Sunday, June 26, 2011

”ကျနော့်သမီးကို သံလွင်မှာ မျှောခဲ့ရသော်လည်း...”


၂၀၁၁ ခုနှစ် မေလထဲတွင် ကျနော့ သူငယ်ချင်း သိန်းထိုက်ဦး (VOA)နှင့် ဇနီးသည် မသီရိတို့ရှိရာ ၀ါရှင်တန်ဒီစီ သို့ အလည်ရောက်ဖြစ်ခဲ့ရင်း၊ ၁၉၈၈ ကာလ ပြည်တွင်းတွင် ဖြတ်သန်းခဲ့မှုများနှင့် မိမိတို့ မတွေ့တော့သည့် အချိန်ကာလများအတွင်း မိမိတို့ ဖြတ်သန်း ဖြစ်ပျက်ခဲ့သည်များကို နောက်ကြောင်းပြန်ဖြစ်ခဲ့သည်၊။


မိမိအနေဖြင့် လက်နက်ကိုင် တော်လှန်ရေးဘ၀တွင် (၁၂နှစ် -၁၃ ) နှစ်ခန့် လူထုကျန်းမာရေးကို စောင့်ရှောက်ခဲ့ရင်း ကိုယ်တွေ့ဘ၀အတွေ့အကြုံ အကြောင်း အရာများစွာထဲမှ မိမိကိုယ်တွေ့ ဖြစ်စဉ်တခုကို ကျနော့ သူငယ်ချင်းအား ပြောပြခဲ့ပေသည်၊။ သူငယ်ချင်းမှ ကျနော်ပြောသည်များကို စိတ်ဝင်တစား နားထောင်ရင်း ..”ခင်ဗျား..စာရေးဘို့  ကောင်းတယ် ..”လို့ ကျနော့အား အကြံပြုလာပါသည် ၊။ ကျနော် ကိုယ်တိုင်ကလည်း စာရေးသည်ကို ၀ါသနာပါ ပါသည် ။ အနည်းငယ်လည်း ရေးဖြစ်ပါသည်၊။ သို့သော် အကြောင်းအရာများသည် နှုတ်မှပြောလို့ရသော်ငြားလည်း စာဖြင့်ချရေးရန် လွယ်ကူသည့် အရာမဟုတ်သည်ကို အားလုံး သိပြီးသား ဖြစ်ပေလိမ့်မည်။

သို့သော် ကျနော် ကြိုးစားပြီး ရေးမည်ဟု ဆုံးဖြတ်လိုက်ပါသည်၊ ထိုသို့ ဆုံးဖြတ်ရင်း အောက်ပါ ကိုယ်တွေ့ အမှတ်တရကို ရေးသားဖြစ်ခဲ့ပါသည်၊ ကျနော့ဘ၀ သမိုင်းတကွေ့ မှ အပိုင်းအစမှတ်တမ်းတခု ဖြစ်ပါသည်။
အချိန်အားဖြင့် ၁၉၉၆-၁၉၉၇ ခုနှစ် ကာလဆီများဖြစ်သည်၊ ကေအင်ယူ ဌာနချုပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုများ အခိုင်အမာရှိရာ မာနယ်ပလော ဌာနချုပ်အား နအဖ စစ်ကြောင်းများမှ အပြင်းအထန် ထိုးစစ်ဆင်၍ မာနယ်ပလော ကျဆုံးသွားပြီး နောက်ပိုင်း ကေအင်ယူနယ်မြေ တပ်မဟာ(၅) ဖာပွန်ခရိုင် အတွင်းတွင် နအဖ ဖါပွန်အခြေစိုက် တပ်ရင်းများနှင့် ကမ်းရိုး တန်း တိုင်းတပ်ရင်းများ(လေယာဉ်ပျက်ကျပြီး အသေဆိုးဖြင့် သေသည့် သီဟသူရ စစ်မောင်) တပ်များနှင့်စုစုပေါင်း တပ်ရင်း (၁၀) ရင်းကျော်ဖြင့် နယ်မြေတခုလုံးအား ချေမှုန်းနေသည့် အချိန်ဖြစ်ပါသည် ၊။

