Wednesday, June 22, 2011

မြန်မာနိုင်ငံကရတယ်ဆိုတဲ့ နိုင်ငံခြားအကူအညီ စစ်ဒဏ်မခံရတဲ့ နိုင်ငံတွေက ပိုရ

ယနေ့ ကမ္ဘာမှာ မဖွံ့ဖြိုး မတိုးတက်သေးတဲ့ နိုင်ငံများ အနေနဲ့ လက်ဝဲ- လက်ယာ အုပ်စုများရဲ့ အကူအညီ ယူကြပုံမှာ အမြင် အသီးသီး ဝေဖန်နည်း အဖုံဖုံ ရှိကြ ပေလိမ့်မယ်။ မြန်မာပြည်က ဘာ အကူအညီတွေ အစစ်အမှန် ရကြပြီး ဘယ်နိုင်ငံတွေက ဘယ်လောက် ဖြည့်တင်းခဲ့တယ် ဆိုတာ အတိအကျ ဂဏန်းဇယားတွေ ရှိရပါလိမ့်မယ်။ လက်ယာအုပ်စုက အကူအညီတွေ ဟာ အမြတ်အစွန်း ပဓာနထား၍ လက်ဝဲအုပ်စုရဲ့ အကူအညီကတော့ ပြည်သူတွေရဲ့ အကျိုးအမြတ် ဖြစ်စေတယ်ဆိုတဲ့ ခံယူချက်တွေ ဘယ်အထိ မှန်ကန်တယ်ဆိုတာလဲ ဆန်းစစ်လေ့လာ နိုင်ကြဖို့ပါပဲ။


အမေရိကန် အစိုးရမှ မြန်မာပြည် အစိုးရသို့ ၁၉၅၀ ပြည့်နှစ်မှ ၁၉၅၉ ခုနှစ်အထိ ECA၊ PL480၊ AID အကူအညီများအရ ဒေါ်လာ သန်းပေါင်း (၉၆)သန်း အကူအညီ ပေးခဲ့ပါတယ်။

အမေရိကန် အစိုးရက ဒုတိယ ကမ္ဘာစစ်ကြီး အပြီး ၁၉၄၆ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ အာရှနိုင်ငံ ကြီးငယ်များကို ဒေါ်လာငွေ အထောက်အပံ့ ပေးခဲ့တာ အောက်ပါ စာရင်းအတိုင်း ဖြစ်ပါတယ်-

(၁) ဂျပန်ပြည်သို့ ဒေါ်လာ ၂၅၂၆ သန်း။

(၂) အိန္ဒိယပြည်သို့ ၁၅၈၉ သန်း။

(၃) အင်ဒိုနီးရှားပြည် ၃၇၃ သန်း။

(၄) လာအိုပြည်ငယ် ၁၇၁ သန်း။

(၅) ကမ္ဘောဒီးယားပြည် ၁၂၃ သန်း။

(၆) မြန်မာပြည် ၉၆ သန်း။

ဤဇယားကို ကြည့်ပါဗျာ၊ မည်သည့် စစ်ဘေး စစ်ဒဏ်မှ မခံစားရတဲ့ ကုလားပြည်က ဒေါ်လာ ၁၅၈၉ သန်းရပြီး ကျွန်တော်တို့ မြန်မာပြည်က (စစ်ဘေး စစ်ဒဏ် နှစ်ခါပြန် ခံရ၍ ဖွတ်ဖွတ်ကျေတဲ့ တိုင်းပြည်က) လူဦးရေ လေးသန်းခန့်ရှိတဲ့ လာအိုတိုင်းပြည်ငယ် လောက်မှ မရရှိဘဲ အားလုံးအထဲမှာ အနည်းဆုံး ၉၆ သန်းပဲ ရရှိခဲ့ပါတယ်။

ဂျပန်ကပင် မြန်မာ့ထက်သာ

ရင်နာ၍ မှတ်သားစရာ ကောင်းတဲ့ အချက်ကတော့ မြန်မာပြည်ကို အမျိုးမျိုး ထုထောင်းသွားတဲ့ ဖက်ဆစ်စစ်ရှုံး ဂျပန်တိုင်းပြည် က အမေရိကန် အကူအညီ ဒေါ်လာသန်းပေါင်း ၂၅၂၆ သန်း ရရှိတယ်ဗျ။ ကျွန်တော်တို့ မြန်မာအစိုးရက အာပေါက်အောင် အမျိုးမျိုး အကြောင်းပြ တောင်းလို့ ဂျပန်က စစ်လျော်ကြေးငွေ ဒေါ်လာသန်း ၂၀၀ ပဲ ရရှိခဲ့ပါတယ်။ ဒါနှင့်ပဲ လောပိတ ရေအား လျှပ်စစ် လုပ်ငန်းကြီးနဲ့ ယခုအထိ သုံးဆောင် ထူထောင်နေကြရတဲ့ ပစ္စည်းတွေ ရရှိခဲ့ကြ ရတာပေါ့။

