ဆေးရုံမှ လက်ဖက်ရည်ကြိုက်သူများ
by cherrymyodaw on Tuesday, June 21, 2011 at 6:59am
(၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ နောက်ထပ် ဝေဖန်ရေးဆောင်းပါး တစ်ပုဒ်ပါ။ အရင်တုန်းက ဖော်ပြခွင့်မရတဲ့ ဆောင်းပါးမျိုး ဖြစ်ပါတယ်။)
အောက်ဖော်ပြပါ အချက်များသည် ယခင် တပ်မတော် အစိုးရ လက်ထက် ၂၀၁၁ မတ်လက သတင်းထောက် ပိုင်စိုးဦး ကြုံခဲ့ရတဲ့ ကိုယ်တွေ့ အဖြစ်အပျက် ဖြစ်ပါတယ်။ ယခု အစိုးရ အဖွဲ့သစ် လက်ထက်မှာ နိုင်ငံတော် သမ္မတ ကိုယ်တိုင် သန့်ရှင်းသော အစိုးရဖြစ်ရေး ဆော်သြနေချိန် ဖြစ်တာနဲ့အညီ ယခင် အဖြစ်အပျက်များမှ ပြုပြင်စရာများ ပြုပြင်နိုင်စေရန် တင်ပြလိုက်ခြင်း ဖြစ်ပါသည်။
(အယ်ဒီတာ)
ဇနီးသည် အသည်းအသန် ဖြစ်သည့်အတွက် အရေးပေါ်သို့ ရောက်ဖြစ်သည်။ ဆေးရုံ ရောက်ရောက်ချင်း တွန်းလှည်း သမားများ (ဆေးရုံ ဝန်ထမ်းများ)က ထိုင်စောင့်နေသည်။ ပျာပျာသလဲဖြင့် ပထမဦးဆုံး တွန်းလှည်းတစ်စီးနှင့် ဇနီးသည်ကို ခေါ်ဆောင်သွားသည်။
ကျွန်တော်လည်း တွန်းလှည်းသမားနောက် အပြေး လိုက်သွားရသည်။ မလိုက်လို့လည်း မရ။ မိမိလူနာ မည်သည့် အခန်းသို့ ခေါ်ဆောင် သွားမည်ကို မသိနိုင်အောင် တွန်းလှည်းသမားက အမြန်သက်ဆိုင်ရာ အရေးပေါ်ဌာနသို့ ခေါ်ဆောင် သွားသည်။ စိတ်ထဲတွင်တော့ ‘သြော်…ဒီဆေးရုံက ဒီလို ဝန်ထမ်းမျိုးလည်း ရှိသေးတာပဲ’ ဟု ချီးကျူးနေမိသည်။
ဇနီးသည်ကို သက်ဆိုင်ရာ ဆရာဝန်များက ကုသပေးနေသည်။ ထိုအချိန်တွင် တာဝန်ကျ နပ်စ်တစ်ဦးက လူနာကို ဆေးရုံတင်ရမည် ဖြစ်သဖြင့် ဆေးရုံစာအုပ် သွားလုပ်ရန် ပြောလိုက်သည်။ ဘယ်မှာ သွားလုပ်ရမည်၊ ဘာတွေလိုသည် ကိုတော့ မေးမြန်းရာ ဝန်ထမ်း ကလေးတွေ မေးကြည့်ရန်သာ ပြောပြီး အလုပ်ရှုပ်နေသည်။ ကျွန်တော်လည်း အရေးပေါ်ဌာန ဆိုတော့ ဒီလောက်တော့ အလုပ်များမှာပဲဆိုပြီး ဘာမှမပြောဘဲ ပထမတွန်းလှည်း တွန်းပေးသည့် ကောင်လေးနှင့် ဆေးရုံ တက်ရန် စာအုပ်လိုက်လုပ်ရသည်။ စာအုပ် လုပ်တော့လည်း တတ်နိုင်သလောက် လှူပါဆိုပြီး ၅၀၀ ကျပ် တောင်းသည်။ စာအုပ်ရသဖြင့် ဆရာမထံ ပြန်သွားရာ တွန်းလှည်းသမားက လက်ဖက်ရည်ဖိုး ဆိုပြီး တောင်းသည်။