နအဖ စစ်တပ်များမှ သံလွင်မြစ်စိုးမိုးရေးကို ပြုလုပ်ပြီး မိမိနယ်မြေမှ အဓိက ၀င်ထွက် သွားလာရာ လမ်းကြောင်းများဖြစ်သည့် ကျောက်ညှပ် စခန်း၊ သေ့မူထ စခန်းများလည်း ကျဆုံး သွားခဲ့ပါသည်။
မိမိဆေးခန်းရှိရာ အတွင်းပိုင်းကျေးရွာများတွင်လည်း ရွာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ စသည်တို့ကို မီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူများအား တွေ့ သမျှ ခလေး၊ လူကြီးမကျန် ရက်စက်စွာ သတ်ဖြတ် ခြင်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်နေပါသည်၊။ ကေအင်ယူနှင့် ကျောင်းသား တပ်မတော် စစ်ကြောင်းနှင့်လည်း တိုက်ပွဲများ နေ့ စဉ် ရက်ဆက် အပြင်းအထန် ဖြစ်နေချိန်။ ၊ရွာသားများမှာလည်း သံလွင်မြစ်တွင် နအဖ တပ်များရှိနေသဖြင့် အပြင်သို့ထွက်လို့ မရဘဲ၊ အထဲတွင်သာ စစ်ကြောင်းများ အကူအညီဖြင့် ခုံလှုံနေရပါသည်၊ မိမိ ဆေးအဖွဲ့ နှင့်အတူ ခလေး၊လူကြီး၊သက်ကြီးရွယ်အိုအပါအ၀င် လူပေါင်း (၅၀၀) ခန့် ရှောင်ပုန်း နေ ကြရသည်၊ အထူးသဖြင့် ခလေးများမှာ ငှက်ဖျားရောဂါ၊ ၀မ်းလျှောရောဂါ၊ အသက်ရှုလမ်းကြောင်း ရောဂါများကို ခံစားနေရပြီး၊ မိမိဆေးဝန်ထမ်းများမှ တာဝန်ယူကုသ ပေးနေရပါ သည်၊။

ရွာသားများမှာ အတော်ပင် လေးစားစရာကောင်းပါသည်။ ကေအင်ယူတပ်ဖွဲ့ များနှင့် ကျောင်း သားတပ်ဖွဲ့များအား ပြေးလွှားနေရစဉ်ပင် လိုအပ်သည်များကို ကူညီပံ့ပိုးပေးကြပါသည် ။ နအဖ လို ပေါ်တာဆွဲစရာ မလိုပါ။ (မိမိနေရာဒေသအား မတရားကျူးကျော်ပြီး လာရောက် ဖျက်ဆီးသည့် လူစိတ်ကင်းမဲ့သူများအား တော်လှန်ရမည်ဆိုသည့် အသိ စိတ်ဓါတ်ဖြစ်ပါသည်။)

ထိုစဉ်က မြို့နယ်ခေါင်းဆောင်တဦး ပြောစကားကို သတိရမိပါသည်၊။”မင်းတို့ ဘာမှစိတ်မပူနဲ့  ။ငါတို့လည်း မပြေးဘူး။မင်းတို့လည်း ပြေးစရာမရှိဘူးဆိုရင်.. ငါးကြီး သေရင် ငါးခြောက်၊ ။ ငါးလေးသေတော့ ငပိ ဖြစ်တာပေါ့..” တဲ့ ။
အင်မတန်မှ တော်လှန် စိတ်ဓါတ်ပြည့်ဝသူများ ဖြစ်ပါသည်။


ထိုကာလတွင် မိမိဇနီးသည်တွင် ကိုယ်ဝန် လရင့်နေသည့်ကာလဖြစ်ပါသည် ၊။ ဇနီးသည်အား မိဖများထံတွင် ပြန်နေစေပြီး... မိမိမှာ ပြည်သူများနှင့်အတူ တတ်နိုင်သည့်ဖက်က တာဝန်များကို ထမ်းဆောင်နေရပါသည်။

