Wednesday, June 22, 2011

အိပ်မက်ပုံဆောင် အတိတ်တွေ

   http://nyeinsoeoo.multiply.com/journal/item/365/365        

               အချိန်တို့သည် တရွေ့ရွေ့ ကုန်ဆုံးနေကြသကဲ့သို့ အတိတ်၏ အရိပ်တို့သည်လည်း တရွေ့ရွေ့ မှုန်ဝါးခဲ့ကြပါသည် ။ အိပ်မက် မက်သောအခါ ပြန်လည်တွေးဆကြည့်လျှင် မှုန်ဝါးဝါးသာ ပြန်လည်သတိရနိုင်သကဲ့သို့ ဖြစ်ပါသည် ။    သို့သော် ထို အတိတ်များ ၊
အိပ်မက်များတွင် ပြုံးပျော် ကြည်နူးစရာ ၊ လွမ်းမော တမ်းတစရာ ၊ ကြေကွဲ ရင်နင့်စရာ ၊ မျှော်လင့်မှန်းဆစရာ ၊ ပေါ့ပါး ရယ်ရွှင်စရာ စသည်တို့က အဖုံဖုံအလီလီ ရှိနေမည်မှာ သေချာပါသည် ။ဤသည်တို့ကို မှတ်မိနိုင်သမျှ ပြန်လည် စုစည်းကြည့်သောအခါမိမိတို့၏ မိတ်ဆွေ အပေါင်းအဖေါ်များကို မျှဝေခံစားကြည့်စေလိုသော ဆန္ဒကလည်း ဖြစ်လာရပြန်ပါသည် ။ ဤမှ တစ်ဆင့်အိပ်မက်ပုံဆောင် အတိတ်တို့က စီးဆင်းလာရပါတော့သည် ။


အမှိုက်ခြင်းစုတ်
              ကျွန်တော်တို့ ကျောင်းဆရာ ၊ ဆရာမများသည် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲများကို ကြည့်ကြပ်ရခြင်း ၊ အမှတ်ပေး၍ ဆုရွေးချယ်ရခြင်း အလုပ်များကို ပါဝင်ဆောင်ရွက်ရတတ်ကြပါသည် ။ ကျွန်တော်တို့မြို့နယ်၏ စာစီစာကုံးပြိုင်ပွဲတစ်ခု
ကျင်းပစဉ်က ဖြစ်ပါသည်။ ဖြေဆိုပြိုင်ပွဲဝင်ပြီးကြသော အဖြေလွှာများကို သတ်မှတ်ထားသည့် ဆရာဆရာမများက ချမှတ်
ထားသော အမှတ်ပေးစည်းမျဉ်းများအတိုင်း အမှတ်များ ပေးထားကြပါသည် ။ မိမိတို့၏ အကဲဖြတ်ချက်များကို စာရင်းပြုလုပ်၍
တာဝန်ခံဆရာကြီး ၊ ဆရာမကြီးကို ပေးရပါသည် ။ ဤတွင် စာစီစာကုံးပြိုင်ပွဲ ဆုရွေးချယ်မှု တာဝန်ခံဆရာမကြီးမှာ အလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်တာဝန်ယူခဲ့ရချိန်ဖြစ်ပါသည် ။ ဆရာမကြီးမှာ ကျောင်းမှတစ်ဆင့် ပညာရေးမှူးရုံးသို့လာရောက်ခဲ့ပါသည် ။ ကျွန်တော်တို့ဆရာဆရာမများ၏ အမှတ်စာရင်းအချုပ်ကို ဆရာမကြီးထံပေးအပ်ထားရာ
ဆရာမကြီးက အိမ်မှအလုပ်စားပွဲပေါ်တွင် သိမ်းထားပါသည် ။ ပညာရေးမှူးအား မူ ၊ လယ် အထက် ၊ အဆင့်အလိုက်
အမှတ်ပေါင်းနှင့် ဆုရရှိမည့်သူများ ၊ ကျောင်းများပါဝင်သောစာရင်းကို ပေးအပ်အတည်ပြုရန်ဖြစ်ပါသည်။
ဆရာမကြီးသည် ရုံးစာရေးတစ်ယောက်အား အမှတ်စာရင်းချုပ်ယူပေးရန် အိမ်သို့ စေလွှတ်ခဲ့ပါသည် ။ ထိုရုံးစာရေးမှာ အလုပ်ကို ပေါ့ပေါ့ပါးပါး ဆောင်ရွက်တတ်သူ ဖြစ်ပါသည် ။ ဖျတ်လတ်ပါသည် ။ဆရာမကြီး၏စကား ကိုကြားသည်နှင့် ရုံးစာရေးက
ချက်ခြင်း သွားခဲ့ပါသည် ။ ထို့နောက်သူ ယူဆောင်လာသည်ကို ပညာရေးမှူးနှင့် ဆရာမကြီးအပါအ၀င် ဆရာ ဆရာမများရှိရာသို့ အရောက် ပို့ပါသည် ။ သူယူဆောင်လာသည်မှာ အမှိုက်ခြင်းစုတ် ဖြစ်ပါသည် ။
အမှတ်စာရင်းချုပ် နှင့် အမှိုက်ခြင်းစုတ် မှားယွင်းခဲ့သကဲ့သို့ ထိုစာရေးမှာလည်း ဤအချိန်မှစ၍ အမည်အသစ်ရခဲ့ပါတော့သည် ။ အမည်မှာ `` အမှိုက်ခြင်းစုတ် ´´ ... ။

