`ငွေသော်တာရောင်ခြည်´
ဟိုးရှေးရှေးတုန်းက ဗိုလ်အောင်ဆန်းဆိုတဲ့ စစ်သားလေးတစ်ယောက်ဟာ ဆေးရုံသွားတက်ရင်း မခင်ကြည်ဆိုတဲ့ သူနာပြုဆရာမကလေးနဲ့ ဆုံမိကြပြီး နဖူးစာရွာလည်သွားသတဲ့။ ပုံပြင်မဟုတ်ဘူးနော်။ တကယ့်အဖြစ်အပြက်။ လူတိုင်းသိပြီးသား။ ထူးဆန်းသလားဆိုရင် မထူးဆန်းပါဘူး။ သူသူကိုယ်ကိုယ် အဖေတွေအမေတွေ အဖိုးတွေ အဖွားတွေ ဒီလိုပဲ ဖူးစာဆုံတတ်ကြသားပဲ။ ဒါပေမယ့် ထူးခြားတာတစ်ခုတော့ ပြောပြရဦးမယ်။ အဲဒီအချိန်တုန်းက မြန်မာတမျိုးသားလုံး သူ့ကျွန်ဘ၀ရောက်နေလို့ တိုင်းပြည်ကြီးကို ကယ်တင်ပေးမယ့် သားကောင်းရတနာတွေကို မြှော်လင့်နေကြတဲ့အချိန်ဆိုတော့ မြန်မာ့တပ်မတော်သားတစ်ယောက်ကို ဘယ်လောက်အထင်ကြီး အားကိုးလိမ့်မယ်ထင်သလဲ။
အနောက်နိုင်ငံက စစ်မြေပြင်တွေမှာ မီးအိမ်ကလေးတစ်လုံးနဲ့ လူနာတွေကို နေ့မအားညမအားပြုစုပေးတဲ့ ဖလောရင့်စ် နိုက်တင်းဂေးလေးကို တစ်ကမ္ဘာလုံးက သိလာတဲ့အချိန်မှာ တို့မြန်မာပြည်မှာလည်း အဲသလို ကြင်နာတတ်တဲ့ မီးအိမ်ရှင်ကလေးတွေကို ဘယ်လောက် မြတ်နိုးချစ်ခင်ကြလိမ့်မယ်ထင်သလဲ။ တွေးကြည့်လိုက်စမ်းပါလေ။ ဒီကနေ့ခေတ် အချိန်အခါနဲ့ ဘာဆိုဘာမှ မဆိုင်တဲ့ အားကျအတုယူစရာ ပုံရိပ်စစ်တွေကို တွေ့ရလိမ့်မယ်။ `အဟတ် .. ဒါကြောင့်မို့ မီးတို့လည်း ဗိုလ်ကတော် ဖြစ်အောင် ကြိုးစားနေပါတယ်ရှင့်´ လို့တော့ လာမပြောနဲ့ဆရာ။ အဲဒီအချိန်က စစ်ဗိုလ်တစ်ယောက် ၊ သူနာပြုဆရာမတစ်ယောက်ရဲ့ ပုံရိပ်ဟာ ဘယ်လောက်များတန်ဖိုးထား လေးစားစရာကောင်းလိုက်သလဲနော်။ ခုအချိန်မှာတော့ မပြောတော့ပါဘူးလေ။
အခုခေတ်ကလူတွေဟာ ရုပ်ဝတ္ထုပိုင်းမှာ နည်းပညာပိုင်းမှာ ကြံရည်ဖန်ရည်ပိုင်းမှာ ဟိုတုန်းကလူတွေထက် အများကြီးသာပါတယ်။ ဒါပေမယ့် အတွေးအခေါ်ပိုင်း စိတ်ဓါတ်ပိုင်းကျတော့ သိသိသာသာကြီး ဆုတ်ယုတ်လာသလားလို့။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အတုယူလေးစား အားကျစရာလူပုဂ္ဂိုလ်အနေနဲ့ဆို တော်တော် ရှားသွားပြီ။ ရှိခဲ့ရင်လည်း ငါနဲ့မတူ ငါ့ရန်သူ၊ ငါ့ကုလားထိုင်လုမယ့်သူဆို နလန်မထူနိုင်အောင်ကို နှိပ်ကွပ်ပလိုက်မယ့်သူတွေ မရေမတွက်နိုင်အောင် ပေါနေပါတယ်။ ရပ်တည်ရှင်သန်မှုဆိုတာ ငါကမသတ်နိုင်ရင် ငါ့ကိုသတ်သွားမှာပေါ့ ဆိုတဲ့ အယူအဆကို လက်ကိုင်ထားနေကြတယ်ဆိုရင် ငြင်းနိုင်ပါ့မလား။ အဲဒီလို ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ကြီးထဲမှာ ကျွန်တော်တို့ရဲ့ သံယောဇဉ်ဆရာမလေးတွေကလည်း အရင်ကနဲ့ မတူတော့တာ အပြစ်တင်လို့တော့ ဘယ်တရားပါ့မလဲ။
