Sunday, June 26, 2011

ဝါးလုံးခေါင်းထဲ လသာခဲ့တဲ့ မြန်မာ့ရာဇဝင်

by Zaw Myo Lwin on Thursday, April 28, 2011 at 1:34am

မိမိဟာ ထိုင်းနိုင်ငံမှာ ပညာသင်ကြားခဲ့စဉ်က မသင်မနေရ ဘာသာအဖြစ် ထိုင်းနိုင်ငံရဲ့သမိုင်းကို သင်ကြားခဲ့ရပါတယ်။ အဲသည်လိုဘဲ ရန်ကုန်မြို့မှာကျောင်းနေခဲ့စဉ်ကလည်း မြန်မာ့သမိုင်းကို သင်ကြားခဲ့ရပါတယ်။ ရှေးက သမိုင်းကြောင်းကို ကျောင်းတွေမှာသင်တဲ့အခါ ကိုယ့်လူမျိုးက ကိုယ့်သမိုင်းကို အကောင်းဘဲ ရေးကြတယ်ဆိုတာ တွေ့လာရပါတယ်။ သို့သော် သမိုင်းကြောင်းရဲ့ ဇာတ်လမ်းတွေကို အခြားလူမျိုးခြားတွေရဲ့ သမိုင်းတွေနဲ့ပါတွဲပြီး နှိုင်းယှဉ်လေ့လာရတဲ့ အခါမှာတော့ သမိုင်းကပြောတဲ့ ဇာတ်လမ်းတွေကို ကိုယ်တိုင်ချင့်ချိန် ကြည့်မြင်လာနိုင်ပါတော့တယ်။

ထိုင်းနိုင်ငံဟာ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်များမှာ စစ်ထဲမပါခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး၊ သူတို့ရဲ့ သမိုင်းကြောင်းမှာ ကိုလိုနီ ကျွန်ပြုခံခဲ့ရတာ မရှိပါဖူး။ ဒါကို သူတို့က သမိုင်းမှာ ဂုဏ်ယူစရာ အဖြစ် ရေးသားကြပါတယ်။ သူတို့ရဲ့ ဘုရင်များဟာ လိမ္မာပါးနပ်သည့် အကြောင်းကြောင့် အဲသည်လို ကမ္ဘာစစ်များမှာ မပါခဲ့သလို၊ ကိုလိုနီ ကျွန်ပြုခံရတာ မရှိခဲ့တာကိုလည်း သမိုင်းမှာ ဖော်ပြခဲ့ကြပါတယ်။ အဲဒီမှာ သူတို့ရဲ့သမိုင်းကို လေ့လာပြီး မြန်မာ့သမိုင်းက မြန်မာဘုရင်တွေ ဝါးလုံးခေါင်းထဲ လသာပြီး မိုက်မဲ တုံးအ ကြပုံကို မြင်လာပါတော့တယ်။

မြန်မာနိုင်ငံမှာ အင်္ဂလိပ်တို့ ရောက်လာပြီး၊ နန်းတော်ထဲကို ဖိနပ်စီးဝင်တဲ့ အတွက်ကြောင့် အင်္ဂလိပ်နဲ့ ပြဿနာတက်ပြီး စစ်ဖြစ်ရတယ်လို့ မြန်မာ့သမိုင်းမှာ သင်ခဲ့ဖူးပါတယ်။ ဒီလိုဘဲ ထိုင်းနိုင်ငံမှာလည်း အင်္ဂလိပ်တွေ ရောက်လာပြီး သူတို့ရဲ့ နန်းတော်ထဲ အင်္ဂလိပ်တွေ ဖိနပ်စီး ဝင်လာတဲ့ အတွက် ထိုင်းဘုရင်က အင်္ဂလိပ်တွေကို ဘာကြောင့် ဖိနပ်စီး ဝင်ရသလဲ မေးပါတယ်။ ဒီတော့ အင်္ဂလိပ်တွေက သူတို့ဟာ သူတို့ တိုင်းပြည်က ဘုရင်မကြီးထံ အခစားဝင်လည်း ဒီလိုဘဲ ဖိနပ်စီးဝင်တာ ဖြစ်တဲ့အကြောင်း ရှင်းပြပါတယ်။ ဒါဟာ အင်္ဂလိပ်လူမျိုးတွေ အနေနဲ့ ရိုင်းပြတဲ့ သဘော မဟုတ်ဖူးဆိုတာ သိလိုက်ရတော့ ထိုင်းဘုရင်ဟာ သူ့နန်းတော်ထဲမှာ အားလုံး ဖိနပ်စီးကြဖို့ အမိန့် ထုတ်လိုက်ပါတယ်။