ကျွန်တော်လည်း လက်ဖက်ရည် ဖိုးလောက်တော့ ရပါတယ် ဆိုပြီး ၅၀၀ ကျပ်တန် တစ်ရွက် ထုတ်ပေးလိုက်တော့ ‘အစ်ကို ဒီလောက် လိုက်လုပ် ပေးထားတာ ၂၀၀၀ လောက်ပေးပါ’ ဆိုပြီး တောင်းသည်။ ကျွန်တော်လည်း အဲလောက်တော့ မတတ်နိုင်ကြောင်း ပြောပြရာ ပွစိပွစိ လုပ်ပြီး ပြန်သွားသည်။
တစ်ဖန် ဆရာဝန်များက လူနာတွင် ရောဂါပိုးရှိ၊ မရှိ ဆေးစစ်ခိုင်းပြန်ရာ ကျွန်တော်မှ ဆရာမကို မည်သည့်နေရာတွင် သွားစစ်ရမလဲဟု မေးရာ ဆရာမမှ ဆေးရုံဝန်ထမ်း တစ်ဦးထံ မေးမြန်းပြီးသွားရန် ညွှန်ကြား လိုက်ပြန်သည်။
ကျွန်တော်လည်း ပထမ ဝန်ထမ်းနှင့် မတူသော ဝန်ထမ်း တစ်ယောက်နှင့် ဆေးစစ်ရန် ထွက်လာခဲ့သည်။ ဆေးစစ်ရန် ဓါတ်ခွဲခန်းမှာ ဆေးရုံနှင့် သိပ်မကွာ။ ဆေးရုံဝင်း ပြင်ပနားတွင်သာ ရှိသည်။ ဓါတ်ခွဲခန်း ဆေးစစ်ရန်အပ်ပြီး အပြန်လမ်းတွင် လိုက်ပို့ပေးသည့် ကောင်လေးက လက်ဖက်ရည်ဖိုး တောင်းပြန်ရာ ကျွန်တော်လည်း ၂၀၀ ပေးလိုက်သည်။
လက်ဖက်ရည် တစ်ခွက်မှာ ၂၀၀ ကျပ်သာ ရှိသည့်အတွက် ကျွန်တော် ပေးလိုက်တာ မှန်သည် ထင်ပါသည်။ ကောင်လေးမှာ ခေါင်းကုပ်ကာ အသံပေါင်းစုံ ပွစိပွစိ လုပ်ပြီး ပြန်သွားသည်။
ကျွန်တော့်ကို ဆရာမက ဆေးတွေ ဝယ်ခိုင်းပြန်သည်။ ဒီတစ်ခါတော့ ဘယ်သူမှ မမေးတော့ ကိုယ်ဘာသာကိုယ် တွေ့ရာ ဆေးခန်းမှာ သင့်သလို ဝယ်လိုက်သည်။ ရန်ကုန် ဆေးရုံကြီးမှာ စရိတ်မျှပေးစနစ် ဆိုသည့်အတိုင်း ဆရာမများက တတ်နိုင်သူများကို ဆေးနှင့် လိုအပ်သည်များကို ဝယ်ခိုင်းပြီး မတတ်နိုင်သူများကို ဆေးရုံမှ စိုက်ကုသပေးကြောင်း သိရသည်။
သည်လိုနှင့် ကျွန်တော် ဇနီးမှာ ခွဲစိတ်ခန်းဝင်ရန် ဆရာဝန်ကြီးများက ပြောရာ နပ်စ်တစ်ဦးက ခွဲစိတ်ခန်းဝင်ရန် အတွက် လိုအပ်သည်များ ဝယ်ရန်ပြောပြီး လက်ထဲသို့ ဝယ်ရမည့် ဆေးစာရင်း လာပေးသည်။ ကျွန်တော်လည်း ဆေးဆိုင်သို့ ထွက်လာပြီး ဆေးစာရင်း စာရွက်ပြကာ ဆေးများဝယ်ပြီး မိန်းမ ခွဲစိတ်ခန်းဝင်ရန် ထိုင်စောင့်နေရသည်။
မနက် ၁၀ နာရီခန့် ကတည်းက ဆေးရုံရောက်ကာ ညနေ ၆ နာရီခန့်တွင် ခွဲစိတ်ခန်းသို့ ဝင်ခွင့်ရသည်။ ၀င်ခွင့်ရသဖြင့် လူနာကို ဆေးရုံဝန်ထမ်းနှစ်ဦးက တွန်းလှည်းပေါ် တင်ကာ ခွဲစိတ်ခန်းသို့ ခေါ်ဆောင်သွားပြီး ခွဲစိတ်ခန်း အကူသူနာပြု ဆရာမများထံ အပ်လိုက်သည်။
