What's "the Revolution"?
by Zay Ya on Sunday, June 19, 2011 at 2:35pm
နှစ်ငါးဆယ်ကျော် ကြာမြင့်နေပြီ ဖြစ်သော်လည်း ယနေ့ထက်တိုင် လိုအပ်နေဆဲ ဖြစ်သော အချို့ အကြောင်းအရာများ ( သို့မဟုတ် ) အားလုံးသော အကြောင်းအရာ များကို ရည်စူး၍ ၁၉၅၅ ခုနှစ်က မြဝတီမဂ္ဂဇင်းတွင် ဆရာမောင်ထင် ရေးသားခဲ့သော “တော်လှန်ရေး” အမည်ရှိ ဆောင်းပါးကို တင်ရှိပါသည်။“သတင်းမီဒီယာသည် စတုတ္ထမဏ္ဍိုင် ဖြစ်သည်” ဟု ဆိုကာ - လေမတိုးပဲနှင့်ပင် ယိုင်ယိုင် နေကြသည်ဖြစ်၍ ကြိုးစားထိန်းမတ်နေရသော ကာလကြား၌ လူထု၏ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များ၊ ပြည်တွင်း/ ပြည်ပ မီဒီယာများ ၏ လှုံ့ဆော်မှုများ ၊ ပြည်သူတို့၏ အသံများ၊ စသည်တို့တွင် အချို့သည် လိုသည်ထက် ပိုနိုင်ပြီး၊ အချို့သည် မပိုနိုင်ဘဲ လိုနေလိမ့်မည်။ ( လိုနေသည်က များသည် )
အထူးသဖြင့်
- ရှေးအတီတေက သုံးစွဲခဲ့သော သံမှိုစွဲလျက် ရှိနေသည့် ဗြူရိုကရက် စိတ်ဓာတ်များ၊
- ငါးသုံးလုံး လက်ကြားမှ မချဘဲ အိုက်စကရင်၊ ဟမ်ဘာဂါ မပြတ်ခဲရင်း “ကျုပ်တို့ လူမျိုး ဆင်းရဲလှသည်” ဟု ဆုံလည် ဆိုဖာ ကုလားထိုင် ပေါ်မှ ကြွေးကြော်ကာ နာမည်ကောင်းယူလိုသော စိတ်များ၊ ( တကယ် ဆင်းရဲနေကြသူများမှာ အသံမျှပင် မထွက်နိုင်ကြ ) ၊
- အများ၏ အဇ္ဈတ္တ အတွင်း သန္တာန်၌ စွဲမြဲလျက် ရှိသည့် ဒေါသ စနက်ကို မထိတထိ လည်းကောင်း၊ ထိထိမိမိ လည်းကောင်း မီးမြှိက် သင်္ဂြိုလ် ခုတုံးထား၍ မိမိတို့ အိပ်ကပ်တွင်းသို့ ဒေါ်လာတန် တစ်ဖျတ်ဖျတ် ရောက်ရှိရေး ကိုသာ ရှေးရှုကြသော စိတ်ဓာတ်များ၊
