Sunday, June 26, 2011

လောကီနဲ့ လောကုတ္တရာ

by Wai Maw on Monday, June 27, 2011 at 10:06am
(၂၀-၆-၁၉၄၆) နေ့မှာကျင်းပတဲ့ ပထမအကြိမ် ဖဆပလညီလာခံမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းက နိုင်ငံရေးနဲ့ ဘာသာရေး မတူကွဲပြားပုံကို အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်-
“ကိုးကွယ်သည့်ဘာသာရေးဆိုသည်မှာ လူအသီးသီးတို့၏ သက်ဝင်ယုံကြည်မှုဖြစ်သည်။ နိုင်ငံရေးမှာကား လူအသီးသီးတို့၏ ပေါင်းသင်းဆက်ဆံမှုသိပ္ပံအတတ်သာလျှင်ဖြစ်၏။ သိပ္ပံအတတ်အနေအားဖြင့် နိုင်ငံရေးသည် လူအသီးသီးတို့၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရပေလိမ့်မည်။ အခွင့်အရေးများတွင် လွတ်လပ်စွာ ဘာသာကိုးကွယ်မှုလည်း ပါသည်။ ဤအခွင့်အရေးပေးရာ၌ပင် ကျွန်ုပ်တို့သည် နိုင်ငံရေးနှင့် ဘာသာရေး နှစ်ဌာန စပ်ကြားတွင် စည်းထားရပေလိမ့်မည်။


အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးနှင့် ဘာသာရေးမှာ သဘော မတူ မူကွဲပြား တစ်ခြားစီဖြစ်သောကြောင့်လည်း ဘာသာရေးနှင့်နိုင်ငံရေးကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရားကို ဆန့်ကျင့်ရာရောက်လေ၏။”
ဆရာတော်ကြီးများကိုလည်း သာသနာတော်အဆုံးအမအတိုင်း ကျင့်ကြံအားထုတ်ရင်း ကမ္ဘာသူကမ္ဘာသား အပေါင်းကို မေတ္တာတရားနဲ့အညီ ဆုံးမသွန်သင်ပေးတော်မူကြပါရန် မေတ္တာရပ်ခံ လျှောက်ထားခဲ့ဖူးပါတယ်။
ဆောင်းပါးရှင် ဦးဖိုးသာအောင် ရေးတဲ့ “သိပ္ပံ၊နိုင်ငံရေးနဲ့ ဗုဒ္ဓဘာသာ” ဆောင်းပါးနဲ့ပတ်သက်ပြီး လူငယ်တစ်ဦး ရေးသားထားတဲ့ သဘောထားအမြင်ကို ဖတ်ရလိုက်ပါတယ်။ လူကြီးတွေအများစု လက်ရှောင်တတ်တဲ့ အကြောင်းအရာမျိုးကို စိတ်ဝင်တစား ၀င်ဆွေးနွေးပေးတဲ့ အဲဒီလူငယ်ကိုလည်း လေးစားမိပါတယ်။ သူရေးထားတာကဒီလိုပါ-
“ဆောင်းပါးလေးကတော.ကောင်းပါတယ်။ဒါပေမဲ.အလှမ်းကျယ်နေသလိုပါပဲ၊အလှမ်းကျယ်တော.အလယ်လတ်ပါတယ်၊မဂ္ဂင်ရှစ်ပါးမရှိတဲ.အရပ်မှာ၊နိဗာန်နလို့ခေါ်တဲ.နိဗ္မာန်ရှိပါရဲ့လားဆိုတာဦးဖိုးသာအောင်ကိုအရင်မေးချင်ပါ တယ်၊သာသနာတော်ဟာသုံးရပ်ပေါင်းမှအဓွန်.ရှည်တည်တံ.ပါတယ်၊ဒီအထဲမှ...ပစ္စည်းလေးပါးဒါယကာရဲ.အထောက်အပံ.ကောင်းမှုကိုပါထည်.တွက်ရပါသေးတယ်၊မြတ်စွာဘုရားရှင်ဟာနိဗ္မာန်ကိုသုမေဓာရှင်ရသေ.ဘဝထဲကကျင်.မယ်ဆို၇နိုငတာအမှန်ပါပဲ၊ဒါပေမဲ.လောကလူ.အကျိုးကိုကြည်.ပြီးတော.ဘုရားဆုပန်ခဲ.ပါတယ်၊ပန်ခဲ.တဲ.အတိုင်းလဲပါရမီတော်အဆက်ဆက်ကိုလေးင်္သချေနဲ.ကမ္ဘာတသိန်းကျင်.ကြံတော်မူခဲ.ပါတယ်အဲဒီပါရမီတော်အဆက်ဆက်မှာကိုကလူ.သားတွေအတွက်လောကအကျိုးကိုထမ်းရွက်တော်မူခဲ.တာတွေရှိပါတယ်၊တိုင်းပြည်အုပ်ချုပ်မင်းလုပ်ခဲ.ရတဲ.ဘဝတွေလည်းမနဲတာကိုတွေ.ရပါတယ်။ဘုရားရှင်တောင်မှအ လောင်းတော်ဘဝမှာမလွဲမ ရှောင်သာနိုင်ငံရေးကို ထမ်းရွက်ခဲ.ရပါသေးတယ် ဒီတော.တို.ဘုန်းဘုန်းတွေလဲ လူသားအကျိုးအတွက်လူမှုရေးနဲ.နိုင်ငံရေးကိုထမ်းဆောင်တာသူတော်ကောင်းအလုပ်ကိုလုပ်တာပါပဲ၊မေတ္တာနဲ.ယှဉ်ပြီးလုပ်တာမွန်မြတ်ပါတယ်၊နိုင်ငံရေးမလုပ်ပဲနိဗ္မာန်ရောက်ရေးအတွက်အားထုတ်နေကြတဲ.ဘုန်းကြီးတွေကိုဘယ်ဗုဒ္ဓဘာသာဝင်မှသူတော်ကောင်းမဟုတ်ဘူးလို.မသတ်မှတ်ကြပါဘူး၊အကျင်.မြတ်နဲ.ပြည်.စုံပြီးသံသရာလွတ်မြောက်ကြောင်.တရားတွေကိုအားထုတ်နေတဲ.သူတွေပဲ၊ဒါလဲအကောင်းမွန်ဆုံးအလုပ်တခုပဲ၊အဲတော.နိဂုဏ်းချုပ်ရရင်ဗုဒ္ဓဘာသာဝင်တွေရဲ.အမြင်.ဆုံးပန်းတိုင်ဟာသံသရာ ပြတ်စဲံရေး၊ဒါပေမဲ.နိဗ္မာန်မရောက်ခင်အများအကျိုးအတွက်လုပ်ပေးနေတဲ.ဆ ၇ာတော်ကြီးတွေကိုလဲ သာဓုခေါ်ရမှာအမှန်ပါပဲ၊သူတို.တွေကမဂ္ဂင်ရှစ်ပါး အခြေခံပြန်ရအောင်အောက်ခြေကနေစပြီး လုပ်ပေးနေတဲ.သူတော်စင်၊သူတော်မြတ်ကြိးတွေဖြစ်ကြလို.ပါပဲ”