ရွာသားများမှပြောပါသည်။ ”ဆရာတို့ တောင် နေနိုင်သေးရင် ကျနော်တို့လည်း မပြေးဘူး..”တဲ့၊။
တကယ်လည်း ဟုတ်ပါသည်၊ သူတို့ဘယ်မှ မသွားပါ။ သူတို့ နေရသည်မှာ နေ့ဖက်တွင် ငှက်ပျောဖက်ကိုမိုးပြီး ...ခြောက်သွားပါက နောက်နေ့တွင် ငှက်ပျောရွက်အသစ်ဖြင့်ပြန်မိုးပြီး နေရသည့်ဘ၀ဖြစ်ပါသည်၊။

ထိုအချိန်တွင် ကျနော့ဇနီးသည် နေထိုင်သည့် ကျေးရွာအား နအဖ စစ်ကြောင်းမှ ၀င်ရောက် ဖျက်ဆီးသွားသည်ဟုသိရပါသည် ၊။ ကျနော့ဇနီးလည်း ကိုယ်ဝန် နေ့စေ့ လစေ့ဖြင့် တောအထပ်ထပ် -တောင်အထပ်ထပ်ကို ကျြိုးစား ဖြတ်ကျော်ပြီး- ထိုင်းနိုင်ငံအတွင်းပိုင်းအထိ ထွက်ပြေး တိမ်းရှောင်သွားခဲ့ပါသည် ။
ကျနော်နှင့်လည်း အဆက်အသွယ်လုံးဝ ပြတ်သွားခဲ့ပါတော့သည်။

ကျနော့အနေဖြင့် ဇနီးသည် အတွက် စိတ်ပူပင်သောက ရောက်ရသော်လည်း.. မိမိနှင့် အတူ နေထိုင်သည့် ပြည်သူအများစု အရေးမှာ ပိုပြီး အရေးကြီးနေသည့် ကာလဖြစ်ပါသည်၊
တကိုယ်ကောင်းဆန်ခြင်း မဟုတ်ပါ၊တော်လှန်ရေးသမားအားလုံး ခံယူထားသည့် စိတ်ဓါတ်ဖြစ်ပါသည်၊
တနေ့တွင် မိမိထံတွင် လိုအပ်သည့်ဆေးဝါးများ ကုန်ဆုံးသွားခဲ့ပါသည်၊ မည်သို့ လုပ်ရမည်နည်း ။ သံလွင်မြစ်ကို ဖေါက်ထွက်ပြီး မဲဆောက်ရှိ ကျောင်းသား ဆေးခန်းတွင် ဆေးဝါးများ သွားယူမှရမည်ဖြစ်မည်၊ ။သံလွင်မြစ် တလျှောက်တွင်လည်း နအဖ စစ်တပ်များ နေရာယူထားပါသည်၊။မတတ်နိင်ပါ။ စွန့် စားရပါမည် ။ပြည်သူအတွက် တော်လှန်ရေး အတွက် ဖြစ်ပါသည်၊။ ကေအင်ယူ အထူးတပ်ရင်း(၁၀၂)မှ တပ်စုမှုးဗိုလ်လူး ဦးဆောင်မှုဖြင့် နအဖ စခန်းအနီးမှဖြတ်ပြီး ကျနော်ဖေါက် ထွက်နိုင်ခဲ့သည်။(ထိုစဉ်က ကျနော့ဆေးခန်းအား မီးရှို့ ပြီး ”ကျနော်သေသွားပြီ”ဟု နအဖ မှ သတင်း လွှင့်ခဲ့ပါသေးသည် ။(ကျောင်းသားဆေးခန်းမှ ဆေးမှူး တင်မောင်လတ်မှ) သံလွင်ကမ်းအထိ လိုက်လာပြီး ကျနော်နှင့်ဆက်သွယ်ပါသည် ။မရခဲ့ပါ ၊။ကျောင်းသား ရဲဘော်များနှင့် တွေ့ပြီး ကျနော်မသေကြောင်း သိရသဖြင့် မဲဆောက်ကို ပြန်သွားခဲ့ပါသည်။)