- “တာဝန်ကြီးကြီး ယူသူသည် ပညာဥာဏ် ပိုမိုကြီးမားရမည့် အလျောက်၊ အများအတွက် များများ အနစ်နာခံ၊စွန့်ဝံ့သူ ဖြစ်ရသည်” ဟူသော အယူ အစား၊ “တာဝန်ကြီးကြီး ယူသူသည် အမြတ်ကြီးကြီး ရလတ္တံ။” ဟူသော အယူဖြင့် အမြှော်အမြင် ကြီးမား၍ ကြိုးစားအားထုတ်မှု မဟားတရား ရှိကြကုန်သော အနှီပုဂ္ဂိုလ်တို့ ၏ စိတ်ဓာတ်များ၊
- မိမိ၏ အတ္တကျိုး မထိခိုက်သေးသရွေ့ ကာလပတ်လုံး “ကျုပ်တို့ မြန်မာများ ရောင့်ရဲတတ်ကြသည်” ဟု ဘုရားပင် ထိုင်ရှိခိုးရလောက်သည့် အနှီ ခန္တီတရား ပြည့်ဝနေကြကုန်သော ဗာလ စိတ်ဓာတ်များ၊
- “ကြောက်တတ်လျှင် ရန်ကင်းသည်” ဟူသော ရှေးလူကြီး သူမ စကားကို အလွဲသုံးစားပြု၍ သေသည်အထိ အကြောက်တရားဖြင့် နေထိုင်သွားကြမည့် အနှီ မဟာ့မဟာ သတ္တိခဲများ၏ စိတ်ဓာတ်များ၊
စသည်တို့သည်
ကျနော် အပါအဝင် ကျနော်တို့ ညီအကိုမောင်နှမ အများ ၏ စိတ်အတွင်း၌ ကိန်းခိုလျက် ရှိနေကြလျှင် ယခုတွင်ရော နောင်သံသရာတွင်ပါ တိုးတက် ကြီးပွားမည့်အစား ဆုတ်ယုတ်ကြဖို့ သာ ရှိကြောင်း အထင်အရှား သိနိုင်ပါသည်။ ယင်းတို့ကို တွေးဆ ဆင်ခြင် ဖော်ထုတ်နိုင်ရန် လိုအပ်သကဲ့သို့၊ မိမိနှင့် မိမိပတ်ဝန်းကျင်၌လည်း ပြုပြင် ပြောင်းလဲနိုင်ရန် လိုအပ်သည်။
အကျဉ်းအားဖြင့် ဆိုရလျှင် ဤဆောင်းပါး၏ နောက်ဆုံး ပိုဒ် ၌ ပါဝင်သော စကားကဲ့သို့ - ( ဆရာမောင်ထင်၏ ဆောင်းပါးပါ အဆိုများကို ယနေ့ ခေတ်နှင့် အညီ သုံးစွဲရာတွင် ) နက်နဲစွာ စဉ်းစားသူ အဖို့ နက်နဲသော အဓိပ္ပာယ် ပေါ်လာပါလိမ့်မည်။ စဉ်းစားမှု ၌ သွေဖည်တတ်သူ တို့ အဖို့မူ မည်သို့ စဉ်းစား၊ စဉ်းစား အဓိပ္ပာယ် မှန်ကို ရကြလိမ့်မည် မဟုတ်ပေ။
ဇေယျ
....................................................................
တော်လှန်ရေး - မောင်ထင်
တော်လှန်ရေး ဟူသည်မှာ လူ့သမိုင်း၏ သင်္ခါရ တစ်ရပ် ဖြစ်သည်။ တော်လှန်ရေးသည် အကြောင်းမဲ့ မဖြစ်။ အကြောင်းရှိမှသာ ပေါ်ပေါက်သည်။.......................
