Saturday, June 25, 2011

စည်းကမ်း ဥပဒေနှင့် တာဝန်

ဒီမိုကရေစီ ဝါဒသည် ဝါဒ အသီးသီးတွင် အလွန် ကောင်းလှစွာသော ဝါဒတစ်ခု ဖြစ်သည်ကား မှန်၏။ သို့သော် ဤဝါဒ အတိုင်း အကျိုးရှိအောင် ဆောင်ရွက်ရန်ကား မလွယ်။ စည်းကမ်း ဥပဒေကို ရိုသေတတ်၍ မိမိတို့၏ တာဝန်ကို မိမိတို့ သိတတ်သူများ သာလျှင် ဤဝါဒကို နည်းလမ်းတကျ အသုံးပြုနိုင်ကြ ပေလိမ့်မည်။

ဒီမိုကရေစီ နိုင်ငံတစ်ခုတွင် အသုံးပြုသော ဥပဒေသည် လူအများက ရွေးကောက် တင်မြှောက်လိုက်သော ဥပဒေပြု အဖွဲ့ဝင် လူကြီးများ ကပင် ပြုလုပ်လိုက်သော ဥပဒေ ဖြစ်သဖြင့် ဤဥပဒေကို လူအများ ကပင် ကောင်းစွာ ရိုသေကြရ ပေလိမ့်မည်။ ကိုယ် တင်မြှောက် လိုက်သော ကိုယ်၏ ကိုယ်စားလှယ်များက ပြုလုပ်သည့် ဥပဒေကိုမှ ကိုယ်မရိုသေလျှင် ကိုယ်လုပ်သော ဥပဒေကို ကိုယ် မရိုသေရာ ကျပေလိမ့်မည်။ ထို့ကြောင့် ဥပဒေကို လူတိုင်း ရိုသေ ရပေလိမ့်မည်။ ဥပဒေအတိုင်း လူတိုင်း ဆောင်ရွက်ကြရ ပေလိမ့်မည်။
နိုင်ငံ တစ်ခုတွင် မိမိ တစ်ယောက်တည်း လူဖြစ်နေလျှင် မိမိထင်သလို စည်းမရှိ ကမ်းမရှိ သွားလာလုပ်ကိုင် နိုင်ပေလိမ့်မည်။ ဤ သို့မဟုတ်ဘဲ အများနှင့် အတူနေရသည် ဖြစ်လေရာ လူတိုင်းလူတိုင်းသည် အများ၏ အကျိုးကို ကြည့်၍ စည်းနှင့်ကမ်းနှင့် နေရ ပေလိမ့်မည်။

စည်းကမ်း ဆိုသည်မှာ လူတစ်ဦး တစ်ယောက်တည်း၏ အကျိုးအတွက် ထားရသည် မဟုတ်။ အများအတွက် ထားရခြင်း ဖြစ်၏။ အများဆိုရာ၌ ၎င်းအများတွင် မိမိလည်း ပါဝင်သည်ကို မမေ့သင့်။
ဥပမာ 'ဒူးရင်းသီး အခွံကို လမ်းတွင် အရမ်းမပစ်ရ’ ဟူသော စည်းကမ်းကို မိမိက မရိုသေဘဲ သူတစ်ပါး၏ အိမ်နားတွင် သွား၍ အရမ်း ပစ်ထား လိုက်ပါလျှင် ထိုအိမ်သူ အိမ်သားများ ဒူးရင်းခွံ အနံ့ကြောင့် စိတ်ဆင်းရဲ ကြရလိမ့်မည်။ မိမိ၌ကား အကျိုးယုတ်မည် မဟုတ်။ သို့သော် သူတစ်ပါးက မိမိအိမ်နား၌ ဒူးရင်းခွံတွေ အရမ်းလာ၍ ပစ်သော်၊ မိမိတို့ တစ်အိမ်သားလုံး စိတ်ဆင်းရဲ ကြရပေလိမ့်မည်။ ပစ်သူ အတွက်ကား ကိစ္စမရှိ။ ထို့ကြောင့် ဘယ်သူမှ ဒူးရင်းခွံကို လမ်းတွင် အရမ်းမပစ်လျှင် ကောင်း၏။

