Thursday, June 23, 2011

ပညာတတ်တိုင်း ပညာတတ်အသိရှိသူ မဟုတ်ကြပါ။

by Bo K Nyein on Thursday, June 23, 2011 at 6:43am
Part II

အသိ မရှိကြတဲ့အပြင် ပိုဆိုးတာက (မနာလိုစိတ်)

တပ်ဦး ကျောင်းသားဟောင်း ဒေါက်တာညီညီနဲ့ စစ်တပ်အစိုးရ အဆက်ဆက်ဖျက်စီးခဲ့ကြတာကြာင့် ဗမာနိုင်ငံရဲ့ ပညာရေးဟာ စံမမှီဖြစ်ခဲ့ရပြီ။ ဒေါ်စုနေရာကကြည့်ရင် အင်အာလ်ဒီ လူငယ်တွေကိုမျက်စိ ဖွင့်ပေးရမယ်။ capacity အသိစွမ်းအား မြှင့်တင်ပေးရမယ်။ လူမရှိတော့ ရှိတဲ့သူကို ပဲအားကိုးရတော့မှာပေါ့။ ပြည်ပရောက် အတိုက်ခံအချို့ဟာ ဒေါ်စု ရွေးချယ်သူကို မကြေနပ်တာနဲ့ ဝေဖန်သံတွေ ဆူညံလာကြပါတော့တယ်။ (လူ) ကို မုန်းတာအပြင် မနာလိုစိတ်တွေလည်း အများကြီးပါပါတယ်။ ဒါက ကျနော်တို့ ဗမာတွေရဲ့ အကျင့်ပဲလေ။ ကိုယ်ကတော့ မကြိုးစားချင်ကြဖူး။ ဝေဖန်ဖို့ ကဲ့ရဲ့ဖို့ ဆိုရင် ရှေ့တန်းက …


တကယ်တော့ (အသိစွမ်းအာ) Capacity က စတာပဲ။

(အသိစွမ်းအား) Capacity ဆိုတာက ပညာတတ်တာ မတတ်တာ တခုထဲနဲ့ မဆိုင်ဖူး။ ပညာတတ် ပြီး အသိစွမ်းအား နဲတဲ့သူတွေ တပုံကြီး - ပညာ မတတ်ပဲ အသိစွမ်းအား ရှိသူတွေ တဖုံကြီး - (အသိစွမ်း အား) ရှိတယ် မရှိ ဖူးဆိုတာက (လေ့လာအား) အပေါ် အများကြီးမူတည်ပါတယ်။ ဥပမာ တရုတ်ပြည် ကြီးရဲ့ စီးပွားရေးတိုးတက်မှုကို ဦးဆောင်သွားတဲ့ ထိပ်ဆုံးခေါင်းဆောင်ဖြစ်ပြီး တိန်လျောက် ပိန် ကို ပြန်ငြင်း နိုင်လောက်အောင် သြဇာရှိတဲ့ ချန်ယွန်း (Chen Yun) ဟာ အတန်းစာ ကိုတောင် ကျကျနန တရားဝင် သင်ခဲ့ရတမဟုတ်ဖူး။ ရှန်ဟိုင်း က စာစီသမား ဘ၀က စ ခဲ့ရတာပဲ။ ဒါပေမဲ့ ၁၉၄၂ ခုနှစ် ကတည်းက တရုတ်ပြည်အနောက်မြောက်ပိုင်း ရဲ့ စီးပွားရေးကန္တမှာ ပါဝင်တာဝန်ယူခဲ့ရပြီး ၁၉၅၂ ခု တရုတ်ပြည်ြ့ကီးရဲ့ ပထမငါးနှစ်စီမံကိန်းရေးဆွဲရေးကော်မီတီ မှာ ၀န်ကြီးချုပ် ချောင်အင်လိုင်းရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်ယူခဲ့ကာ နောက် အနှစ် ၃၀ ကျော်ကျော် တရုတ်ပြည်စီးပွားရေးအုပ်ချုပ် မှု မှာ ပါခဲ့တယ်။ လက်တွေ့ တာဝန်ယူမှု က စာတွေ့ကို အသာလေး အစားဖြည့်နိုင်တာကို သိစေချင် တာပါ။ တရားသေ မှတ်၍ မရပါ။ လိုချင်မှု နဲ့ လေ့လာမှု ဟာ အဓိကပါ သို့သော် ခြေခံ ဥါဏ်ကတော့ ရှိရမှာပေါ့။