တော်လှန်ရေး သည် ဤအကြောင်းကြောင့် ဤအကျိုးဖြစ်သတည်း ဟူသော ပဋိပစ္စသမုပ္ပါဒ် ၌ အကျုံးဝင်လေသည်။ ထို့ကြောင့် ထိုခေတ် သမိုင်း၌ ထိုသို့ ဖြစ်ခဲ့ခြင်း ကြောင့် ဤခေတ်သမိုင်းတွင် ဤသို့ ဖြစ်ရသည်။ ထိုခေတ်၌ ထိုသို့ မဖြစ်ခဲ့လျှင် ဤခေတ်၌ ဤသို့ မဖြစ်နိုင်ရာ။
ထို့ကြောင့်လည်း အင်္ဂလိပ်ကို တော်လှန်လျှင် ပြီး၏။ ဂျပန်ကို တော်လှန်လျှင် ပြီး၏ ဟူ၍ မဆိုသာ။ အင်္ဂလိပ်ကို တော်လှန်သည့် နည်းတူ၊ ဂျပန်ကို တော်လှန်လျှင် တော်လှန်ရေး နိဋ္ဌိတံဟု မပြောသာ။ ကမ္ဘာတည်စက ကမ္ဘာဆုံးသည် အထိ တော်လှန်ရေးတည်း ဟူသော သင်္ခါရသည် သံသရာ တစ်လျောက်လုံး၌ ရေအယဉ်ကဲ့သို့ စီးဆင်းနေလိမ့်မည်။ ထိုသင်္ခါရကြီး ရပ်တန့်သွားပြီ ဆိုလျှင် လူ့ဘုံ ဟု ခေါ်ဝေါ်အပ်သော ဤကမ္ဘာကြီးသည် ရပ်တန့် သွားရပေလိမ့်မည်။ ဤကမ္ဘာ ရပ်တန့်သွားသည် ဆိုသည်မှာ ဤကမ္ဘာကြီး ပျက်ပြုန်း သွားသည်ပင် မည်၏။
တော်လှန်ရေး ဟူသည်မှာ နိစ္စ မဟုတ်။ အနိစ္စ ဖြစ်၏။ အကယ်၍ နိစ္စ ဟူငြားအံ့။အင်္ဂလိပ် တို့၏ စက်မှု လက်မှု တော်လှန်ရေး ခေတ်သည် ယနေ့ အထိ တည်လျက် ရှိရမည် ဖြစ်၏။ ပြင်သစ် အရေးတော်ပုံလည်း ယနေ့တိုင်အောင် တည်ရမည် ဖြစ်၏။ ပြင်သစ် အရေးတော်ပုံလည်း ယနေ့တိုင်အောင် တည်ရမည် ဖြစ်၏။ အောက်တိုဘာ တော်လှန်ရေးလည်း ယနေ့တိုင်အောင် တည်ရမည် ဖြစ်၏။ သို့သော် လူ့သမိုင်းသည် နိစ္စ သဘောဖြင့် ရပ်တန့်၍ မနေချေရကား ဆိုခဲ့ပြီးသော တော်လှန်ရေး ခေတ်တို့သည် ကုန်ခဲ့၍ အသစ် အသစ် သော တော်လှန်ရေး တို့ကိုသာ ယနေ့ တွေ့ကြုံနေရသည်။
အနိစ္စ သဘောမှာ ရပ်တည်ခြင်း မရှိ။ တည်ပြီး လျှင်လည်း တန့်၍ မနေ။ ဥပါဒ် ဟူ၍ ဖြစ်ပြီးနောက် ဌီ ဟူ၍ တည်ပြီးလျှင် ဘင်ဟူ၍ ပျက်သတည်း။ သံသရာ တစ်လျောက်လုံး ဥပါဒ် ၊ ဌီ၊ ဘင် တို့သည် တဖွားဖွား နှင့် ရှိသတည်း။
