Saturday, June 25, 2011

အင်္ဂလိပ် ဥပဒေပြုစနစ် အခြေခံမိတ်ဆက်၊ Common Law System နှင့် တရားမျှတမှု

by Lu Cifer on Saturday, June 25, 2011 at 5:21pm
တည်ဆဲ ကမ္ဘာ့ဥပဒေပြုစနစ်များ (Legal Systems) တွင် အဓိကအားဖြင့်

၁။ ရောမ ဥပဒေပြုစနစ် (Civil Law System)
၂။ အင်္ဂလိပ် ဥပဒေပြုစနစ် (Common Law System)
၃။ ဘာသာရေးဥပဒေများ (ဥပမာ - Islamic Law)
၎။ မိရိုးဖလာဥပဒေများ (Customary Laws)
၅။ ဥပဒေစနစ် နှစ်မျိုးကို ပေါင်းစပ်ထားခြင်း (Bijudicial) (ဥပမာ - ရောမ စနစ်နှင့် အင်္ဂလိပ် စနစ် (သို့) မိရိုးဖလာနှင့် ဘာသာရေး ဥပဒေများ) ဟုရှိသည်။


သဘာဝအားဖြင့် နိုင်ငံတနိုင်ငံ၏ ဖြတ်သန်းမှု၊ သမိုင်း၊ ယဉ်ကျေးမှုနှင့် လူထုလူတန်းစားပေါ်မူတည်ပြီး အထက်ပါ ဥပဒေစနစ်များကို သင့်လျော်သလို ကျင့်သုံးလေ့ရှိကြပါသည်။
ဆိုရသော် ဗြိတိသျှနယ်ချဲ့လက်အောက်ခံ ဖြစ်ခဲ့ဖူးသော နိုင်ငံများ၊ ဗြိတိန်ဘုရင်(မ) အုပ်ချုပ်မှုအောက်မှ အချို့ နိုင်ငံများ Commonwealth Countries (သို့) ဗြိတိန်နှင့် ဥပဒေပိုင်းဆိုင်ရာ သဘောတူညီမှုတစုံတရာ စာချုပ်စာတမ်း ရေးထိုးထားသော နိုင်ငံများက အင်္ဂလိပ် ဥပဒေပြုစနစ် Common Law ကိုကျင့်သုံးကြသည်။ ဥပမာ သြစတြေးလျ၊ မြောက်အမေရိကမှ ပြည်နယ်အများစု၊ ဟောင်ကောင်၊ မြန်မာနိုင်ငံ။

အလားတူစွာ ရောမအင်ပိုင်ယာနှင့် ပတ်သက်ခဲ့သောနိုင်ငံများ၊ နယ်ချဲ့လက်အောက်ခံမဖြစ်ဖူးသော အချို့နိုင်ငံများက ရောမ ဥပဒေပြုစနစ် Civil Law ကိုကျင့်သုံးကြပါသည်။ ဥပမာ - ဥရောပနိုင်ငံများ၊ ထိုင်းနိုင်ငံ။ အရှေ့အလယ်ပိုင်းဒေသကဲ့သို့ ဘာသာရေးကြီးစိုးသော နိုင်ငံများတွင် ဘာသာရေးဥပဒေကိုပြဌန်းသည်။ ရိုးရာကို အင်မတန်ထိန်းသိမ်းသော အာဖရိကနိုင်ငံအချို့နှင့် တရုတ်ပြည်အချို့နေရာများတွင် ရှေးရိုးစွဲ မိရိုးဖလာ ဥပဒေကို ဆက်လက်ကျင့်သုံးလျက် ရှိကြပါသည်။


အင်္ဂလိပ် ဥပဒေပြုစနစ် အခြေခံမိတ်ဆက်
ဤစနစ်သည် အထက်တရားရုံးများနှင့် ရှေ့ကဆုံးဖြတ်ခဲ့သော အမှုများကို အခြေခံကာ ဥပဒေပြုခြင်း ဖြစ်သလို၊ ရှိရင်းစွဲ တရားဖြတ်ထုံးများနှင့် ဥပဒေ အတွေးအခေါ်တို့ကို ဝေဖန်ပိုင်းခြား သုံးသပ်ခြင်းလည်း ပါဝင်ပါသည်။