မဖြစ်စလောက် အကူအညီ

လူပြိန်းတွေး တွေးကြည့်ရင် ဂျပန်တို့ဟာ အမေရိကန် ထံက ရတဲ့ ၂၅၂၆ သန်းထဲက မြန်မာကို မဖြစ်စလောက် သန်း ၂၀၀ ကလေး မျှပေးတာပဲ ဆိုရမှာပါပဲ။ ဒီအထဲ ပိုပြီး ရင်နာစရာ မခံချင်စရာ ကောင်းတာကတော့ ဟိုတုန်းက တရုတ်ဖြူ အရေးအခင်း အကြောင်းပြုပြီး ပမညတနဲ့ တောတွင်း ကွန်မြူနစ်တွေက အာဘောင်အာရင်းနှင့် တောခြောက်ပေးလို့ အမေရိကန် အကူအညီ ECA ကို ကမ္ဘာသိ ကြေညာပြီး မြန်မာအစိုးရက ဖြတ်တောက် ပစ်ကြရ သေးပါ့ဗျာ။

အမေရိကန် အကူအညီ အကြောင်း ဖော်ပြပြီးလို့ ဆိုဗီယက် ရုရှား အကူအညီ အကြောင်း ဖော်ပြဖို့ လိုပါသေးတယ်။

ဆိုဗီယက်အကူအညီတွေ

ဆိုဗီယက်ရုရှား နိုင်ငံကြီးက ၁၉၅၅ ခုနှစ်မှ ၅၉ ခုနှစ် အထိ အာရှနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် အကူအညီ ပေးခဲ့တဲ့ ရုရှား ရူဘယ်ငွေ သန်းပေါင်းမှာ အောက်ပါအတိုင်း စာရင်းဇယားအရ ဖြစ်ပါတယ်-

(၁) အိန္ဒိယပြည်သို့ ရူဘယ်သန်းပေါင်း ၁၀၀၀။

(၂) ယနိုက်တက် အာရပ် (အီဂျစ်) သန်းပေါင်း ၁၁၀၀။

(၃) အာဖဂန် နစ္စတန်ပြည် သန်းပေါင်း ၄၈၀။

(၄) အင်ဒိုနီးရှားပြည် သန်းပေါင်း ၄၂၇။

(၅) သီဟိုဠ်ပြည် သန်းပေါင်း ၁၂၀။

(၆) အီရတ်ပြည် သန်းပေါင်း ၅၅၀။

(၇) အီသီယိုပီးယား သန်းပေါင်း ၄၀၀။

(၈) အာဂျင်တီးနား သန်းပေါင်း ၄၀၀။

အထက်ပါ ဇယားအရ မြန်မာပြည်က ရူဘယ်ငွေ တစ်ပြားတစ်ချပ်မှ မရှိခဲ့ပါဘူးဗျာ။ ဒီလိုဆိုတော့ မုသား စားကားများ လွတ်အောင် အောက်ပါအတိုင်း ထပ်မံ ရှင်းလင်း တင်ပြပါရစေဗျာ။

တောင်းမယ့် တောင်းတော့လည်း

၁၉၅၅ ခုနှစ်လောက်ဆီက ရုရှား ခေါင်းဆောင်ကြီးများ ဖြစ်ကြသော ကရူးရှက်နှင့် ဝန်ကြီးချုပ် ဘူဂါနင်တို့ ချစ်ကြည်ရေး မိတ်ဆက် အဖွဲ့ကြီးသည် အာရှနိုင်ငံများသို့ လာရင်း မြန်မာပြည်သို့ ရောက်ခဲ့ကြပါတယ်။ မြန်မာအစိုးရ တစ်ဖွဲ့လုံးက တခမ်း တနား ကြိုဆိုဧည့်ခံကြပြီး ရုရှား အစိုးရက မြန်မာပြည်ကို အကူအညီ ပေးဖို့အတွက် ဘာများ အလိုရှိပါကြောင်း ဆန္ဒ တောင်းခဲ့တယ်။

မြန်မာခေါင်းဆောင်ကြီးများက ခင်ဗျားတို့ စီးလာသော ရုရှားအီလူရှင်း လေယာဉ်ပျံကြီးကို အလိုရှိကြောင်း အဆိုရှိရာ (ယူစေဗျား) ဟူ၍ ပေးခဲ့ပါကြောင်းပါဗျာ။

ရလိုက်တဲ့ လက်ဆောင်တွေ

ဤအချိန်က ရုရှားအစိုးရနှင့် အမေရိကန် အစိုးရတို့ အပြိုင်အဆိုင် ဆွမ်းကြီးလောင်း နေကြစဉ် မြန်မာနှင့် ရုရှားခေါင်းဆောင် တို့ ထပ်ဆွေးနွေးကြပြန်ရာ အောက်ပါ ရုရှား လက်ဆောင် စီမံကိန်းကြီး အရ အဆောက်အအုံကြီး (၃)ခုကို ရရှိလိုက် ရတယ်ဗျ။