ယင်းနောက် လူနာတွန်းလှည်းဖြင့် ပြန်ထွက်လာပြီး ဝိုင်းလုပ်ပေးသည့် ဝန်ထမ်းသုံးယောက်အား လက်ဖက်ရည်ဖိုးပေးရန် တောင်းဆိုရာ ကျွန်တော်ကလည်း ၁၅၀၀ ပေးလိုက်သည်။ ကျွန်တော်ပေးသည့် ပိုက်ဆံကိုကိုင်ကာ အခြားသူများ ဆိုလျှင် ငါးထောင်လောက်ထိ တောင်းကြောင်းပြောပြီး ပိုပေးရန် ပြောလေသည်။ ကျွန်တော်လည်း မပေးနိုင် တော့ကြောင်း ပြောပြီး ထပ်မပေးတော့ပေ။
အရမ်းကြီးသည့် ခွဲစိတ်မှုမျိုး မဟုတ်သဖြင့် မိနစ်၂၀ အကြာတွင် ခွဲစိတ်ခန်းပြင်ပ ပြန်ထွက်လာသည်။ ပြင်ပရောက် ရောက်ချင်း ခွဲစိတ်ခန်းအကူ သူနာပြု ဆရာများက လူနာကို ဆောင်ရန် ရှောင်ရန်များ ပြောပြီး လူနာသန့်ရှင်းရေး လုပ်သည့်အတွက် နည်းသည်များသည် သဘောမထားပဲ ပိုက်ဆံပေးရန် ပြောသည်။
ကျွန်တော်လည်း လာပြန်ပြီလားဟ ဒီတစ်ခါတော့ လက်ဖက်ရည်ဖိုး မဟုတ်တော့ဘဲ ပေါ်တင်ကြီး ပါလား ဆိုပြီး အခြား သူများ မည်မျှပေးသည်ကို အကဲခတ် လိုက်သည်။ တခြားလူနာရှင် တစ်ယောက် ထံတွင်တော့ လူနာကို သန့်ရှင်းရေး လုပ်သူ ၄ ဦးရှိပြီး ကြည့်ပေးရန် တောင်းရာ ပိုက်ဆံ အထပ်လိုက် (ခန့်မှန်းခြေ တစ်သောင်းခန့်) ပေးလိုက်သည်ကို တွေ့လိုက် ရသည်။
ကျွန်တော်လည်း လေးယောက် ဆိုတော့ တစ်ယောက် တစ်ထောင် လောက်နှုန်း တွက်ကာ လေးထောင် ပေးလိုက်သည်။ ဒီဆရာသမား များကတော့ ဘာမှ ပွစိပွစိ မလုပ်ပါ။ ပေးလိုက်ပြီးမှ မှားလားမသိ ဖြစ်သွားသည်။ ပေးလိုက်သည့် အတွက် ဒီလို ကိစ္စမျိုးကို အားပေး အားမြှောက် လုပ်သလို ဖြစ်သွားသည်။ အတွေးထဲတွင် လူတိုင်း ပေးနေကြသဖြင့် မပေးနိုင်လျှင် ဘာဖြစ်မလဲ တွေးမိသည်။ မပေးဘဲ မနေလိုက်သဖြင့် ကျွန်တော်လည်း ဘာဖြစ်မည် မသိလိုက်ပါ။
ဒီလိုနှင့် ခွဲစိတ်ခန်းက ထုတ်သဖြင့် ဆေးရုံတစ်ရက်ခန့် တက်ရမည်ပြောရာ ပထမပို့ပေးသည့် ဆေးရုံဝန်ထမ်းများ မဟုတ်သော ကောင်လေးတစ်ယောက် ရောက်လာသည်။ လူနာကို ဆေးရုံတက်ရန် လူနာဆောင်များသို့ ခေါ်ဆောင် သွားသည်။ ဟိုရောက်သည်နှင့် ခွဲစိတ်ဆောင်တွင် နေရာပေးလိုက်သည်။ သည်တွင်လည်း လက်ဖက်ရည်ဖိုး တောင်းပြန်ရာ ၅၀၀ တန်တစ်ရွက် ထပ်ထွက် သွားပြန်သည်။
လူနာဆောင်တွင် ကုတင်ရသဖြင့် ငါတော့ ဒီလက်ဖက်ရည်ဖိုး လောကက လွတ်ပြီ ကျွတ်ပြီဆိုကာ ပျော်မည်ကျန်ကာ ရှိသေးသည် ဆရာမက လိုအပ်သည့် ဆေးဝယ်ခိုင်းသဖြင့် ဆေးရုံအောက်ရှိ ဆေးဆိုင်တွင် ဆေးဝယ်ပြီးအပြန် လူနာဆောင်သို့ အဝင်လမ်းတွင် လုံခြုံရေးဆိုသည့် ဆေးရုံဝန်ထမ်း တစ်ဦးက ဝင်ခွင့်မပေးချေ။ လက်ဖက်ရည်ဖိုး ပေးလိုက်ရပြန်သည်။
