Sunday, June 26, 2011

ချစ်ခြင်းနှင့် မကင်းကြသူများ

[By Nyi Thit ]

“ချစ်ခြင်းမေတ္တာ”

တစ်ခါတုန်းက ပင်လယ်ထဲမှာ ကျွန်းတစ်ကျွန်း ရှိတယ်။ အဲဒီကျွန်းမှာ ခံစားမှုတွေ အကုန်လုံး နေထိုင်ကြသတဲ့။ ချစ်ခြင်းမေတ္တာ၊ ပျော်ရွှင်မှု၊ ကြွေကွဲမှု၊ အမြော်အမြင်ရှိမှု၊ ချမ်းသာမှု၊ ဆင်းရဲမှု စသည်ဖြင့်ပေါ့လေ။
... တစ်နေ့မှာ အဲဒီကျွန်းကြီး ပင်လယ်အောက်မြုပ်တော့မယ်လို့လည်း သတင်းကြားရော အားလုံးက ကျွန်းကနေခွာဖို့ ပြင်ကြဆင်ကြတာပေါ့လေ။


အဲဒီအထဲမှာ ခံစားမှုတစ်ခုဖြစ်တဲ့ ချစ်ခြင်းမေတ္တာကတော့ နောက်ဆုံး ကျွန်းကြီး ပင်လယ်ရေအောက် မမြုပ်ခင်အထိတော့ ကျွန်းကို တွယ်တာနေသေးတာပေါ့လေ။
နောက်ဆုံး ကျွန်းတစ်ခုလုံး မြုပ်ကာနီးတော့မှ အကူအညီတောင်းဖို့ ချစ်ခြင်းမေတ္တာက လိုက်ရှာသတဲ့။ အဲဒီအချိန်မှာ ချမ်းသာမှုက လှေကြီးအကြီးကြီးနဲ့ သူ့အနားက ဖြတ်သွားတယ်။

“ချမ်းသာကြွယ်ဝမှုရယ် ငါ့ကို နင်နဲ့အတူ ခေါ်သွားပါလား” ဆိုပြီး ချစ်ခြင်းမေတ္တာက အကူအညီတောင်းတော့ “မဖြစ်ဘူးဟ။ ငါ့လှေထဲမှာ ရွှေတွေငွေတွေအပြည့်နဲ့ နင့်အတွက် နေရာ မရှိဘူး” လို့ ပြောပြီး ထွက်သွားသတဲ့။

ဒါနဲ့ အဲဒီအချိန်မှာ လှပတဲ့ လှေတစ်စီးနဲ့ ထွက်သွားတဲ့ မာန်မာနကို မြင်လိုက်တော့ “မာန်မာနရယ်၊ ငါကို ကယ်ပါဦးဟာ” လို့ အကူအညီတောင်းတော့ “မကယ်နိုင်ဘူး ချစ်ခြင်းမေတ္တာရေ၊ နင့်တစ်ကိုယ်လုံးက စိုရွှဲနေတော့ ငါ့လှေ အလှပျက်သွားမှာပေါ့” လို့ ဆိုပြီး ထွက်သွားပြန်တယ်။

အဲဒီအချိန်မှာပဲ ကြေကွဲမှုက လှေတစ်စီးနဲ့ ရောက်လာတော့ “ကြေကွဲမှုရယ်၊ ငါ နင်နဲ့ လိုက်ခဲ့ပါရစေ” လို့ ဆိုပြီး အကူအညီတောင်းတော့ “အို ချစ်ခြင်းမေတ္တာရယ်၊ ငါ့မှာလေ ကြေကွဲရလွန်းလို့ တစ်ယောက်တည်းပဲ သွားပါရစေ” လို့ ပြန်ဖြေသတဲ့။

အဲဒီအချိန်မှာပဲ ပျော်ရွှင်မှုရဲ့ လှေက ဖြတ်သွားတော့ ချစ်ခြင်းမေတ္တာ လှမ်းအော်ပြီး အကူအညီတောင်းတယ်။ ဒါပေမယ့် ပျော်ရွှင်မှုဟာ ပျော်ပျော်ကြီးထွက်သွားတာမို့ ချစ်ခြင်းမေတ္တာရဲ့ အကူအညီတောင်းသံကိုတောင် မကြားလိုက်ဘူး။