အသိစွမ်းအားများ လေ ဗဟုသုတ များလေ လေ့လာအားများ လေ ဆင်ခြင်ထုံ တရားများလေ လို့ သုံးသတ်မိတယ်။ အသိစွမ်းအား နဲရင် အသိလေဟာနယ် ကျယ်လာရင် နားလည်မှားတတ်တာတို့ ဆင်ခြင်ထုံတရား နဲတာတို့ အဆုံးအဖြတ် ရွေးချယ်မှု လွဲတာတို့ပြင် နောက်ဆုံး လူ့လောကမှာ သိပ်အရေးကြီးတဲ့ တန်ဖိုးထားမှု Value System ကိုပါထိပါးလာတတ်တယ်။

ဦးနုနဲ့ ကွဲကြတော့ ဦးနုက charisma အပြည့်။ ဒီအတိုင်း ထိုင်နေဦး ထိုင်ကန်တော့ခြင်စရာကောင်း လောက်အောင် ကြည်ညိုစရာ ဥပဓိ ရုပ်ရေရှိသူ။ ဦးနု က ဘုရားဆုပန် ထားသူဆိုတော့ အလိုလိုနေ ရင်း လူတွေရဲ့ အာရုံထဲမှာ ဘုရားလောင်းကြီး ဖြစ်သွားတယ်။ ဦးကျော်ငြိမ်း က အစိုးရဆိုတာ သူပုန်ကို တိုက်ရတယ် နှိမ်နင်းရတယ် တကယ် ငါးပါးသီလ မတည်နိုင်ဆိုတော့ ဒိဋ္ဌိ လို့တိုက်အခိုက်ခံရတယ်။ အမေရိကန် နိုင်ငံလိုမှာတောင် အပြောကောင်းတဲ့လူ အများသည်းခြေ ကြိုက် စကားလုံးလှလှ လေး တွေနဲ့ မဲဆွယ်နိုင်သူတွေ မဲအနိုင်ရ ကြတာပဲ။ ဒါကြောင့် ရွေးကောက်ပွဲ ကျွမ်းသူတွေနဲ့ ရွေးကောက်ခံ ရပြီး အုပ်ချုပ် မှုအတွက် အုပ်စု ခွဲထားကြရတာ။ ကလင်တန် သမ္မတရွေးပွဲမှာ အဓိက အခန်းက ပါခဲ့တဲ့ James Carville တို့ဆိုရင် ရွေးကောက်ပွဲ စပယ်ရှယ်လစ်တွေ အဖြစ်ကျန်ခဲ့ကြပြီး အိမ်ဖြူတော် ကိုလိုက်မသွားဖူး။ ရွေးကောက်ပွဲနိုင်ငံရေးရော အုပ်ချုပ်ရေးပါ ကျွမ်းသူတွေဟာရှိတော့ရှိတယ် ရှားတယ်။

ဒီကနေ့ ဒီမိုကရေစီ ဒီမိုကရေစီ လို့အော် နေကြပေမဲ့ လူအများနားလည်အောင် ထောက်ခံ လာအောင် ရှင်းပြ ရတာကလည်း လွယ်တဲ့ အလုပ်မဟုတ်ပါ။ လူအများ အလိမ်မခံရအောင် အသိစွမ်းအား မြှင့်တင် အောင် လုပ်ဖို့ဆိုတာက ပိုခက်သေး။ လူအများ အသိစွမ်းအား နဲ ရင် မဲ ၀ယ်တာတို့ ဖြစ်လာကြ တယ်လေ။

