ကျောက်ဂူထဲက အနုပညာ
by Han Thit Nyeim on Friday, June 24, 2011 at 12:24pm
ရာသီဥတုက စိမ့်နေအောင်အေးသည်။ အပြင်မှာ မိုးလေတွေ သည်းနေသည်။ လှမ်းကြည့်လျှင် ဘယ်ကိုမှ မမြင်ရ။ အရိုးကွဲမတတ် တိုက်နေသည့် လေနှင့် လျှပ်နွယ်တဝင်းဝင်း မိုးထစ်ချုန်းသံတို့က ကမ္ဘာပျက်နေသလား မှတ်ထင်ရသည်။
ကျောက်လှိုဏ်ဂူထဲမှာတော့ မိုးခိုနေသည့် လူသားတွေ။ ရာသီဥတု၏ အန္တရာယ်ကြောင့် သူတို့တွေ အားလုံး ဘယ်ကိုမှ မသွားကြဘဲ ဒီမှာခိုအောင်းနေကြသည်။ အင်မတန်မှအေးသော ရာသီဥတုကို ကိုယ်ငွေ့၏ အနွေးဓာတ်ဖြင့် တွန်းလှန်နေကြသည်။
အပြင်မှာ ဆူညံပွက်လောရိုက်နေသလောက် ကျောက်ဂူထဲမှာ တိတ်ဆိတ်နေသည်။ ချောင်းဟန့်သံ သက်ပြင်းချသံအချို့မှ လွဲပြီး မည့်သည့်စကားသံမျှ မကြားရ။
လှိုဏ်ဂူ အဝမှာ သားရဲတိရစ္ဆာန်တို့ကို ဟန့်သည့်အနေနှင့် မီးလင်းဖိုတစ်ခုရှိသည်။ လှိုဏ်ဂူထဲမှာတော့ ဆီမီးတိုင်တို့၏ အလင်းရောင်သာရှိသည်။ မီးရောင်အောက်မှ လူသားတွေ အားလုံးရဲ့ မျက်ဝန်းတွေမှာတော့ စိုးရွံ့နေဟန်၊ ပူဆွေးနေဟန်တို့ ရှိနေသည်။
အပြင်မှာ ရာသီဥတုက ဆိုးရွားသည်ထက် ပိုဆိုးလာသည်ကိုလည်း သူတို့တွေအားလုံး ခံစားသိရှိနေကြသည်။
ဖျောက် ဖျောက် ဖျောက် ဖျောက်...
ဟိုးအဝေးကနေ တစ်စတစ်စ နီးလာတဲ့ ခြေသံတစ်စုံကို သူတို့တွေ အားလုံး ကြားမိစပြုလာတယ်။ မိုးသံလေသံတွေက ပြင်းထန်သလို ခြေသံတွေကလည်း ရှည်လျားပြင်းထန်တယ်။
သိပ်မကြာပါဘူး။ ခြေသံတွေ တိုးတိတ်ရပ်တန့်သွားတာနဲ့အတူ လှိုဏ်ဂူဝမှာ အရိပ်တစ်ခုကို သူတို့တွေအားလုံး မြင်လိုက်ကြတယ်။ မီးဖိုရဲ့ အလင်းရောင်ထဲမှာ လည်ရှည်ဖိနပ်၊ မိုးကာဝတ်ရုံနဲ့ လူငယ်လေး တစ်ယောက်။ သူ့ရဲ့လက်ထဲမှာ သေတ္တာပြားလေးတစ်ခု ကိုင်ထားတာ တွေ့ရတယ်။
