Wednesday, June 22, 2011

စီးပွားရေး လုပ်ငန်းတွေရဲ့ လူ့အဖွဲ့အစည်းအပေါ် တာဝန်သိတတ်မှု ဆိုတာဘာလဲ (Corporate Social Responsibility)

Aung San Oo


By HR Journal
စီးပွားရေး (Business) လုပ်ငန်းများရဲ့ မူလ ရည်ရွယ်ချက်မှာ အမြတ် ရရှိရေး (Profit) နှင့် လုပ်ငန်းကျယ်ပြန့် ကြီးထွားမှု (Growth) ဖြစ်သော်လည်း ယနေ့ခေတ်တွင် Customer များနှင့် သက်ဆိုင်ရာ အစိုးရများ၏ ဖိအားပေး တောင်းဆိုမှုများကြောင့် စီးပွားရေး လုပ်ငန်းများ အနေဖြင့် လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားအတွက် နည်းလမ်း အမျိုးမျိုးဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက် လာကြရသည်။ ယခင်က Customer များ အနေဖြင့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ဝယ်ယူ သုံးစွဲကြရာ၌ အရည်အသွေး (Quality) နှင့် ဈေးနှုန်း (Price) တို့ အပေါ်၌သာ မူတည်စဉ်းစား ခဲ့ကြရာမှ ယနေ့ခေတ်တွင် ပတ်ဝန်းကျင်ဆိုင်ရာ Environmental Issue ကဲ့သို့သော Social Responsibility အချက်အလက် များကိုပါ ထည့်သွင်းစဉ်းစား လာကြသည်။



ဥပမာ-ယခင်က Air-con တစ်လုံး ဝယ်ယူမည် ဆိုပါက Customer များ အနေဖြင့် အေးမအေး၊ Quality ကောင်းမကောင်း၊ ဈေးနှုန်း တန်မတန် စသည်တို့ အပေါ်၌သာ မူတည်စဉ်းစား ဝယ်ယူခဲ့ကြသော်လည်း ယနေ့တွင် အဆိုပါ Air-con က ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှု နည်းပါးပြီး ပတ်ဝန်းကျင်နှင့် သင့်လျော် (Environmental Friendly) ဖြစ်သည့် Green Product ဟုတ်မဟုတ် စသည့် အချက်အလက်များကိုပါ ထည့်သွင်းစဉ်းစား လာကြသည့် သဘော ဖြစ်သည်။ အထူးသဖြင့် ပြည်သူလူထုများ အနေဖြင့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ဝယ်ယူ စားသုံးရန် (buy from)၊ ၎င်းတို့၏ ငွေကြေးများကို ရင်းနှီးမြှုပ်နှံရန် (Invest in) နှင့် ဝန်ထမ်းများ အဖြစ် ပါဝင်လုပ်ကိုင်ရန် (Work for) တို့အတွက် သက်ဆိုင်ရာ ကုမ္ပဏီများ၏ Corporate Social Responsibility ဆိုင်ရာ သတင်း အချက်အလက် မှတ်တမ်းမှတ်ရာများကို ပိုမို သိရှိလိုလာကြသည့် သဘော ဖြစ်သည်။ ယေဘုယျအားဖြင့် လူ့အဖွဲ့အစည်းအပေါ် တာဝန် သိတတ်မှု (Corporate Social Responsibility) ဟု ဆိုရာ၌ အဓိကအားဖြင့် ဥပဒေဆိုင်ရာ (Legal Behavior)၊ ကျင့်ဝတ်ဆိုင်ရာ (Ethical Behavior)၊ လူမှုဆိုင်ရာ (Social Responsibility Behavior) ဟူ၍ ကဏ္ဍ ၃ ရပ် ထပ်မံ ခွဲခြားနိုင်မည် ဖြစ်သည်။

