝမ်းနည်းဖို့ကောင်းနေတယ်…” စသည်ဖြင့် ကျွန်တော် က လျှောက်ပြော၏။
“သခင်စိုးတို့၊ သခင်သန်းထွန်းတို့ဟာ ညစ်ပတ်တယ်ကွ”
“ဒါကတော့ ထင်မြင်ချက်မျှသာ ဖြစ်တာပဲ။ သူတို့မှာရှိတဲ့ အရည်အချင်းမျိုး ခင်ဗျားတို့မှာ မရှိ၊ ခင်ဗျားတို့ လုပ်နိုင်တာ သူတို့ မလုပ်နိုင်၊ အဲဒီလို ဖြစ်နေတာ။ တကယ့်အရေးမှာ အရည်အချင်းတွေ စုပေါင်းပြီး တိုင်းပြည်ကို ထူထောင်စေချင်တာပဲ။ အဲဒါဟာ လက်ဝဲညီညွှတ်ရေးပဲ။ နို့မဟုတ်ရင် တိုင်းပြည်ဟာ မျောမှာပဲဗျ …..”
စင်စစ်တော့ကွာ … သခင်စိုးတို့သခင်သန်းထွန်းတို့ဟာ ငါတို့ဘုရားတွေပါပဲကွ။ ငါ့ဆရာတွေပါပဲ။ နဂါးနီ စာအုပ်အသင်းကို အတူထောင်ခဲ့ကြတာပါ။ဒါပေမဲ့ …” ဟု ကိုဗဆွေသည် စာရေးစားပွဲပေါ်တွင် တင်ပလွဲထိုင်နေရာမှ အနည်းငယ် ရွှေ့ကာ ပြောသည်။
“နောက်ပြီး … ပါတီသန့်ရှင်းရေးဟာလဲ အရေးကြီးတယ်ဗျ”
ခက်တာက ပါတီလူစုခြင်းသည် အစိမ်းသူရဲမွေးတာနဲ့ တူနေသည်။ ကိုယ့်ပါတီ အားရှိရင် ပြီးရော ဆိုကာ တွေ့ကရာလူတွေ လက်ခံခဲ့ကြ၏။ အာဏာ ရလာတော့ ရာထူးလိုချင်သူ များလာ၏။ ဂျပန် အဓိပတိခေတ် ကကဲ့သို့ ဆိုက်ကားသမားက မြို့အုပ် တက်ဖြစ်ချင် ဖြစ်နေသည်။ နောက်, အထက်က မကောင်းမှန်း၊ ဆိုးမှန်းသိလာတော့လည်း ကိုယ့်လူတွေ ဖြုတ်ချပစ်ဖို့ ခက်နေသည်။ သည်လူတွေပင် ကိုယ့်ကို မဲပေးနေ သကော။ ကြာတော့ အပုပ်နံ့ လှိုင်လာကာ ပြည်သူက နှာခေါင်းရှုံ့လာတော့သည်။
“ပြောတော့ လွယ်တယ်ကွ။ ငါလဲ ပါတီသန့်ရှင်းရေးကို ကြိုးစားတာပါပဲ။”
“ကျွန်တော်တော့ ကွန်မြူနစ်တွေဟာ ခင်ဗျားတို့ထက် သန့်တယ်လို့ ထင်တာပဲ”
“မင်းက သန်းထွန်းလူလား” လို့ ပြုံးကာ နောက်လိုက်ပြီးမှ “ငါတို့က အာဏာရတဲ့ ပါတီဆိုတော့ ၀င်ချင်တဲ့ လူချည်းပဲကွ။ သန့်လို့ မရဘူး။ ကွန်မြူနစ်ပါတီဟာ တိုက်ပွဲကိုလုပ်နေတဲ့ ပါတီဆိုတော့ သန့်ပြီးသား ဖြစ်နေပြီ။ တိုက်ပွဲလုပ်နေတာကိုက သန့်နေတာပဲ။ တကယ် မယုံဘဲနဲ့ ၀င်မတိုက်ဘူး …”
နောက် ကျွန်တော်က ပြန်လည်ထူထောင်ရေးကို ဆက်လက်ပြောပြန်သည်။
“ခက်တာပဲဗျာ ခင်ဗျားတို့တတွေ တိုက်ကြ ခိုက်ကြ လုပ်နေကြတာနဲ့ပဲ ပြန်လည်ထူထောင်ရေးကို ဘာမျှ မလုပ်နိုင်ဘူး။ အမျိုးသား ပြတိုက်တို့၊ ပန်းချီပြခန်းတို့ ဘယ်မှာရှိသလဲ။ ယဉ်ကျေးမှုမှာ ဘာများ အာရုံ စိုက်စရာ ရှိသလဲ။ စက်မှု၊လက်မှု လုပ်ငန်းတွေ ဘာများလုပ်နိုင် သလဲ။”
“လုပ်ကြပါကွာ။ ငါတို့အားပေးချင်တယ်”
ထိုအခိုက် သူဖတ်ပြီးခဲ့သော မာက်စ်စာအုပ် တထပ်ကြီးကို ပြည်သူ့စာပေသို့ ပြန်ပေးရန်အတွက် စာပွဲ ပေါ်သို့ တင်လိုက်သည်။ မာက်စ်၊လီနင်၊စတာလင် တို့ ရေးသော စာအုပ်များဖြစ်သည်။ ကျောင်းတုန်းက ဆိုလျှင် “ခင်ဗျား ကုန်အောင်ဖတ်ရဲ့လား”ဟု နောက်မိမည် ဖြစ်၏။
“အင်တီဒူးရင်းစာအုပ်ဟာ အတော်ကောင်းတာပဲ၊ အကိုးအကားတွေနဲ့ တခါထဲ ချေပထားပုံတွေဟာ”
ထိုနောက် ခေတ်ပေါ် ဗမာစာပေအကြောင်း ရောက်သွားပြန်သည်။ တိုးတက်စာပေ၊ ဂေါ်ကီ၏ ၀တ္ထုများ၊ ဘော်လဇက်၏ နင်နာဝတ္ထု၏ လူမှုဆက်ဆံရေး ….. နောက်ဆုံးဝယ် ဖက်ဆစ် တော်လှန်ရေးကို လုပ်ခဲ့သူ များပါဝင်သော ညီညွှတ်ရေး တပ်ပေါင်းချုပ်။
ကိုဗဆွေကား နောက်တွင် ဘာရှိမည်ကို မမှန်းဆတတ်နိုင်သော သူ၏ အပြုံးဖြင့်သာ နားထောင်နေ ပေသည်။
ဒဂုန်တာရာ
ဒီဇင်ဘာလ၊ ၁၉၄၈

0 comments:
Post a Comment