ဒီလိုနဲ့ ရုတ်တရက် “ချစ်ခြင်းမေတ္တာ လာခဲ့။ ငါ မင်းကို ကူညီမယ်” လို့ ပြောလိုက်တဲ့ အသံကြားလို့ ကြည့်လိုက်တော့ သက်ကြီးရွယ်အို ဖြစ်နေတာ တွေ့လိုက်ရတယ်။
သူ့ကို အကူအညီပေးတယ်ဆိုတော့ ချစ်ခြင်းမေတ္တာခမျာ အပျော်တွေလွန်ပြီး သက်ကြီးရွယ်အိုရဲ့ နာမည်ကိုတောင် မေးကြည့်ဖို့ မေ့နေသတဲ့။
သူတို့ ကမ်းကိုရောက်တော့ သက်ကြီးရွယ်အိုက ချစ်ခြင်းမေတ္တာကို ချပြီး သူ့ခရီးသူ ဆက်သွားတယ်။

သူ့အပေါ်မှာ သက်ကြီးရွယ်အိုရဲ့ ကျေးဇူးက ကြီးမားလွန်းတာကြောင့် ချစ်ခြင်းမေတ္တာက သူ့ကို ကူညီတဲ့သူဟာ ဘယ်သူလဲလို့ အမြော်အမြင်ကို မေးကြည့်တယ်။

“သူ့နာမည်က အချိန်ကာလ ပေါ့” လို့ အမြော်အမြင်က ပြန်ဖြေတယ်။
“အချိန်ကာလ၊ ဟုတ်လား” လို့ ချစ်ခြင်းမေတ္တာက ပြန်မေးတယ်။
“အချိန်ကာလက ဘာဖြစ်လို့ ငါ့ကို ကူညီခဲ့တာလဲဟင်” လို့ ချစ်ခြင်းမေတ္တာက မေးလိုက်တော့ အမြော်အမြင်က ပြုံးပြုံးကြီးနဲ့ ပညာရှိဆန်ဆန် ပြန်ဖြေတယ်။
“ဘာဖြစ်လို့လဲဆိုတော့ အချိန်ကာလ တစ်ခုတည်းကသာ ချစ်ခြင်းမေတ္တာရဲ့ ကြီးမြတ်မှုကို နားလည်နိုင်စွမ်းရှိလို့ပေါ့ကွယ်”



KONICA MINOLTA DIGITAL CAMERA Ove Lundqvist

“အချစ် ဆိုသည်မှာ”

ဒီဇာတ်လမ်းလေးကတော့ ဗီယက်နမ်မှာ စစ်တိုက်သွားပြီး ဆန်ဖရန်စစ်စကို ကို ပြန်လာတဲ့ စစ်သားလေးတစ်ယောက်အကြောင်းပါ။
အဲဒီ စစ်သားလေးဟာ တစ်နေ့မှာ ဆန်ဖရန်စစ်စကိုကနေ သူ့မိဘတွေဆီကို ဖုန်းလှမ်းဆက်တယ်။

“ဖေဖေနဲ့ မေမေ။ သား အိမ်ပြန်လာတော့မယ်။ ဒါပေမယ့် မေမေတို့ကို သားတစ်ခုတော့ မေတ္တာ ရပ်ခံချင်တယ်။ သား အိမ်ပြန်လာတဲ့အခါမှာ သားရဲ့ သူငယ်ချင်းတစ်ယောက်ကိုလည်း ခေါ်လာချင်တယ်”
“ခေါ်ခဲ့ပေါ့ကွယ်။ မေမေတို့ကလည်း သား သူငယ်ချင်းကို တွေ့ချင်တာပေါ့” လို့ မိဘတွေက ပြန်ဖြေတယ်။