အသိ မတူရင် အမြင်မတူ ကြတော့ပါ

ကျနော်က ကွန်မြူနစ်တွေရဲ့ အဓိက ကပစ်မှတ် ဦးကျော်ငြိမ်းရဲ့သား ကိုယ်တိုင်ဝါဒရေးရာတွေကို အသေအခြာလေ့လာပြီးမှ အူထဲ အသည်းထဲက ကွန်မြူနစ် စံနစ်ကို ဆန့်ကြင်တဲ့သူ တရုတ်ပြည် အကြောင်း ကို လေ့လာရင်း တိန်လျောက်ပိန်ရဲ့ ဥါဏ်ထက်မြက်ပုံ တွေကို သိရှိလာပြီး တိန်လျောက် ပိန် ကိုလေး စားမိသူ။ တိန်လျောက်ပိန် ဟာ ၀ါဒရေးရာကို တရားသေမကိုင်ထား တရုတ်ပြည်သူတွေ ကြီးပွားရေးကို အဓိက ထားသူ ကွန်မြူနစ် (ဆိုရှယ်လစ်) စီးပွားရေးစံနစ် သုံးမရ တာကို သတ္တိရှိရှိ လက်ခံပြီး အရင်းရှင် စံနစ်ကို ငါးကြင်းဆီ နှင့် ငါးကြင်း ပြန်ကျော် နိုင်သည့် ဥါဏ်ထက်မြက်သူ။ ၀ါဒအစွဲ မော်အတွေးနဲ့ကြည့် လျှင် တိန်လျောက်ပိန်ရဲ့ လုပ်ကွက်တွေကို မမြင်နိုင်။ Governance ဟုခေါ်သည့် အုပ်ချုပ်ရေး နှင့် စီးပွားရေး ကို နားမလည် လျှင်တော့ တိန်လျောက်ပိန် ရဲ့ ရွှေ့ကွက်တွေ ကို သဘော ပေါက် ဖို့ ပိုခက် သေး။ တိန်လျောက်ပိန် က ကမ္ဘာကြီးကို ခါးဆောင်းတင်လာသူ ပေ ၃၀၀၀၀ မဟုတ် ပေ ၆၀၀၀၀ အထက် ကကြည့်နိုင်တဲ့သူ။ ဗမာကွန်မြူနစ်တွေက တသက်လုံး အာဏါရခဲ့ဖူးသူတွေ မဟုတ် စိတ်ကူးယဉ် ကမ္ဘာက မထွက်နိုင်ခဲ့ကြ။ ထို့ကြောင့် လက်တွေ့ အသိ ဆိုတာ ဗလာနတ္ထိ။ အုပ်ချုပ် ရေး ဆိုတာ နားမလည်ကြ။ အုပ်ချုပ်ရေးတာဝန် ဆိုတာကို အလျဉ်း မသိကြ။ ဒီကြားထဲ သေသွားသူ မော်စီတုံး ကို ဘုရားအဖြစ် ကြိပ် ကိုးကွယ်နေကြတုန်း။ ဘာကြောင့် တိန်လျောက်ပိန် က “ကြောင်အမဲသော်၎င်း အဖြူသော်၎င်း အရေးမကြီး ကြွက် မိဖို့သာ ရေးကြီးသည်” လို့ ပြော ခဲ့ရသည်ကို  မသိကြ။ (မှတ်ချက်။ နောက်တော့ ဘာကြောင့်ဆိုတာ အသေးစိပ်တင်ပြပါ့မယ်။) ဒါကြောင့် အောက်စီ ဂျင်နှင့် စာရေးဆရာကြီး က ဇာတိတွေပြကာ တိန်လျောက်ပိန် ၏ ကမ္ဘာကျော် စကားစု ကို ကိုးကားပြီး တိန်လျောက်ပိန် ကို ပုတ်ခပ်ခဲ့တာပေါ့။ ဗမာကွန်မြူနစ်တွေက လမ်းပေါ်က အမြင် တိန်လျောက်ပိန် အမြင်က အထပ် ၁၀၀ က အမြင် ဘယ်တူ နိုင်ပါ့မလဲ? အသိ မှမတူကြပဲ။

အသိမတူ အမြင်မတူ တော့ လုပ်ရပ်ခြင်း မတူ ရလဒ်ခြင်း လည်းမတူနိုင်ကြ။ တိန်လျောက်ပိန် ရဲ့ ဥါဏ်အမြှော်အမြင် ကြိးမားမှု ကြောင့် တရုတ်တွေ ကမ္ဘာမှာ နံပတ် (၁) ဖြစ်တော့မယ်။ ဗမာကွန်မြူနစ် တွေက ခေါင်းဆောင်ကြီးတွေ တယောက်ပြီးတယောက် မြေကြီး ထဲရောက်ကုန်ကြပြီး ပါတီကိုယ်နှိုက် က နှစ်ရှည် လများ တွင်းအောင်း နေကြရတဲ့ ယူဂျီကြွက် တွေဖြစ်ကုန်ကြရပြီ။ ပန်းဆိုးတန်းက စာအုပ် အဟောင်းရောင်းတန်းကို ဘူတိုဇာနဲ့ ဖျက်လိုက်ရင် ဗမာကွန်မြူနစ်တွေ ရှာမရ ဇာတ်သိမ်းသွားနိုင်မယ် ထင်ပါတယ်။ အသိ မတူ ကြတော့ ခေါင်းဆောင်မှု ခြင်းလည်း မတူ နိုင်ကြပါ။ လူငယ်လေးတွေ သင်္ခန်း စာ ယူနိုင်ကြပါစေ။