ကျနော်လိုအပ်သည့် ဆေးဝါးများကို ဆေးမှူး သီဟမောင်နှင့်အတူ မဲဆောက်မှ ယူဆောင်လာပြီး သံလွင်မြစ်ကမ်းဘေးတွင် ရောက်ခဲ့ပြီး (၂) ရက်အကြာတွင် ကျနော့ဇနီး သည်လည်း ကျနော်ရှိရာသို့ပြန်လည်ရောက်ရှိလာပါသည် ၊။သူလာခဲ့သည့်လမ်းမှ တောင်တန်းများ အလွန်ထူထပ်ပြီး လမ်းပြင်းပြင်း(၂)ရက်ကျော် လျှောက်ခဲ့ရပါသည်၊ကျနော့ ဇနီးသည်အား တွေ့ လိုက်ချိန်တွင် အလွန်ဝမ်းသာသွားသော်လည်း သူ့ တွင် အားအင်များစွာ ကုန်ခန်း နေပေပြီ၊ ။ ကိုယ်ဝန်မှာ သားဦးကိုယ်ဝန် ဖြစ်သလို မွေးရမည့် ရက်စေ့နေပေပြီ၊။ကျနော် သိပါသည်။သူ့ တွင် ခလေးမွေးနိုင်လောက်သည့် လိုအပ်သော ကိုယ်ခံအား မပြည့်စုံပါ၊။

သို့သော် ဘာများတတ်နိုင်မည်နည်း။၊အရပ်လက်သည်မရှိပါ၊။တကယ့်ဆေးရုံဆေးခန်းမရှိပါ၊ လျှပ်စစ်မီး မရှိပါ ။၊တောတောင်အကြားတွင်ရှိသည့် သံလွင်မြစ်ကမ်းနဘေးတွင်ဖြစ်ပါသည်၊။ကျေးရွာမှ ကျနော့ ကို အိမ်အဟောင်းတလုံး ပေးထားပါသည်၊။နောက်နေ့ တွင် ဇနီးသည်မှာ ခလေးမွေးရန် ၀မ်းဗိုက်နာစပြုလာပါသည်၊။


ကျနော့အဖြစ်ကို ပြောပြပါမည်။ ကျနော့်ဘ၀တွင် လူနာပေါင်းများ စွာကို ကိုင်တွယ်ကုသခဲ့ပါသည်၊။လက်ပြတ်နေသူ၊ ခြေထောက်ပြတ်နေသူ၊ သေနတ် ထိသူ ။ သေဆုံး သူအလောင်းများ ။ ၀က်ဝံကုတ်ပြီး တကိုယ်လုံး လူနှင့်မတူအောင် စုတ်ပြတ်နေသူ၊။ လူသေ အလောင်းကို လိုအပ်သဖြင့် ခွဲစိတ်ခြင်း။၊ကိုယ်ဝန်ဆောင်မိခင်များအား မွေးပေးခြင်း တို့ကို မြောက်များစွာ ပြုစုစောင့်ရှောက်ပေးခဲ့ဖူးသော်လည်း မည်သို့ မှ မတုန် လှုပ်ခဲ့ပါ၊။

ကျနော့ ဇနီးမွေးမည့် ညတွင် ကျနော်ဆောက်တည်ရာ မရအောင်ကိုပင် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ခဲ့ပါသည်။ (ကျနော့ဆေးသင်တန်းမှ ဆရာဝန်တဦးက ပြောဖူးပါသည် ။ သူ့မိခင်၊ ဖခင်များ နေမကောင်းလျှင် သူဘယ်တော့မှ မကုဘူး..တဲ့ ။တခြားဆရာဝန်ဆီမှာ သွားကုခိုင်းသည်မှာ ဒါမျိုးပဲဖြစ်မည်။)