“ဒါပေမယ့် မေမေတို့သိဖို့လိုတာကိုတော့ သားပြောပြပါရစေ။ တိုက်ပွဲမှာ သူက ဒဏ်ရာ ပြင်းပြင်းထန်ထန်ရထားတယ်။ မြေမြုပ်မိုင်းနင်းမိပြီး သူ့မှ ခြေတစ်ဘက်၊ လက်တစ်ဘက် ပြတ်သွားရှာတယ်။ သူ့မှာ တခြားသွားစရာလည်း နေရာမရှိလို့ သားတို့နဲ့အတူနေဖို့ ခေါ်လာချင်တာပါ”
“ကြားရတာ စိတ်မကောင်းလိုက်တာ သားရယ်။ သူနေထိုင်ဖို့ တစ်နေရာရာရအောင် မေမေတို့ ရှာပေးရမှာပေါ့”
“မဟုတ်ဘူး ဖေဖေနဲ့မေမေ၊ သားက သူ့ကို သားတို့မိသားစုနဲ့အတူ နေစေချင်တာ”

“ဒီမှာသား။ သားပြောနေတဲ့စကားကိုရော သား နားလည်ရဲ့လား။ အဲလို ဒုက္ခိတ တစ်ယောက်ကို အိမ်မှာ ထားမယ်ဆိုရင် အဖေတို့အတွက် ၀န်ထုပ်ဝန်ပိုးကြီးတစ်ခုလို ဖြစ်နေမှာပေါ့။ ဖေဖေတို့ဘ၀နဲ့ ဖေဖေတို့ အေးအေးချမ်းချမ်း နေထိုင်နေတဲ့အချိန်မှာ ဒီလို ဒုက္ခိတမျိုး ဖေဖေတို့ဘ၀ထဲ ၀င်လာလို့ ဘယ်ဖြစ်နိုင်မလဲ။ ငါ့သားသာ ပြန်လာပါတော့ကွာ။ သားသူငယ်ချင်းအကြောင်း မေ့ထားလိုက်ပါ။ သူ့ဘာသာသူ နေစရာတစ်ခုခု ရှာပါလိမ့်မယ်”

အဲဒီအချိန်မှာပဲ သားဖြစ်သူက ဖုန်းချသွားတယ်။ အဲဒီအချိန်ကစပြီး မိဘတွေလည်း သူတို့သားအကြောင်း ဘာမှ မကြားရတော့ဘူး။ ဒါပေမယ့် ရက်အနည်းငယ် ကြာပြီးတဲ့အခါမှာ ဆန်ဖရန်စစ်စကို ရဲစခန်းက သူတို့အိမ်ကို ဖုန်းဝင်လာတယ်။ သူတို့သားဖြစ်သူ အဆောက်အဦ အမြင့်ကြီးပေါ်က ပြုတ်ကျလို့ ဆုံးသွားပြီလို့ သူတို့ဆီ အကြောင်းကြားလာတာ။ အဲဒီသေဆုံးမှုဟာ သူ့ဘာသာသူ အဆုံးစီရင်တာလို့ ရဲဘက်က ယူဆထားကြတယ်။

သားဆုံးပြီဆိုလို့ သောကတွေ ဝေနေတဲ့ မိဘနှစ်ယောက်ဟာ ဆန်ဖရန်စစ်စကို ကို လေယာဉ်နဲ့ သွားကြတယ်။ ဟိုရောက်တော့ သေဆုံးသူဟာ သူတို့သား ဟုတ်မဟုတ် စစ်ဆေးကြည့်ပေးဖို့ မိဘနှစ်ပါးကို ရင်ခွဲရုံဆီ ခေါ်သွားတယ်။
သူတို့ ကြည့်လိုက်တော့ သူတို့သားလေးဖြစ်နေတယ်ဆိုတာကို သိလိုက်ရတယ်။

ဒါပေမယ့် သူတို့နှစ်ယောက်ဟာ ထိတ်လန့်တကြားနဲ့ သူတို့ သိမထားတာကိုလည်း မျက်ဝါးထင်ထင် တွေ့လိုက်ရတယ်။ သေဆုံးနေတဲ့ သူတို့သားမှာ ခြေတစ်ဘက်နဲ့ လက်တစ်ဘက်ပဲ ရှိနေတယ် ဆိုတာကိုလေ။