ကွန်မြူနစ်ဆိုတိုင်း ပညာတတ် (အသိ) မရှိတာမဟုတ်ပါ

ကွန်မြူနစ်ဆိုရင် ပညာတတ် (အသိ) မရှိဖူး လို့မပြောနိုင်ပါဖူး။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့ စာအုပ်မှာ ဒုတိယ မာ့က်စ်လင်နင်ကျောင်းဖွင့်ပွဲမှာ ရဲဘော် ဘတင် (ခ) ရဲဘော် ဂိုရှယ က် သခင် သန်းထွန်းကို ပြန်လည်ငြင်းဆို ခြေပ သွားတာတွေဟာ အဆင့်မြင့် ပညာတတ် (အသိ) တွေပါပါတယ်။ ဒါပေမဲ့ အများက မလိုက်နိုင်ပါ။ သခင်သန်းထွန်းရဲ့ ဘလွတ်ရွှပ် လောဂျစ် နောက်ပဲ ပုဂ္ဂိုရ်ရေးခင်ပြီး လိုက်သွားကြတယ်။ တိန်လျောက်ပိန်တောင် နှစ်ပေါင်းများစွာကြိုးစား ပြောင်းယူရတယ်။ ခုတော့ တရုတ်တွေက အဆင့်မြင့် ကွန်မြူနစ်တွေ ဖြစ်ကုန်ပြီ အရင်တပတ်ကမှ တရုတ်ပေါ်လစ်ဗြူရိုဝင် Liu Yunshan ၀င်ဟာ နိုင်ငံခြား က ပညာရှင် ၆ ယောက်နဲ့ တွေဆုံ အမြင်ဖလှယ်ဆွေးနွေးပွဲပြုလုပ်ခဲ့တယ်။ တရုတ်ပြည်မှာကျင်းခဲ့တဲ့ Summer Davos လို့ခေါ်တဲ့ စီးပွားရေးထိပ်သီးတွေ နှစ်စဉ်တွေ့ဆုံပွဲတွင် တရုတ်ဝန်ကြီးချုပ် ရဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ် ၀န်ကြီးချုပ် ရဲ့ ဆွေးနွေးချက်တွေကို နား ထောင်ရတာ Stephen Hawking  ပြောတာကို နားထောင်ရ သလို ဘယ်လို အရသာရှိ မှန်းမသိပါ။ အလွန်အဆင့်မြင့် ပါတယ်။