သူရေးသားထားချက်တွေကိုဖတ်ရှုပြီး ကျနော်ဆွေးနွေးချင်တာလေးတွေကို တုန့်ပြန်ရေးသားမိရာက comment လည်းမက ဆောင်းပါးတစ်ပုဒ်လည်းမမည်တဲ့ စာပုဒ်လေးတစ်ခုဖြစ်သွားတာမို့ မျှဝေဖော်ပြပေးလိုက်ပါတယ်-
“ကိုသားချစ်ဇော်ဟာ လူငယ်တစ်ယောက်လို့ထင်ပါတယ်။ ခင်ဗျားရဲ့ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အမြင်တွေဟာ ရိုးသားမှုရှိပြီး ရှင်းလင်းပါတယ်။ တကယ်တော့ ဗုဒ္ဓဘာသာရဲ့ရည်မှန်းချက်က လောကီကိုလွန်မြောက် တဲ့ လောကုတ္တရာ တရားပါ။ ဖြစ်လိုက်ပျက်လိုက် ရုပ်နာမ်ဝဋ်ဒုက္ခတွေနဲ့ အဖန်ဖန်သံသရာလည်နေရတဲ့ (၃၁) ဘုံ လောကီကို ချန်ထားလွန်မြောက်တဲ့ မပျက်ရာမစီးရာ သန္တိသုခမြတ်နိဗ္ဗာန်ကို အရိယာ ဥာဏ်ပညာနဲ့ မျက်မှောက်ပြု ၀င်စားနိုင်ခြင်းပါပဲ။ အရိယာမဂ်ဥာဏ်တည်ဆောက်ဖို့ ခိုင်မာပြီး အစမ်းသပ်ခံတဲ့ လမ်းစဉ်တွေ ကျင့်ကြံအားထုတ်နည်း တွေလည်း ဗုဒ္ဓဘာသာမှာ အထင်အရှားရှိပါတယ်။

ပဋိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒ သာသနာသုံးရပ်မှာ ပဋိပတ္တိအကျင့်မြတ်နဲ့သာ ပဋိဝေဒ မြတ်နိဗ္ဗာန်ကိုဝင်စားနိုင်တဲ့ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ကို ရရှိနိုင်ပါတယ်။ ဒါနနဲ့ သီလဆိုတာ သာသနာပမှာလည်း တည်ရှိနိုင်ပြီး မဂ္ဂင်ရှစ်ပါးမှာ သီလမဂ္ဂင်ထဲ အကျုံးဝင်ပါတယ်။ သာသနာအထောက်အပံ့တရား ဖြစ်ပါတယ်။ ၀ိပဿနာတရား အားထုတ်ရာ မှာ  သမာဓိနဲ့ ပညာမဂ္ဂင်အားကောင်းရင် သီလ လည်း လုံခြုံပြီးသားဖြစ်နေပြီလို့ ဆိုပါတယ်။ ပညာမဂ္ဂင်ဦးစီးမှ ရုပ်နာမ်ဖြစ်ပျက်အမှန်ကို မြင်နိုင်ပြီး ဖြစ်ပျက်မြင်၊ မုန်း၊ဆုံး တရားနဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တာပါ။ ပညာမဂ္ဂင် အားကောင်းတဲ့ ပုဂ္ဂိုလ်တွေဟာ လောကီရေးကို သိပ်ပြီး အကြောင်းမပြုတော့ပါ။မဂ်ဥာဏ်၊ဖိုလ်ဥာဏ် မပိုင်သေးပဲတော့ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်သလို၊ အရိယာလည်း မမည်နိုင်သေးပါ။

ဗုဒ္ဓသာသနာ သမိုင်းမှာ ပဋိပတ္တိအကျင့်မြတ်ထွန်းကားတဲ့ကာလတွေမှာ သာသနာပိုမိုစည်ပင်ထွန်းတောက်သလို အရိယာအရှင်မြတ်များ လည်း အများအပြားပေါ်ထွန်းလေ့ရှိပါတယ်။ တိုင်းသူပြည်သားများရဲ့ ဘ၀နေထိုင်မှုလည်း ပိုမိုအေးချမ်းသာယာ တိုးတက်ဖွံ့ဖြိုးမှု ရှိပါတယ်။
ကျနော်သိမြင်တာက ဗုဒ္ဓဘာသာဝင်တွေအဖို့ လောကီကောင်းကျိုးသယ်ပိုးတိုင်း လောကုတ္တရာကို အကျိုးပြုနိုင် မယ်လို့ ကံသေကံမ မပြောနိုင်ပေမယ့် လောကုတ္တရာတရားကို စူးစူးစိုက်စိုက်ပွားများအားထုတ်တဲ့ ပုဂ္ဂိုလ်တိုင်း ဟာ လောကလူသားတွေကောင်းကျိုးကို မြင့်မြင့်မားမား သယ်ပိုးရွက်ဆောင်နိုင်တာ အမှန်ပါပဲ။ မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီး သဗ္ဗညုတရွှေဥာဏ်တော်ကို ရရှိပိုင်ဆိုင်ပြီးတဲ့နောက်ပိုင်းမှာ (၄၅)၀ါ ကာလပတ်လုံး ကျွတ်တမ်းဝင်ထိုက်တဲ့ လူ၊နတ်၊ဗြဟ္မာ ဝေနေယျ အပေါင်းကို သံသရာဖြတ်လမ်း နည်းပေးလမ်းပြတရားတော် တွေ ဟောကြားတော်မူခဲ့လို့ မရေမတွက်နိုင်တဲ့ ဝေနေယျသတ္တ၀ါတွေ ကျွတ်တမ်းဝင်နိုင်ခဲ့အပြင် နောင်နှစ်ပေါင်း ငါးထောင်တည်တံ့မယ့် သာသနာတော်မြတ်ကြီးကို  အမွေထားရစ်တော်မူခဲ့လို့ ယနေ့တိုင်သာသနာတော်မှာ ရဟန္တာ အရှင်မြတ်ကြီးတွေ မဆိတ်သုန်းတာ အားလုံးအသိပါ။

