Sunday, June 26, 2011

ကျနော် ကွန်ဆာဗေးတစ်

ကျောင်းတုန်းက ကျနော်တို့ အဆောင်ကို လာလည်တတ်တဲ့ သူငယ်ချင်းတယောက်က "မင်းတို့ တဆောင်လုံးမှာ (သူငယ်ချင်း ၈ ယောက်နေပါတယ်) မင်းတယောက်ပဲ လစ်ဘရယ်ကျတယ်"
လို့ပြောပါတယ်။ အမှန်အတိုင်းပြောရင် လစ်ဘရယ်ဆိုတာကို အဲဒီတုန်းက ကျနော်သေချာမသိပါဘူး။ (အခုလည်း သေချာမသိပါဘူး)။


လွန်ခဲ့တဲ့ ၁၀ နှစ် လောက်တုန်းကတော့ သူငယ်ချင်းတယောက်နဲ့ ညနေခင်း လမ်းလျှောက်ထွက်ရင်း (ဘာအကြောင်း ပြောမိလည်း မမှတ်မိတော့ပါ) အဲဒီ သူငယ်ချင်းက "ခင်ဗျားကတော့ အနီပဲ" လို့ ပြောပြန်ပါတယ်။ အနီဆိုတာ ဘယ်လိုလူတွေကိုခေါ်သလဲလို့ သူ့ကို ရှင်းပြခိုင်းရင် သူရှင်းပြနိုင်မယ် မထင်လို့ ကျနော် ဘာမှမပြောတော့ပါ။

ကျနော့်အမြင်အရ ဘာဖြစ်ဖြစ် အရေးမကြီးပါဘူး။ ဘာမှမဖြစ်လဲ အရေးမကြီးပါဘူး။
ဘာမှမဖြစ်လဲ အရေးမကြီးကြောင်း ပြောမိတော့ သက်ကြီးပိုင်းက ပုဂ္ဂိုလ်တယောက်က "အိုင်ဒန်တီဖိုင်း ယွာရှက်" ကိုယ့်ကိုယ်ကိုယ် ဘာကောင်လဲ အရင်သိအောင်လုပ်- လို့ ကျနော့်ကို သတိပေးသလိုလို ပြောပါတယ်။
ကျနော်လည်း ဂလိုဘယ်လိုက်ဇေးရှင်းလို့ ခေါ်ကြတဲ့ ရောသမမွှေ ခေတ်ကြီးထဲမှာ အိုင်ဒန်တီဖိုင်း လုပ်ရတာ သိပ်ခက်တယ်လို့ ပြောလိုက်တော့ "မင်းတော့ လမ်းပျောက်နေပြီ" လို့ နောက်တယောက်က မှတ်ချက်ပေးပြန်ပါတယ်။

အဲဒီကစလို့ ကျနော်လည်း ကိုယ်ဘာကောင်လဲ သိအောင်ကြိုးစားရင်း နောက်တော့ ကျနော်ဟာ ကွန်ဆာဗေးတစ်တယောက် ဖြစ်တယ်ဆိုတာကို တွေ့ရှိသွားပါတယ်။  အဘိဓာန် အနက်အရတော့ ကွန်ဆာဗေးတစ်ဆိုတာ ပြောင်းလဲရမှာကို မလိုလားတဲ့သူ၊ အစဉ်အလာတန်ဖိုးတွေ၊ သဘောထားတွေကို ကိုင်စွဲသူ၊ အစွဲအလမ်းကြီးသူလို့ ဆိုပါတယ်။ အမှန်က နည်းနည်းလေရှည် လိုက်တာပါ၊ ကွန်ဆာဗေးတစ်ဆိုတာ ရှေးရိုးစွဲကိုခေါ်မှန်း တော်တော် များများ သိကြပါတယ်။

ကွန်ဆာဗေးတစ်-လို့ ဘာကြောင့် ပြောနိုင်သလိုဆိုရင် ကျနော်ငယ်ငယ်ကတည်းက ဇာတ်ပွဲတွေ ကြိုက်တယ်ခင်ဗျ။ ဇာတ်ပွဲကြည့်တာတောင် ကျနော်က အော်ပရာတို့၊ နှစ်ပါးသွားတို့၊ နောက်ပိုင်းတို့မှ ကြိုက်တယ်။ စတိတ်ရှိုးကြိုက်တဲ့ ကျနော့်အစ်ကိုက ညဦးပိုင်းသွားပြီး ကျနော်က စတိတ်ရှိုးပြီးမှ သွားတယ်။ စတိတ်ရှိုးမကြိုက်တာက ကိုယ့်ဘာသာ အမှတ်ယူပြီးပြောရရင် ကျနော့်ရဲ့ အနုပညာအပေါ် တန်ဖိုးထားမှုလို့ ပြောရမယ်ထင်ပါတယ်။