မီးတောက်၏ အစဉ်ကို လူ့မျက်စိနှင့် တစ်ဆက်တည်း မြင်ရ၍ ထိုမီးတောက်သည် မပြောင်းမလွဲ တည်နေ၏ ဟု ထင်မှတ်ရ၏။ သို့သော် မြင်စက မီးတောက်၌ ကာဗွန် အနုမြူ တစ်ခုနှင့် အောက်ဆီဂျင် အနုမြူ နှစ်ခုတွဲတို့ ထိတွေ့ ပေါက်ကွဲ၍ သွားခဲ့သည်။ မြင်ပြီးခဏ၌ မူလက ကာဗွန်နှင့် မူလက အောက်ဆီဂျင်တို့ တဖြစ်လဲ သွားခဲ့ပြီ။ ဒုတိယ အဆိုင်း ဖြစ်သော ကာဗွန် ၁ ခုနှင့် အောက်ဆီဂျင် ၂ ခုတို့ သည် ထိတွေ့ ပေါက်ကွဲ ကြပြန်သည်။ ထို ဒုတိယ ပေါက်ကွဲမှု ကို ပထမ ပေါက်ကွဲမှုနှင့် အတူတူ ဟု ထင်သော် မှားလိမ့်မည်။ သို့သော် ပကတိ မျက်စိ၌ကား ပထမ ပေါက်ကွဲမှုနှင့် ဒုတိယ ပေါက်ကွဲမှု သာမက အားလုံးသော ပေါက်ကွဲမှု တို့သည် တစ်ဆက်တည်း ဖြစ်၍ တစ်ခုတည်းသော အခြင်းအရာ ဟု ထင်မှတ်မှား နေကြသည်။
လူ့သမဂ္ဂ တစ်ခုလုံး အနိစ္စ သဘော ရွေ့လျားနေသည်ကို အနိစ္စ သဘောအနေဖြင့် မစဉ်းစားနိုင်ကြဘဲ ၊ နိစ္စ သဘော အနေဖြင့် စဉ်းစား ကြသောကြောင့် အချို့က တော်လှန်ရေးကြီး ပြီးဆုံးပြီဟု ဆိုကာ နှစ်သိမ့် နေကြ၏။ အချို့က အတိတ်ကာလက တော်လှန်ရေးကို မျက်မှောက်ခေတ် တော်လှန်ရေးဟု ထင်မှတ် မှား နေကြ၏။
ထို့ကြောင့် နိုင်ငံရေး ၌ ဥရောပ အလယ်ခေတ်က အတွေးအခေါ် တို့နှင့် မြန်မာ့ ဧကရာဇ် ဘဝရှင် မင်းတရား လက်ထက်က အတွေးအခေါ်တို့သည် ဒွေးရောယှက်တင် ဖြစ်နေကြသည်။ ပါးစပ်က ဒီမိုကရေစီဟု အမြှုပ်တစီစီနှင့် ရွတ်ဖတ် သရဇ္ဈယ်နေကြ၏။ အလုပ်၌ကား မင်းစိုးရာဇာ စိတ်သည် ပို၍ပင် ပြန်လည် သစ်ဆန်းနေ၏။ လူထု၏ ပြဋ္ဌာန်းချက်သည် အကောင်အထည် မပေါ်နိုင်သေး။ လူတစ်ဦး၏ ပြဋ္ဌာန်းချက် နှင့် လူတစ်စု၏ ပြဋ္ဌာန်းချက်တို့သာလျှင် တာစားလျက် နေသည်။ လူထုသည် ဒီမိုကရေစီကို လက်ခံရန် အတွက် ပြင်ဆင်မှု မရှိခဲ့။ မပြည့်ဝ သူတို့က ဟစ်အော် ကြွေးကြော်နေကြသည် ကိုပင် ဟုတ်နိုးနိုး နှင့် နေကြေသည်။
ဤအကြောင်း ကြောင့် ဒီမိုကရေစီ ဟူသည်မှာ လူစု၍ ‘ငါ့ဖို့’ အခွင့်အရေး တောင်းဆိုခြင်း ဖြစ်သည် ဟူ၍သာ အသိများ ကြသည်။ လူထု၏ ဆန္ဒပြည့်ဝ လေအောင် လူအများစု ပေါင်း၍ အညီအညွတ် ဆောင်ရွက်ကြရသည် ဟူသော သဘောသည် ပျောက်ကွယ် အံ့လောဟု စိုးရိမ် စရာပင် ဖြစ်သည်။