ပညာတတ် (အသိ) ရှိတဲ့ ပညာရှင်တွေ အတွေးတိုင်းလည်းမမှန်ပါ

ပညာတတ် (အသိ) ရှိတဲ့ ပညာ တတ်တွေဟာ လူသားတွေသာဖြစ်တာကြောင့် ပြောတိုင်းမမှန်ပါ။ ယနေ့ခေတ်မှာ Immigration လို့ခေါ်တဲ့ နိုင်ငံခြားသားတွေ အစုလိုက်အပြုံလိုက် ပြောင်း ရွှေ့မှု ကိုလက်ခံ အ၀င်ခံတာ ဟာဥရောပ မှာ ပြဿနာ တက်နေရပါတယ်။ စစ်ကြီးအပြီး တိုင်းပြည်ပြန် လည် ထူထောင်ကြတော့ ပြင်သစ် ပညာရှင်တွေက သူတို့ရဲ့ ကိုလိုနီ အဟောင်းတွေဖြစ်တဲ့ မြောက်အာဖရိ က တိုက် က အလုပ်သမား တွေကို ဖိတ်ခေါ်ခဲ့ကြတယ် တွေးခေါ်ပုံက ဒီအလုပ်သမားတွေ ဟာ ပြင်သစ်မတွေနဲ့ယူ ပြင်သစ်သွေးရောတဲ့ခလေးတွေမွေး တဖြည်းဖြည်း ပြင်သစ်တွေဖြစ်သွားမယ်လို့ တွေးပြီး ပေါ်လစီတွေ ချခဲ့ကြတယ်။ လက်တွေ့မှာဒီလူတွေက ပြင်သစ်မ တွေကိုမယူပဲ မိမိနိုင်ငံက အမျိုးသမီးတွေကိုပဲ ခေါ်ယူပြီး မွပ်စလင် လေးတွေမွေးလာတော့ အဖြူတွေကလက်မခံ နိုင်ကြ  ပါရီမြို့ အပြင်မှာ ဂက်တို လို့ခေါ်တဲ့ အစိုးရ အိမ်တွေမှာနေ အစိုးရထောက်ပံ့ကြေးနဲ့ အသက်ရှင် အလုပ် အကိုင် မရှိ တချို့လည်း အရက်သမားတွေဖြစ် ဆိုးသွမ်း လာကြပြီး ၎င်းတို့ရဲ့ ဂက်တို ထဲကို ပုလိပ် တောင် မ၀င်ရဲ တဲ့ဘ၀ ရောက်လာရတယ်။ အပယ်ခံ အနှိမ်ခံဘ၀ မှာတိုးတက်မှုမရှိ သေမထူးနေမထူး ဘ၀မှာ ဂက်တို ကလူငယ်တွေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ် က ကားတွေမီးရှို့ ပုလိပ်တွေနဲ့ ရိုက်ပွဲဖြစ် ပြီး ပွဲဆုခဲ့ကြ တယ်။ ဒါလွန်ခဲ့တဲ့ အနှစ် (၆၀) က ပညာရှင်တွေ အတွေးချော်ပြီး ရွှေဥါဏ်တော် စူး ရောက် ခဲ့ကြတာ။ အခု ဘာလုပ်ရမှန်းမသိ ကြတော့။ မွပ်စလင် တွေက ပြင်သစ်ဖြစ်မလာပဲ မွပ်စလင် ယဉ်ကျေးမှု ကိုပါ သယ်လာတာကြောင့် အခုမှ ကြောက်ပြီး ခေါင်းပူး မခြုံရ ဆိုပြီး ဥပဒေ လုပ်နေရပြီ။ ဥရောပ မှာ မွတ်စလင် ၆ သန်းရောက်လာပြီး အစွန်းရောက်တွေ ချယ်လှယ် သောင်းကျမ်းနေကြတာ ကို အခု မဖြေရှင်း တတ်ကြတော့ဖူး။

လက်ဝဲယိမ်းတဲ့ လစ်ဖရယ် ဒီိမိုကရက် ပညာတတ်တွေက လူ့အခွင့်အရေးအရ လူမျိုးစုံ လက်ခံရမယ်။ multiculturalism လို့ခေါ်တဲ့ ယဉ်ကျေးမှုပေါင်းစုံကို လက်ခံ အားပေးရမယ် ဆိုတဲ့ အယူအဆ နဲ့ ဥရောပ နိုင်ငံအများ ဟာ တခါးဖွင့် ပေါ်လစီချပြီး လက်ခံခဲ့ကြတာ ခုတော့ ဂျာမန်နန်းရင်ဝန် မာကာလ် ကိုယ်နှိုက်က် multiculturalism ဟာမအောင်မြင်ဖူး ဆိုတာကို ၀န်ခံရပြီ။ ဒါပေမဲ့ လူမျိုးရေး ပြဿနာ ကို မဖြေရှင်း တတ်ကြ။ အခက်တွေ့နေကြရပြီ။

ပါလီမန်ဒီမိုကရေစီ ခေတ်မှာ ရွှေဗမာလို့ ကြွေးကျော်နိုင်ခဲ့တဲ့ ကျနော်တို့ ဗမာနိုင်ငံ ကို အဆင်းရဲဆုံး နိုင်ငံ စာရင်းဝင်အောင် တိုင်းပြည်ကို ဆွဲနှစ်ခဲ့သူဟာ လည်း ပညာတတ် ၊ ပညာတတ်အသိ ရှိတဲ့ မာက်စ်ဝါဒ သမား အိုင်စီအက်စ် ဦးဘငြိမ် ဖြစ်သလို ဗမာနိုင်ငံ ပညာရေးစံနစ်ကို အဦးဆုံး ဖျက်စီးခဲ့သူ ဟာလည်း ပညာတတ် တပ်ဦးကျောင်းသားဟောင်း ရဲရဲနီ ဒေါက်တာညီညီ ပဲလေ။