ကျနော်ကြိုက်တဲ့ သီချင်းတွေကို ဇာတ်မင်းသားတွေဆိုတာကို ကျနော်မခံစားနိုင်တာက အဓိကပါ။ ဒါနဲ့ စတိတ် ရှိုးမှာ က-ချင်။ ခုန်ချင်တဲ့ ကျနော့်အစ်ကိုနဲ့ အပေးအယူလုပ်ပြီး သူက ညဦးပိုင်း စတိတ်ရှိုးသွား၊ အဲဒီအချိန်မှာ ကျနော်က အိမ်စောင့်ရပြီး သူပြန်လာတဲ့အခါ ကျနော်က ပွဲသွားကြည့်ပါတယ်။ ကျနော် တယောက်တည်း မဟုတ်ပါဘူး။ ကျနော့်လိုပဲ ၀ါသနာတူတဲ့ ကျနော့်ဘကြီး တယောက်နဲ့ သွားတာပါ။ သူများတွေ ပွဲခင်းက အိမ်ပြန်ကြတဲ့အချိန်မှာ ကျနော်တို့ တူဝရီးနှစ်ယောက် ပွဲခင်းကို ၀င်သွားလေ့ ရှိပါတယ်။ ပြဇာတ် မသိမ်းတသိမ်း အချိန်ဆိုတော့ မီးအိမ်မှိန်မှန်နဲ့ ရောင်းတဲ့ အမဲအူပြုတ်ကို တူဝရီး နှစ်ယောက်စားရင်း နှစ်ပါးသွားအထွက်ကို စောင့်ကြလေ့ ရှိပါတယ်။ ဒါက ကျနော်တို့ ထုံးစံပါပဲ။

ဇာတ်ပွဲကြည့်တာနဲ့ ပတ်သက်လို့ ကျနော်ငယ်ငယ်ကကြားဖူးတဲ့ ပုံပြင်တပုဒ်ကို ဖောက်သည် ချချင်ပါတယ်။ ပုံပြင်က ဒီလိုပါ။
တခါတုန်းက ရွာတရွာမှာ အဘိုးအို တယောက်ရှိသတဲ့။ သူက ရိုးလည်းရိုး၊ အ-လည်းအ၊ ငယ်ငယ် ကတည်းက သူရွာကလေးကလွဲလို့ တခြားဝေးဝေးလံလံ ဘယ်မှလည်း မရောက်ဖူး၊ ဗဟုသုတ ကလည်း နည်းတယ်ပေါ့။ တနေ့ကျတော့ သူတို့ရွာ ဘုရားပွဲမှာ ဇာတ်ပွဲသွင်းတော့ တခါမှ မကြည့်ဖူးတဲ့ အဘိုးအိုလည်း ဇာတ်ပွဲကို သွားကြည့်တယ်ပေါ့လေ။

ပထမ စတိတ်ရှိုးထွက်လာတော့ မင်းသားလေးက သီချင်းဆိုတဲ့အခါမှာ  အဘိုးကြီးက မင်းသားလေးရဲ့ ဆိုပေါက်ကို ခိုက်သွားတယ်တဲ့။ အော်ပရာမှာလည်း မင်းသားလေးရဲ့ အလွမ်း၊ အသော၊ အပြောတွေ လည်း အဘိုးကြီးက သဘောကျ၊ နှစ်ပါးသွားမှာ မင်းသားလေး က-တာကို အဘိုးကြီးက သဘောကျ၊ ဒီလိုနဲ့ နောက်ပိုင်းလည်းကျရော ပုဏ္ဏားလုပ်တဲ့ လူကြမ်းက မင်းသားလေးကို ရိုက်တော့တာပဲ တဲ့။ အဲဒီမှာ အဘိုးကြီးက မကျေမနပ်ဖြစ်ပြီး- ပုဏ္ဏားကို ရိုက်မယ် တကဲကဲလုပ်တော့ သူ့သား၊ မြေးတွေက အတင်းဆွဲခေါ် အိမ်ပြန်ပို့ခဲ့ရတယ်တဲ့။