အထင်အရှားဥပမာတစ်ခုပြရရင် ဒုတိယ ကမ္ဘာစစ်အတွင်း စစ်ဘေးစစ်ဒဏ်သင့်လို့ ပြည်သူတွေ အတိဒုက္ခရောက် ပဋိဒေ၀မီးတောက်လောင်ခဲ့ရချိန်မှာ မိုးကုတ်ဆရာတော် ဘုရားကြီး “ဦးဝိမလ” အရှင်မြတ်က ဘော့ပတမ်းကျေးရွာအနီးက ကျောက်ဂူတစ်ခု အတွင်းမှာ ၀ိပဿနာတရား အားထုတ်ခဲ့တာ ရုပ်နာမ်ချုပ်ငြိမ်း ရုတ်သိမ်းတဲ့ အရဟတ္တမဂ်ဥာဏ်၊ ဖိုလ်ဥာဏ် တော်ကို ရခဲ့တယ်။ မိုးကုတ် ၀ိပဿနာတရားတော်တွေကို ယနေ့တိုင် ကျနော်တို့နာကြားနိုင်ဆဲပါ။
“လူရှိရင် ပြဿနာရှိတယ်” ဆိုတဲ့စကားအတိုင်း လောကီရေးကိစ္စတွေက လူရှိနေသရွေ့ လူ့အဖွဲ့အစည်းတည်ရှိနေသရွေ့ ဘယ်တော့မှ မပြီးဆုံး မပြည့်စုံနိုင်တဲ့ ကိစ္စတွေပါ။ လူတွေရဲ့ အဇ္ဈတ္တသဏ္ဌာန်မှာ ငြိမ်းချမ်းမှုတရားစစ်၊ တရားမှန်တွေ ကိန်းအောင်းမွေ့လျော်နိုင်မှလည်း ပြဿနာတွေ ဖြေရှင်းကြရာမှာ ငြိမ်းချမ်းသောနည်းကို အသုံးပြုနိုင်ကြမှာပေါ့။ ဒီအတွက် တရားရှင်သံဃာတော်မြတ်တွေရဲ့ အဆုံးအမတရားတွေ လိုအပ်မယ်ဆိုရင် သံဃာတော်တွေကိုယ်တိုင် ကိလေသာချုပ်ငြိမ်းကြောင်း အကျင့်မြတ်တွေကို ကျင့်ကြံအားထုတ်ဖို့ မလိုဘူးလား။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး လက်ထက်တော်က နှစ်ပြည်ထောင်အကြားမှာ ဖြစ်ပွားနေတဲ့ သွေးချောင်းစီး စစ်ပွဲကို မေတ္တာရေစင်ပက်ဖြန်း၊ငြိမ်းချမ်းရေးတရားဟောကြားပြီး ရပ်တန့်စေခဲ့တာ မဟာဗုဒ္ဓ၀င် မှာ အထင်အရှား ရှိနေပါတယ်။ ဒီတော့ သာသနာ့ဝန်ထမ်း သံဃာတော်များ လူမှုကိစ္စရပ်တွေမှာ ထိုက်သင့် သလိုပါဝင်ဆောင်ရွက် တာကို ကျနော်မကန့်ကွက် လိုပါဘူး။

သို့သော်လည်း “တခြားဘာသာတွေမှာ သသနာ့ အနွယ်ဝင်တွေက လူမှု ကောင်းကျိုး လုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက်လို့ လူထုထောက်ခံမှုရတယ်။ ဗုဒ္ဓဘာသာဝင် ရဟန်းတော် တွေလည်း အဲဒါကို ဥပမာယူသင့်တယ်” ဆိုတဲ့ ဟောပြောမှုမျိုးကိုတော့ သဘော မတူနိုင်ပါ။ ဗုဒ္ဓဘာသာဟာ လောကုတ္တရာ ကိုပန်းတိုင်ထားတဲ့ ဘာသာတရားဖြစ်နေလို့ပါ။ ဆရာတော်များအဖို့ လောကီကိစ္စဆိုတာ ခရီးသွားဟန်လွှဲပြုရမယ့် ကိစ္စသာ ဖြစ်ပါတယ်။