လူပြက်တွေရဲ့ ပြက်လုံးခွင်ထဲကအတိုင်း အပြင်မှာ တထပ်တည်းကွပ်တိဖြစ်နေကြသလို အဲဒီထက်ပိုဆိုးတဲ့သူ၊ အဲဒီလိုမဟုတ်တဲ့သူတွေလည်း ရှိနေကြတာ သဘာဝပါ။ ဒါပေမယ့် အများစုကို ခြုံကြည့်လိုက်ရင် မြန်မာရုပ်ရှင်တွေထဲက နော်ရင်မွှေးတို့ နော်ကူးမတို့ခေတ်မဟုတ်တော့တာတော့  သေချာပါတယ်။ ဒါကြောင့်မို့လို့ ကောင်းတဲ့သူတွေ များလာအောင် အားကျစရာကောင်းတဲ့နမူနာကလေးတွေကိုရွေးထုတ်ပြီး ရှာရှာဖွေဖွေ ရေးမှ ရေးတတ်ပလေ လုပ်ရပြန်ပါတယ်။ ဖတ်ရတဲ့သူလည်း စိတ်ချမ်းသာမှာပေါ့။
ကိုယ်တွေ့ကြုံဖူးတဲ့ အတွေးအမြင်အရဆိုရင်တော့ အကျင့်စာရိတ္တပျက်ပြားတာ မဟုတ်မတရား ကိုယ်ကျိုးရှာတာဟာ ဆင်းရဲနွမ်းပါး မပြည့်စုံမှုကြောင့်လို့ ထင်ရင် မှားပါလိမ့်မယ်။ ရောက်ခဲ့သမျှနေရာတွေတိုင်းမှာ ၀န်ထမ်းတွေ အကျင့်ပျက်တာဟာ ဆင်းရဲနွမ်းပါးတဲ့ နေရာမှာထက် ပိုက်ဆံပေါတဲ့ ၀င်ငွေကောင်းတဲ့အရပ်တွေမှာသာ တွေ့ရတာပါ။ ဆင်းရဲတဲ့နေရာကလူတွေဟာ သူလည်းမရှိ ကိုယ်လည်းမရှိတဲ့သူအချင်းချင်း ကိုယ်ချင်းစာစိတ်ကလေးနဲ့ ညှာညှာတာတာ ဆက်ဆံလုပ်ကိုင်ကြပါတယ်။ စီးပွားရေးကောင်းပြီး အပေးအကမ်းရက်ရောတဲ့ အရပ်တွေမှာတော့ အပြိုင်အဆိုင် လောဘတွေတက်လာကြပြီး ငွေမျက်နှာကလွဲလို့ ဘာကိုမှ မကြည့်ကြတော့ပါဘူး။ စိတ်နာတဲ့သူတွေ နာကုန်မှာစိုးလို့ အတိအကျတော့ မပြောပါရစေနဲ့။ တကယ်တမ်းပြောချင်တာက အကျင့်စာရိတ္တဆိုတာ ဆင်းရဲလို့ပျက်ပြားတာမဟုတ်ဘူး။ ပိုက်ဆံကဖျက်ဆီးလို့ ပျက်ပြားတာလို့ ပြောချင်တာပါ။ ဘာထူးလို့လည်းဆိုရင် မတူတာကိုပြောပြရမှာပေါ့။ ဆင်းရဲငတ်ပြတ်တဲ့သူအချင်းချင်းက ကိုယ့်ရှိတာကို မျှဝေကျွေးဖို့ ၀န်မလေးတတ်ပေမယ့် သူတို့အရပ်မှာ ရွှေထွက်ကြည့်လိုက်ပါလား။ တုတ်တပြက်ဓါးတပြက်တွေ ဖြစ်လာမှာ။ လောဘရဲ့သဘောက ရှိလာလေ ပိုပြီးလိုချင်လာလေပဲ။ ဒါကြောင့်မို့ စေတနာဆရာမကလေးတွေကိုတွေ့ချင်ရင် မြို့အရပ်မှာမနေနဲ့ကွယ် တောကိုသာ ပြန်ပါကွယ်လို့ ပြောရမလိုပဲ။