ကြာလာတော့ မခံနိုင်တော့သဖြင့် တာဝန်ကျဆရာမအား တိုင်လိုက်ရာ ဆရာမက လူနာစောင့်ကတ် မရှိသူဆိုပါက ဝင်ခွင့် မပေးသဖြင့် နားလည်မှု (လက်ဖက်ရည်ဖိုး) ဖြင့်သာ ဝင်ခွင့်ပေးသည်ဟု ဆိုကာ ထမင်းချိုင့် ပို့ကတ်နှင့် လူနာစောင့်လက် မှတ် ထုတ်ပေးလေသည်။ အဆိုပါ ကတ်များပါလျှင် လက်ဖက်ရည်ဖိုး လုံးဝ ပေးစရာ မလိုကြောင်း ပြောလိုက်တော့မှ ငါတော့ လက်ဖက်ရည်ဖိုး လောကက အမှန်တကယ် လွတ်ပြီဆိုပြီး စိတ်ချမ်းသာမိသည်။
ဒီလိုနှင့် ဆေးရုံတွင် တစ်ညတာအိပ်ပြီး နောက်နေ့ မနက် ၈ နာရီခန့်တွင် ဆရာဝန်ကြီး လာရောက်ကြည့်မည် ဆိုသဖြင့် လူနာစောင့်များ အပြင်ထွက်ပေးချိန် ကျွန်တော့ဇနီး အမတစ်ယောက် ရောက်လာသည်။
ရောက်ရောက်ခြင်း လူနာ မည်သည့် နေရာတွင် ရှိသည်ကို မေးမြန်းလာခဲ့ရာ တစ်ယောက်လျှင် လက်ဖက်ရည်ဖိုး ၅၀၀ စီဖြင့် ၃ ယောက်ခန့် မေးလာရကြောင်း ပြောသည်။ ကျွန်တော်လည်း လာပြန်ပြီဟ ဒီ လက်ဖက်ရည်ဖိုး ငါလွတ်တောင် ငါ့အမျိုး မလွတ် သေးပါလားဟု ညည်းလိုက်မိသည်။
ဆရာဝန်ကြီးသွားသဖြင့် လူနာစောင့်များ ပြန်ဝင်ခွင့်ရသည်။ ဆရာဝန်လေးများက ဆေးရုံဆင်းလိုလျှင် ဆင်းနိုင်ကြောင်း ဆရာဝန်ကြီးက မှာသွားသည်ဟု ဆိုသဖြင့် ငါကတော့ လက်ဖက်ရည်ဖိုးဘဝက တကယ်လွတ်ပြီဟု မှတ်ချက်ချ လိုက်သည်။
ဆေးရုံက မနေ့က ၁၀ နာရီတွင် တက်ကာ ယနေ့ ၁၀ နာရီတွင် ဆင်းသဖြင့် ၂၄ နာရီ (တစ်ရက်)ကြာတွင် ငွေတစ်သိန်း နီးပါး ကုန်သွားသည်။ ဘာတွေကုန်မှန်း မသိတော့။ အစ်မကတော့ အထူးကုများတွင် ပြမည်ဆိုပါက ဒီထက် ပိုကုန်ကြောင်း ဆိုသည်။ မှန်ပါသည် ဒီလောက်နှင့် ကောင်းသွားတာ တော်သည်ဟု ဆိုရပေမည်။
ငါတော့ လက်ဖက်ရည်ဖိုး ဒီတစ်ခေါက် သေချာပေါက် လက်ဖက်ရည်လောကက အမှန်တကယ် လွတ်ပြီဟု စိတ်ထဲတွေးပြီး ဆေးရုံ ဆင်းလာရာ ဆေးရုံဝန်ထမ်းလေး တစ်ဦးက ကူမပေးကာ တက္ကစီ ငှားပေးသည်။ ကျွန်တော် ကလည်း တက္ကစီပေါ် အတက်တွင် ညီလေး ကျေးဇူးဟု ဆိုကာ တက်လိုက်စဉ် ကောင်လေးက လက်ဖက်ရည်ဖိုး တောင်းလိုက် ပြန်လေတော့သည်။
(ပိုင်စိုးဦး)

0 comments:
Post a Comment