ကိုသားချစ်ဇော်မြင်သလောက် ဗုဒ္ဓဘာသာဝင်တိုင်း သဘောထားနိုင်မယ်ဆိုရင် သိပ်ကောင်းမှာပဲ။ တလောက တချို့ကော့မင့်တွေမှာ ဘာသာတရား အားလုံးဟာ လောကုတ္တရာတရားတွေပဲ လို့ရေးထားတာတွေကို တွေ့ရ တယ်။ ဘယ်လောကတွေကို လွန်မြောက်တာလဲတော့ ရှင်းပြမထားဘူး။ အထူးသဖြင့် ရုပ်ဝါဒကို ကိုးကွယ်လွန်း တဲ့ လက်ဝဲကွန်မြူနစ်အတွေးအခေါ်ရှိသူတွေရဲ့ ဗုဒ္ဓဘာသာ အပေါ် လျှော့တွက်တဲ့ အမြင်ကိုထောက်ပြလိုတဲ့ သဘောကြောင့် ဦးဖိုးသာအောင် ဒီဆောင်းပါးကိုရေးတာလို့ ကျနော် ထင်မိပါတယ်။ (သူတို့က ဂေါတမဗုဒ္ဓ ကိုယ်တော်မြတ်ကြီးလည်း ရုပ်ဝါဒ သမားပဲ ဖြစ်တယ်လို့ ကိုယ်လိုရာဆွဲပြောတာတွေ ရှိနေခဲ့ ရှိနေဆဲပါ)။ ကျနော်ကိုယ်တိုင်လည်း မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်နဲ့ ပတ်သက်ပြီး ဆင်ခြင်သိပဲ ရှိပါသေးတယ်။ ဒါပေမယ့် မမှိတ်မသုံ ယုံကြည်ပါတယ်။ ဆက်လက်ဆွေးနွေးလိုလျှင် လည်းရပါတယ်။

လက်ရှိအနေအထားက သာသနာတွင်းကာလပါ။ ခုချိန်မှာ တရားရဖို့အတွက် ၀ိပဿနာကျွမ်းကျင်ပြီးသား ဆရာကောင်း ဆရာမြတ်ထံ တပည့်ခံပြီး နည်းမှန်လမ်းမှန်အတိုင်းကျင့်ကြံအားထုတ်လိုက်ရင် ဘယ်လောက် ဥာဏ်ထိုင်းသူဖြစ်ပါစေ၊ (၇)နှစ် အတွင်း တရားရပါစေမယ် အာမခံချက်တွေ ရှိနေပါလျက် သာသနာပကာလမှာ မြတ်စွာဘုရား အလောင်းတော် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်တော်မူခဲ့ရတာကို ဥပမာပြုပြီး ငါတို့ ပုထုဇဉ်တွေလည်း ပါရမီရင့်သန်အောင် ဘ၀များစွာ ဒါန၊သီလတရားကိုအားကိုးပြုစို့လို့ တစ်စုံတစ်ဦးက ပြောလာရင် အဲဒီ စကားဟာ မြန်မာပြည် ဒီမိုကရေစီကူးပြောင်းရေးဖြစ်စဉ်ကို တမင်အချိန်ဆွဲထားချင်လို့ အမေရိကန် ပြည်ထောင်စု ဖြတ်သန်းခဲ့ရတဲ့ နှစ်နှစ်ရာ ခရီးစဉ်ကို မီးမောင်းထိုးပြနေသော နအဖ ခေါင်းဆောင် တစ်ဦးရဲ့ စကားနဲ့ ခပ်ဆင်ဆင်တူနေမလားလို့ တွေးမိတယ်။

ဒီဘ၀မှာပဲ ပဋိပတ်အကျင့်မြတ်နဲ့ မဂ်ဥာဏ် ဖိုလ်ဥာဏ် ရရှိပိုင်ဆိုင်နိုင်တဲ့ သာသနာတွင်း ကာလမှာ သံသရာချဲ့ တရားတွေ တွင်တွင်ဟောပြီး အချိန်ဆွဲ နေကြရင် အဖိုးတန်လှပါတယ်ဆိုတဲ့ ပစ္စုပ္ပန်ကာလကို အကျိုးမဲ့ကုန်လွန် စေတာကလွဲပြီး ဘာမျှဖြစ်မလာနိုင်ပါ။ သာသနာ့ဝန်ထမ်းဆိုတာ သာသနာ့ ရည်မှန်းချက်တာဝန်ကို ကျေပွန် အောင်ထမ်းဆောင်နိုင်ဖို့ ပိုအရေးကြီး ပါတယ်။ ဒါမှလည်း  ဒါယကာ၊ဒါယကာမတွေ လှူဒါန်းသမျှ သာသနာ့ အကျိုး စီးပွားနဲ့လျော်ညီစွာ သုံးစွဲထိုက်သော အလှူခံပုဂ္ဂိုလ်ဖြစ်ပြီး ဒါယကာ၊ဒါယကာမတွေရဲ့ လောကုတ္တရာ အကျိုးကိုလည်း စွမ်းစွမ်းတမံ သယ်ပိုးထမ်းဆောင် ပေးနိုင်မှာဖြစ်ပါတယ်။

ဝေမော်
၂၄ ဇွန် ၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...