မြို့မှာနေပြီး ကောင်းတဲ့သူမရှိလို့လားဆိုရင် သိပ်ရှိတာပေါ့။ အဲသလို ကောင်းနေဖို့ ဘာတွေလိုအပ်သလဲဆိုရင်တော့ အဓိကက ပိုက်ဆံပဲ လိုအပ်ပြန်ပါတယ်။ သူတို့အတွက် နေထိုင်ရပ်တည်နိုင်လောက်တဲ့ ပိုက်ဆံငွေကြေးကို အတိုင်းအတာတစ်ခုအထိ လိုအပ်ပါတယ်။ ဒါကြောင့် ပိုက်ဆံဟာ ဖျက်ဆီးတော့လည်း သူပဲ။ ကောင်းအောင်လုပ်နိုင်တာကလည်းသူပဲ။ ပိုက်ဆံက သူ့ဘာသာနေတာ။ ပိုက်ဆံအပေါ်ထားတဲ့ လူတွေရဲ့သဘောထားကသာ အဓိကဆိုတာ မြင်လာရပြန်ပါပြီ။ ဒီ့ထက်ပြည့်ပြည့်စုံစုံသိချင်ရင် ညကျမှ ကာရာအိုကေဆိုင်သွားပြီး `ငွေ ငွေ ငွေ .. လောကမှာ ငွေဟာလေ ...´ ဆိုပြီး ဟစ်ကြည့်လိုက်ပေါ့။ ဒါလည်း အလကားတော့ ရမှာမဟုတ်ဘူး။ အလုပ်ဝင်ကာစက ဂျပန်ဆေးရုံလို့ခေါ်တဲ့ အထွေထွေရောဂါကုဆေးရုံသစ်ကြီးမှာ လုပ်ငန်းကျွမ်းကျင်သလောက် အလုပ်တာဝန်ကိုလည်း လေးစားတဲ့ ကချင်အမျိုးသမီးဆရာမတစ်ယောက်နဲ့ ဆုံဖူးပါတယ်။ ပိုက်ဆံကို လုံးဝ ဂရုမစိုက်၊ ငွေရေးကြေးရေး ခွေးချေးလို့သဘောထားပြီး ၀ါသနာပါလို့ ဒီအလုပ်လုပ်နေတာတဲ့။ ဘယ်ဂရုစိုက်မလဲ ဆေးရုံလာရင် စီးတဲ့ကားက သုံးစီးလောက်ရှိတာ။ ချီးကျူးစရာကောင်းတာက အလုပ်ထဲမှာ ဘယ်နေရာမှ အခွင့်အရေးပိုမယူဘူး။ခရစ်စမတ်ဆို တဆေးရုံလုံး အိမ်ကဆိုင်မှာကြိုက်သလောက်စားပေ ရော့ပဲ။ ပြောရင်းနဲ့တောင် သတိရလာပြီ။ ဂလု ဂလု။ သူ့လိုလူမျိုး သီလစောင့်နိုင်တာ ဘာဆန်းသလဲဆိုပေမယ့် အဲလိုလူတွေများလာရင် အလုပ်အတွက် မကောင်းဘူးလား။ ဆေးကျောင်းတက်ကာစတုန်းကလည်း အဲဒီဆေးရုံမှာပဲ အလုပ်လုပ်နေတဲ့ သီရိဒုံကြီးတစ်ယောက်ကို မြင်ခဲ့ဖူးပါတယ်။ ကျက်သရေရှိရှိ ခန့်ခန့်ညားညား၊ ကိုယ့်အလုပ်တာဝန်ကို ကျေပွှန်အောင်လုပ်ရင်းက မရှိဆင်းရဲသားတွေကို အိပ်စိုက်ပေးလေ့ရိပါသတဲ့။ `မကြေးတို့လည်း ဒီအစိုးရလခနဲ့ပဲ စားနေတာ´ လို့လည်း ပြောလေ့ရှိပါသတဲ့။ (ရေခဲချောင်းဝယ်စားတာနေမှာ) ဘာပဲပြောပြော အဲဒီလို ပြည့်စုံချမ်းသာတဲ့ အသိုင်းအ၀ိုင်းကလူတွေ ဆရာဝန်အလုပ်ကို ကုသိုလ်ဖြစ်ပဲ ဖြစ်ဖြစ် ၀ါသနာအလျှောက်ပဲ ဖြစ်ဖြစ် ၀င်လုပ်ကြတဲ့အခါ အဲဒီလူတွေထဲက ခုနကပြောခဲ့တဲ့ စံပြုလောက်စရာ နမူနာယူစရာ ကိုယ်ကျင့်သိက္ခာပြည့်စုံတဲ့ ဆရာသမားကြီးတွေ ဖြစ်လာဖို့ မသင့်ပါလား။ ဘယ်အစေ့ကပေါက်ပေါက် သစ်တစ်ပင်ကောင်းတော့ ငှက်တစ်သောင်းနားလို့ရတာပေါ့။