ဒါပေမဲ့ တညလုံး အိပ်လို့လည်းမရ၊ ၀ါးကွပ်ပျစ်ပေါ်မှာ လူးလိမ့်ရင်း မကျေမနပ် ဖြစ်နေတယ်တဲ့။ မနက်ကျတော့ သူ့အိမ်ရှေ့လမ်းမပေါ်မှာ လမ်းလျှောက်နေတဲ့ ပုဏ္ဏားကို ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရသတဲ့။ အဲဒီတော့ အဘိုးက ငေါက်ကနဲ ထသွားလိုက်ပြီး "ဒီလောက်၊ အဆိုကောင်း၊ အပြောကောင်း၊ အကကောင်းတဲ့ မင်းသားလေးကို ညတုန်းက ရိုက်တဲ့ကောင် သေပေတော့" ဆိုပြီး ပုဏ္ဏားရဲ့ခေါင်းကို တုတ်နဲ့ရိုက်လိုက်တယ်တဲ့။

တအိမ်လုံးလည်း ပွဲအိပ်ပျက်လို့ အိပ်ပျော်နေကြတုန်းဆိုတော့ ဘယ်သူမှ မတားလိုက်နိုင်ဘူးပေါ့၊ ဒါပေမယ့် အဲဒီပုဏ္ဏားဟာ ညတုန်းက လူကြမ်းလုပ်တဲ့ ပုဏ္ဏားမဟုတ်ဘဲ အရပ်တကာလှည့်ပြီး ဗေဒင်ဟောစားနေတဲ့ ပုဏ္ဏားကြီး ဖြစ်နေတယ်တဲ့။  ဘုမသိ ဘမသိ အရိုက်ခံရတဲ့ ဗေဒင်ဆရာက မကျေနပ်ဖြစ်ပြီး ရွာသူကြီးကို သွားတိုင်တော့ ရွာလူကြီးက ညတုန်းက ဇာတ်ပွဲက ပုဏ္ဏားက လူကြမ်း ပုဏ္ဏား၊ အခုက ပုဏ္ဏားလို ၀တ်လာတဲ့ ဗေဒင်ဆရာ ဆိုတာ အဘိုးကြီး နားလည်အောင် ရှင်းပြရသတဲ့။ ၀တ်တဲ့ ၀တ်စုံက တူနေတာကိုး။ အဲဒီမှာ အဘိုးက "ဗေဒင်ဆရာဆိုရင် ဒီနေ့ ဒီလမ်းကို လာရင် အရိုက်ခံမယ်ဆိုတာ သူမတွက်ဘူးလား" လို့ စောဒက လိုက်တယ်တဲ့။ ဒါက ဟာသပါ။

ကျနော် ကြည့်ဖူးတဲ့ ဇာတ်ပွဲတွေမှာလည်း အဲဒီအတိုင်းပါပဲ။ လူကြမ်းတယောက် သရုပ်ဆောင်တာ ပီပြင်ပြီဆိုရင်  ဇာတ်စင်ပေါ်မှာ ပြောင်းဖူးရိုးတွေ ဖွေးနေတော့တာပါပဲ။ ပွဲခင်းထဲကနေ ပျံတက်လာတဲ့ ပြောင်းဖူးရိုးတွေ ပလူပျံနေတော့တာပါပဲ။
တကယ်တော့ လူကြမ်းဆိုတာ ဇာတ်အဖွဲ့မှာ ညကြေး အနည်းဆုံးရတဲ့လူပါပဲ။ အပြင်ဘက်မှာလည်း ဘယ်သူကမှ လက်ဖက်ရည်သောက်ဖို့ မဖိတ်ချင်ကြပါဘူး။ ရေတောင် မတိုက်ချင်ကြပါဘူး။ မင်းသား မင်းသမီးတွေကျတော့ ထမင်းဖိတ် ကျွေးလေ့ရှိပါတယ်။  ဇာတ်ပွဲရဲ့ထုံးစံအတိုင်း တညလုံး မင်းသားက မင်းသားနေရာ၊ ဇာတ်ပို့၊ ဇာတ်ရံ၊ လူကြမ်း၊ လူရွှင်တော် အသီးသီး ကိုယ်ကျတဲ့ နေရာကနေ ပရိသတ်ကို ရယ်အောင်၊ ငိုအောင်၊ ပျော်အောင်၊ အမျိုးမျိုး ရသစုံပေးကြပါတယ်။

ဆွမ်းတော်ဗျို့ အသံကြားတဲ့အချိန်၊  အရှေ့က နေ၀န်းထွက်လာစ အချိန်ထိဆိုပါတော့။ နောက်ပိုင်းက ငိုချင်းရှည်တွေ ဆုံးသွားတဲ့အခါမှာ ခေါင်းဆောင်မင်းသားက မင်းသားဝတ်စုံပြည့်နဲ့ ထွက်လာပြီးတော့ အောင်ပါစေသီချင်းနဲ့ ဇာတ်တဖွဲ့လုံး ပျော်ပျော်ရွှင်ရွှင်ကကြ၊ ဇာတ်သိမ်းကြပါတယ်။