ကျနော့ဇနီး စတင်မွေးပါပြီ ။ခလေးဦးခေါင်းထွက်လာပါပြီ ။သို့သော် ”သူ ဆက်ပြီး မညှစ်နိုင်တော့ပါ ”ဟု ကျနော့ကို ပြောပါသည် ။ ကျနော်စိုးရိမ်မှု အမြင့်ဆုံး ရောက်သွားပါပြီ ။ဆေးမှူး သီဟမောင်မှ ကြိုးစားပြီးမွေးပေးပါသည်၊။ကျနော် ဘာမှ မလုပ် တတ်တော့ပါ ။ ခလေးအသက် ၊မိခင်အသက် ဆုံးရှုံးရမည့်အခြေအနေ ။(အထူးသဖြင့် သားဦးမိခင်များ မွေးဖွားရာတွင် အသေအပျောက်နှံး ပိုမိုများပါသည်။)

ကုသိုလ်ကံကောင်းသည်ဟုဆိုရပါမည်၊။ ကျနော့တွင် သားအိမ်ပွင့်ဆေးတပုလင်း လက်ကျန်ရှိနေပါသည်။၊ ထိုဆေးကို အကြောဆေး အတွင်းတွင် ရောပြီး ပေးလိုက်သည့် နောက်ပိုင်း ဇနီးသည်မှာ သားအိမ်ညှစ်အား ပြန်လည် ရရှိကာ ဆေးမှူး သီဟမောင်မှ လိုအပ်သည့်ခွဲစိတ်မှုကို ပြုလုပ်ပြီး ခလေးကို အောင်မြင်စွာ မွေးပေးနိုင်ခဲ့ပါသည်၊။ မီးမရှိသဖြင့် အသုံးပြုထားရသော သုံးထောင့်ထိုး လက်နှိပ်ဓါတ်မီး နှစ်လုံးလည်း ဓါတ်ခဲအားကုန်စပြုပြီး မီးရောင်များ မှေးမှိန်စပြုလာပေပြီ။

ကျနော် မပျော်နိုင်ခဲ့ပါ ။ ကျနော့သမီးဦးလေးမှာ မွေးဖွားချိန်ကြာမြင့်သည့်အတွက် အပြင် ရောက်ချိန်တွင် အသက်မရှိတော့ပါ ။ ဆေးမှူးသီဟမောင်မှ ကြိုးစားပြီး အသက်ရှု ထောက်ကူနည်းဖြင့် ကုသပေးပါသည်။ မရပါ ။ သမီးလေး ကံဆိုးခဲ့ပါသည် ။၊ ၀မ်းနည်းစွာဖြင့် ပိတ်ဖြူပတ်ပြီး ကျနော့သမီးလေး ရုပ်အလောင်းကို သံလွင်မြစ်တွင် မျှောခဲ့ရပါတော့သည်၊။ ထိုညတွင် ကျနော် အိပ်မပျော်ပါ ။မွေးပြီးစ ဇနီးသည်အား လိုအပ်သည့် ဆေးကုသမှု ပေးရင်း ၊မိမိကိုယ် မိမိ ယူကြုံးမရ ဖြစ်ခဲ့ပါသည်၊။” ငါဟာ သူများအသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။ င့ါ သမီးလေးအသက်ကို ဘာကြောင့်များ မကယ်တင်နိုင်သနည်း။၊ တကယ်လို့ များသာ ခေတ် မီ တဲ့ ဆေးရုံမှာဆိုရင် ငါ့သမီး ဒီလိုမဖြစ်ဘူး”ဆိုတာ တွေးမိပြီး မိုးလင်းပိုင်းတွင် အိပ်ပျော် သွားခဲ့ ပါသည်။


နံက်(၁၀)နာရီကျော်ခန့် တွင် ကျနော့ဆေးတပ်ဖွဲ့ မှ ဆေးမှူးလေးတဦးမှ ကျနော့ အမည် အားခေါ်ပြီး အတင်းပြေးလာပါသည်၊ ။”ဆရာ ကျနော်တို့ ရွာဖက်ကို ရန်သူ နအဖ စစ်သား(၅)ယောက် လက်နက်အပြည့်အစုံနဲ့  အသင့်အနေအထားလုပ်ပြီး ၀င်လာတယ် ဆရာ ”..တဲ့ ၊။ အဲဒါမှ ပြဿနာ ။