အခုတော့ ငွေကြေးကဖျက်ဆီးလို့ ပျက်စီးတဲ့အထဲမှာ အနှီပုဂ္ဂိုလ်ကြီးများတောင် ကင်းလွှတ်ခွင့်မရရှာပါဘူး။ ဆေးရုံမှာ သူ့အလုပ်သူလုပ်နေလို့လည်း သူတို့ကို ဘယ်သူကမှ ဆရာဝန်၊ ဆရာမအနေနဲ့ မမြင်ကြတော့ဘူး။ အပူကပ်စရာ၊ ခွင်ဆင်စရာ၊ အကာအကွယ်ယူစရာ လမ်းကြောင်းအဖြစ်သာ မြင်ကြတော့တယ်။ အသုံးချလိုက် ဆွဲထည့်လိုက် ခေါင်းစဉ်တပ်လိုက်နဲ့ လုပ်စားကိုင်စားမယ့်သူတွေ ၀ိုင်းဝိုင်းလည်နေတာနဲ့ ဆေးတောင် မကုနိုင်တော့ဘူး။ ကျောင်းသားဘ၀မှာကတည်းက စာမေးပွဲစစ်နေရင်းတောင် `သားဖေဖေကို ပြောပြလိုက်နော်´ ဆိုတဲ့ စာစစ်သူတွေ ကြုံလာရတယ်။ ၀င့်ကြွားပလွှားတတ်တဲ့ အခံကလေး မဆိုစလောက်ပါလာလို့ကတော့ ၀ိုင်းပြိးဖူးဖူးမှုတ် မြှောက်စားမယ့်သူတွေ ပြေးလို့တောင် လွတ်မှာမဟုတ်ဘူး။ ဒါကြောင့်သူတို့ထဲကလည်း စံပြပုဂ္ဂိုလ်တွေထွက်လာဖို့ သိပ်မမြင်တော့ဘူး။ ဒီ့ထက်ဆိုးတာက သူတို့ခမျာလည်း အရင်းလှဲလို့ အဖျားထင်းဖြစ်တဲ့ လောကဓံနဲ့ကြုံရင် ဆိုင်ဆိုင်မဆိုင်ဆိုင် တစ်နွယ်ငင်တစ်စင်ပါကြရပြန်ရော။ ဘယ်သူမှ ရေရှည်မကျန်ရစ်တော့ဘူး။ တဘက်ကကြည့်ပြန်တော့လည်း ကျူပင်ခုတ်တာ ကျူငုတ်ချန်ရင် အရိုးတွန်တတ်တာ ကိုယ်တွေ့တွေရှိခဲ့တာကိုး။ ဒီလိုနဲ့ ဆင်လည်းဆင့်အထွာနဲ့ပြဲ၊ ကြွက်လည်း ကြွက်အထာနဲ့ပြဲ၊ သူပြဲကိုယ်ပြဲ အကုန်ပြဲတော့ အကောင်းကိုမကျန်တော့တာ။
ငွေသော်တာရောင်ခြည်အကြောင်းပြော ရင်းနဲ့ ရာဇ၀တ်အိုး တုတ်နဲ့ထိုးမိပြန်ပါပြီ။ အကျင့်ကိုပါနေလားမသိ။ ဆရာမလေးတွေအကြောင်း ပြန်ကောက်ရရင် ပိုက်ဆံငွေကြေးတော့ မပြည့်စုံပါဘူး။ ဒါပေမယ့် စေတနာ ၀ါသနာ အနစ်နာအပြည့်နဲ့ ဆရာမလေးတွေရော မတွေ့ဖူးလို့လား လို့မေးရင် သိပ်ကို တွေ့ဖူးတာပေါ့။ တော်တော်များများကို တွေ့ဖူးတာပေါ၊ သူတို့လည်း မရှိမာနနဲ့ သူများအပြောအဆိုမခံရအောင် အနေမှန်မှန်နဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ခဲ့ကြတာပဲ။ တစ်ခုတော့ ရှိသဗျ။ လူဟောင်းတွေ အချင်းချင်း ပြန်တွေ့လို့ တစ်ယောက်နဲ့တစ်ယောက် မာကြောင်းသာကြောင်းတွေ မေးတဲ့အခါ တစ်ဝက်လောက်က စင်္ကာပူမှာ။ မလေးရှားမှာ ရောက်ကုန်ကြပြီလေ။ ငွေသော်တာရောင်ခြည်တော့ ဘယ်ဟုတ်တော့မလဲ။ အမှောင်ညကို စွန့်သွားတဲ့ မောင့်လပြည့်ဝန်းပေါ့။
By: Soe Min
0 comments:
Post a Comment