စီးပွားရေး၌လည်း ထို့အတူပင်။ သူတစ်ပါး နိုင်ငံတွင် ဘဝ အခြေအနေက ဖန်တီးသောကြောင့်၊ စက်မှုလက်မှု တော်လှန်ရေး ပေါ်လာခဲ့သည်။ ကျွန်ုပ်တို့နိုင်ငံ၌ ဘဝ အခြေအနေက ဖန်တီးသည် မဖန်တီးသည်ကို နားမလည်။ ဟို တိုင်းနိုင်ငံမှာ ဟိုလို ဖြစ်ခဲ့လျှင် ၊ ဒီတိုင်းနိုင်ငံမှာ ဒီလို ဖြစ်ရမည်ဟု ယူဆကာ၊ သူတစ်ပါး နိုင်ငံကို တုပသော စီးပွားရေး လုပ်ငန်းများကိုသာ အာရုံပြုနေကြ၏။
ထင်လွယ် မြင်လွယ်အောင် ဥပမာ ပြရလျှင် ငပိနှင့် ကြီးပြင်းလာသော နိုင်ငံအတွက် ဒိန်ခဲ လုပ်ငန်းကို ဖွံ့ဖြိုးအောင် ပြုလုပ်နေသကဲ့သို့ ရှိ၏။ မြန်မာတို့၌ ငပိလုပ်ငန်း သည် ဘိုးတော် ဘုရားခေတ်က နည်းနိသျှ အတိုင်းသာလျှင် ရှိသေးသည်။ အကယ်၍ ထို ငပိလုပ်ငန်းကို ဆုံဖြင့် ထောင်းရသော စနစ်မှ စက်မှု လက်မှုနှင့် ကြိတ်ရသော စနစ်သို့ ပြောင်းလဲ နိုင်လျှင် ငပိတော်လှန်ရေး ကြီး ဖြစ်ထွန်း လာသည်ဟု ဆိုနိုင်၏။ လောက်တက်သော ငပိကို တောင်စင်ဖက် နှင့် ထုပ်၍ ရောင်းသော စနစ်မှ သန့်ရှင်းသော ငပိကို စယ်လိုဖိန်း စက္ကူ နှင့် လေလုံလုံ ထုပ်ရောင်းသော စနစ်သို့ ကူးပြောင်း လာလျှင် ငပိတော်လှန်ရေးကြီး ပြီးမြောက်လာသည်ဟု ဆိုနိုင်သည် ။ တောင်သူ တောင်သားတို့ ငပိ အရည်ကျို စားနေရသည့် ဘဝကို စည်သွပ် ဘာလချောင် စားရသော ဘဝသို့ ပို့ဆောင်နိုင်လျှင် တော်လှန်ရေးကြီး အောင်မြင်ပြီ ဟု ဆိုနိုင်သည်။ သို့သော် ယခုအခါ ၌ကား ငပိ၌ပါသော ကယ်လစီယံ ဖော့စဖိတ် အာဟာရ ဓာတ်ကို ပစ်ထား၍ နွားနို့၊ နို့ဆီ၊ နို့ဘူး၊ ထောပတ်၊ ဒိန်ခဲ တို့၏ ဗီတာမင် ကို သာလျှင် ပို၍ အရေးထား နေပြန်ရကား၊ ကျွန်ုပ်တို့၏ တော်လှန်ရေးမှာ ဗြိတိသျှ၊ အမေရိကန်၊ ဒိန်းမတ်၊ ဟော်လန်၊ အိန္ဒိယ၊ ပါကစ္စတန် စသည့် နိုင်ငံ တို့ အတွက် တော်လှန်ရေး ပမာ တမျှ ဖြစ်နေကြရပြန်သည်။
ဆိုလိုရင်းကား မြန်မာ့ အစွမ်း၊ မြန်မာ့သတ္တိ၊ မြန်မာ့ ပစ္စည်း ထွက်အောင် လုပ်မှ မြန်မာ့တော်လှန်ရေး ဖြစ်နိုင်မည် ဟု ဆိုလိုခြင်းပင် ဖြစ်၏။ ခေတ်အလျောက် လူ့အသုံးအဆောင် ပစ္စည်တို့ကို ပယ်ရမည်ဟု ဆိုလိုရင်း မဟုတ်ချေ။