အဲဒီအချိန်မှာ အင်္ဂလိပ်တွေဟာ အလွန် အင်အားကြီးတဲ့ အချိန်ဖြစ်တဲ့ အတွက် ဒါကို သိလို့ ထိုင်းဘုရင်ဟာ လိုက်လျောညီထွေ ဆက်ဆံတတ်ပြီး၊ အမြင်သေးသိမ် ကျဉ်းမြောင်းခြင်း မရှိဘဲ အမျှော်အမြင် ရှိရှိ တွေးခေါ် ဆင်ခြင် တတ်ကြောင်းကို သူတို့ သမိုင်းမှာ ချီးမွမ်းထားပါတယ်။ သို့ရာမှာ အင်္ဂလိပ်များဟာ မြန်မာပြည်မှာလိုပင် တဆင့်ခြင်း တက်ပြီး ထိုင်းနိုင်ငံကို သိမ်းပိုက်ဖို့ အမျိုးမျိုးကြံရာမှာ နောက်ဆုံး ထိုင်းဘုရင်ကို ခရစ်ယာန် ဘာသာဝင်ရမယ်ဆိုတဲ့အထိ တောင်းဆိုလာပါတယ်။

ထိုအခါမှာ ထိုင်းဘုရင်က ခရစ်ယာန်ဘာသာကို သူစိတ်ဝင်စားတဲ့ အကြောင်း၊ သူ့ကို ခရစ်ယာန် သမ္မာကျမ်းစာ လေ့လာခွင့် အချိန်ပေးရန်၊ ခရစ်ယာန် ဘုန်းတော်ကြီး တစ်ယောက်ယောက်နဲ့လည်း မေးမြန်း စကားပြောနိုင်ဖို့ တောင်းဆိုပြီး အချိန်ဆွဲ ရှောင်နိုင်ခဲ့ပါတယ်။ ဘာဘဲဖြစ်ဖြစ် ထိုင်းနိုင်ငံဟာ သူ့ကျွန်ဘဝ မရောက်ခဲ့ရတာ၊ ကမ္ဘာစစ်ပွဲတွေက ကင်းလွတ်ခဲ့ရတာတွေဟာ သူတို့နိုင်ငံသားများကို များစွာသက်သာရာ ရစေခဲ့ပါတယ်။

မြန်မာဘုရင်များကတော့ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး၊ မာန်မာနများဖြင့် ဥာဏ်မသုံးတတ်ဘဲ အထိမခံဖူးဟေ့ လုပ်တာမှာ နှစ်ပေါင်း ၁၀၀ ကျော် အင်္ဂလိပ်တို့ရဲ့ ကျွန်ပြုတာကို ကောင်းကောင်းကြီး ခံခဲ့ရပါတော့တယ်။ ထိုသို့ အမျှော်အမြင် အလွန်နည်းပါးပြီး ရူးမိုက်တဲ့ အကြောင်းတစ်ခုကို အင်္ဂလိပ်လူမျိုး တစ်ယောက်ရေးတဲ့ မြန်မာ့သမိုင်းနဲ့ ပတ်သက်တဲ့ စာအုပ်တအုပ်မှာ ဖတ်ခဲ့ဖူးပါတယ်။

အဲဒီစာအုပ်မှာ ရေးထားတာက အင်္ဂလိပ်တွေဟာ အထက်မြန်မာနိုင်ငံကို စစ်တိုက် သိမ်းပိုက်ဖို့ မလုပ်လိုဘဲ မြန်မာ ဘုရင်နဲ့ ဆက်ဆံရေးတွေ နီးနီးကပ်ကပ် ပြုလုပ်ပြီး၊ အထက် မြန်မာပြည် အချို့နယ်မြေတွေကို (ယခု ဟောင်ကောင်ကျွန်းကို လုပ်သလို) အခကြေးငွေနဲ့ ဌားရမ်းဖို့၊ သို့မဟုတ် ဝယ်ယူဖို့ ညှိနှိုင်းခဲ့ပါတယ်။