(ဒီဇာတ်လမ်းလေးထဲက မိဘတွေဆိုတာလည်း ခင်ဗျားတို့ကျွန်တော်တို့လို အများစုထဲကပါပဲ။ များသောအားဖြင့် ကြည့်ကောင်းတဲ့သူမျိုးတွေနဲ့ဆို ကျွန်တော်တို့အနေနဲ့ ချစ်လွယ်၊ ခင်လွယ်၊ ပျော်ပါးလွယ်ကြတယ်။ ဒါပေမယ့် ကိုယ့်နေထိုင်မှုကို အဆင်မပြေမယ့်သူမျိုးတို့၊ ကိုယ့်ကို အနှောင့်အယှက်တစ်ခုလို ဖြစ်စေမယ့်သူမျိုးတို့ဆို ကျွန်တော်တို့တွေက သဘောမကျတတ်ကြတာ များတယ်။ နာမကျန်းဖြစ်နေတဲ့သူတွေ၊ မလှမပ လူတွေ၊ ပညာမတတ်တဲ့သူမျိုးတွေဆို ကျွန်တော်တို့တွေက ဝေးဝေးက ရှောင်ချင်ကြတာများတယ်။ လူတိုင်းလားဆိုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ကို အဲလိုမျိုး မဆက်မယ့်သူတစ်ယောက် ရှိနေတာကိုက ကျေးဇူးတင်ဖို့ ကောင်းလှပါပြီ။ ကျွန်တော်တို့ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်နေ ဖြစ်နေ အဲဒါတွေကို ဘေးချိတ်ပြီး ထာဝရ မိသားစုဘ၀ထဲမှာ အကြွင်းမဲ့ ချစ်ခြင်းမေတ္တာနဲ့ ကြိုဆိုနေတဲ့တစ်ယောက်ယောက် ရှိနေတာဟာ မင်္ဂလာ မဟုတ်လား။)




“သမီးချစ်”

ကျွန်တော့်သူငယ်ချင်းတစ်ယောက် တစ်ခါက ပြောပြဖူးတယ်။
သူ့ ရဲ့ ၄ နှစ်အရွယ်သမီးလေးက သူသိမ်းထားတဲ့ ရွှေရောင် လက်ဆောင်ပတ် စက္ကူလိပ်ကို ဖြုန်းတီးပစ်လို့ဆိုပြီး အဲဒီကလေးကို အပြစ်ပေးဖူးတယ်တဲ့။
၎ နှစ်အရွယ် သူ့သမီးလေးက သစ်ပင်အောက်မှာ ဗူးလေးတစ်ဗူးချပြီး အဲဒီရွှေရောင် စက္ကူတွေနဲ့ အလှဆင်နေတာ တွေ့လိုက်ရတော့ ငွေကြေးကလည်း ခက်ခဲချိန်၊ အဆင်မပြေချိန်လည်း ဖြစ်တော့ သမီးလေးကို သူ ဒေါသ တော်တော် ထွက်သွားမိတယ်။

ဒါပေမယ့် နောက်တစ်နေ့ မနက်ခင်းမှာ သမီးလေးက သူ အလှဆင်ထားတဲ့ လက်ဆောင်ဗူးလေးကို ယူလာပြီး “ဒါ ဖေဖေ့အတွက် လက်ဆောင်” ဆိုပြီး သူ့ကို ပေးတယ်။

ဒါနဲ့ သူငယ်ချင်းကလည်း စောစောပိုင်းက သူ့သမီးလေးကို ဆူပူခဲ့တာတွေနဲ့ ပတ်သက်ပြီး တော်တော်လေး အရှက်ရသွားတယ်။ အဲဒါနဲ့ သူ့သမီးပေးတဲ့ လက်ဆောင်ဗူးကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ ဘာမှ ရှိမနေတာကို တွေ့လိုက်ရတဲ့အတွက် ပိုပြီးတော့တောင် ဒေါသအိုး ပေါက်ကွဲသွားတယ်။