စည်းကမ်း ဆိုသည်မှာ အများအတွက် ထားရသော ကိစ္စမျိုးဖြစ်၏။ လူရှိလျှင် စည်းကမ်းရှိရ၏။ စည်းကမ်းနှင့် ကင်း၍ လူ မနေနိုင်။ ထို့ကြောင့် ဒီမိုကရေစီ နိုင်ငံများ၌သာ မဟုတ် နိုင်ငံတိုင်း၌ စည်းကမ်းရှိရ၏။ လူအများ အားလုံး တစ်ယောက်မကျန် စိတ်ချမ်းသာ စေရမည်ဟု မျှမျှတတ ရည်ရွယ်ချက် ထားသော ဒီမိုကရေစီ နိုင်ငံများ၌ကား အဘယ် ဆိုဖွယ်ရာ ရှိတော့ အံနည်း။

နိုင်ငံ အုပ်ချုပ်ရာ၌ လည်းကောင်း၊ ရပ်ရွာကိစ္စ အဝဝကို ဆောင်ရွက်ရာ၌ လည်းကောင်း၊ အသင်းအပင်း များကို တည်ထောင်ရာ၌ လည်းကောင်း၊ အစည်းအဝေးများ ကျင်းပရာ၌ လည်းကောင်း၊ စည်းကမ်း ဥပဒေကို ရိုသေရန် အရေးကြီးလှ၏။ သို့သော် ရိုသေနည်းမှာ နှစ်မျိုးရှိ၏။ အချို့ကား အပြစ်ဒဏ်ကို ကြောက်၍ ရိုသေကြ၏။ အချို့ကား ကိုယ့်လိပ်ပြာ ကိုယ်ရှက်၍ ရိုသေကြ၏။ ဤရိုသေနည်း နှစ်မျိုးတွင် ဒုတိယ ရိုသေနည်းသည် သာ၍ ကောင်း၏။ အပြစ်ဒဏ်ကို ကြောက်၍ ရိုသေသူသည် အပြစ်ဒဏ်ကို ရှောင်၍ လွတ်မည်ဟု အထင်ရှိလျှင် စည်းကမ်း ဥပဒေကို ဖောက်ဖျက်ကောင်း ဖောက်ဖျက် ပေလိမ့်မည်။ ကိုယ့်လိပ်ပြာ ကိုယ်ရှက်၍ အသိတရား၊ ကိုယ်ကျင့်တရား ရှိသောကြောင့် ရိုသေသော သူကား နေရာမရွေး အချိန်မရွေး စည်းကမ်း ဥပဒေကို အမြဲတစေ ရိုသေ ပေလိမ့်မည်။ လောကတွင် အရာရာ၌ သူတစ်ပါးကို ကြောက်ခြင်းထက် မိမိကိုယ်ကို မိမိ ကြောက်ခြင်းသည် ပို၍ ကောင်း၏။ အပြစ်ဒဏ် ခံရမည်ကို ကြောက်ခြင်းထက် တရားပျက်မည်ကို ကြောက်ခြင်းသည် ပို၍ မြတ်၏။

တာဝန်ကို မသိတတ် သူများ၏ လက်ထဲသို့ ဒီမိုကရေစီ နည်းစနစ် တစ်ခု ထည့်လိုက်ပါလျှင်၊ ထိုဒီမိုကရေစီ နည်းစနစ်သည် အညံ့စား အလကား ဒီမိုကရေစီ ဖြစ်သွားပေလိမ့်မည်။ အမှန်ဆိုသော်၊ တာဝန်ကို မသိလျှင် ဒီမိုကရေစီ နည်းကို အသုံး မပြုနိုင်။ ပြုလျှင်လည်း အကျိုးမရှိဘဲ၊ အကျိုးယုတ်လိမ့်မည်။
ဒီမိုကရေစီ နိုင်ငံ တစ်ခုတွင် မှီတင်း နေထိုင်သူ လူတစ်ယောက်သည် ပထမဦးစွာ မိမိကိုယ်ကို အသိအလိမ္မာ ဉာဏ်ပညာနှင့် ပြည့်စုံအောင် ပြုလုပ်ရန် တာဝန်ရှိပေသည်။ ဒီမိုကရေစီနည်းမှာ အများ၏ သဘောအတိုင်း ပြုလုပ်စီမံ ခန့်ခွဲရသော နည်းပင် ဖြစ်၍ အများက အသိအလိမ္မာ ဉာဏ်ပညာ မရှိဘဲနှင့် မိုက်မဲနေပါလျှင် လုပ်သမျှ အားလုံး အမှားတွေ ဖြစ်ကုန်လိမ့်မည်။