တစိမ့်စိမ့်ပြန်တွေးကြည့်တော့ မြန်မာ့ဇာတ်သဘင်ယဉ်ကျေးမှုက သိပ်ကို လှနေပါတယ်။ တညလုံး ပရိသတ်စိတ်ထဲမှာ ဖွဲ့တည်လာတဲ့ အငြိုး၊ အတေး၊ အာဃာတတရားတွေအားလုံးကို ဝေလီဝေလင်း အချိန် ပရိသတ်တွေ အိမ်မပြန်ခင်လေးမှာ အနုပညာနဲ့ အပြီးတိုင်ဖြေဖျောက်ပေးလိုက်တဲ့ ဓလေ့ပါလား လို့ စဉ်းစားမိပါတယ်။ ကျနော်ငယ်ငယ်က အသည်းစွဲခဲ့တဲ့ ဇာတ်ပွဲဓလေ့ကို နားလည်သလို ပြန်ပြောပြ ကြည့်တာပါ၊ အခု နောက်ပိုင်း ဇာတ်ပွဲဓလေ့ကိုတော့ ကျနော်မသိတော့ပါ၊

ကမ္ဘာကျော်ပြဇာတ်ရေးဆရာကြီး ရှိတ်စပီးယားကလည်း လောကဇာတ်ခုံလို့ ဆိုခဲ့တယ်တဲ့အတွက် လူ့ဘ၀ ဆိုတာကိုလည်း ဇာတ်ခုံတခုလို စဉ်းစားကြည့်မိပါတယ်။ လူ့ဘ၀ဆိုတာ ဇာတ်ခုံတခုလိုပဲ အလွမ်း၊ အသော၊ အနု၊ အကြမ်းတွေနဲ့၊ ကိုယ့်အပိုင်းနဲ့ကိုယ် (သိသည်ဖြစ်စေ။ မသိဘဲဖြစ်စေ) ပါဝင် တင်ဆက်ကပြနေကြတဲ့ ဇာတ်ခုံကြီးတခု။

မင်းသားလေး ဇာတ်စင်ပေါ်မှာ ရယ်တဲ့အခါ ပရိသတ်တွေက ပုံပြင်ထဲက အဘိုးလိုပဲ လိုက်ရယ်ခဲ့ကြ၊ မင်းသားလေး ငိုတဲ့အချိန်မှာ လိုက်ငိုခဲ့ရ၊ လူကြမ်းက သရုပ်ပီပြင်လာတဲ့အခါ ပြောင်းဖူးရိုးနဲ့ပစ်တဲ့ အခါ လည်းပစ်ခဲ့ကြ၊ ဒါ သဘာဝပါပဲ။ လူကြမ်းကြီးက တညတာလုံး ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်း ရမ်းပြီးလို့ ပေါင်ဒါအဖွေးသားနဲ့ ကားလိပ်နောက် ရောက်သွားတဲ့အချိန်၊ အရှေ့ကနေ၀န်း ထွက်လာတဲ့ အချိန်၊ ‘ဆွမ်းတော်ဗျို့…’ အသံကြားရတဲ့အချိန်မှာ အောင်ပါစေ-သီချင်းနဲ့ အားလုံး ဇာတ်ပေါင်းသွားတာ သိပ်လှပါတယ်။ ရပ်နီးရပ်ဝေးက ပရိသတ်တွေ စိတ်အေးချမ်းသာစွာနဲ့ ကိုယ့်အိမ်ကိုယ်ပြန်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ကြ၊ ညက ဇာတ်လမ်းထဲက အခဲမကျေတဲ့အကြောင်း အံကြိတ်ကြိတ်၊ အသည်းနာနာ ပြန်ပြောဖို့မလို။

မင်းသား၊ မင်းသမီးတွေ ကခဲ့လှခဲ့သမျှ၊ လူရွှင်တော်တွေ ပြောခဲ့၊ သောခဲ့သမျှ ပြောမဆုံးအောင် ဖြစ်ကြပါတယ်။ စကားဝိုင်းမှာ တယောက်ယောက်က "လူကြမ်းကြီးကတော့ အမြင်ကတ်စရာ ကောင်းတယ်တော့" လို့ ၀င်နှောက်တဲ့ အခါမှာလည်း  "မတွေ့ဖူးလား။ ပြောင်းဖူးရိုးက သူ့နဖူးကို တည့်တည့်မှန်လို့ ငနဲကြီး မနည်းခံလိုက်ရသေး" လို့ တယောက်တပေါက်နဲ့ တ၀ါးဝါး တဟားဟား ပြန်ပြောနိုင်ကြမှာပါ။

ညီစောလွင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...