အမှုတခုကို ခွဲခြမ်းစိတ်ဖြာရလျှင်
၁။ အမှုနှင့်ဆိုင်သော အချက်အလက်မှန်များ (Facts)
၂။ အချက်အလက်ပေါ် မူတည်၍ ထွက်ပေါ်လာသော အဓိက စိန်ခေါ်မှု မေးခွန်းများ၊ ပြသနာများ (Issues)
၃။ တရားမျှတမှုအတွက် တည်ဆောက်ထားသော ဥပဒေ ထုံးတမ်းများ (Legal Principles)
၎။ တရားစီရင်မှု (Holding) ဟုရှိပါသည်။
ဤစနစ်တွင် ရှေ့ကဆုံးဖြတ်ချက်ကို နောက်ကလိုက်နာရခြင်းအကြောင်းမှာ အမှုနှင့်ဆိုင်သော အချက်အလက်များ ကြောင့်ဖြစ်သည်။

Donoghue v Stevenson ဆိုသော အမှုတွင် တရားလို Ms Donoghue က တရားခံ Mr Stevenson ရောင်းသော ဂျင်ဂျာဘီယာထဲတွင် ပက်ကျိသေ တကောင် ပါလာခြင်းကို သောက်နေရင်း တွေ့လိုက်ရသည်။ တွေ့သည်နှင့် တပြိုင်နက်ထဲ အော့အန်မူးဝေပြီး ဆေးရုံရောက်၊ နှလုံးရောဂါတွေ ဘာတွေ ရကုန်သည်။
Tort of Negligence မတော်တဆ ဖြစ်သော တရားမမှုများဆိုတဲ့ ဥပဒေ ပေါ်ပေါက်လာအောင် ထိုအမှုက အစပြုသည်။ ဒိပြင်မတိုင်မီက ထိုအမှုထက်ကြီးသော (ဥပမာ - ကင်းမြီးကောက် အရှင်တကောင်လုံး အချိုရည်ထဲ ပါချင်ပါမည်) အမှုများကို ဘယ်တရားရုံးကမှ ဂရုစိုက် လက်မခံခဲ့။

ထိုအမှုတွင် စားသုံးသူဖက်မှ ဆုံးဖြတ်ပေးခဲ့သည်။ Legal Principle တွေ ထွက်လာခဲ့သည်။ ဥပမာ - Neighbour Principle - မိမိရဲ့အပြုအမူ၊ အပြောအဆို၊ အလုပ်ကြောင့် မိမိတာဝန်ရှိတဲ့ ပတ်ဝန်းကျင်၊ မိမိနဲ့ ပတ်သက်တဲ့သူတွေကို မတော်တဆ ထိခိုက်ခဲ့ရင် ဥပဒေ တာဝန်ရှိတယ်ဆိုတဲ့ Principle။ နောက်ပြီး မိမိက တာဝန်ရှိတယ်ဆိုတဲ့ လူတွေက ဘယ်သူတွေလဲဆိုတာမျိုးအတွက် Test တွေထွက်လာတယ်။ ဥပမာ - ဆရာဝန်က လူနာကို ဆေးထိုး မမှားရမည့်တာဝန် - မှားရင် တရားစွဲနိုင်သည်။ ဈေးရောင်းသူက ၀ယ်သူကို နစ်နာစေလောက်အောင် မထိခိုက်ရမည့် တာဝန်မျိုး။
ဒီလိုနဲ့ နောက်ပိုင်း သတ်မှတ်ထားသော Principle များ၊ Test များ ဘောင်အတွင်းကနေ အချက်အလက်ပေါ် အခြေခံပြီး ဆုံးဖြတ်ခဲ့တဲ့၊ သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း နောက်ပိုင်း မတော်တဆ တရားမမှုတိုင်းကို ဆုံးဖြတ်ရပေသည်။