ပညာတတ် အသိ ရှိပေမဲ့ ၀ါဒဆွဲ (သို့) တယူသန် မဖြစ်ဖို့ လည်း အရေးကြီးသေးတယ်။

အသိမရှိသူတို့ရဲ့ အန္တရာယ်

ဗမာနိုင်ငံမှာ စစ်တပ်က အာဏါသိမ်းခဲ့ တာကိုပဲ သိကြတယ်။ ဘာကြောင့် စစ်တပ်အာဏါ သိမ်းနိုင်တဲ့ အခြေအနေ ရောက်ခဲ့ ရသလဲ? ဆိုတဲ့ မေးခွန်းမျိုးကို မေးသူတွေက ခပ်ရှားရှား။ အကြောင်းတွေ အများ ကြီးရှိတဲ့ အထဲမှာ တကြောင်းက အသိ မရှိသူတွေ ရဲ့ အတွေးအခေါ် လွဲမှားမှုဟာ တခု အပါအ၀င်ဖြစ် တယ်။ ဘီအိုင်အေ ဘီဒီအေ ခေတ်မှာ မျိုးချစ်စိတ် ကြောင့် တိုင်းပြည်အတွက် တော်လှန်မယ် ဆိုတဲ့ စိတ်ဓါတ် နဲ့ စစ်တပ်ထဲ ၀င်လာသူ အများအပြား ရှိတယ်။ ဒီလူ တွေဟာ တော်လှန်ရေး သမားတွေပဲ။ စစ်တပ်ထဲ ရောက်သွားတော့ စစ်ဗိုလ် ဖြစ်လာကြတာပေါ့။ အရှေ့မှာ တင်ပြခဲ့သလို တော်လှန်ရေး ကာလမှာ အသက်အသေခံမဲ့ တော်လှန်ရေး သမားတွေ များများ လိုတယ်။ တော်လှန်ရေးသမား ဆိုတာ သိပ်တွေးနေလို့ မရ။ အတွေးလွန်ရင် ဘယ်အသေခံ ၀ံ့တော့မှာလည်း။ တော်လှန်ရေးပြီးတော့ ဒီလူတွေဟာ စစ်တပ်ထဲမှာ တပ်မှူးကြီးတွေ ဖြစ်လာကြတယ်။ အထူးသဖြင့် ဂျပန်ခေတ် ဗိုလ်သင်တန်း ကျောင်းဆင်းတွေပါ။ ရောင်စုံ သူပုန်ထကြတော့ သူတို့ကပဲ တိုက်ခိုက် ရပြန်တယ်။ ဒီကြားထဲမှာ နိုင်ငံ ရေးသမား ဆိုသူတွေက ဒီမိုကရေစီဟေ့ ဆိုတာနဲ့ ငြင်းခုံဖို့ ဝေဖန်အပြစ်တင်ကြဖို့ ကွဲပြဲကြဖို့ လို့ထင်ကြ တယ်။ ခုထိပါပဲ။