လူမှုရေး၊ ယဉ်ကျေးမှု စသည့် ကိစ္စ တို့၌လည်း အထက်ပါ သဘောသွား တိုင်း ဆက်စပ်၍ စဉ်းစားကြည့်ပါလေ။
ဥပမာ ကျွန်ုပ်တို့သည် ပုဆိုးကို တော်လှန်၍ ဘောင်းဘီကို ယဉ်ကျေးမှု အသစ်ဟု ယူဆကြသည် ဆိုပါစို့။ ကျွန်ုပ်တို့၏ တော်လှန်ရေးမှာ ညနေ လက်ဖက်ရည်ပွဲကို ဒင်နာဂျက်ကက် ( ညဝတ်ဘောင်းဘီ အင်္ကျီစုံ ) ဝတ်၍ တက်သော တော်လှန်ရေး နှင့်သာ တူနေပေလိမ့်မည်။
ဤသို့ ဖြစ်ရသည်မှာ ကျွန်ုပ်တို့၏ အပြစ်ချည်း ဖြစ်သည်ဟု မဆိုသာ။ ကျွန်ုပ်တို့သည် သူတစ်ပါး လက်အောက်တွင် နှစ်ပေါင်း တစ်ရာကျော်မျှ လောင်းရိပ်မိ နေခဲ့သည်။ ထိုနှစ်ပေါင်း တစ်ရာကျော်မှာ ကျွန်ုပ်တို့သည် ကမ္ဘာအရပ်ရပ်နှင့် အဆက်ပြတ်နေသော ခေတ် ဖြစ်သည်။
အကယ်၍သာ ခရစ်နှစ် ၁၈၇၄ ခုနှစ်က ကင်းဝန်မင်းကြီး နှင့် ယော အတွင်းဝန် ဦးဘိုးလှိုင်တို့၏ အကြံအစည်သာ အထမြောက်ပါဘိ မူကား၊ ကျွန်ုပ်တို့သည် နှစ်ပေါင်း တစ်ရာကျော်မျှ အမှောင်ခေတ်ထဲသို့ ကျရောက် နေကြရမည် မဟုတ်။
ဂျပန်နိုင်ငံ မီဂျီမင်း လက်ထက်၌ ဂျပန် ပညာတော်သင်များ သည် ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးမှ အတွေးအခေါ်နှင့် ပညာဗဟုသုတ အရပ်ရပ်တို့ကို ဂျပန် လူထုအား ဖြန့်ချီ ပေးနိုင်သကဲ့သို့ ကင်းဝန်မင်းကြီးက စေလွှတ်ထားသော ပညာတော်သင် တို့သည် ကမ္ဘာ့အတွေ့အကြုံ ဗဟုသုတတို့ကို မြန်မာ လူထုအား ဖြန့်ချီပေးနိုင်လိမ့်မည်။
ဤသို့သာ ဖြစ်ခဲ့လျှင် မြန်မာ့တော်လှန်ရေးသည် နှစ်ဆယ် ရာစု နှစ် ဆန်းလာသည် နှင့် တစ်ပြိုင်နက် စတင် ဖြစ်ပေါ်လာရပေ လိမ့်မည်။ ဤသို့သာ ဖြစ်ပေါ်လာခဲ့လျှင် ကျွန်ုပ်တို့သည် အင်္ဂလိပ်ကို စောစောကပင် တော်လှန်နိုင် ခဲ့လိမ့်မည်။
သို့သော် ရာဇဝင်ကား တစ်မျိုး တစ်ဖုံ ဖြစ်ခဲ့လေသည်။ အကယ်၍သာ ၁၉ ရာစုနှစ် နှင့် ၂၀ ရာစုနှစ် အကူးတွင် မြန်မာ့ တော်လှန်ရေး စတင်ခဲ့ပါလျှင်၊ ယနေ့ အဖို့ ကျွန်ုပ်တို့သည် တော်လှန်ရေး၌ တွေဝေခြင်း၊ သွေဖည်ခြင်း၊ ဖောက်ပြန်ခြင်း မရှိနိုင်ရာ။ တော်လှန်ရေး အဓိပ္ပာယ်ကို အကောက်မမှား နိုင်ရာ။ ယခု အချိန်၌ တော်လှန်ရေး အနည် မထိုင်သေးသဖြင့် အဓိပ္ပာယ် အကောက်မှားလျက် ရှိကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ တော်လှန်ရေးမှာ မြန်မာ့ တော်လှန်ရေးသာ ဖြစ်ရမည် ဟူသော သဘောကို နားမဝင်နိုင်ကြသေး။