ဘယ်သူ့ကိုမှ ခွင့်တောင်းခြင်း နှုတ်ဆက်ခြင်းတို့မရှိဘဲ သူ့အိမ်သူပြန်လာသလိုမျိုး လှိုဏ်ဂူထဲကို ကောင်လေး ဝင်လာတယ်။ သူ့အတွက် သင့်လျှော်မယ့် ကျောချစရာ နေရာတစ်နေရာကိုသူ့ဘာသာရှာတယ်။ အဲဒီနားမှာပဲ မိုးကာနဲ့ ဖိနပ်ကို ချွတ်ပြီးတော့ ပုံထားလိုက်တယ်။ ဆံစမှာ တွဲခိုနေတဲ့ ရေစက်တချို့ကို လက်နဲ့သပ်ပြီး ခါထုတ်လိုက်တယ်။
သူဟာ မိုးလေတွေထဲမှာ နောက်ဆုံး အသက်ရှင်ကျန်ပြီး ရောက်လာခဲ့တဲ့ လူသားလား။ သူတို့ရဲ့ ဒုက္ခတွေကို အဖော်ပြုပေးဖို့ ဘုရားသခင်က စေလွှတ်လိုက်တဲ့ တမာန်တော်လား။
မေးခွန်းတွေ ပြည့်နေတဲ့ မျက်ဝန်းတွေဟာ ခဏသာ အကဲခတ်ပြီးတာနဲ့ သိလိုစိတ်တို့ ကုန်ခန်းသွားကြတယ်။ ကောင်လေးဟာလည်း ဒုက္ခထဲက လူသားပဲလို့ အားလုံးက တိုင်ပင်မထားဘဲ သတ်မှတ်လိုက်ကြပုံ ရှိတယ်။ အကြည့်တွေကို ကောင်လေးဆီကနေ လွှဲဖယ်လိုက်ကြပြီး နဂိုအတိုင်း စိုးရွံ့၊ ပူဆွေးတဲ့ နေရာဆီ ပြန်ရောက်သွားကြတယ်။
ထောက် ထောက် ထောက် ထောက်...
ကောင်လေးဆီက တထောက်ထောက်နဲ့ သေတ္တာဖွင့်သံကြားတော့ အားလုံးက တိုင်ပင်မထားဘဲနဲ့ အကဲခတ်လိုက်ကြပြန်တယ်။ အဲသလိုနဲ့ သူတို့ရဲ့ မျက်လုံးတွေ အရောင်ပြောင်းသွားပြီး သိလိုစိတ်တွေ ပြင်းပြလာပြန်တယ်။ တချို့မျက်ဝန်းတွေမှာ မျှော်လင့်ချက်အရိပ်အယောင်တွေပါ သန်းစပြုနေလေရဲ့။
ကျွီ ကျွီ ကျွီ ကျွီ...
ကောင်လေး သေတ္တာထဲကနေ တယောပြားလေးတစ်လက်ကိုထုတ်လိုက်တယ်။ တစ်ချက်နှစ်ချက်လောက် ကြိုးညှိသလိုလုပ်တယ်။ ပြီးတာနဲ့ ဘယ်သူ့ကိုမှ ခွင့်မတောင်းဘဲ တေးသွားတစ်ခုကို စတင်တီးခတ်ပါတော့တယ်။
အပြင်မှာ ဆူညံပွက်လောရိုက်နေသလောက် ကျောက်ဂူထဲမှာ တယောသံက ပျံ့လွင့်နေတယ်။ ရံခါ ချောင်းဟန့်သံ သက်ပြင်းချသံအချို့မှ လွဲပြီး မည့်သည့်စကားသံမျှ မကြားရ။ ရာသီဥတုက ပြင်းထန်ပေမဲ့ တယောသံက သိမ်မွေ့နေတယ်။ မိုးလေတွေက ကြမ်းတမ်းနေပေမဲ့ တယောသံက နူးညံ့နေတယ်။ သဘာဝရဲ့ ရုန်းကန်မှု အသွင်သဏ္ဌာန်နဲ့ ဆန့်ကျင်ဘက် တွန်းအားနှစ်ခုဟာ အပြန်အလှန်စိမ်ခေါ်နေကြသလို ရှိကြတယ်။
ဟမ်း...