ဒါဟာ ဒီမိုကရေစီရဲ့ အားနဲချက်ပဲ။ တဖက်က နိုင်ငံရေးသမားတွေ ဗရိုဗရဲ ဖြစ်နေချိန် မှာ စစ်တပ်ဆိုတာက တသွေးတသံတမိန့် စည်းကမ်းရှိတယ်။ ဒီအခါမှာ ဥါဏ်မပြည့်တဲ့ တော်လှန်ရေးသမား တဖြစ်လဲ စစ်ဗိုလ်တပ်မှူးကြီးတွေဟာ နိုင်ငံရေးသမားတွေထက် ငါတို့ က ပို အုပ်ချုပ်တတ်မယ်လို့ ထင်လာကြတယ်။ တကယ် လက်တွေ့ကြတော့ စစ်သားအတွေးဟာ လုံခြုံရေးအတွေး ပဲတွေးတာပဲ။ စီးပွားရေးကိုနားမလည်သလို လူမှုရေးကိုလည်း နားမလည်နိုင်ကြ။ လောကမှာ ဘာမဆို အာဏါတခုထဲနဲ့ လုပ်ချင်ရာလုပ်၍ မရပါ။ ဗိုလ်ချုပ်နေ၀င်း နိုင်ငံရေးနားလည်တယ် ဆိုတာက (နိုင်ငံရေး ကစား ကွက်) ကို နားလည်တာ။ နိုင်ငံရေးမှာ အများပြည်သူ မိမိကို ထောက်ခံ မှုရအောင် လုပ်ရမယ် ဆိုတဲ့ နိုင်ငံရေးနားလည်မှုမျိုး မဟုတ်။ ဒီအသိကိုကောင်းကောင်းနားလည်တာက ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်ချုပ်နေ၀င်း က စစ်ဗိုလ်ကလာတဲ့ နိုင်ငံရေးလူလယ်။ အရင်းခံစိတ်က စစ်ဗိုလ်စိတ်။ ဗိုလ်ချုပ် အောင်ဆန်း က နိုင်ငံရေးသမားက လိုအပ်လို့ စစ်ဗိုလ်ဖြစ်လာရသူ။ ပင်ရင်း နိုင်ငံရေးသမားစိတ်။ အသိ မရှိ တဲ့ တော်လှန်ရေး သမားတဖြစ်လဲ စစ်ဗိုလ်တပ်မှူးကြီးတွေ က ဗိုလ်ချုပ်နေ၀င်းကို ၀ိုင်းရံ လိုက်ကြလို့ ဗိုလ်ချုပ်နေ၀င်း အာဏါသိမ်းနိုင်တာပါ။ ဗိုလ်ချုပ်နေ၀င်းကို ၀ိုင်းထိန်းဖို့ ခြံရံထားတဲ့ ဗိုလ်မှူးချုပ်မောင်မောင် ဦးဆောင်တဲ့ ဆိုရှယ်လစ် စစ်ဗိုလ်တွေ ကို ဖယ်ရှား ခံရ အပြီးမှာ တတိယ လိုင်းမှာ ကျန်တာက ဂျပန်ကျောင်းဆင်း တွေပဲလေ။ အခုခေတ်မှာလဲ လက်ရှိနိုင်ငံရေးသမား ဆိုသူ
တွေ ကိုကြည့်ပြီး စိတ်ပျက်ကာတိုင်းပြည်ချစ်စိတ် ရှိတဲ့ စစ် ဗိုလ် တွေဟာ တပ်တွင်းမှာပဲ အဖြေ ရှာ ကြ မယ်လို့ စိတ်ကူးရှိကြတယ်။ မတူဖူးဗျို့ လို့သာ အသံကုန်အော်လိုက်ချင်မိတယ်။

ဗမာနိုင်ငံလို မပြောနဲ့ ယနေ့ အမေရိကန်စစ်တပ်မှာ နဲနဲအောင်မြင် လာတာနဲ့ ဘ၀င်မြင့်လာတဲ့ အာဖ ကန်စစ်မြေပြင် ကိုတာဝန်ယူရတဲ့ ဗိုလ်ချုပ်ကြီး မက်ကရစ်စတယ်လ် ကို သမ္မတ အိုဘားမားက ချက် ချင်း ဖြုတ်ပြစ် လိုက်ရတယ်။ ထို့နည်းတူစွာ ဒုတိယကမ္ဘာစစ် နဲ့ ကိုရီးယားစစ် မှာနံမည်ကြီးလာတဲ့ ဗိုလ်ချုပ်ကြီး မက်အာသာ ဟာ တရုတ်ကို အနုမြူဘုံးကြဲဖို့ အာသီသများနေတာကြောင့် သမ္မတ ထရူမင် က ဗြောင်လူသိရှင်ကြား လူချင်းတွေ့ပြီး ရာထူးက ဖယ်ရှားပြစ်ခဲ့ရတယ်။

စစ်ဗိုလ်ဆိုတာ စစ်ဗိုလ်လိုပဲ တွေးတယ်ဆိုတာ သတိရှိကြပါ။

အသိပြည်စုံ ဖို့လိုပါတယ်။

အသိစွမ်းအား လည်းရှိဖို့လိုသလို လက်တွေ့ ဘ၀အတွေ့ကြုံ လည်းရှိဖို့လိုတယ်။ ဘ၀ အတွေ့အကြုံက မှ Wisdom လို့ခေါ်တဲ့ (အလိမ္မာ) ကိုရ နိုင်တာကိုး။