(၁) ဥပဒေဆိုင်ရာ (Legal Behavior)
များသောအားဖြင့် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းများ အနေဖြင့် ၎င်းတို့၏ လူ့အဖွဲ့အစည်း အတွင်းရှိ စီးပွားရေးလုပ်ငန်းများ လိုက်နာရမည့် ဥပဒေ၊ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ (Law, Rules and Regulations) ကို ပြဋ္ဌာန်း ထုတ်ပြန်ထားပြီး ဖြစ်ရာ စီးပွားရေး လုပ်ငန်းများနှင့် အဖွဲ့အစည်းများ အနေဖြင့် မိမိတို့၏ ကုမ္ပဏီ အဖွဲ့အစည်း အတွင်းရှိ ဝန်ထမ်းတိုင်းကို ၎င်းဥပဒေ၊ စည်းမျဉ်းများအား သိရှိနားလည်ကြရန် မဖြစ်မနေ ဆောင်ရွက် ထားကြရမည် ဖြစ်သည်။ ဥပမာ - အရောင်းမန်နေဂျာ (Sales Manager) များအနေဖြင့် မိမိတို့၏ အရောင်းကိုယ်စားလှယ် (Sales Representative) များအား Customer များနှင့် ဆက်ဆံ ရောင်းဝယ်ရာ၌ မိမိတို့၏ ကုန်ပစ္စည်းအကြောင်းကို ရောင်းရလိုဇောနှင့် လိမ်ညာပြောဆို၊ ထင်ယောင်ထင်မှား ဖြစ်အောင် ပြောဆို၍ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးသည့် သဘောဖြစ်သည်။

အမေရိကန်နိုင်ငံ၏ ဥပဒေများအရ အရောင်း ကိုယ်စားလှယ်များ၏ ပြောဆို ရောင်းချမှုများသည် သက်ဆိုင်ရာ ကုမ္ပဏီ၏ တရားဝင် ကြော်ငြာတွင် ဖော်ပြထားသည့် အချက်အလက် (Advertising Statements) များနှင့် တူညီရမည်ဟု ဆိုသည်။ ဥပမာ - ၇ ရက်အတွင်း အသားအရေ ဖြူဝင်းလာစေမည်ဟု ပြောဆိုရောင်းချမည် ဆိုပါက သက်ဆိုင်ရာ Product ထုတ်လုပ်သည့် ကုမ္ပဏီ၏ ၇ ရက်အတွင်း အသားအရေ ဖြူဝင်းလာကြောင်း တရားဝင် ကြော်ငြာထားချက်နှင့် အမှန်တကယ် ၇ ရက်အတွင်း ဖြူဝင်းလာကြောင်း စမ်းသပ် သက်သေပြထားချက်များကို ပြသနိုင်ရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ တဖန် ကုမ္ပဏီများ အနေဖြင့် မိမိတို့၏ စီးပွားပြိုင်ဖက် ကုမ္ပဏီများ၏ နည်းပညာ (Technical) များ၊ ကုန်သွယ်မှုဆိုင်ရာ လျှို့ဝှက်ချက် (Trade Secrets) များကို မသမာသောနည်းဖြင့် ရယူသုံးစွဲခြင်း မပြုလုပ်ရဟုဆိုသည်။ အထူးသဖြင့် မိမိတို့ ပြိုင်ဖက်ကုမ္ပဏီများ၏ Product များကို အကြောင်းကျိုးမဲ့ အပုပ်ချ ပြောဆိုခြင်းများကို ရှောင်ကြဉ်ကြရမည် ဖြစ်သည်။

(၂) ကျင့်ဝတ်ဆိုင်ရာ (Ethical Behavior)
ကုမ္ပဏီ အဖွဲ့အစည်းများ အနေဖြင့် မိမိတို့ စီးပွားရေး လုပ်ငန်းများ လည်ပတ်လုပ်ကိုင်ရာ လူ့အဖွဲ့အစည်း၏ ချမှတ်ထားသော ဓလေ့ထုံးတမ်း နီတိ ကျင့်ဝတ်များကို ဂရုပြု လိုက်နာကြရမည်။ အထူးသဖြင့် ကျင့်ဝတ်နီတိများ လိုက်နာဆောင်ရွက်သည့် အစဉ်အလာကို မိမိတို့ ကုမ္ပဏီ အဖွဲ့အစည်း အတွင်းတွင် ဂုဏ်ယူဖွယ်ရာ အစဉ်အလာ (Tradition) တစ်ရပ် အနေဖြင့် အမြစ်တွယ် ရှင်သန်လာအောင် ကြိုးပမ်းကြရမည်။ ကုမ္ပဏီများ၏ ကျင့်ဝတ်ဆိုင်ရာ Ethical Behavior များနှင့် ပတ်သက်၍ Environics International အဖွဲ့မှ ၁၉၉၉ ခုနှစ်တွင် ကောက်ယူခဲ့သည့် စစ်တမ်း တစ်ခုအရ ၆၇ ရာခိုင်နှုန်းသော မြောက်အမေရိက Customer များမှာ ကျင့်ဝတ်နှင့် မညီညွတ်ပဲ နာမည်ဂုဏ်သတင်း မကောင်းသည့် ကုမ္ပဏီများ၏ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို ဝယ်ယူ သုံးစွဲလိုခြင်း မရှိကြဟု သိရသည်။