ထိုစဉ်က ကျနော့တွင် (အထူးတပ်ရင်း ၁၀၂ ရဲဘော်များ+ ကျနော့ ဆေးတပ်ဖွဲ့ မှရဲဘော်များဖြင့် သံလွင်မြစ်မှ အတွင်းပိုင်းသို့  ဖြတ်သွားသည့် လမ်းကြောင်းအား) ကွပ်ကဲမှုပါ လုပ်ဆောင်နေရပါသည်၊။အကယ်၍ အတွင်းမှာလာသည့် ရဲဘော်များနှင့် အပြင်မှ ၀င်သွားသည့် ရဲဘော်များ အဆက်သွယ်မရှိပါက လမ်းတွင် တွေ့ ပြီး အချင်းချင်း မှားယွင်း ပစ်ခတ်တတ်ပါသည်၊ ။လမ်းကြောင်းမှာ တလမ်းတည်း ရှိပါသည်၊။ အတွင်းမှ ရဲဘော်များ သံလွင်မြစ်ကမ်းသို့ ရောက်ပါကလည်း အမြန်ဆုံးကူးနိုင်ရန် လှေများကို အဆင် သင့်ထားပေးရပါသည်၊။ထို့ အပြင် ရန်သူ့ သတင်းလည်း ထောက်လှမ်းရပါသည်၊။ လှည့် ကင်း များ ရှိလား ...စခန်းအပြင်ထွက်လား...စသည်ဖြင့်။

ကျနော်မှ မိမိသေနတ်ကို ဆွဲပြီး ရန်သူများ တက်လာရာသို့ ထွက်သွားပါသည် ။၊မိမိဖက်မှ ရဲဘော်များကလည်း ပစ်ခတ်ရန်အဆင်သင့် နေရာယူထားပြီးဖြစ်သည် ၊။သို့သော် ကျနော်မှ ရန်သူများတက်လာရာ လမ်းကြောင်းကို သွားကြည့်ရာ ရှေ့ဆုံးမှ ဦးစွာတက်လာသူမှာ ကျနော်နှင့်သိသော ကျေးရွာသူကြီးဖြစ်နေပါသည်၊။ ကျနော်စဉ်းစားပါသည် ။”သူတို့ဓါးစာခံလုပ်လာတာလား၊။ သို့မဟုတ် မည်သည့် အတွက် လာသနည်း ” ဟု ရွာသူကြီးအား လှမ်းမေးပါသည် ။၊ရန်သူများပုံစံမှာ တိုက်ခိုက်ရန် အသင့်အနေ အထားဖြစ်နေသည့်ပုံ ပေါ်ပါသည်၊။ ကျနော့လူများလည်း ကျနော့အမိန့့် မရလျှင် မပစ်ခိုင်းပါ၊။ ရွာသူကြီးမှ လှမ်းပြောပါသည်။ ”သူတို့လက်နက်ချ အလင်းဝင်ရန်လာခြင်းဖြစ်ကြောင်း” ကျနော့အား လှမ်းပြောလိုက်ပါသည်၊ ကျနော်က ”လက်နက်ချမည်ဆိုလျှင် သူတို့ လက်နက်နှင့် စစ်အသုံး အဆောင်များ-ယူနီဖေါင်းများကိုပါ ချွတ်ထားပြီး လူကြီးပဲ တက်လာခိုင်းပါသည်၊။”

သူတို့ ငါးယောက် တက်လာပါသည် ။အသက်အကြီးဆုံး ဇော်ရဲနိုင်ဆိုသော ရဲဘော်သည်ပင် အသက် (၂၀)ကျော်ပင်ရှိ သေးပါသည်၊ကျနော့အိမ်တွင်ပင် ကောင်းမွန်စွာ ကျွေးမွေးပြီး သူတို့ လိုအပ်သည့် အ၀တ်အစား၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ဖိနပ် စသည်များကို ကူညီပေးခဲ့ပြီး၊ သိမ်းဆည်း ရမိသည့် လက်နက်များ၊ကျည်ဆံများ၊လက်ပစ်ဗုံးများ စသည်များကို စာရင်းပြုစုပြီး -ကေအင်ယူ တပ်ဖွဲ့ သို့ ပေးအပ်လိုက်ပါသည်။