တော်လှန်ရေးကို ကာဗွန် ကော်ပီ ကူးသလို ပုံတူ ကူးချ နိုင်မှသာ တော်လှန်ရေး ဖြစ်ရမည်ဟု ယူဆ နေကြ၏။ သို့သော် ၎င်းတို့ ကူးချနေသော ပုံတူမှာ နှစ်ဆယ် ရာစုနှစ် က ပုံမဟုတ်။ ဥရောပ အလယ်ခေတ် တော်လှန်ရေး အနယ် မထိုင်ခင်က ပုံများ ဖြစ်သတည်း။ ၎င်းတို့ ကူးချနေသော ပုံသည် မည်မျှ ဟောင်းနွမ်း ဆွေးမြေ့နေသည်ကို ၎င်းတို့ မသိကြ။
သားက အဖေကို ပုန်ကန်လျှင်သော် လည်းကောင်း၊ တပည့်က ဆရာကို ပုန်ကန်လျှင် သော်လည်းကောင်း၊ လူငယ်က လူကြီးကို ပုန်ကန်လျှင်သော် လည်းကောင်း တော်လှန်ရေး မည်၏ ဟု ထင်မှတ်နေကြ၏။ ထိုထင်မှတ်ချက် ဖြင့် ဆဲရေး တိုင်းထွာ နေကြ၏။
သို့သော် တော်လှန်ရေး သဘာဝကို နားလည်သော နိုင်ငံ တို့၌ကား သားသည် အဖထက် ခေတ်မီအောင် ကြိုးပမ်းနေကြ၏။ တပည့်သည် ဆရာထက် လက်စောင်း ထက်ရန် ကြိုးပမ်းနေကြ၏။ လူငယ်သည် လူကြီးထက် ထက်မြက်အောင် ကြိုးပမ်း နေကြ၏။
မိမိထက် သာသော သားကို အဖေက ပိုချစ်၏။ မိမိထက် သာသော တပည့်ကို ဆရာက ချီးကျူး၏။ မိမိထက် သာသော လူငယ်ကို လူကြီးက မျက်နှာသာပေး၏။ သို့သော် သားသည်လည်းကောင်း၊ တပည့်သည် လည်းကောင်း၊ လူငယ်သည် လည်းကောင်း၊ မာန တံခွန် မထူ၊ အဆင့်ဆင့် တိုးတက်ကြဖို့ကိုသာ ရည်စူးကြပေသည်။
တိုင်းသူ ပြည်သား နှင့် အစိုးရတို့ ဆက်ဆံမှု ၌လည်း အထက်ပါ နည်းအတိုင်း စဉ်းစား၍ ကြည့်လေ။ နက်နဲစွာ စဉ်းစားသူ အဖို့ နက်နဲသော အဓိပ္ပာယ် ပေါ်လာလိမ့်မည်။ စဉ်းစားမှု ၌ သွေဖည်တတ်သူ တို့ အဖို့ကား၊ မည်သို့ စဉ်းစား၊ စဉ်းစား အဓိပ္ပာယ် မှန်ကို ရကြလိမ့်မည် မဟုတ်ချေ။
မြဝတီ၊ ဖေဖော်ဝါရီလ၊ ၁၉၅၅
http://zayya.blog.com/
http://zayya.wordpress.com/
......................
0 comments:
Post a Comment