အဲဒီနောက် သမီးဖြစ်သူကို သူ အော်တော့တယ်။

“ခွေးမလေး။ တစ်ယောက်ယောက်ကို လက်ဆောင်ပေးမယ်ဆိုရင် အထဲမှာ ပစ္စည်းတစ်ခုခု ပါရတယ်ဆိုတာတောင် မသိဘူးလားကွ”

ဒီတော့ သူ့သမီးလေးမျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်လျှံစီးကျလာတယ်။ ပြီးမှ သူ့အဖေကို မျက်ရည်စက်လက်နဲ့ တွေတွေလေးကြည့်ပြီးပြောတယ်။

“အထဲမှာ ဘာမှ မပါတာ မဟုတ်ပါဘူး ဖေဖေရယ်။ အဲဒီအထဲကို သမီး ဖေဖေ့အတွက် အနမ်းလေးတွေ အများကြီး မှုတ်ထည့်ထားပါတယ်။ အားလုံး ဖေဖေ့အတွက်ပါ”

အဲဒီတော့မှ ကျွန်တော့်သူငယ်ချင်းလည်း အရမ်းကို စိတ်ထိခိုက်သွားတယ်။ သမီးလေးကို ဖက်ပြီး သူ့ကို ခွင့်လွှတ်ဖို့လည်း တောင်းပန်တယ်။ အဲဒီဗူးလေးကိုလည်း သူ့အိပ်ရာဘေးနားမှာ နှစ်ပေါင်းများစွာ သိမ်းထားတယ်တဲ့။

သူ စိတ်ဓာတ်ကျတဲ့အခါတိုင်း၊ အဆင်မပြေတဲ့အခါတိုင်း သူ့သမီးငယ်လေး ထည့်ပေးထားတဲ့ ဗူးလေးထဲက အနမ်းတစ်ပွင့်ကို ထုတ်ယူလေ့ရှိတယ်တဲ့။




“မြင်မြင်ချင်း အချစ်”

တစ်ခါက ကင်ဆာရောဂါ ဝေဒနာကို ခံစားနေရတဲ့ လူငယ် တစ်ယောက်ရှိတယ်။ သူ့ရောဂါကလည်း ကုသမရတော့တဲ့ ရောဂါလို့ပဲ ဆိုကြပါစို့ဗျာ။ သူ့အသက်က ၁၈ နှစ်ပဲ ရှိသေးပေမယ့်လည်း အချိန်မရွေး လူ့လောက ကနေ ထွက်ခွာသွားနိုင်တဲ့ အနေအထားအထိ ရောက်နေပြီ။ သူဘ၀ အချိန်တော်တော်များများဟာ အိမ်ထဲမှာပဲ နေခဲ့ရပြီး မိခင်ရဲ့ စောင့်ရှောက်ပြုစုမှုအောက်မှာပဲ နေခဲ့ရတော့ အိမ်ထဲမှာပဲ အမြဲမနေဘဲ အိမ်အပြင်ထွက်ပြီး သွားလာကြည့်ချင်နေတယ်။

သူ အပြင်ထွက်ဖို့ ခွင့်တောင်းတော့ သူ့ အမေက ခွင့်ပြုတယ်။ သူ့အိမ်ကနေ ထွက်သွားလိုက်တာနဲ့ လမ်းမှာ စတိုးဆိုင်တွေ အများကြီး သူတွေ့တယ်။ စီဒီ အရောင်းဆိုင်တစ်ဆိုင်ရှေ့က သူ ဖြတ်လျှောက်သွားတဲ့ တခဏမှာ တခါးကနေ ဆိုင်ထဲကို တစ်ချက် လှမ်းကြည့်မိတယ်။ လျှောက်သွားရာကနေ ရပ်ပြီး စတိုးဆိုင်တံခါးရှိရာ ပြန်လာပြီး အထဲကို သေသေချာချာ ကြည့်လိုက်တော့ ဆိုင်မှာ ရောင်းတဲ့ မိန်းကလေးဟာ သူနဲ့ သက်တူရွယ်တူလောက်ပဲ ဆိုတာ သိလိုက်ရပြီး မြင်မြင်ချင်းပဲ သူ့စိတ်ထဲမှာ ချစ်ကျွမ်း ၀င်သွားတယ်။
ဒါနဲ့ သူလည်း ဆိုင်တံခါးဖွင့်ပြီး အထဲကို ၀င်လာပြီး ဘာကိုမှမကြည့်ဘဲ အဲဒီ မိန်းကလေးကိုပဲ ကြည့်နေမိတယ်။ ကြည့်ရင်း ကြည့်ရင်း သူလျှောက်သွားတာဟာ မိန်းကလေး ထိုင်နေတဲ့ ကောင်တာနား ရောက်တဲ့အထိပဲ။