အားလုံးပြီးဆုံးပြီးချိန်တွင် ကျနော်မှ အထူးတပ်ရင်းမှ ဒုရင်းမှုးအား အစီရင်ခံပါသည် ။ညွန်ကြား ချက်မှာ ထိုရဲဘော်များအား ကျနော်မှဦးဆောင်ပြီး ကျောင်းသားတပ်မတော်သို့ ပို့ဆောင်ရန် ဖြစ်ပါသည်၊။ သို့ သော် အောက်ခြေမှ ရဲဘော်များမှာ ကျနော့ထံ လာရောက်ပြီး သူတို့ ကို လိုအပ်သလို အရေးယူဆောင်ရွက်ချင်သည့် အကြောင်းပြောလာပါသည်၊။သူတို့ ကို အပြစ် မပြောလိုပါ ။ထိုစစ်ကြောင်းများမှ မကြာသေးခင် ရက်ပိုင်းအတွင်းမှာပင် သူတို့ရွာတွေကို ဖျက်ဆီးခဲ့သည်၊။ သူတို့လူမျိုးများကို မတရားသတ်ဖြတ်ခဲ့သည် မဟုတ်ပါလား ၊။

သို့သော် ကျနော်မှ နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေအကြောင်း ရှင်းပြပါသည် ။” မိမိနှင့် ရှေ့တန်းတွင်ရင်ဆိုင် တိုက်နေပါက ရန်သူဖြစ်သော်လည်း မိမိထံတွင် လက်နက်ချလာလျှင် ရန်သူမဟုတ်တော့ကြောင်း ၊သူတို့တွင် လူ့အခွင့်အရေးရှိကြောင်း ” အတော်ကြာအောင် ပြော ရပါသည်၊။ အထက်က အမိန့်မှာလည်း ကျောင်းသားစခန်းကို ပို့ရမည် ဟုပါ ပြောလိုက်ရပါသည်၊။ ရဲဘော်များ၏ တောင်းဆိုချက်တခုကိုတော့ ကျနော်လိုက်လျှောလိုက်ပါသည်၊။

ထိုလက်နက်ချ ရဲဘော်များအား ”ဒီည ရွာထဲတွင်လုံးဝ မအိပ်ခိုင်းခြင်းပဲ”ဖြစ်ပါသည်။၊ နေလဲ စောင်းစပြုနေပြီ ဖြစ်၍ ကျနော် သဘော တူလိုက်ပါပြီ ။ ရွာထဲတွင်ထား၍ မဖြစ်ပါ ။ကျနော့ရဲဘော်များအကြောင်းကို ကျနော်သိပါသည်။

ထိုအလင်းဝင် ရဲဘော်(၅)ယောက်အသက်မှာ ကျနော့လက်တွင်ရှိနေပေပြီ ၊။တဖက်တွင်လည်း ခလေးမွေးပြီးခါစ ၊ခလေးဆုံးလို့ စိတ်ထိခိုက်နေသည့် ဇနီး၊သူ့ တွင် အားအင်များလည်း ကုန်ခန်းနေသည့်အချိန် ။ သို့ သော် ကျနော် ဆုံးဖြတ်ရပါသည်၊။ ဇနီးသည်အား တိုင်ပင် ရပါသည်၊။ သူလည်း လိုလိုလားလား လက်ခံပါသည် ။ သူသည်ပင် ကရင့်တော်လှန်ရေး မျိုးရိုးမှ မွေးဖွားလာသူ မဟုတ်လား။