သီချင်းသံဆုံးတော့ ကောင်လေးက ချောင်းဟန့်တယ်။ အားလုံးကို မသိမသာ အကဲခတ်သလို ကြည့်လိုက်တယ်။ အားလုံးရဲ့ မျက်ဝန်းတွေကတော့ မျှော်လင့်ချက်တွေနဲ့အတူ အနာဂတ်ကို အဖြေရှာဖို့ ကြိုးစားနေသလိုမျိုး ထင်ဟပ်နေတယ်။
ဂျွတ် ဂျွတ် ဂျွတ် ဂျွတ်
ခေါင်းကို တဂျွတ်ဂျွတ်ချိုးပြီး ကောင်လေးက အညောင်းဆန့်တယ်။ ပြီးတာနဲ့ တယောကို ပုခုံးထက်မှာ တင်ပြီး နောက်ထပ် တေးသွားတစ်ပုဒ်ကို တီးခတ်ပါတော့တယ်။
လှိုဏ်ဂူထဲမှာ တယောသံက ပျံ့လွင့်လို့သွားပြန်တယ်။ ရံခါ ချောင်းဟန့်သံ သက်ပြင်းချသံအချို့မှ လွဲပြီး မည့်သည့်စကားသံမျှ မကြားရ။ အားလုံးရဲ့ နှလုံးသားတွေက တိုးတိတ်နေပေမဲ့ တယောသံက တိုးတိတ်မနေဘူး။ သဘာဝရဲ့ ကစားပွဲတစ်ခု အသွင်သဏ္ဌာန်မျိုး ဆန့်ကျင်ဘက် တွန်းအားနှစ်ခုက အပြန်အလှန် လွန်ဆွဲနေသလို ရှိကြတယ်။
အဲဒီ ဂီတသံဟာ ကောင်လေးရဲ့ ရင်ထဲက မိုးစက်ပွင့်တွေလား၊ ဒါမှမဟုတ် ဒါကပဲ မိုးစက်တွေရဲ့ ဂီတသံစဉ်ပဲလား။ ထားစေတော့ သူဟာ မိုးလေတွေထဲမှာ နောက်ဆုံး အသက်ရှင်ကျန်ပြီး ရောက်လာခဲ့တဲ့ လူသားလား။ သူတို့ရဲ့ ဒုက္ခတွေကို အဖော်ပြုပေးဖို့ ဘုရားသခင်က စေလွှတ်လိုက်တဲ့ တမာန်တော်လား။ အပြင်မှာ ရာသီဥတုက ဆိုးရွားသည်ထက် ပိုဆိုးလာသည်ကိုလည်း သူတို့တွေအားလုံးလည်း ခံစားသိရှိနေကြသည်။
အဟမ်း...
သီချင်းသံဆုံးတော့ ဂူရဲ့ အမှောင်ထောင့်ထဲမှာ ထိုင်နေတဲ့ အဖိုးကြီးက မတ်တပ်ရပ်ပြီး ချောင်းဟန့်လိုက်တယ်။ ပြီးတော့ ကောင်လေးရှိရာကို သူလျှောက်လာတယ်။ အားလုံးရဲ့ မျက်ဝန်းတွေကတော့ မျှော်လင့်ချက်တွေနဲ့အတူ အနာဂတ်ကို အဖြေရှာဖို့ ကြိုးစားနေသလိုမျိုး ထင်ဟပ်နေတယ်။
“မင်းရဲ့ တယော ငါ့ကိုပေးကွာ...”
ကောင်လေးက ထိုင်ရာကနေပဲ သူ့တယောကို ကမ်းပေးလိုက်တယ်။
“အတော်ကောင်းတဲ့ တယောပဲကွ”
အဖိုးကြီးက တယောပြားလေးကို သေချာ ကိုင်ကြည့်ပြီး ပြောတယ်။
ဖျောင်း...
ပြီးတာနဲ့ အဖိုးကြီးက တယောလေးကို အားကုန်လွှဲပြီး လှိုဏ်ဂူနံရံနဲ့ ရိုက်ချိုးပစ်လိုက်တယ်။
လှိုဏ်ဂူထဲက လူတွေ အကုန်လုံး ဝုန်းခနဲ ထရပ်လိုက်ကြတယ်။ ကောင်လေးက လွဲရင်ပေါ့။ အားလုံးရဲ့ မျက်ဝန်းတွေဟာ တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသလိုမျိုး မနှစ်မြို့ဟန်နဲ့ အဖိုးကြီးကို သုံးသပ် အဖြေရှာကြတော့တယ်။ အဲဒီခဏမှာပဲ အဖိုးကြီးက ဖြေးညှင်းစွာ ပြောတယ်။
“ငါ မြတ် နိုး တဲ့ အ နု ပ ညာ ဟာ ဆိတ် ငြိမ် ခြင်း ပဲ...”
မေတ္တာဖြင့်
ဟန်သစ်ငြိမ်
0 comments:
Post a Comment