နောက် Baigent v Ramdom House အမှုတွင် ဘုရားသခင်ကို လူဆိုးလုပ်ပစ်လိုက်တဲ့ Dan Brown ရေးသော စိတ်ကူးယဉ်ဝတ္ထု Da Vinci Code က တခြား သရုပ်မှန်ဝတ္ထုဖြစ်တဲ့ Holy Blood, Holy Girl မှ ကူးချခြင်း ဖြစ်သည်ဆိုသော မူပိုင်ခွင့်အမှု Intellectual Property (Copyright) Law။

Issue တွေကတော့
၁) ဒုတိယ၀တ္ထု ဒါဗင်ချီက ပထမ ၀တ္ထုနှင့် စာလျှင် ဘယ်လောက် ရာနှုန်းထိ မူရင်းလို့ ပြောနိုင်သလဲ
၂) Holy Blood, Holy Girl ရဲ့ဘယ်လောက် အဓိကကျတဲ့ အပိုင်းကနေ ဒါဗင်ချီက ဘယ်လောက်ထိ ယူထားသလဲ
၃) ယူထားတဲ့ အပိုင်းတွေရဲ့ အရည်အသွေးတွေ - ဇာတ်လမ်းတခုလုံးမှာ ဘယ်လောက် တာသွားသလဲ
၃) ယူထားတဲ့ အပိုင်းတွေက ဘယ်နှစ်မျက်နှာလောက်ရှိလဲ
ဤအဓိကကျသော မေးခွန်းများကို ချိန်ဆပြီး တရားသူကြီးတွေက ဒါဗင်ချီက ခိုးချတာ မဟုတ်လို့ နောက်ဆုံးမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါသည်။

ထို့ကြောင့် ယေဘုယျအားဖြင့် အမှုနှစ်ခု အချက်အလက်တူလျှင် ဆုံးဖြတ်ချက် တူသင့်ပေသည်။ Judicial precedent ဟုသုံးပါသည်။ သို့ပေမဲ့ အချက်အလက်က ဆန့်ကျင်နေလျှင် ဆုံးဖြတ်ချက်လည်း မတူသင့်ပါ။ Distinguishing the case ဟုဆိုနိုင်ပါသည်။

Common Law တွင် ထိုသို့ ဆုံးဖြတ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ တရားမျှတမှုကြီးစိုးရေး (Rule of Law) ကိုဦးတည်သည်။ မဂ်နာကာတာ (Magna Carta) ရဲ့ Due Process Model က လူတိုင်းဟာ အခြေခံ တရားမျှတမှုနဲ့ လွတ်လပ်မှုကို ဥပဒေ မစီရင်မီထိ ပိုင်ဆိုင်ခွင့် ရှိတယ်လို့ ဆိုခဲ့သည်။ ဥပဒေ အထက်တွင် မည်သူမျှမရှိ။

တဆက်ထဲမှာပဲ ဥပဒေကို လူတိုင်းခန့်မှန်းနိုင်ရမည်။ ဒါလုပ်ရင် ဒီဥပဒေနဲ့ဆိုင်တယ်ဆိုတာကို သိစေချင်သည်။ ထို့ပြင် လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များ၊ အသုံးမတည့်သော ဥပဒေများကို ဖြည့်စွက် ပြင်ဆင်ချင်သည်။ ထို့ကြောင့် တူသောအမှုကို တူသည့်အတိုင်း ဆုံးဖြတ်ရခြင်းဖြစ်သည်။

ဥပဒေအတွေးအခေါ် Legal Philosophy နှင့် တရားမျှတမှု
Common Law စနစ်၏ ဥပဒေအတွေးအခေါ်မှာ Legal Positivism အပေါ် အခြေခံထား တည်ဆောက်ထားသောလည်း၊ အရင်းရှင် စီးပွားရေးစနစ်အောက်တွင် ကျင့်သုံးနေရခြင်းအားဖြင့်သာမာန်လူလတ်တန်းစားနှင့် လက်လုပ်လက်စားတို့ကို အပိုဆောင်း မျက်နှာသာပေးမည်မဟုတ်။ (Legal Positivism အကြောင်းကို ဖောက်ထွက်တွေးခေါ်တဲ့ ဥပဒေဖလော့ဆဖီ ဆောင်းပါးတွင် reference ရှာနိုင်ပါသည်)။