“ဘာ ကူညီပေးရမလဲဟင်” လို့ မေးပြီး ကောင်မလေးက ပြုံးလိုက်တော့ သူ့စိတ်ထဲမှာ အလှဆုံးအပြုံးဆိုတာ သိလိုက်ရပြီး နေရာမှာတင် ကောင်မလေးကို မြတ်မြတ်နိုးနိုး နမ်းချင်စိတ်တောင် ဖြစ်သွားမိတယ်။
“အင်း… အဲ… ကိုယ် စီဒီ ၀ယ်ချင်လို့ပါ” ဆိုပြီး စီဒီတစ်ချပ်ရွေး၊ မိန်းကလေးကို စီဒီဖိုး ပေးလိုက်တယ်။
“အိတ်နဲ့ ထုတ်ပေးရမလား ဟင်” လို့ ကောင်မလေးက ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့ သူ့ကို မေးတယ်။

သူ ခေါင်းညိတ်ပြလိုက်တော့ ကောင်မလေး နောက်ထဲ ၀င်သွားတယ်။

ပြီးမှ ထုပ်ပိုးထားတဲ့ စီဒီကို သူ့ကို ပေးတယ်။ သူလည်း လှမ်းယူပြီး ဆိုင်ထဲကနေ ထွက်သွားတယ်။
အဲဒီလိုနဲ့ သူဟာ နေ့တိုင်း စတိုးဆိုင်သွားပြီး စီဒီ ၀ယ်ဖြစ်သလို သူ ၀ယ်တဲ့အခါတိုင်းလည်း ကောင်မလေးက သူ့အတွက် စီဒီကို သေသေချာချာ ထုပ်ပိုးပြီးပေးတယ်။ ၀ယ်လာတဲ့ စီဒီကိုလည်း သူ့ဘီရိုထဲမှာ တန်းစီပြီး ထည့်ထားတယ်။ ကောင်မလေးကို ခေါ်ထုတ်ပြီး ချိန်းတွေ့ဖို့ဆိုတာကလည်း သူက ရှက်လွန်းနေတော့ သတ္တိ မရှိဘူး။ အဲဒီကောင်မလေးကို သားဖြစ်သူက စိတ်ဝင်စားနေတာသိတော့ သူ့အမေကလည်း အားပေးတယ်။ ကောင်မလေးကို ချည်းကပ်ဖို့ပေါ့။

အဲဒါနဲ့ နောက်တစ်နေ့မှာ သူဟာ ရဲဆေးတင်ပြီး စတိုးဆိုင်ဘက်ထွက်ခဲ့တယ်။ ထုံးစံအတိုင်း စီဒီတစ်ချပ်ဝယ်တယ်။ ဒီတော့ ကောင်မလေးလည်း စီဒီကို ထုတ်ပိုးပေးဖို့ဆိုပြီး ဆိုင်နောက်ခန်းထဲ ၀င်သွားတယ်။ ပြီးမှ ထုတ်ပိုးပြီးသား စီဒီကို ယူလာပြီး သူ့ကို ပေးတယ်။ သူက စီဒီကို လှမ်းယူပြီး ကောင်မလေး ကြည့်မနေလောက်တဲ့ အချိန်ကျမှ သူ့ဖုန်းနံပါတ် ရေးထားတဲ့စာရွက်ကို ကောင်တာပေါ်မှာ တင်ခဲ့ပြီး ဆိုင်ထဲကနေ ပြေးထွက်သွားတော့တယ်။
………………..