ရုရှားလက်ဆောင် စီမံကန်း အဆောက်အအုံကြီး များမှာ-

(၁) အင်းယားလိပ် - အိပ်ခန်း ၂၀၀ပါဟိုတယ်ကြီး။ နိုင်ငံခြားငွေ ၁၆၅သိန်း၊ ပြည်တွင်းငွေ ၁၀၅သိန်း၊ ပေါင်း ၁၇၀သိန်း။

(၂) ကြို့ကုန်း စက်မှုလက်မှု သိပ္ပံကျောင်းကြီး။ နိုင်ငံခြားငွေ ၂၄၇ သိန်း၊ ပြည်တွင်းငွေ ၁၅၅ သိန်း၊ ပေါင်း ၄၀၁ သိန်း။

(၃) စပ်စံထွန်း ဆေးရုံကြီး (တောင်ကြီး)။ နိုင်ငံခြားငွေ ၁၃၀ သိန်း၊ ပြည်တွင်းငွေ ၄၄.၆ သိန်း။ ပေါင်း ၁၇၄.၆ သိန်း။

စုစုပေါင်း ၈၄၆.၆ သိန်း။

အထက်ပါ မြန်မာကျပ်ငွေ ၈၄၆.၆ သိန်း တန်ဖိုးရှိသော အဆောက်အအုံကြီး သုံးခုကို ဆိုဗီယက် ရုရှားလက်ဆောင် စီမံကိန်းကြီး SOVIET GIFTS PROJECTS များ အဖြစ် ရရှိခဲ့ပါသည်။

ပြန်ပေးရတာက ဆန်

ဤအဆောက်အအုံ များကို အလာကား ရသည် ဟူ၍တော့ မထင်လိုက်ပါနှင့်။ အဲဒီအချိန်က သွေးနားထင်ရောက် နေသော ကျွန်တော် အပါအဝင် မြန်မာခေါင်းဆောင် များသည် အမေရိကန် အကူအညီ များကို ဖြတ်တောက်ထားသော အချိန် ဖြစ်ပါသည်။ ရုရှားတို့ အိန္ဒိယ ပြည်တွင်း ဒေါ်လာ ၂၅သန်းတန် သံမဏိ စက်ရုံကြီး ဆောက်ပေးသလို ကမ္ဘောဒီယားတွင် ဆေးရုံစက်ရုံ လမ်းပန်း ဆက်သွယ်ရေးများ ထူထောင်ပေးသလို မြန်မာတို့ အားလည်း အရင်းရှင် နယ်ချဲ့ ဘက်တော်သားများ ဖြစ်မသွားလေ ရအောင် လက်ဆောင်များ ပေးလိုဟန် ရှိပေမယ့် မြန်မာခေါင်းဆောင်များကလည်း ကစိကပတ် အတင်မခံလို၍ မြန်မာပြည် တွင် ပိုလျှံနေသော ဆန်စပါးများမှ ရုရှားအစိုးရသို့ တန်ဖိုးငွေ ၈၄၆.၆ သိန်းတန် ဆန်များကို လက်ဆောင်အဖြစ် ပြန်ပေးခဲ့ကြ ပါတယ်ဗျာ။

နောင်လာနောက်သားတွေ သိအောင်

သို့သော်လည်း ကမ္ဘာနှင့် မြန်မာပြည်သူ ပြည်သားများက ဆန်လက်ဆောင် ပြန်ပေးခြင်းကို လူတိုင်း မသိကြပေမယ့် ရုရှား အစိုးရက အင်းယားလိပ် ဟိုတယ်ကြီး၊ စက်မှုသိပ္ပံ ကျောင်းကြီး၊ ဆေးရုံကြီး များကို ရုရှားလက်ဆောင် အဖြစ် ကျောက်စာ ကြေးစာများနှင့် ကမ္ပည်း ထိုးထားပြီး ဖြစ်ပါ၍ နောင်လာနောက်သား များကပါ ရုရှား လက်ဆောင်အဖြစ် အသိအမှတ်ပြု ကြရတော့မည် ဖြစ်ပါကြောင်း ဤဆောင်းပါးအဖြစ် မှတ်တမ်းတင် ပါသတည်း။

မြန်မာပြည်၌ အဘက်ဘက်က ပြည့်စုံဖူလုံမှုများ ရှိမယ်ဆိုလျှင် ဘယ်တိုင်းပြည် ကမှ မျက်နှာ အငယ်ခံ၍ အကူအညီ အထောက်အပံ့ ယူစရာ မလိုပါ။ သို့သော်လည်း မပြည့်စုံနေသော အချိန်အခါများ၌ အနှောင်အဖွဲ့ အချည်အတဲ မရှိတဲ့ အကူအညီများ ကိုတော့ လိုအပ်လှကြောင်း သင်ခန်းစာ ယူမိပါသည်။

(ဤဆောင်းပါးကို ၁၉၆၀ ပြည့်နှစ် သြဂုတ်လ ဘက်ဂျက်ပါလီမန်၌ တင်ပြသော မှတ်တမ်းများမှ ကိုးကား ဖော်ပြပါသည်။)
သခင်ချစ်မောင် (မြန်အောင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...