ထိုစနစ်ကပေးတဲ့ တရားမျှတမှု ဆိုသည်မှာ လူတိုင်းကို အနည်းဆုံးသော လူ့အခွင့်အရေးနှင့် ကာကွယ်မှု Minimum Protection & Rights ကိုသာပေးသည်ဟု မြင်မိပါသည်။ လူ့အဖွဲ့အစည်းတရပ်လုံးကို ၀ုန်းခနဲ ထိုးတက်သွားအောင် အမြင့်မားဆုံး အခွင့်အရေးတွေကို ပေးသော စနစ်မဟုတ်သော်လည်း လက်ရှိ အနေအထားမှာ အနည်းဆုံးသော မှန်ကန်မှု (တရားမျှတမှု) ကိုပင် တရားရုံးများ၊ လွှတ်တော်များတွင် လူတိုင်း ခံစားခွင့်ရှိအောင် ကြိုးစားလုပ်ယူ နေရပေသေးသည်။

လူတိုင်း ခံစားခွင့်ရစေလိုသည့် အကြောင်းများမှာ -
၁) တရားမျှတမှုသည် လူတိုင်း၏အထက်တွင် အစိုးရအပါအ၀င် အားလုံးကို အုပ်ချုပ်လျှက် ရှိသောကြောင့် တရားဥပဒေကို အစိုးရက မဖန်တီးပါ။ ပြည်သူက ဖန်တီးရပါသည်။ ပြည်သူ့မဲဆန္ဒဖြင့် ပေါ်ပေါက်လာသော ဥပဒေတို့သည်သာ တရားသည်။

၂) ထို့ပြင် တရားဥပဒေသည် အပြစ်ပေးရန်မဟုတ်။ လူ့လောက သာယာစည်ပင်အောင် ဖန်တီးပေးသော လက်နက်တခုသာဖြစ်သည်။

၃) တရားမျှတမှုကို လိုချင်လျှင် တရားဥပဒေကို မြတ်နိုးရပါသည်။ တဖက်တွင်လည်း မတရားသော ဥပဒေကို တော်လှန်လိုစိတ်ရှိပြီး တော်လှန်ရဲရပါသည်။ မှန်ကန်သည့် တော်လှန်ရေးတရပ် ပေါ်ပေါက်ရန် အတွက်လည်း လေ့လာရပါသည်။ လေ့လာသမျှကို အားထုတ်အသုံးပြုရပါသည်။

၎) လူတို့၏ လက်တွေ့ဘ၀မှာလည်း ရှုပ်ထွေးသည့် သဘာဝကြောင့် ဥပဒေပညာရပ်သည် ရှုပ်ထွေး နက်နဲလှသည်။ သို့သော် ထိုပညာရပ်ဆိုင်ရာ ရှုပ်ရှုပ်ထွေးထွေးတွေ လေ့လာဖို့ထက် ရိုးစင်းသော အခြေခံ တရားများသည်သာ လူတိုင်းနှင့် ပိုဆိုင်ပါသည်။ သာမန် လူတိုင်း နားလည်မည့် အားလုံးနှင့်ဆိုင်သည့် အခြေခံဥပဒေများကို အစိုးရမှ ပြည်သူအား တင်ပြအကြံဥာဏ်ယူရမည့် တာဝန်ရှိသည်။

၅) လူ့အဖွဲ့အစည်းတခုတွင် လူတိုင်းသည် မိမိတို့နှင့်ဆိုင်ရာ ကဏ္ဍအလိုက် တိုးတက်မှု တစုံတရာ ရှိအောင် ကြိုးစား အားထုတ်ရမည့် တာဝန်ရှိသည်။ တရားဥပဒေသည် အဖွဲ့အစည်း တရပ်အတွက် အခြေခံ အုတ်မြစ်ဖြစ်သောကြောင့် တရားမျှတမှုကို ရှာဖွေရန်မှာ လူတိုင်း၏ တာဝန်သာလျှင် ဖြစ်ပါသည်။

(ဆက်လက် ဆွေးနွေးပါဦးမည်)

ချောအိနွယ်
Wednesday, 22 June 2011 02:12

http://www.maukkha.org/index.php?option=com_content&view=article&id=1698%3A-common-law-system-&catid=92%3Alibrary-&Itemid=386

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...