အဲဒီအချိန်မှာ မြန်မာဖက်က ပတ္တမြားကြီး တစ်လုံး ထုတ်ပြပြီး အင်္ဂလိပ်ကို တန်ဖိုးဖြတ်ခိုင်းခဲ့ပါတယ်။ အင်္ဂလိပ်ဖက်က ထိုပတ္တမြားကြီး ဟာဖြင့် စစ်သင်္ဘော အစီး များစွာလောက် တန်မည်ထင်ကြောင်း ပြောခဲ့ရာ၊ နောက်တစ်လုံး ထပ်ထုတ်ပြပြီး တန်ဖိုး ဖြတ်ခိုင်းပါတယ်။ အင်္ဂလိပ် ဖက်ကလည်း ထိုနောက် တစ်လုံးဟာဖြင့် ပထမ အလုံးထက် အဆ ၁၀၀ လောက် သာမည် ထင်ကြောင်း ပြောခဲ့ရာ၊ နောက်တစ်လုံး ထပ်ထုတ်ပြပြီး တန်ဖိုး ဖြတ်ခိုင်းပါတယ်။ တတိယ အလုံးကို ကြည့်တဲ့ အခါမှာ အင်္ဂလိပ်ဖက်က ဒီအလုံးဟာဖြင့် တန်ဖိုး ဖြတ်မရအောင် တိုင်းပြည် တစ်ပြည်နီးပါးလောက် တန်ဖိုးရှိမှာပါလို့ ပြောတော့ မြန်မာဖက်က ခင်ဗျားတို့ အထက် မြန်မာပြည်ကို ဝယ်ချင်ရင် ဘယ်လောက် တန်ဖိုးနဲ့ ဝယ်နိုင်မှာလဲ၊ အခုပြတဲ့ ပတ္တမြား ၃ လုံးတောင် တိုင်းပြည် တစ်ပြည်မက တန်သွားရင် အဲဒီလို ပတ္တမြားတွေ အမြောက်အများ ထွက်တဲ့ တွင်းတွေ အများအပြား ရှိတဲ့ ကျုပ်တို့ အထက် မြန်မာပြည်ကို ဘယ်လို ဝယ်နိုင်မလဲလို့ ပြောလိုက်ပါတယ်။

ဒါနဲ့ အင်္ဂလိပ်လဲ မျက်စိကျပြီး တစ်ခါတည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ အထက် မြန်မာပြည်ကို သိမ်းပိုက် လိုက်ပြီး၊ အဲဒီ မြန်မာဘုရင် ထုတ်ပြတဲ့ ပတ္တမြားတွေကိုပါ ဗြိတိန် ဘုရင်မကြီးကို လက်ဆောင် ပို့လိုက်တော့သည် ဟုဆိုသည်။ အဲဒီ အကြောင်း သမိုင်းကို မြန်မာဖက်က ရေးတာက ဒီလို အင်္ဂလိပ်ကို ပြောနိုင်ခဲ့လိုက်တာကိုဘဲ ဘုရင်က ပညာရှိ အမတ်ကြီးဘွဲ့ပေးလို့ သူကောင်း ပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုဘဲ နောက်သမိုင်းတစ်ခုမှာ ဆိုရင်လည်း စစ်သူကြီး မဟာဗန္ဓုလဟာ တဖက်မှာ အင်္ဂလိပ်တွေနဲ့ ထိပ်တိုက် တွေ့ပြီးနောက် ချက်ခြင်း ဓနုဖြူကို ဆင်းချလာပြီး နောက်တဖက်က အင်္ဂလိပ်တပ်တွေ တက်မလာခင် ကြိုတင်ပြီး စောင့်ဆိုင်းနေနိုင်တာကြောင့် အင်္ဂလိပ် စစ်ဗိုလ်က အလွန်အံ့အားသင့်ပြီး ချီးမွှမ်းဖို့နဲ့ ညှိနှိုင်းဆွေးနွေးဖို့ ဗန္ဓုလဆီကို သွားရာမှာ အင်္ဂလိပ်စစ်ဗိုလ်က ရှေးဦးစွာ အလေးပြု နှုတ်ဆက်တာကို မလေးစားဘဲ (စစ်တပ် ထုံးစံအတိုင်း ပြန်နှုတ်ဆက်တာမျိုး မလုပ်ဘဲ) လက်ကြီးပိုက်လို့ ခပ်မတ်မတ်၊ ခပ်ကြွားကြွား သူ့ကို သစ္စာခံရမဲ့ သဘောမျိုး ပြောခဲ့တာကြောင့် နောက်ဆုံး အင်္ဂလိပ်ဖက်က အမြောက်နဲ့ ပစ်ပြီး ဓနုဖြူကို တက်သိမ်းခဲ့တဲ့အတွက် ဗန္ဓုလလည်း အဲဒီမှာတင် ကျသွားတယ်လို့ဆိုပါတယ်။

တကယ်တော့ မြန်မာ့ ရာဇဝင်မှာ ဝါးလုံးခေါင်းထဲ လသာနေကြတဲ့၊ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီး ဥာဏ်ကို လွှာမသုံးတတ်ကြတဲ့၊ မိုက်ရူးရဲ လုပ်ခဲ့ကြတဲ့ သူတွေလို့ အခြား သမိုင်းတွေဖက်က မြင်သာနေတဲ့ အဖြစ်အပျက်များဟာဖြင့် အလွန်ပင် ရှက်စရာကောင်းလှပါတော့တယ်။ ဒီအဖြစ်အပျက်များကို ယနေ့ထက်တိုင် ဆက်ပြီးဂုဏ်ယူစရာ လုပ်နေရင်တော့ ပိုလို့ပင်ရှက်စရာ ဖြစ်ရပါတော့မယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...