လောက မှာ စိတ်ကို အလိုလိုက်ရတာ အင်မတန်လွယ်ပါတယ်။ လူအများက စစ်တပ်အုပ်ချုပ် ဗိုလ်ကျ မှုကို မုန်းတီးကြတယ်။ ဒါကြောင့် စစ်တပ်ဆိုတာနဲ့ ဆဲဟ ဆိုတဲ့ ဟောကြားချက်ကို နားဝင်တယ် ကြား ချင်ကြတယ်။ စစ်တပ် ကို ဆဲတဲ့သူ ကို သဘောကျ တယ်။ ဒါထက် ကျော်ပြီး စစ်အစိုးရ ပြုတ်ကျရေး ပြောင်းလဲရေးကို မစဉ်းစားချင်ကြဖူး။ အနှစ် (၂၀) ကျော် ဆဲ လာကြပြီး ဘာမှ မပြောင်းလဲ မိမိတို့ဖက်မှလည်း ဘာမှမတိုးတက် လာတာကိုလည်း အရေးမစိုက်ကြဖူး။

အခုလည်း အများက လက်ရှိအစိုးရကို ဆဲ တာကများပါတယ်။ ဆဲ တာက လွယ်ပါတယ်။ ငွေမကုန် ခေါင်းမစားဖူး စံနစ် ပြောင်းအောင် လုပ်ရတာက ခက်တာပါ။ ဥါဏ်လိုလာတယ်။

အစီအစဉ်နဲ့ မလုပ်တတ်ရင် ယနေ့ ဆဲနေတဲ့ လူငယ်လူရွယ်တွေ လည်း နောက် အနှစ် ၂၀ ၊ ၃၀၊ (၀) အောင် ဆဲ ကြပြီးရင် မြေကြီးထဲ ရောက်ကုန်ကြပြီး ဗမာပြည်ကြီးလည်း တရုတ်တွေရဲ့ စီးပွားရေးကျွန် ဖြစ် ဗမာမ ကလေးတွေ ကို တရုတ်တွေကယူ တရုတ်တွေပြုံ ဆင်း လာရင် ဗမာလူမျိုးပျောက် ရချေ သေးရဲ့။ တိဗက် ကိုသာကြည့်ကြပါ

(၀) တို့ နိုင်ငံ ဖြစ်သွားမယ် ဗျို့!!!!!!

တိုင်းပြည်ချစ်စိတ် ရှေ့ထားပြီး စဉ်းစားကြပါ။

လူငယ်လေးတွေကို သတိပြုစေချင် စဉ်းစားစေချင်တာက ……….

မိမိ စိတ်အာသာ ပြေဖို့က အဓိက လား? တိုင်းပြည်နဲ့ လူမျိုးကောင်းစားရေးက အဓိကလား?
ဗိုလ်ချုပ်အောင်ဆန်း ဟာ ဥါဏ်နဲ့ အသိ မြင့်မားခဲ့လို့ အောင်ပွဲရ ခဲ့တယ်။ တိုင်းပြည်နဲ့ လွပ်လပ်ရေး ကို ဦးစားပေးခဲ့ လို့ လွပ်လပ်ရေးကို အရယူပေးနိုင်ခဲ့တယ်။သခင်သန်းထွန်း နဲ့ အလံဖြူ ဗကပ တွေဟာ တိုင်းပြည်နဲ့ လူမျိုးထက် ပါတီ အာဏါရရေးကို ဦးတည်ပြီး မာနပြိုင်ခဲ့ကြတဲ့ အတွက် နောက်ဆုံး ဖြုတ်-ထုတ်-သတ် နဲ့ ဇာတ်သိမ်းခဲ့ကြရတယ်။ ဥါဏ်မမှီပဲ မျက်ကန်းတော်လှန်ရေး သမား လမ်းမှား အနောက် လိုက်ရင်း အလံဖြူ တွေ ဂျောက်ထဲကျ ခဲ့ရတယ်။ ပါတီရေတိမ်နစ် ခဲ့ရတယ်။

နောက်ဆုံးတော့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ အနီ တွေကို ပိုင်းခြားပေးသွားတာ (အသိ) နဲ့ စိတ်ဓါတ်ပါပဲ။

ဘွဲ့ရတိုင်း ပညာတတ်မဖြစ်ပါ။ ပညာတတ်တိုင်း (အသိ) မရှိပါ။ အသိရှိမှ သတိ ရှိပါသည်။ အလိမ္မာရှိ လျှင်လည်း သတိရှိပါသည်။

ဗမာပြည်မှလူငယ်တွေ ပညာအပြင် အသိနဲ့ သတိ နှင့်အတူ အလိမ္မာ ရှိကြပါစေသား ……

ဘိုဘိုကျော်ငြိမ်း
ချင်းမိုင်
ဇွန်လ ၇ ရက် ၂၀၁၁ ခု

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...