(၃) လူမှုဆိုင်ရာ (Social Responsibility Behavior)
ကုမ္ပဏီ၏ ဝန်ထမ်းများ အားလုံး အနေဖြင့် Customer များ၊ ကုမ္ပဏီနှင့် အကျိုးသက်ဆိုင်သူ (Stakeholders) များနှင့် ဆက်ဆံ ဆောင်ရွက်ကြရာ၌ အပြန်အလှန် တာဝန်ယူမှု၊ ကျင့်ဝတ်စောင့်ထိန်း လိုက်နာမှုမျာကို ကျင့်သုံး ဆောင်ရွက်သင့်ကြသည်။ အထူးသဖြင့် မိမိတို့ အဖွဲ့အစည်း၊ ကုမ္ပဏီ၏ နာမည် ဂုဏ်သတင်း (Good Will) နှင့် ကုန်အမှတ်တံဆိပ် (Brand Image) အတွက် သာမကပဲ လူ့အဖွဲ့အစည်း၏ အကျိုးစီးပွား အတွက် အလေးဂရုပြု ထည့်သွင်းတွက်ချက် ဆောင်ရွက်ကြရပါမည်။ ယနေ့လက်ရှိ ကမ္ဘာ့ စီးပွားရေး လောကရှိ Corporate Social Responsibility နှင့် ပတ်သက်၍ နာမည် ဂုဏ်သတင်း ထိပ်တန်းအဆင့် (Top-Rated Companies) အဖွဲ့အစည်း ကုမ္ပဏီကြီးများမှာ
(1) Johnson & Johnson ၊ (2) Coca-Cola ၊ (3) Wal-Mart ၊ (4) Anheuser-Busch ၊ (5) Hewlett-Packard (HP) ၊ (6) Walt Disney ၊ (7) Microsoft ၊ (8) IBM ၊ (9) Mc Donald's ၊ (10) 3M ၊ (11) UPS ၊ (12) Fed Ex ၊ (13) Target ၊ (14) The Home Depot ၊ (15) General Electric (GE) တို့ ဖြစ်သည်။

စီးပွားရေး လုပ်ငန်းများ၏ ရေရှည်တိုးတက် အောင်မြင်ရေးမှာ ကုမ္ပဏီ၏ Customer များ Stakeholders များ ကျေနပ်ပျော်ရွှင်မှု ရှိအောင် ဆောင်ရွက်ရုံ သာမက သက်ဆိုင်ရာ စီးပွားရေး၊ ဈေးကွက် ရှာဖွေရေး၊ ဝန်ထမ်းရေးရာဆိုင်ရာ ကျင့်ဝတ်နီတိများ၊ ပတ်ဝန်းကျင် ဆိုင်ရာ ကန့်သတ်ချက်များကို မည်သည့် အတိုင်းအတာအထိ ကျင့်သုံးလိုက်နာ ဆောင်ရွက်သနည်း ဟူသည့် အချက်ပေါ်တွင်ပါ များစွာ မူတည်လာကြသည်။ သို့ရာတွင် စီးပွားရေး (Business) ဟူသည့် အဓိကပင်မ သဘောတရားအရ အချို့သော အစိတ်အပိုင်း ကဏ္ဍများတွင် သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ နီတိ ကျင့်ဝတ်များနှင့် ထိပ်တိုက် တွေ့ဆုံ၍ ပဋိပက္ခ (Conflict) များလည်း ဖြစ်ပေါ်တတ်သည့် သဘောရှိရာ များစွာဂရုပြု ကိုင်တွယ်ကြရမည် ဖြစ်ပါသည်။ အထူးသဖြင့် Business နယ်ပယ်တွင် ဤအရာကတော့ ကျင့်ဝတ်နှင့်ညီ (Ethical) ဖြစ်သည်။ ဤအရာကတော့ ကျင့်ဝတ်နှင့်မညီ (Unethical) ဖြစ်သည်ဟူ၍ ရှင်းလင်း ပြတ်သားစွာ ပိုင်းခြား (Clear line) ဆွဲနိုင်ရန် ခက်ခဲလှသည် ဖြစ်ရာ Business များ၏ Corporate Social Responsibility လိုက်နာ ဆောင်ရွက်မှုများမှာ ကုမ္ပဏီများ၏ ကျင့်ဝတ်ဆိုင်ရာ၊ ဂုဏ်သိက္ခာဆိုင်ရာ လိုက်နာဆောင်ရွက်မှု ရေချိန်၊ ဒီဂရီများ အပေါ်တွင် များစွာ မူတည်လာပါသည်။

လင်းသက်ညွန့် (မြန်မာမြေ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...