အဖေ့ကို သားလို့ ခေါ်လိုက်
                ကျွန်တော်တို့ မြို့တွင် ၀ါတွင်းကာလမှာ ရပ်ကွက်များ၏ ဆွမ်းလောင်းအသင်းများက နေ့အလိုက်ဆွမ်းများကို ချက်ပြိး သံဃာတော်များကို လောင်းလှူလေ့ရှိပါသည် ။ ဆုတောင်းပြည့် ဘုရာကြီးတည်ရှိရာ အမှတ်( ၄ ) ရပ်ကွက်ကလည်း
အလှူရှင်အင်အားတောင့်တောင့်နှင့် လောင်းလှူလေ့ရှိကြပါသည် ။ သီတင်းကျွတ်လသို့ရောက်ပြီး ဆွမ်းသိမ်းပွဲ ကျင်းပသောအခါ ဆိုင်းဝိုင်းအပိုင်ရှိသော ( ၄) ရပ်ကွက် ဆွမ်းလောင်း အသင်းက အဆိုအက အတီးအမှုတ်များကို ကျနစွာစီစဉ်ပြိး
အောင်ပွဲခံလေ့ ရှိပါသည် ။ တစ်နှစ်တွင် ပြဇာတ်တစ်ပုဒ်ကိုပါ စီစဉ်တင်ဆက်ခဲ့ပါသည်။ ရပ်ကွက်အတွင်းမှ လူငယ်သရုပ်ဆောင်
များဖြင့်ပင် တင်ဆက်ခြင်း ဖြစ်ပါသည်။ ပြဇာတ်မှာ  မိဘနှင့် ငယ်စဉ်က ပင် ကွဲကွာနေသောသားက တရားဥပဒေဘက်တော်သားအဖြစ် ၊
ဖခင်က တရားဥပဒေ၏ ပြင်ပသို့ ရောက်နေသူ စသည်ဖြင့် သရုပ်ဆောင်ကြပါသည် ။ နောက်ဆုံးတွင် သူတို့နှစ်ယောက်မှာ မိခင်( ဇနီး )
ရှေ့တွင် ဆုံတွေ့သကဲ့သို့ သားက ဖခင်ကို ဒဏ်ရာဖြင့် ဖမ်းမိချိန်ဖြစ်ပါသည် ။ ဒဏ်ရာမှာ ပြင်းထန်သဖြင့် ဖခင်က သား၏ပွေ့ပိုက်မှုကို ခံယူရင်း ရင်နင့်စွာ ပြောလိုက်သောစကားမှာ အဖေမသေခင်လေးမှာ သားရဲ့ အသံနဲ့ အဖေလို့ ခေါ်သံကို ကြားချင်လိုက်တာ
ဟု ဇာတ်အထွတ်အထိပ်ခံစားချက်အဖြစ် ပြောရန် ဖြစ်ပါသည် ။ သို့သော် အဖေ လုပ်သူကပြောလိုက်သော စကားမှာ
`` အဖေ့ကို သားလို့ခေါ်လိုက်သံကို ကြားပါရစေလား ´´
ဆိုသော အခါ စောင့်စားကြည့်ရှုနေကြသူများမှာ ၀မ်းနည်းစိတ်မခံစားရတော့ပဲ ၀ါးလုံးကွဲရယ်ကြရပါတော့သည် ။ ဒါရိုက်တာ လုပ်သူက ချက်ခြင်း ကန့်လန့်ကာကို ချလိုက်ပြီး ပရိသတ် ရယ်မောမှုပြီးဆုံးချိန်ကို စောင့်၍ ဇာတ်သိမ်းပိုင်း ဇာတ်ဝင်ခန်းကို မှန်ကန်စွာ နောက်ထပ်
်ပြန်လည် ကပြခဲ့ပါတော့သည် ။

ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ
ငြိမ်းစိုးဦး
( June ; 22 ; 201 )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...