ထို့နောက်ကျနော့ ရဲဘော်အချို့နှင့်အတူ ထိုရဲဘော်(၅)ဦးအား ခေါ်ဆောင်၍ ညနေစောင်းတွင်ပင် ကျောင်းသားစခန်းရှိရာသို့ ခေါ်ဆောင်ခဲ့ရပေသည်၊။ ထိုစဉ်က ကျောင်းသား တပ်မတော် တပ်ရင်း (၂) မှတာဝန်ရှိသူများဖြစ်သည့် တပ်ရင်းမှူးလှတိုး(ကျဆုံး) ၊ ကိုကျော်သူရိန် (တပ်ခွဲမှူးဖြစ်မည်ထင်သည်။) နှင့် စစ်ရုံးချုပ်မှ တာဝန်ရှိသူဖြစ်သည့် ကိုဝေလင်းဇင်ထံ အပ်နှံခဲ့ပါသည်။(ထိုသတင်းကို ထိုစဉ်က ဘန်ကောက်တွင် ထုတ်ဝေလျှက်ရှိသော ခေတ်ပြိုင် သတင်းစာတွင် ပါခဲ့သည်ကို တွေ့မိလိုက်ပါသည်)။

ကျနော် သူတို့အတွက် စိတ်အေးရပါပြီ၊ ။ သို့သော် ကျနော် စိတ်မ အေးနိုင်သည်မှာ ကျနော့ဇနီး သည် အတွက်ပင်ဖြစ်ပါသည်၊။ သူက မည်သို့ပင် သဘောထားကြီးသည်ဖြစ်စေ သူ့ ကျန်းမာရေးအခြေအနေကို ကျနော်သိပါသည်၊။မီးဖွားပြီးစ သွေးများလည်း ဆင်း နေပါသေးသည်၊။ နောက်တနေ့ ကျနော့ အိမ်အပြန်ခရီးသည် စိတ်ပူပင်မှု မြောက်များစွာဖြင့် နေပူပူတွင် အပြင်းလျှောက်နေခဲ့မိပါသည်၊အိမ်နားသို့ရောက်ပါပြီ ။ကျနော် အိမ်အပေါ်သို့ တော်တော်ဖြင့် မတက်ရဲပါ ။ကျနော့ဇနီးသည် အခြေအနေကို အရင် ချောင်းကြည့်မိပါသည်၊။ ဇနီးသည်မှာ ထိုင်နေပြီး အစာအနည်းငယ်ကို စားနေသည် တွေ့ လိုက်ရသဖြင့် ကျနော် အတိုင်းမသိ ပျော်ရွှင်ခဲ့ပါသည်၊။


တဖက်တွင် မိမိသမီးကြီးအား သံလွင်တွင် မျှောလိုက်ရသော်လည်း.. တဖက်တွင် လူ့အသက် (၅) ချောင်းအား ကယ်တင် လိုက်နိုင်သည် မဟုတ်ပါလား၊ ။

ကွယ်လွန်သွားသည့် ကျနော့သမီးကြီးသာ နောင်ဘ၀မှနေ ထိုဖြစ်ရပ်တွေကို သိနေပါက ...သူ့ဖခင် ကျနော့အား ခွင့်လွှတ်နိုင်မည်ထင်ပါသည်။
ကျနော့သမီးကြီး ကောင်းရာမွန်ရာ ရောက်ပါစေ။
”ဘ၀ဆက်တိုင်းဆက်တိုင်း မင်းဆိုးမင်းညစ်လက်ထက်မှာ လူသားအဖြစ် ရောက်မလာပါစေနဲ့ ” လို့ အဖေဆုတောင်းလိုက်ပါတယ် သမီး ။ ။


လူသားအားလုံး ဘ၀ဆိုးများမှ ကင်းဝေးကြပါစေ။

ပြည်သူလူထု အား မတရား အုပ်ချုပ်နေသူတွေ အမြန်ကျဆုံးပါစေ။

အာကာထက်

(6-25-2011)
--------------
http://hittai.net/?show=rm&fileid=62&t=home9&id=9
(ဟစ်တိုင်ရသ မှ ကော်ပီယူပါသည်။ ။
အိုးဝေအောင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...