မိမိကိုယ်ကို အသိအလိမ္မာ ဉာဏ်ပညာနှင့် ပြည့်စုံအောင် လုပ်ပြီးလျှင် မိမိ၏ အသိအလိမ္မာ ဉာဏ်ပညာကို အများအတွက် အသုံးပြုရန် တာဝန် ရှိပြန်လေသည်။ နိုင်ငံတွင် ရွေးကောက်ပွဲများ ရှိလျှင် မိမိ၏ မဲကို အကျိုးမဲ့ မဖြစ်စေဘဲ၊ တရားလမ်းကျ သော နည်းဖြင့် အသုံးပြု ဖြစ်အောင် ပြုရမည်။ အများအတွက် မိမိက ပေးရန်ရှိသော ငွေကြေး၊ အခွန်အခများကို ပေးဖြစ် အောင် မပျက်မကွက် ပေးရမည်။ အရေးကြီးသော အစည်းအဝေးများကို တက်ရောက်ရမည်။ ပြောခွင့်ရှိက မိမိ သိသမျှကို အများ ကြားသိအောင် ပြောသင့် သလောက် ပြောပြရမည်။ အမှန်ကို သိလျှက်နှင့် အမှားဖြစ်အောင် မလုပ်ဘဲ အမှားကို တတ်အားသမျှ အမှန်ဖြစ်အောင် လုပ်ရမည်။ အသင်းအပင်း များတွင် ပါဝင်လျှင်လည်း ဤနည်း အတိုင်းပင် အသင်းကြေး မှန်မှန်ပေးခြင်း၊ အစည်းအဝေး မှန်မှန်တက်ခြင်း၊ တရားသဖြင့် မဲပေးခြင်း၊ ကောင်းသော အကြံဉာဏ်များ ပေးခြင်းတို့ကို ပြုရမည်။

ထို့ပြင် စည်းကမ်း ဥပဒေကို ဖောက်ဖျက် ကျူးလွန်နေသူကို တွေ့လျှင် ကိုယ်နှင့် မဆိုင်ဟု သဘောမထားဘဲ ချက်ခြင်း သတိပေး ဆုံးမရန် လူတိုင်း၌ တာဝန်ရှိ၏။ ဆိုင်ရာ အာဏာပိုင်ထံ တိုင်ကြားသင့်က ချက်ခြင်း တိုင်ကြားရန် တာဝန်ရှိ၏။ သက်သေ ပါရမည်ကို ကြောက်၍ တိမ်းရှောင် နေကြပါလျှင် စည်းကမ်း ဥပဒေကို မရိုသေသူတွေ များသည်ထက် များလာ ပေလိမ့်မည်။ ထို့ကြောင့် ရုံးတွင် အမှုအခင်းများ ဖြစ်ပေါ် လာသောအခါ အများ၏ အကျိုးအတွက် သက်သေ ပေးနိုင်ပါလျှင် မတိမ်းမရှောင်ဘဲ သက်သေအဖြစ် ဆောင်ရွက်ရမည်။ အမှန်အတိုင်း ပြောရဲသော သတ္တိ ရှိရမည်။ ရပ်ရွာတွင် အများအတွက် ဆောင်ရွက်သော ကိစ္စအဝဝတွင် မိမိ တတ်နိုင်သည့် နေရာက ပါဝင် ဆောင်ရွက်သင့်သည်။

ဒီမိုကရေစီ နိုင်ငံများ၌သာ မဟုတ်၊ နိုင်ငံတိုင်း နိုင်ငံတိုင်း၌ လူတိုင်း လူတိုင်း ကိုယ့်တာဝန်ကို ကိုယ်သိရန် အရေးကြီး၏။ အများ၏ အသိအလိမ္မာ ဉာဏ်ပညာကို အားကိုး၍ အများဖျက်လျှင် ပျက်ရမည်။ အများမြှင့်လျှင် တင့်ရမည် ဟူသော သဘောနှင့် အုပ်ချုပ်သော ဒီမိုကရေစီ နိုင်ငံများ၌ကား အထူး ပြောနေရန်ပင် မလိုတော့ချေ။

သံအမတ်ကြီး ဦးတင့်ဆွေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...