“ကလင် ကလင် ကလင်”
ဖုန်းသံမြည်လာတော့ အမေဖြစ်သူက ဖုန်းကို ကောက်ကိုင်တယ်။
“ဟယ်လို”

ဖုန်းဆက်တာက စီဒီစတိုးဆိုင်က ကောင်မလေး ဖြစ်နေတယ်။ ကောင်မလေးက သူ့သားနဲ့ ပြောချင်တယ်လို့ ပြောတယ်။ ဒီတော့ မိခင်ဖြစ်သူကလည်း မျက်ရည်တွေကျပြီး “သား မနေ့ကပဲ ဆုံးသွားတာ သမီး မသိဘူးလား” ဟင် လို့ ပြောလိုက်တယ်။
အဲဒီအချိန်မှာ ဖုန်းလိုင်းက တိတ်ဆိတ်သွားပြီး အခန်းထဲမှာ မိခင်ဖြစ်သူရဲ့ ငိုသံတွေပဲ လွှမ်းနေတော့တယ်။

................

တစ်နေ့ ညနေခင်းမှာ မိခင်ဖြစ်သူက သားကို သတိရလွန်းလို့ သားအခန်းထဲ ၀င်သွားတယ်။ သားနဲ့ ပတ်သက်တာတွေအကုန်လုံး သူ့စိတ်ထဲမှာ မှတ်သားထားချင်တော့ သားဖြစ်သူရဲ့ အ၀တ်အစားတွေကို ကြည့်တယ်။ ဒါကြောင့် ဘီရိုကို ဆွဲဖွင့်လိုက်တော့ ဘီရိုထဲမှာ ပါကင်ဖြည်မထားတဲ့ စီဒီတွေ ပြည့်နှက်နေတာကို တွေ့လိုက်ရတယ်။ ဒီလောက်များတဲ့ စီဒီတွေကို တွေ့လိုက်ရတော့ မိခင်ဖြစ်သူ တော်တော် အံ့သြသွားတယ်။ ဒါကြောင့် စီဒီ တစ်ချပ်ကို ယူလိုက်ပြီး သားကုတင်ပေါ်မှာထိုင်ရင်း ဖောက်ကြည့်တယ်။
စီဒီအပေါ်မှာ ပတ်ထားတဲ့ စာရွက်ကို ဖြဲပြီး ထုတ်ကြည့်လိုက်တော့ စာရွက်ပိုင်းလေးတစ်ခု ကျလာတယ်။ အဲဒီစာရွက်ပိုင်းလေးကို အမေဖြစ်သူက ဖတ်ကြည့်လိုက်တယ်။
စာရွက်ထဲမှာ ရေးထားတာက။
“ဟေ့။ နင့်ကိုကြည့်ရတာ ချစ်စရာကောင်းလိုက်တာ။ ငါနဲ့ အပြင် လျှောက်သွားမလား ဟင်။ ချစ်တဲ့ စင်ဒီ”
ဒါနဲ့ မိခင်ဖြစ်သူလည်း နောက်ထပ် စီဒီတစ်ချပ်ကို ထပ်ဖောက်ကြည့်ပြန်တယ်။
ဒီတစ်ခါမှာလည်း အထဲက စာရွက်ပိုင်းလေး ကျလာပြန်တယ်။
စာရွက်ထဲမှာ ရေးထားတာကလည်း။
“ဟေ့။ နင့်ကိုကြည့်ရတာ ချစ်စရာကောင်းလိုက်တာ။ ငါနဲ့ အပြင် လျှောက်သွားမလား ဟင်။ ချစ်တဲ့ စင်ဒီ” တဲ့လေ။


(ချစ်ခြင်းမေတ္တာ ထားနိုင်ကြပါစေဗျာ)

ညီသစ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...